၂၀၂၅ ၊ ဩဂုတ် ၂၄
မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ထပ်ထိမ်းမြားခြင်းဖြင့် ဇနီးဘက်၊ ခင်ပွန်းဘက်မှ ဆွေမျိုးတို့သည် ဆက်စပ်လာကြပြီး နှစ်ဖက်သော ဆွေမျိုးအသိုင်းအဝိုင်းများအဖြစ် တော်စပ်လာရလေသည်။ သားဖြစ်သူ ဇနီး၏ ဖခင်နှင့် သမီးဖြစ်သူ ခင်ပွန်း၏ဖခင်တို့ တော်စပ်ပုံကို 'ခမည်း(ခမီး)ခမက်'ဟူသော စကားသုံးသည်။ ခမည်းကိုဖခင်ဟု နားလည်ထားကြသကဲ့သို့ ချစ်မြတ်နိုးအပ်သောသူ မှန်သမျှကို ခမည်းဟု ပုဂံခေတ်ကတည်းကပင် ခေါ်ဝေါ်ရေးဖွဲ့ခဲ့သည်။ 'ခမက်'မှာ ခင်မင်မှုနှင့် တပ်မက်နှစ်သက်ခြင်းကို ပေါင်းထားသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ကြောင့် ဖခင်ကဲ့သို့ ချစ်ခင်နှစ်သက်ရသူများအချင်းချင်း တော်စပ်မှုကို 'ခမည်းခမက်'ဟု သုံးနှုန်းသည်ဟု ယူဆရသည်။ အလားတူ 'ခမိ'သည် ခင်မင် တွယ်တာအပ်သော အမျိုးသမီးဟု အဓိပ္ပာယ်ရရာ ခင်ပွန်း၏အမိနှင့် ဇနီး၏အမိတို့ တော်စပ်ပုံကို 'ခမီး'ဟု မှည့်ခေါ်၍ ခင်ပွန်း၏ ဖခင်နှင့် ဇနီး၏ဖခင်တို့ တော်စပ်ပုံ 'ခမက်'ကိုပေါင်း၍ ဇနီးခင်ပွန်းနှစ်ဦး၏ အမိအဘ အချင်းချင်းတော်စပ်မှုကို 'ခမီး၊ ခမက်'ဟု ခေါ်ဝေါ်သုံးစွဲ လာခဲ့ကြသည်။
'ယောက္ခမ'ဆိုသော ဝေါဟာရသည်လည်း ဇနီး (သို့မဟုတ်) ခင်ပွန်းဖြစ်သူ၏ အမိ၊ အဖကို အပြန်အလှန် 'ယောက္ခမ'ဟု ခေါ်ခြင်းဖြစ်သည်။ ယောကျ်ားလေးနှင့် မိန်းကလေးတို့ လက်ထပ်လိုက်သည့်အခါ နှစ်ဖက်ဆိုင်ရာ မိဘတို့သည် နှစ်ဖက်လုံးနှင့် ဆိုင်လာသည်။ မိဘသဖွယ် ရစ်ပတ်တွယ်ယှက်လာရသည်ကို အထူးပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ လိင်၊ ဖို/မ ခွဲ ခြားခြင်းမရှိဘဲ သုံးစွဲသည်။ တစ်ဖန်မိန်းကလေး မိဘ များက သမီး၏ ခင်ပွန်းကို 'သမက်'ဟု ပုဂံခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း ကျောက်စာတွင် ဖော်ပြခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ 'သ'သည် သားဖြစ်၍ 'မက်'သည် မက်မောတွယ်တာသည်ဟု အဓိပ္ပာယ် ရကာသမီးနှင့်စပ်၍ သားသဖွယ်တွယ်တာရသူအဖြစ် တော်စပ်လာရခြင်းကို ဖော်ကျူးခဲ့သည်။
ထို့ပြင် 'ချွေးမ'ဟူသည်မှာ ခင်ပွန်းဖြစ်သူ၏ မိခင်ဖခင်တို့က သားကိုစပ်၍ တော်ရသော သား၏ဇနီးကို ဆိုလိုသည်။ 'ချွေး'သည် ခြွေမှပြောင်းလဲကာ၊ 'ခြွေ' ၏အဓိပ္ပာယ်မှာ အခြွေအရံ၊ အနီးအပါး တွင် ဝိုင်းဝန်းခစားနေသူ ဖြစ်သည်။ သားနှင့်စပ်ပြီး ဆွေမျိုးအစု တွင် ဝန်းရံပါလာသူ ဟူသော အဓိပ္ပာယ်နှင့် ခေါ်ဝေါ်ခဲ့သည်။ ပေါင်းစပ်သော ဝေါဟာရဖြစ်သည်။ ဇနီးဖြစ်သူ၏ အစ်မကို ခင်ပွန်းဖြစ်သူက 'မရီး'ဟုခေါ်သည်။ 'ရီး' သည် ရိပွန်း၊ ပွန်းပွန်းတီးတီး ထိတွေ့သည် ဟူ၍ဖြစ်ရာ 'မရီး'ဟူသော စကား လုံးကို 'ကျွမ်းဝင်အပ်သော အမျိုးသမီး'အဓိပ္ပာယ်ဖြင့် သုံးစွဲဟန် ရှိသည်။
ခင်ပွန်း၏ အစ်ကိုကို ဇနီးက 'ခဲအို' တော်စပ်သကဲ့သို့၊ အမျိုးသမီးတစ်ယောက်အနေနှင့်လည်း အစ်မ၏ခင်ပွန်းကို ထိုမိန်းမက ခဲအိုတော်စပ်လေသည်။ 'ခဲအို'၏အဓိပ္ပာယ်မှာ အစ်ကိုရင်းကဲ့သို့ ခင်မင်တွယ်တာ အပ်သူဖြစ်သည်။ 'ခယ်မ'ဆိုသော အသုံးတွင် 'ခက်၊ ခင်'မှ အသွင်ပြောင်းလာပြီး၊ ဖွဲ့ယှက်၊ ဆက်စပ်သည့် သဘောကို ဆောင်သည်။ 'မ'သည် နှမရင်းကဲ့သို့ တွယ်တာအပ်သူဟု အဓိပ္ပာယ်ရသည်။ ညီ၏ဇနီးသည် 'ခယ်မ 'ဖြစ်၍၊ ညီဇနီးဘက်မှ ပြန်စပ်လျှင် ခင်ပွန်း၏ အစ်ကိုကို ခဲအိုတော်ခြင်း ဖြစ်သည်။ ဇနီးခင်ပွန်းတစ်စုံ၏ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ နှမတို့ အပြန်အလှန် တော်စပ်ပုံကို ဤမျှ ဆွေမျိုးစပ် ဝေါဟာရ တီထွင်နိုင်ခဲ့သည့် ရှေးမြန်မာကြီးများ၏ စိတ်ကူးဉာဏ်ကို ချီးကျူးထိုက်ပါသည်။ ဇနီး၏ အစ်ကို (သို့မဟုတ်)မောင်၊ အလားတူအစ်မ (သို့မဟုတ်)နှမ၏ ယောကျ်ားကို 'ယောက်ဖ'ဟုသုံး နှုန်းသည်။ 'ယောက်'သည် ရစ်ပတ်တတ်သော အနက်ရပြီး 'ဖ'သည် လိင်ဖိုကို သတ်မှတ်သော စကားဖြစ်ရာ 'ယောက်ဖ'သည် ဇနီး(သို့မဟုတ်) အစ်မ(သို့မဟုတ်)၊ နှမနှင့်စပ်ပြီး ဆွေမျိုးစုဝင်အဖြစ် သံယောဇဉ်ရစ် ပတ် လာရသူဟု ဆိုရမည်ဖြစ်သည်။ တစ်ဖန် ညီမ၏ခင်ပွန်း၊ အလားတူ ခင်ပွန်း၏ ညီကို 'မတ်'ဟု ခေါ်ဝေါ်သည်။ 'မတ်'ဟူသော ဝေါဟာရကို ပုဂံခေတ် ညောင်ရမ်းမင်းကြီး သမီးကျောက်စာတွင် တွေ့ရှိရသည်။ 'မတ်'၏အဓိပ္ပာယ်မှာ တည့်သော၊ ခိုင်မာဖြောင့် မတ်သော စသည့် အနက်ရှိသည့်အတွက် ဖြောင့်မတ်သူ၊ ခိုင်မာသူဟု ညွှန်းဆိုဖော် ပြဟန်ရှိပါသည်။
