၂၀၂၅ ၊ ဩဂုတ် ၂၄
'မြန်မာစာပေသမိုင်းမှာ မှတ်တိုင်ခိုင်ခိုင် စိုက်ထူနိုင်ခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ အင်္ဂလိပ်ဘာ သာနဲ့ ရေးသားတဲ့စာစုကို သားဖြစ်သူ ဆရာဒေါက်တာ ခင်မောင်ဝင်းက 'ခင်မျိုးချစ်၏စာ'နဲ့ မြန်မာဘာသာပြန်ဆိုထားတဲ့ စာအုပ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာမှာ စိတ်ကူးချိုချို စာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဝတ္ထုတို ခုနစ်ပုဒ်၊ လူပုဂ္ဂိုလ်များအကြောင်း ငါးပုဒ်၊ ဆောင်းပါးလေးပုဒ် ပါဝင်ပါတယ်။ ဆရာမကြီးရဲ့ မူရင်းအင်္ဂလိပ်ဘာသာ အရေးအသားနဲ့ မြန်မာပြန်ကို ယှဉ်တွဲပုံနှိပ်ထားပါတယ်။ ဘာသာပြန်သူရဲ့အမှာစာ ဒီစာစုမှာ ပါဝင်တဲ့ စာပေလက်ရာများအကြောင်း ရှင်းလင်း မိတ်ဆက်ပေးထားပါတယ်။'
၁၉၅၅ ခုနှစ်က ဂါးဒီးယန်း (Guardian) မဂ္ဂဇင်း မှာ ပထမဆုံးဖော်ပြခဲ့တဲ့ 13 Carat Diamond ဝတ္ထုဆိုရင် ၁၉၆၅ ခုနှစ်က နယူးယောက်မြို့မှ ထုတ်ဝေသော Bantam Books (Porket Edition) ကထုတ်တဲ့ 50 Great Oriental Stories (အရှေ့တိုင်းမှ ဝတ္ထု ၅၀) ထဲမှာ ဖော်ပြခံရပါတယ်။ 13 Carat Diamond ဝတ္ထုတိုကလေးဟာ ဂျပန်ခေတ် မြန်မာ့လူနေမှုဘ၀ သရုပ်ဖော် လွမ်းမောဖွယ်၊ ဝတ္ထုတိုကလေး ဖြစ်ပါတယ်။ ဆရာမကြီးဟာ မြန် မာ့ဘဝ၊ မြန်မာ့အလှကို ရသမြောက်အောင် ခြယ်မှုန်းရေးဖွဲ့နိုင်ပါတယ်။ ဒါကြောင့်လည်း Her Infinite Variety (သူမ၏ အနန္တ အလှကျက်သရေ) ဝတ္ထုတိုဟာ ၁၉၇၀ ခုနှစ်က Horizon မဂ္ဂဇင်းက ကျင်းပတဲ့ ဝတ္ထုတိုပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။ မြန်မာစာရေးဆရာတွေထဲမှာ နိုင်ငံတကာစာပေနဲ့ ဝင်ဆံ့ ရင်ပေါင်တန်းနိုင်အောင် ဆရာ မကြီး ဒေါ်ခင်မျိုးချစ်က စွမ်းဆောင်နိုင်ခဲ့ပါတယ်။
