နေပြည်တော်၊ သြဂုတ် ၁၃
ပြည်သူလူထုက စစ်ရေးပဋိပက္ခ၏ ဆိုးမွေများကို ငြီးငွေ့လာပြီဖြစ်၍ ရွေးကောက်ပွဲသည်သာလျှင် အကျပ်အတည်းအားလုံးကို ကျော်လွှားနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဟု နားလည်လာပြီဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
"လက်ရှိ စစ်ရေးတင်းမာမှုက ငါးနှစ်တာကာလထဲကို ရောက်လာတဲ့အခါကျတော့ လူထုက စစ်ရေးပဋိပက္ခရဲ့ဆိုးမွေတွေကို ငြီးငွေ့စ တဖြည်းဖြည်းနဲ့ ရာခိုင်နှုန်းများ များလာတယ်။ အဲဒီတော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတယ်ဆိုတာ နှုတ်နဲ့မပြောရင်တောင်မှ သူတို့ စားဝတ်နေရေး ပြဿနာပေါင်းစုံကို ကျော်လွှားလိုတာ တွေ့နေရတယ်။ အဲဒါတွေအားလုံးက ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်မှပဲ နိုင်ငံရေးအားဖြင့် လက်ရှိ အကျပ်အတည်းကို ကျော်ဖြတ်နိုင်မယ်။ စစ်ရေးပဋိပက္ခကို ပြန်ကြည့်ရင်လည်း အစိုးရဘက်က အောင်မြင်မှုတွေ တဖြည်းဖြည်းရနေတယ်။ ဒေသတစ်ခုလိုက် တစ်ခုလိုက်ကို ပြန်ကြည့်ရင် ၂၆၇ ခုထိ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလအကုန်မှာ သတ်မှတ်တဲ့ ရက် ၉၀ အတွင်းမှာ တစ်စုံတစ်ခု အတိုင်းအတာအထိ နယ်မြေပြန်ရလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အားဖြည့်ပေးတဲ့ အနေအထား တွေ့ရတယ်။ အားလုံးကိုခြုံရင် ရွေးကောက်ပွဲလုပ်မယ်။ လုပ်မယ်လို့လည်း နိုင်ငံတကာက ယုံကြည်တယ်လို့ တွေ့ရတယ်။ ရွေးကောက်ပွဲကို ဘယ်လို ပဲဖျက်ဖျက် ဆက်သွားမယ်ဆိုတဲ့သဘော တွေ့တယ်။ လူထုရဲ့သဘောကလည်း ရွေးကောက် ပွဲသည်သာလျှင် တစ်ခုတည်းသော မျှော်လင့်ချက်ဆိုတာ နားဝင်စပြုလာပြီ။ ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေရဲ့ အနေ အထားကလည်း အောက်တိုဘာလ သတ်မှတ်တဲ့ ရက် ၉၀ အတွင်းမှာ တဖြည်းဖြည်း တိုးချဲ့လာနိုင်တယ်ဆိုတဲ့ အနေအထားကို တွေ့ရတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲက အောင်မြင်မယ်။ တစ်ဖက်ကပြောတာတွေက သိပ်ပြီး အရာရောက်နိုင်တဲ့ အနေအထား မတွေ့ဘူး"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကလည်း ရွေးကောက်ပွဲသည် အမှန်တကယ် လိုအပ်ချက်ဖြစ်ပြီး ရွေးကောက်ပွဲအလွန် အစိုးရနှင့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်လုပ်ဆောင်နိုင်စေရန် ဆန္ဒရှိ ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်တယ်ဆိုတဲ့ဘက်ကို ပြန်ကြည့်ရင် လက်နက်ကိုင်နေတဲ့ တချို့အဖွဲ့အစည်းတွေကတော့ဖြင့် ရွေးကောက်ပွဲကို ကန့်ကွက်မယ်၊ ဆန့်ကျင်မယ်၊ ဖျက်ဆီးမယ်၊ မပျက် ပျက်အောင်ဖျက်မယ်ဆိုတာ ကြေညာထားတာ တွေ့ပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေ၊ အထူးသဖြင့် 7 EAOs Alliance တို့ဘက်ကတော့ ပူးပေါင်းပါဝင်မယ်ဆိုတာ ကြားရတယ်။ ရွေးကောက်ပွဲကို မဆန့် ကျင်ဘူး။ သူ့အလုပ် သူလုပ် အဲဒီလိုပဲ ရွေးကောက်ပွဲအလွန် ဖြစ်ထွန်းလာတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လုပ်မယ်ဆိုတဲ့ သဘောလည်း တွေ့ရတယ်။ အဲဒီလိုပဲ 'ဝ'အပါအဝင်၊ မိုင်းလားဘက် ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက်တယ်၊ ဆန့်ကျင်တယ်ဆိုတဲ့ အသံမထွက်ဘူး။ အာ ဆီယံဘက်ကတော့ ရွေးကောက်ပွဲ မကျင်းပခင် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတစ်ခု လို အပ်တယ်ဆိုတာနဲ့ သွားတာပေါ့။ လက်နက်ကိုင် ယှဉ်ပြိုင်နေကြတဲ့ နှစ်ဖက်က အပစ်အခတ်ရပ်ရမယ်။ တွေ့ဆုံ ဆွေးနွေးအဖြေရှာ ရမယ်ဆိုတာနဲ့ သွားတာပေါ့။ ဒါပေမဲ့ မရရအောင် ရွေးကောက်ပွဲကို ရွှေ့ရမယ်ဆိုတဲ့ သဘောတော့ မတွေ့ဘူး။ ရွေးကောက်ပွဲက တွေ့ဆုံဆွေးနွေးပွဲ တစ်ခုရဲ့ နောက်မှာသာ လျှင် လုပ်ရမယ်ဆိုတဲ့ သဘောနဲ့ တင်းတင်းကျပ်ကျပ်ထားပုံတော့ မပေါက်ဘူး။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံ တော်တော်များများ ကတော့ ရွေးကောက်ပွဲ လိုအပ်တယ်။ ရွေးကောက်ပွဲအလွန် အစိုးရနဲ့ တည်ငြိမ်အေးချမ်းအောင် လုပ်မှ ဖြစ်မယ်ဆိုတာနဲ့ သွားတာပေါ့။ ခြုံပြောရရင် အိမ်နီးချင်းနိုင်ငံ အာဆီယံရဲ့တစ် ဝက်ကျော်ကျော်လောက်က ရွေးကောက်ပွဲကို ထောက်ခံတဲ့သဘော တွေ့ရတယ်။ အာဆီယံကိုယ်၌က မူအားဖြင့် 5 point Consensus အရသာ ပြောနေရတာ။ ဒါပေသိ မလေးရှား ကိုယ်တိုင်က ရွေးကောက်ပွဲအလွန် ဆိုတာလေးနဲ့ ချဉ်းကပ်ပုံ ပေါက်တယ်"ဟု ၎င်းကပြောသည်။
လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း၊ ရက်ပေါင်း (၉၀) အဆိုပါ အမိန့်မှာ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်ထားသည်။ ကွန်းဈာန်