'ယောက်မ'ဟူသော အခေါ်လည်း ရှိသေး သည်။ ၎င်းမှာ အစ်ကို(သို့မဟုတ်) မောင်၏ ဇနီး၊ ခင်ပွန်း၏အစ်မ (သို့မဟုတ်) နှမကို ယောက်မဟု ခေါ်ဝေါ်သုံးစွဲသည်။ 'ယောက်'သည် ရှေ့တွင် ဖော်ပြခဲ့သည့် အတိုင်း 'ရစ်ပတ်'ဟူသော အနက်ဖြစ်ပြီး၊ 'မ'သည် မိန်းမကိုဆိုလိုသဖြင့် ယောက်မသည် ဆွေမျိုးစုဝင်အဖြစ် ရစ်ပတ်နှောင်ဖွဲ့လာသော မိန်းမဟု အဓိပ္ပာယ်ရသည်။ ချစ်ကျွမ်းဝင်ကြသည့် အချင်းချင်း ယောက်မဟု ယခုတိုင် ချစ်စနိုးခေါ်တွင်လေ့ရှိကြပြီး မိမိသူငယ်ချင်းကို 'သူငယ် ချင်းကောင်း၊ ယောက်မရေ' ဟူသော ရှေးခေတ်ကတည်းက ခေါ်ခဲ့ကြသည့် အခေါ်အသုံးများကိုလည်း စာပေများတွင် တွေ့ရပါသည်။
ထိုသို့သော ဆွေမျိုးရင်းချာတို့၏ အသုံးအနှုန်းများတွင် မယားဖြစ်သူ မိန်းမချင်း ညီအစ်မတော်သောကြောင့် ယင်းညီအစ်မနှစ်ယောက်၏ ခင်ပွန်းနှစ်ဦးကို မည်သို့မျှ သွေးသား မတော်စပ်သော်လည်း မယားနှင့်စပ်ပြီး ညီအစ်ကို တော်လာကြဟန် 'မယား ညီအစ်ကို}ဟုလည်း သုံးသေးသည်။ အလားတူ ခင်ပွန်း ဖြစ်သူအချင်းချင်း ညီအစ်ကိုရင်း ဖြစ်နေသောကြောင့် ခင်ပွန်းနှင့်စပ်ပြီး ဇနီးအချင်းချင်း ညီအစ်မတော်လာကြဟန် 'လင်ညီအစ်မ'ဟုလည်း သုံးသေးသည်။ တစ်ဖက်မောင်နှမနှင့် အခြားတစ်ဖက် မောင်နှမတို့ အိမ်ထောင်ပြုလျှင် မောင်လှယ်၊ နှမလှယ်တော်သည်ဟု ပြောကြသည်။ ဆွေမျိုးရင်းချာ စကားလုံးများအပြင် အနည်းငယ်ဝေးသော ဆွေမျိုးတော်စပ်မှု ဝေါဟာရ များလည်း အနက်အဓိပ္ပာယ်ရှိစွာ ခေါ်ဆိုကြသည်လည်း များစွာရှိသေးသည်။
ယေဘုယျ သုံးသပ်ရသော် မြန်မာတို့သည် သားသမီးမှ ဘိုးဘွားအထိ၊ ဘိုးဘွားမှ မြေး၊ မြစ်၊ တီ၊ တွတ် အထိ ဆွေမျိုး အသိုက်အမြုံကြီး တစ်ခုကို ဖွဲ့စည်းတည်ဆောက်ရာတွင် အခေါ်တစ်ခုကိုခေါ်တိုင်း တစ်ဦးကိုတစ်ဦး ချစ်ခင်မှု၊ ရင်းနှီးမှု၊ သံယောဇဉ်ရစ်ပတ်မှုတို့ ပိုမိုခိုင်မြဲစေရန် ဝေါဟာရများကို ဖန်တီးခဲ့သည်ကို တွေ့ရသည်။ အတိတ်တွင် သွေးသားတော်စပ်မှု မည်မျှပင် ဝေးကွာ ကျန်ရစ်စေကာမူ သူတစ်ဦး ၏ အမည်ကိုတပ်၍ တော်စပ်ပုံဝေါဟာရကို ဖော်ပြလိုက်လျှင်ပင် စိတ်ထဲတွင်ကြီးမားသော တွယ်တာမှုကို ဖြစ်လာစေသည်။
ရှေးမြန်မာတို့သည် ဆွေမျိုးအခေါ်အဝေါ်များကို ဆွေမျိုးအားလုံးတွင် တစ်ဦးချင်းအတွက် ကွဲကွဲ ပြားပြား ပြောနိုင်လောက်အောင် တီထွင်ထားနိုင်ခြင်းသည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာတို့ယဉ် ကျေးမှုထူးခြားခံ့ညားခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တွေ့ရှိရခြင်းပင် ဖြစ်လေသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )