၂၀၂၅၊ ဩဂုတ် ၃၀
မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့ အလှည့်အပြောင်းလို့ဆိုရမယ့် ကိစ္စတစ်ခုက ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်၊ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ခမ်း (ပန်ဆန်း)မြို့မှာ ဖြစ်ပေါ်လာခဲ့တယ်။ ထူးခြားတဲ့ အလှည့်အပြောင်းလို့ ဘာလို့ဆိုရသလဲလို့မေးရင် ပန်ခမ်းမြို့မှာ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ 'ဝ'တပ်ဖွဲ့(UWSA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်(TNLA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ထူးထူးခြားခြား တွေ့ဆုံခဲ့ကြလို့ဖြစ်တယ်။ FPNCCမှာ 'ဝ'တပ်ဖွဲ့ (UWSA)၊ ကချင်တပ်ဖွဲ့(KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းတပ်ဖွဲ့ (TNLA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့နဲ့ ဖွဲ့စည်းထားပေမယ့် ဒီဆွေးနွေးမှုမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ (KIA)မပါ ခဲ့သလို မိုင်းလားနဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA)လည်း မပါခဲ့တာ တွေ့ရတယ်။ သာမန်အားဖြင့် 'ဝ'တပ်ဖွဲ့ဦးစီးတဲ့ ဒီတွေ့ဆုံမှုက မထူးခြားဘူးလို့ဆိုလို့ရနိုင်ပေမယ့် သြဂုတ် ၂၂ ရက်မှာ တိုင်းသိပြည်သိ ထုတ်ဖော်ကြေညာခဲ့တဲ့ အစည်းအဝေး ထုတ်ပြန်ချက်အရဆိုရင်တော့ အတော်လေး ထူးခြားမှုတွေ ရှိနေတာ တွေ့ကြရလိမ့်မယ်။
ဒီလိုထူးခြားတဲ့ တွေ့ဆုံမှုမှာ 'ဝ'တပ်ဖွဲ့၊ ဒုတိ ယခေါင်းဆောင် ကျောက်ကော်အန်းနဲ့ ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့က ဒုစစ်ဦးစီးချုပ် ရန်ဝင်ကျုံး၊ ဒုတိယဥက္ကဋ္ဌလီ လောင်းပေါင်၊ အထွေထွေအတွင်းရေးမှူး ဆုန်ကဲ့ချန်၊ SSPP/SSA ရှမ်းတပ်ဖွဲ့ဘက်မှာ ဒုတိယဥက္ကဋ္ဌဖြစ်ကြတဲ့ စဝ်ခွန်ဆိုင်နဲ့ စဝ်ခေးတိုင်း၊ တအာင်းတပ်ဖွဲ့ (TNLA) ဘက်မှာ ဒုတိယခေါင်းဆောင်တွေဖြစ်တဲ့ တားခူလန်းနဲ့ အတွင်းရေးမှူး တာဘုန်းကျော်တို့ တက်ရောက်ခဲ့ကြတယ်။ တွေ့ဆုံမှုအပြီး Wa Channel ကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ 'ဝ'တပ်ဖွဲ့အနေနဲ့ လက်ရှိတက်ရောက်လာတဲ့ အဖွဲ့အစည်း အသီးသီးကို လက်နက်ခဲယမ်းအပါအဝင် ဘယ်လိုစစ်ရေးလှုပ်ရှားမှုအတွက် သွားလာမှုလမ်းကြောင်းနဲ့ ငွေကြေးထောက်ပံ့မှုတွေကို ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးဆိုပြီး အသိပေးခဲ့တာ တွေ့ရတယ်။ ဒီလိုမျိုး မဟာမိတ်လက်နက် ကိုင်တွေကို တရားဝင်ခေါ်ယူပြီး ခုလို အသိပေးရတဲ့ အကြောင်းပြချက်ကလည်း 'ဝ'ဘက်မှာ ခိုင်ခိုင်မာမာ ရှိနေတယ်။ 'ဝ'ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို ကြည့်မယ်ဆိုရင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသေးတဲ့ အရေးယူမှုတွေကို တရုတ်ဘက်က ပြုလုပ်လာခဲ့တယ်လို့ ပြည်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူး တာဝန်ယူထားတဲ့ ကျောက်ကော်အန်းက ပြောဆိုထားတယ်။ သေချာတာကတော့ မဲခေါင်-လန်ချန်း အစည်းအဝေးအပြီး ကူမင်းမှာ FPNCC အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး တရုတ်ကိုယ်စားလှယ် တိန့်ရှီကျွန်း (Deng Xijun)တို့ တွေ့ဆုံခဲ့ချိန်မှာ တရုတ်နိုင်ငံဘက်က တားမြစ်ခဲ့တဲ့ စည်းသုံးစည်းကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေက မလိုက်နာတဲ့အပေါ်မှာ ခုလို ပြင်းပြင်းထန်ထန် အရေးယူလာခဲ့တာလို့ပဲ သုံးသပ်ရမယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံ(မြောက်ပိုင်း)မှာ စစ်ရေးပဋိပက္ခ မဖြစ်စေရေး၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြည်ပအင်အားစုတွေကို မြန်မာနိုင်ငံ(မြောက်ပိုင်း) နယ်မြေတွေကို ဆွဲခေါ်မလာရေးဆိုတဲ့ စည်းသုံးစည်းကို မြောက်ပိုင်းလက်နက်ကိုင်တွေအပေါ် တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တာ ရှိတယ်။ တရုတ်ဘက်က ဒီလို တားမြစ်ထားတဲ့အပေါ်မှာ တအာင်းလက်နက်ကိုင်တပ် (TNLA)အနေနဲ့ နောင်ချိုကို လက်လွှတ်ရအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပူးပေါင်းပြီး အစိုးရကို တိုက်ခိုက်သွားမယ်ဆိုပြီး ကြေညာထားတာရှိသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးယာယီတာဝန်ခံ George N. Sibley က မြစ်ကြီးနားကိုသွားပြီး KIA ခေါင်းဆောင် ဂွမ်မော်နဲ့ တွေ့ခဲ့သလို မြေရှားကိစ္စအပါအဝင် တခြားအကြောင်းအရာတွေကို ဆွေးနွေးခဲ့တာကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တယ်။ ဒီနေရာမှာ တခြားအကြောင်းအရာလို့ ခေါင်းစဉ်တပ်ပေမယ့် ဖြစ်နိုင်တာကတော့ ရခိုင်၊ ချင်းပြည် နယ်၊ ယောဒေသနဲ့ ကချင်ပြည်နယ်(မြောက်ပိုင်း) တစ်ကြောလုံးကို KIA ဦးစီးပြီး စစ်ရေးပူးပေါင်းလှုပ်ရှားချင်တဲ့ အခင်းအကျင်းမျိုးလည်း တွေ့ရတယ်။ ကချင်ပြည်နယ်(မြောက်ပိုင်း)ကထွက်တဲ့ မြေရှားဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေသလို ဒီတွေ့ဆုံမှုတွေအပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့ (CB)၊ ယောလက်နက်ကိုင်တပ်ဖွဲ့၊ NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ KIA ခေါင်းဆောင်ဂွမ်မော်တို့ တွေ့ဆုံမှုအပေါ်မှာ တရုတ်အစိုးရအနေနဲ့ နှစ်မြို့ခဲ့ဟန်မရှိတာ တွေ့ရတယ်။ ဒါကြောင့်လည်း ရှမ်းမြောက်ကျူးကျော်စစ်မှာ အဓိက စစ်ရေးဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ သိသိသာသာ လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးအင်အားနဲ့ စစ်ဆင်ရေး ဖြတ်သန်းသွားလာမှု လမ်းကြောင်းတွေကို ပံ့ပိုးပေးခဲ့တဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ 'ဝ'ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာလို့ပဲ သုံး သပ်ရလိမ့်မယ်။ ဒီအချက်က ဘာကိုညွှန်ပြသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ ဖက်ဒရယ်အရေးလို့ ယေဘုယျခေါင်းစဉ်တပ်ထားကြပေမယ့် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုကလည်း အရေးပါပြီး ဆက်စပ်နေတာကို ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်တယ်။
ဒီလို နိုင်ငံကြီးတွေရဲ့ လွှမ်းမိုးမှုကြီးမားလို့လည်း တွေ့ဆုံမှုအပြီးမှာ တရားဝင် 'ဝ'တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ကို တိုင်းသိပြည်သိ ကြေညာခိုင်းလိုက်တာကတော့ ထူးခြားတဲ့ လုပ်ရပ်တစ်ခုလို့ပဲ ဆိုရမှာပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်နိုင်တဲ့ 'ဝ'တပ်ဖွဲ့နဲ့ KIA ဆိုပြီး အဓိကနေရာ နှစ်ခုရှိတဲ့အထဲက 'ဝ'ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက်ခြင်း အားဖြင့် ကျန်တဲ့ လက်နက်ကိုင်တွေရဲ့ တိုက်စွမ်းအားက မကြာခင် သိသိသာသာပဲ ကျဆင်းသွားနိုင်တာကို တရုတ်ဘက်က အလိုရှိခဲ့တာဖြစ်တယ်။ ဒီအချက်က လက်နက်ကိုင်တွေရဲ့ ပထဝီနိုင်ငံရေးအရ တည်ရှိမှုနဲ့ နောက်ခံသမိုင်းကြောင်းအရ လားရာမတူညီတဲ့ အချက်ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခဲ့တာ တွေ့လိုက်ရတယ်။ ဒီလိုတွေ့ဆုံမှုအပြီး နောက်ထပ်ထင်ရှားတဲ့ ပြယုဂ်တစ်ခုက ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာပဲ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်တဲ့ဒေသမှာ သိမ်းဆည်းရမိတဲ့ လက်နက်ပေါင်း ၄၇၆ လက်ကို မီးရှို့ဖျက်ဆီးပြခဲ့သလို အလက် ၂၀၀ ကို လည်း တရုတ်အစိုးရဆီကို လွှဲပြောင်းပေးတဲ့ လုပ်ရပ်တစ်ခုလည်း တွေ့မြင်လိုက်ရတယ်။ ဒါက တရုတ်လိုလားတဲ့ ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တိုက်ပွဲတွေ မဖော်ဆောင်ရဆိုတဲ့ အချက်ကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က အပြည့်အ၀ ပူးပေါင်းပါဝင်ပါတယ်ဆိုတဲ့ ပုံရိပ်မျိုး ထင်းသွားစေခဲ့တယ်။ တကယ်လို့သာ လာမယ့်ရွေးကောက်ပွဲမှာ 'ဝ'ဒေသအနေနဲ့ အစိုးရကို အပြည့်အ၀ ပူးပေါင်းပါဝင်ကူညီပေးရင်တော့ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းက ထူးခြားပြီး လှပနေမယ်လို့ တွေးထင်စရာရှိတယ်။ တရုတ်အစိုးရရဲ့ လိုလားချက်ကို အကောင်အထည်ဖော်ပေးရတဲ့ 'ဝ'ဒေသရဲ့ လုပ်ရပ်ဟာ နှစ်နိုင်ငံအစိုးရတွေ သံတမန်ဆက်ဆံရေး ကောင်းနေသမျှ ဗဟိုအစိုးရနဲ့ပါ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်တယ်ဆိုတဲ့ အခင်းအကျင်းမျိုး ခံစားမိစေတယ်။ ပြီးခဲ့တဲ့ မကြာသေးခင်ကလည်း တရုတ်ဘက်က ဆင်ဟွာနဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) တို့က တောင်ကမ္ဘာခြမ်း ပူးတွဲဆက်သွယ်ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ်ကို ထူထောင်ပြီး လက်ချင်းချိတ်နိုင်ပြီဆိုတော့ နှစ်နိုင်ငံအစိုးရကြား ရင်ဘတ်ကြီး ပိုနီးသွားကြပြီလို့တော့ သုံးသပ်ရမယ်။ နိုင်ငံရေးနဲ့ စစ်ရေးမှာလည်း သူ့အကျိုးစီးပွား ကာကွယ်နိုင်ဖို့နဲ့ လက်ရှိ အကြမ်းဖက်တွေကို နှိမ်နင်းနေတဲ့ တပ်မတော်ကို အပြည့်အ၀ ထောက်ခံရပ်တည်ပြီး မီးစိမ်းပြပေးလိုက်တာလို့ပဲ ယူဆရမယ်။
အစိုးရအနေနဲ့ နိုင်ငံရေးဘက်မှာ ဒီပလိုမက် တစ်သဘောအရ အမြင့်ဆုံး ကစားနိုင်နေတဲ့ အနေအထားရှိနေချိန်မှာ စစ်ရေးဘက်မှာလည်း အရေးပါတဲ့ မြို့အချို့တွေကို မြန်မာ့တပ်မတော်ကို ခပ်မြန်မြန် သိမ်းပိုက်ထားနိုင်နေတာလည်း တွေ့ရတယ်။ လက်ရှိ တိုက်ပွဲအဖြစ်ပွားဆုံး နေရာတွေဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်ဘက်တွေမှာ သိသိသာသာ အသာစီးရလာတာ မြင်ရတယ်။ ပူပူနွေးနွေးမှာပဲ ကယားပြည်နယ်ထဲက မိုးဗြဲ၊ ဒီးမော့ဆိုတို့ကို သိမ်းပိုက်ထားသလို နောင်ချို-မိုးကုတ်သွား လမ်းမပေါ်က ရတနာသိင်္ဂီသတ္တုမိုင်းနဲ့ မတ္တရာ-ပုသိမ်ကြီး မြို့နယ်အကြားက ဖယောင်းတောင် ရွှေလုပ်ကွက်တွေကို သိမ်းပိုက်ထားနိုင်တာမျိုး ရှိလာခဲ့တယ်။ ရွေးကောက် ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ အကာအကွယ်ပေးရေး ဥပဒေတွေ ပြဋ္ဌာန်းထားသလို တစ်ဖက်မှာလည်း စစ်အုပ်ချုပ်ရေး ကြေညာပြီး တည်ငြိမ်မှုရဖို့ ကြိုးစားနေတာလည်း မြင်ရတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဒီကြားကာလမှာ အကြမ်းဖက်သောင်းကျန်းသူတွေကို အလုံးစုံ တိုက်ထုတ်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို တပ်အပ်မပြောနိုင်သေးပေမယ့် တပ်မတော်အတွက်တော့ အလှည့်အပြောင်း ကာလတစ်ခုကို အပေါ်စီးက ကစားလာနိုင်တာကတော့ အထင်အရှား ဖြစ်တယ်။ NUG အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအနေနဲ့ ရှမ်းမြောက်ကျူးကျော်စစ်ကနေ စစ်ရေးဘက်မှာ ကာလတို အသာစီးရခဲ့တယ်ဆိုပေ မယ့် နိုင်ငံရေးအဖြစ် အသွင်မပြောင်းနိုင်ခဲ့ချိန်မှာ တပ်မတော်ကတော့ စစ်ရေးဘက်မှလည်း အသာစီးရအောင် တိုက်နေခဲ့သလို နိုင်ငံရေးဘက်မှာလည်း ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ပြိုင်တူအားထုတ်နေတာ တွေ့ရမှာ ဖြစ်တယ်။
ဒီလို နိုင်ငံရေးနဲ့စစ်ရေးကို အပြိုင်ချဉ်းကပ်နေတဲ့ အစိုးရနဲ့ တပ်မတော်ကို တရုတ်အပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံတွေက ထောက်ခံနေခဲ့သလို 'ဝ'လို အင်အားကြီးတဲ့ FPNCC ခေါင်းကိုင်တောင် လူသိရှင်ကြား ထုတ်ပြောလာတဲ့ အခင်းအကျင်းမျိုးမှာ အထူအပါးနားမလည်တာကတော့ တအာင်းလက်နက် ကိုင်တပ်ဖွဲ့(TNLA)ပဲ ဖြစ်လိမ့်မယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ရက် မှာ (TNLA) အကြမ်းဖက်အဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုနဲ့ ကျောက်မဲအကြား နှစ်ပေါင်း ၁၂၅ နှစ်ကြာ သက်တမ်းရှိတဲ့ ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင် ဂုတ်ထိပ်တံတားကို မိုင်းထောင် ဖျက်ဆီးခဲ့လိုက်ကြ တယ်။ တကယ်တော့ တအာင်းလက်နက်ကိုင် အကြမ်း ဖက်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် နဲ့ ၃၀ ရက်တွေမှာ စဉ့်အင်တံတားနဲ့ အီနိုင်းတံတား၊ ဂုတ်တွင်းတံတားကိုလည်း ၂၀၁၉ မှာ တစ်ကြိမ်နဲ့ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်မှာ ဒုတိယအကြိမ် စသဖြင့် မိုင်းထောင် ဖျက်ဆီးခဲ့တာမျိုးလုပ်ခဲ့သလို သီပေါမြို့အဝင် ဆိုင်းဘုတ်ပေါ်က ရှမ်းလူမျိုးတွေရဲ့ သရုပ်လက္ခဏာကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာမျိုး ကျူးလွန်ခဲ့ဖူးတယ်။ ဆိုတော့ တအာင်းလက်နက်ကိုင်တပ်တွေအနေနဲ့ ခုလက်ရှိကြုံနေရတဲ့ အခင်းအကျင်းမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့အရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုးက နောင်လူမျိုးစုအချင်း ချင်းကြားမှာ မျက်နှာပျက်စရာမျိုးအထိ အရှက်ရသွား နိုင်တာကို လျစ်လျူရှုခဲ့ကြတာကတော့ အတော်လေး ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုရမယ်။
အချုပ်ဆိုရရင်တော့ လက်ရှိ စစ်ရေးအခြေအနေမှာ တပ်မတော်အနေနဲ့ အဘက်ဘက်က အသာစီးရလာတဲ့ အနေအထားတစ်ခုမှာ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေကို အမြန်ဆုံးပြန်ရဖို့ ကြိုးစားနေ တာတွေ့ရတယ်။ တကယ်လို့ 'ဝ'ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အသိပေးကြေညာချက်အရဆိုရင် ရွေးကောက်ပွဲမတိုင်မီစပ်ကြား ရှမ်းမြောက်တစ်ခုလုံး ဗဟိုအစိုးရ အုပ်ချုပ်မှုအောက်ကို သံတမန်ရေးနည်း လမ်းနဲ့ ရနိုင်အောင်ကြိုး စားနိုင်ခဲ့ရင်တော့ ရွေးကောက်ပွဲ အတွက်ပါ အထောက်အကူ ပြုလာနိုင်တယ်လို့ သုံးသပ်ရလိမ့်မယ်။ ကူမင်းမှာ တအာင်းတပ်ဖွဲ့နဲ့ ထပ်တွေ့ဖို့ ရှိတယ်ဆိုတဲ့ အသံတွေကြားပေမယ့် လက်ရှိအနေအထားအရ ဆိုရင်တော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA)အနေနဲ့ မကျူးလွန်သင့်တဲ့ အမှားမျိုး ကို လုပ်မိသွားတယ်လို့ပဲ ပြောရမယ်။ အစိုးရဘက်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ဆိုထားသလို မြေပြင်မှာလည်း ကျောက်မဲကိုရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာမျိုး တွေ့ရတယ်။ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် နယ်မြေတည်ငြိမ်ရေးက အသက်တမျှ အရေးကြီးတဲ့ အချိန် ကာလမို့ ရှေ့လာမယ့် နိုင်ငံရေးအခင်းအကျင်းဟာ တပ်မတော်ဘက်က နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင် ဖို့အတွက် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ် ရမှာဖြစ်သလို 'ဝ'ထောက်ပံ့မှု မရှိတော့တဲ့ တပ်ဖွဲ့တွေအတွက်လည်း ဘယ်လိုအကွဲအပြဲတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် ကာလတစ်ခုကို ရောက်လာခဲ့ပြီလို့ပဲ ဆိုရမှာဖြစ်တယ်။ သေချာတာကတော့ အကျိုးစီးပွားအရ ရပ်တည်ပုံခြင်း မတူကြတဲ့ လက်နက်ကိုင် အသီးသီးတွေအနေနဲ့ မကြာခင်ကာလမှာ တစ်စစီပြိုကွဲဖို့ ရာခိုင်နှုန်းများနေ သလို မအောင်မြင်တဲ့ တော်လှန်ရေး ခရီးရှည်လမ်းကလည်း တပ်မတော်ရဲ့ ထိုးစစ်အောက်မှာ နိဂုံးချုပ်ဖို့ တဖြည်းဖြည်း နီးကပ်လာပြီလို့သာ ဆိုရတော့မှာ ဖြစ်တယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)