'ခင်မျိုးချစ်၏စာ'မှာ စုစည်းထားတဲ့ ဝတ္ထုတို ခုနစ်ပုဒ်လုံးဟာ မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တွေ ကို ဖော်ပြထားတဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။ 'သူမ၏ အနန္တ အလှကျက်သရေ'ဝတ္ထုတိုကတော့ အလွန်လှပတဲ့ စွဲငြိဖွယ် ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ ယခုအခါ ပျောက်ကွယ်သွားပြီလို့ ဆိုနိုင်တဲ့ 'မြန်မာ့ရုပ်သေး' အကြောင်းကို ဦးစိန်ခိုင်ရဲ့ လွမ်းမောဖွယ် အချစ်နဲ့ဘ၀ကို ဖော်ပြရင်း လှလှပပ တင်ဆက်သွားပါတယ်။'
'နေပူပူ မန်ကျည်းပင်ရိပ် ဝါးကွပ်ပျစ်ကလေးပေါ် ရေနွေးကြမ်းတစ်အိုး၊ စာတစ်အုပ်နဲ့ အပန်းဖြေ နားနေလျက်ရှိတဲ့ မိန်းကလေးနဲ့ ရုပ်သေးပညာရှင် ဦးစိန်ခိုင်တို့ ဆုံတွေ့ပုံနဲ့ ဝတ္ထုတို စဖွင့်ထားပါတယ်။ ဦးစိန်ခိုင်ဟာ မင်းသမီးရုပ်သေးလေးနဲ့ ဈေးထဲမှာ လိုက်လံဖျော်ဖြေ အသက်မွေးရသူ ဖြစ်ပါတယ်။ မိန်းက လေးလည်း ငယ်ငယ်တုန်းကပင် အဘိုးနဲ့အတူ ရုပ်သေးပွဲတွေ စွဲစွဲမက်မက် နှစ်နှစ်သက်သက် ကြည့်ခဲ့ ဖူးသူပါ။
'မင်းတို့ခေတ် လူငယ်တွေဟာ ရုပ်သေးပွဲတွေက ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဘယ်သိကြတော့မလဲ။ "ကိုင်း...သမီး ပြောစမ်း။ မင်းအဘိုးဟာ ရုပ်သေးပွဲကို ဘာကြောင့် တစ်ညလုံး ထိုင်ကြည့်သလဲ၊ မင်းသိလား၊ ဘာဆွဲဆောင်မှု ရှိလို့လဲ"ဆိုတဲ့ ကြေကွဲနေတဲ့ မေးခွန်းနဲ့ ဝတ္ထုကို ဖမ်းစား လိုက်ပါတယ်။ ဦးစိန်ခိုင်ဟာ အခုတော့ဖြင့် အသက် (၇၀) ခန့် ရှိလေပြီ။ ဆံပင်တွေ ဖြူနေပြီ။ ဘဝက နွမ်းပါးပေမယ့် ရုပ်ရည်က မဟာဆန်ဆန်။ သူ့မင်းသမီးရုပ်ကလေးကို သိပ်မြတ် နိုးရှာတယ်။ ဦးစိန်ခိုင်ဟာ မင်းသမီးရုပ်ကလေးရဲ့ ဆံပင်တွေကို လိပ်ခွံဘီးလေးနဲ့ ဖြီးပေးနေတယ်။ ဒီဆံပင်တွေဟာ သူ့ရဲ့ဆံပင်တွေကိုဖြတ်ပြီး အရုပ်ကလေးမှာ တပ်ပေးထားတာ။
"ဒီတော့ အဘ ဒီအရုပ်ကို ထုထားတာ တော်တော်ကြာပြီပေါ့နော်"
"သမီးရယ် အဘကိုသနားရင် အဘရဲ့ မင်းသမီးလေးကို ဒီအရုပ်လို့ မခေါ်ပါနဲ့ကွယ်။ သူက အဘ ရဲ့ တကယ့် ရွှေမင်းသမီးလေးပါ။ သူ့ကို အဘကိုယ်တိုင် ဒီလက်တွေနဲ့ ထုလုပ်ထားတာ။ အဘရဲ့ ဆံပင်ကို ပေးထားရုံသာ မကဘူး အဘရဲ့ အသည်းနှလုံးကိုပါ ပေးထားတာပါကွယ်"
ဇာတ်ဆောင်ဇာတ်ကွက် ပိုပြီး လေးနက်လာ တာနဲ့အမျှ ဒီဝတ္ထုတိုလေးရဲ့ လျှို့ဝှက်ချက်ဟာလည်း ဖြည်းဖြည်းချင်း ပွင့်အာလာခဲ့ပါတယ်။
"အဘက သူ့ကို တကယ်ချစ်တာ၊ ဘာလို့လဲဆိုတော့ သူဟာ အဘချစ်ခဲ့တဲ့ ချစ်သူနဲ့ တစ်ပုံစံတည်းပဲ}။ အဲဒီမှာ ဦးစိန်ခိုင်က သူ့ဘဝကို ဇာတ်ကြောင်းပြန်ပတော့တယ်။ ဦးစိန်ခိုင် ရုပ်သေးအဖွဲ့ထဲ စတင်ခဲ့တဲ့ အချိန်က ၁၅ နှစ်သားပဲ ရှိသေးတာ။ မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံးသား၊ မိသားစုကို မန်ကျည်းရွက်ခူးပြီး ရောင်းကျွေးကူညီခဲ့ရတယ်။ မျန်ကျည်းရွက်ခူးရင်း သီချင်းတွေ အော်ဆိုနေတတ်ပါ တယ်။ သူ့သီချင်းသံကြားပြီး ရုပ်သေးအဖွဲ့ခေါင်းဆောင်က သဘောကျသွားတယ်။ ဒီလိုနဲ့ ဦးစိန်ခိုင် ရုပ်သေးအဖွဲ့ထဲ ရောက်ခဲ့ပါတယ်။
"ရုပ်သေးစင် ဆိုတာဟာ နောက်ခံကားချပ် လှလှပပတွေရှိတာ မဟုတ်ဘူးကွဲ့။ အဝတ်ဖြူတစ်ခုပဲ ရှေ့မှာ ကာထားတယ်။ အဲဒီအဝတ်စကလည်း ဒီလောက်ပဲ မြင့်တာဆိုတော့တို့တွေ နောက်မှာရပ်ပြီး ကြိုးဆွဲနေတာကို ပရိသတ်က မြင်နေရတယ်။ ရုပ်သေးအရုပ်တွေဟာ တကယ့်သက်ရှိတွေ မဟုတ်ဘူး။ အရုပ်တွေပဲဆိုတာကို အားလုံးက သိနေပြီးသားပဲ။ ဒါပေမဲ့ ရုပ်သေးပွဲ စလာပြီး သိပ်မကြာဘူး။ အဲဒီအရုပ် တွေဟာ ပွဲကြည့်သူတွေရဲ့ မျက်စိထဲမှာ တကယ့်လူတွေလို ဖြစ်သွားတယ်။ ဒါဘာကြောင့်လဲ သိလား၊ အကြောင်းက ရုပ်သေးရုပ်တိုင်းမှာ ကြိုးဆွဲတဲ့ အနုပညာရှင်ရဲ့ အသည်းရော၊ နှလုံးရော၊ ဝိညာဉ်ရော အားလုံး ရှိနေလို့ပဲကွယ့်၊ ဥပမာ အဘရဲ့ မင်းသမီးလေးကိုကြည့်...' (စာ-၃၅)
ရုပ်သေးအနုပညာရဲ့ နက်ရှိုင်းတဲ့ရသဘောကို လှလှပပ ပြောသွားခဲ့ပါတယ်။
ဦးစိန်ခိုင်ဟာ ၁၅ နှစ်သားကစပြီး ရုပ်သေးပညာရဲ့ အခြေခံများ၊ သီချင်းများ၊ ရုပ်သေးဇာတ်စင် ဆောက်လုပ်ခြင်း၊ အတတ်ပညာ၊ ဆိုင်းဝိုင်းအခြေခံ စသည် သင်ကြားခဲ့ပါတယ်။ ရုပ်သေးအဖွဲ့ဆိုတာ တစ်နှစ်လျှင် ကိုးလ....၊ နယ်လှည့်ကပြ ဖျော်ဖြေရတယ်။ မိုးတွင်း သုံးလနားတယ်။ မောင်စိန်ခိုင်မှာတော့ မနားရ၊ ရုပ်သေးပညာ သင်ယူနေခဲ့တယ်။ ရုပ်သေးဆရာကြီးရဲ့သမီး 'မယ်ဒွေး'နဲ့လည်း ရင်းနှီးလာခဲ့တယ်။ မယ်ဒွေးက ဆံရစ်ဝိုင်းကလေးနဲ့။ နောက်တော့ 'ဆံတောက်'ကလေးနဲ့ ဖြစ်လာတယ်။ နည်းနည်းကြီးလာတော့ ကလေးစိတ်ကုန်သွားပြီး အပျိုဖော်ဝင်စမှာ ရှက်စိတ်လည်း ဝင်လာတယ်။ မယ်ဒွေး စိတ်ပြောင်း သွားပြီး မောင်စိန်ခိုင်နဲ့ ခပ်ခွာခွာ နေလာတယ်။
မောင်စိန်ခိုင် ခံစားနေရပေပြီ။ မာနရှင်ကို ချစ်မိနေမိပြီဆိုတာ သိလာတယ်။ မယ်ဒွေးနဲ့ နီးရက်နဲ့ ဝေးချိန်မှာ မယ်ဒွေးရဲ့ပုံတူ မင်းသမီးရုပ်ကလေးကို ထုလုပ်ပါတော့တယ်။ မင်းသမီးရုပ်ကလေးရဲ့ ဆံပင်နေရာမှာ မောင်စိန်ခိုင်ဟာ သူ့ဆံပင်ကို ဖြတ်ပြီး တပ်ဆင်ပေး လိုက်တယ်။ မျက်လုံးနဲ့ နှုတ်ခမ်းတွေကိုလည်း အလှဆုံး ခြယ်မှုန်းပေးလိုက်တယ်။
ဒီမင်းသမီးရုပ်ကလေးကို တစ်နေ့မှာ မယ်ဒွေးတွေ့သွားပြီး သူတို့ရင်ထဲက မျိုသိပ်ခဲ့ရတဲ့ အချစ်တွေ ပွင့်အန်လာတယ်။ မယ်ဒွေးက မင်းသမီးလေး၊ အဝတ်အစားအတွက် ပုတီးရောင်စုံတွေ၊ ဘော်ကြယ်တွေ၊ ပိုးစတွေ သူ့အဝတ် ဘီရိုထဲက ယူလာပေးတယ်။ သူတို့ ချစ်လိုက်ကြတာ။ ဒါပေမဲ့ သူတို့အချစ်ကို လျှို့ဝှက်ထားရရှာတယ်။ ရုပ်သေးအဖွဲ့ကြီး ခရီးထွက်သွားတဲ့အခါ မောင်စိန်ခိုင်ဟာ မင်းသမီးရုပ်ကလေးကို ယူလာတယ်။
သေတ္တာထဲ ထည့်သိမ်းထားတယ်။ လူရှင်းမှ ထုတ်ကြည့်ရှာတယ်။ ပြီးတော့ ပွဲအစမှာ ကပြလေ့ ရှိတဲ့ တစ်ပင်တိုင်မင်းသမီးအကကို ကြိုဆွဲပေးတယ်။ ဒါကို ရုပ်သေးဆရာကြီး တွေ့သွားပြီး တစ်ပင်တိုင် အကကို တာဝန်ယူလော့လို့ ပုံအပ်တယ်။ အဲဒီကနေ မပဋာအရုပ်ကို ကြိုးဆွဲခွင့် ရခဲ့ပြန်တယ်။
'ဇာတ်လမ်းအရ မပဋာသည် သူဌေးသမီးဖြစ်ပြီး သူ့ဖခင်၏ ကျွန်တစ်ယောက်နှင့် ချစ်ကြိုက်မိလေသည်။ မောင်စိန်ခိုင်သည် မင်းသမီး၏ စကားများ၊ သီ ချင်းများအားလုံးကို အလွတ်ရထားပြီ ဖြစ်သည်။ သူသည် မပဋာလို သရုပ်ဆောင်ရမည့် မင်းသမီးနေရာတွင် သူ၏ မင်းသမီးရုပ်ကလေးကို သုံးခွင့်ပြုရန် ဆရာကြီးထံ ခွင့်ပန်သည်။
'အဘရဲ့စိတ်ရော၊ နှလုံးရော အားလုံးကို ဒီ မင်းသမီးလေးထဲ ထည့်ပေးလိုက်တာပေါ့ကွယ်။ အဘပုံ ဖော်လိုက်တဲ့ အမျိုးသမီးလေးက အချစ်အကြောင်း နားမလည်သေးတဲ့ ဆယ်ကျော်သက်ကလေး၊ သူကြိုက်မိတဲ့ ယောကျ်ားက သူ့ထက် အဆင့်အတန်းနိမ့်လို့ သူ့အချစ်ကို ဖွင့်မပြောရဲခဲ့သလို ယောကျ်ား လေးဘက်ကလည်း ဖွင့်မပြောရဲတဲ့အဖြစ်' (စာ-၃၉)
မပဋာနဲ့ ကိုဒါသတို့ ဇာတ်လမ်းဟာ မောင်စိန်ခိုင်နဲ့ မယ်ဒွေးတို့အဖြစ် အချစ်တွေနဲ့ ခပ်ဆင်ဆင်။ အံဝင်အောင် ဖော်ညွှန်းသွားတဲ့ ဆရာမကြီး ဒေါ်ခင်မျိုး ချစ်ရဲ့ လက်စွမ်းဟာ လွမ်းလောက်ပါပေတယ်။
မောင်စိန်ခိုင်မှာ ရုပ်သေးပွဲ နားချိန်တွေမှာပင် ချစ်သူ မယ်ဒွေးနား ကပ်ခွင့်မရ။ ရွာကအဖေ နေမကောင်းဖြစ်တော့ ရွာပြန်ရတယ်။ စိုက်ခင်းတွေ ကူလုပ်ရပြန်တယ်။ ပိုက်ဆံစုမိရင်တော့ ရုပ်သေးဆရာကြီးကို အကြောင်းစုံ ဖွင့်ပြောပြီး လက်ထပ်ခွင့် တောင်းမယ်လို့ ရည်ရွယ်ထားတယ်။ ဒီအခြေအနေကို မယ်ဒွေး စိတ်မ ရှည်နိုင်၊ သူ့ကို တကယ်မချစ်ဘူးလို့ စွပ်စွဲတယ်။
'ရှင်က ကျွန်မကို ချစ်တာ မဟုတ်ဘူး။ ဒီ အရုပ်ကိုပဲ ချစ်တာ၊ ဒီရုပ်သေးရုပ်ရှိနေရင် ရှင်က ကျွန်မ ကို လုံးဝဂရုမစိုက်ဘူး။ ရှင်က ဒီရုပ်သေးကိုပဲ ချစ်တာ၊ ဘာကြောင့်လဲဆိုတော့ ဒီအရုပ်က ရှင်ကြိုးဆွဲသလို ကç တယ်။ ရှင်ကြိုက်သလို သရုပ်ဆောင်ခိုင်းလို့ ရတယ်။ ဒီရုပ်သေးရုပ်က ရှင်ဖြစ်ချင်တာတွေ အကုန် ဖြစ်တယ်။ အမရာ၊ ကိန္နရီ၊ မဒီ အားလုံး ဒီရုပ်သေးရုပ်ကို ဖြစ်ခိုင်းလို့ရတယ်။ ဒီတော့ အဲဒီအရုပ်နဲ့ ရှင်နဲ့ပဲနေတော့။ ရှင့် ကိုရော၊ ဒီအရုပ်ကိုရော ဘယ်တော့မှ မကြည့်ချင်တော့ဘူး။'
မောင်စိန်ခိုင်ရဲ့ အဆင်မပြေ ချို့ငဲ့တဲ့ ဘဝထဲက မယ်ဒွေး ထွက်ခွာသွားခဲ့ပေပြီ။ တိုက်တိုက်ဆိုင် ဆိုင်ပါပဲ၊ မောင်စိန်ခိုင်ဟာ ဝေဠုဝတီဇာတ်ကို တင်ဆက်ရ ပြန်တယ်။ ဝေဠုဝတီဟာ ချစ်သူ အိမ်ရှေ့မင်း သားနဲ့ ခွဲခွာပြီး ခဲအို ဘုရင်အပိုင်ကြံတာကို ခံလိုက်ရတဲ့ဇာတ်လမ်း၊ ချစ်သူ မယ်ဒွေးဟာလည်း ခဲအိုနဲ့ လက်ဆက်သွားတော့တယ်။
"ဒီအဖြစ်အပျက်တွေ အားလုံးဟာ လွန်ခဲ့ပါ ပြီ။ ရုပ်သေးအဖွဲ့ဟာလည်း အခုတော့ ကွဲသွားပြီ။ အခုတော့ အဘမှာ ဒီမင်းသမီးလေးပဲ ရှိတော့တယ်။ သူဟာ အဘအတွက် ဝမ်းစာဆိုလည်း ဟုတ်ပါတယ်"လို့ ဦးစိန်ခိုင်က လွမ်းလွမ်းမောမော ပြောပြပါတယ်။
"အခုဆိုရင် သူ့မှာ သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ ဖြစ်နေရောပေါ့။ အဘမှာတော့ ဟောဒီ မယ်ဒွေးပဲ ရှိတယ်လေ။ သူကတော့ ဘယ်တော့မှ အိုမင်းမသွားဘဲ ငယ်တုန်း၊ လှတုန်း၊ ချောတုန်း ပဲကွယ့်"
ဦးစိန်ခိုင်ရဲ့အချစ်ကို မင်းသမီးရုပ်ကလေးနှင့် ထပ်တူတင်စား၍ ဘယ်တော့မှ ဟောင်းမသွား နိုင်ပုံကို လှပသေသပ်စွာ သရုပ်ဖော်ထားပါတယ်။ မေတ္တာအင်အားကြီးမားတဲ့ ဦးစိန်ခိုင်ရဲ့ နှလုံးသားကိုလည်း မြင်ခွင့်ရစေခဲ့ပါတယ်။ ဦးစိန်ခိုင်ရဲ့ ဘဝဇာတ်ကြောင်းကို နားထောင်နေသူ မိန်းကလေးက သနားပြီး ငွေ ၁၀ ပေးပါတယ်။
'သူသည် ငွေ ၁၀ ကို အိတ်ထဲထည့်၊ မင်းသမီးလေး၏ မေးလေးကို အပေါ်ပင့်ပြီး မျက်လုံးလေးများ ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
'မယ်ဒွေးရေ ...ငါ မင်းကို ထဘီအသစ်၊ ဆွဲကြိုးအသစ်တွေ ဝယ်ပေးမယ်နော်၊ ငါသာ အငတ်ခံ မယ်...၊ မင်းကတော့ အမြဲ လှနေစေရမယ်...'
ဥိးစိန်ခိုင်ရဲ့ ချစ်မေတ္တာကို ဆရာမကြီး ဒေါ် ခင်မျိုးချစ်က အစွမ်းကုန် ဖွင့်ပြလိုက်ပုံဟာ ရင်နင့်စရာ ပါပဲ။
'ဟေဝန်မြိုင် တောရိပ်မှာလ...တူစုံတွဲလို့ ပျော်မယ်...ပျော်မယ်...အိုကွယ်'ဆိုတဲ့ သီချင်းလေး ဆိုရင်း ရုပ်သေးဆရာကြီး ဦးစိန်ခိုင် ထွက်သွားပုံဟာလည်း လွမ်းစရာ စွဲငြိ ကျန်ခဲ့ပါတော့တယ်။
Colourful Myanmar (ရောင်စုံလှစွာ ပြည်မြန်မာ)လို စာအုပ်မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက သိအောင် 'ဥရောပ စာပေမိတ်ဆက်'လို စာအုပ်မျိုးနဲ့ ကမ္ဘာ့ယဉ်ကျေးမှုကို မြန်မာကသိအောင် စွမ်းဆောင်ခဲ့တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ (သူမရဲ့ အနန္တ အလှကျက်သရေ) ဝတ္ထုတိုကလေးဟာ မြန်မာ့ဘ၀ မြန်မာ့အလှကို ရသမြောက်စွာ ဖန်တီးထားတယ်လို့ ဆိုချင်ပါတယ်။ မိခင်ကြီး အင်္ဂလိပ်လိုရေးခဲ့တဲ့ မြန်မာဝတ္ထုကို မြန်မာဘာသာ ပြန်ဆိုပေးခဲ့တဲ့ သားဖြစ်သူ ဆရာဒေါက်တာ ခင်မောင်ဝင်း ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )