ရွေးကောက်ပွဲက အလီလီဖြစ်နိုင်တယ်၊ ဖျက်မယ်ဆိုတာက အသံအမြောက်ပါ

နေပြည်တော် သြဂုတ် ၁၃
    ၁၉၄၈၊ ၁၉၅၂ ခုနှစ် အတွေ့အကြုံများအရ လာမည့်ရွေးကောက်ပွဲကို အလီလီကျင်းပနိုင်ခြေရှိပြီး ပြည်သူလူထုအနေဖြင့်လည်း ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှု ရှိလာပြီဖြစ်ကြောင်း ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    "ရွေးကောက်ပွဲက အလီလီဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ၄၈၊ ၅၂ အတွေ့အကြုံအရတို့၊ အဲဒီလို လုပ်သွားရင်လည်းရတာပဲ။ မဲပေးတဲ့လူ ဘယ်လောက်မှ မရှိပေမယ့် ရှိတဲ့လူနဲ့ ဖဆပလအစိုးရ တက်သွားတာပဲ။ အဲဒါက ဖြစ်နိုင်တယ်။ ထပ်ပြီးအကြီးအကျယ်တွေ ဖြစ်မဖြစ်ဆိုတာက တစ်ဖက်က ကြိမ်းဝါးတာက ရွေးကောက်ပွဲကို ဖျက်မယ်။ ဒီဘက်ကလည်း ဖြစ်အောင်လုပ်မှာဆိုတော့ အင်အားတွေကတော့ စကားပြောမယ်ထင်တယ်။ ဖျက်မယ့်လူနဲ့ ဖြစ်အောင်လုပ်မယ့် လူနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေကတော့ ကြီးလည်း ကြီးလာနိုင်တယ်။ အသံအမြောက်လည်း ဖြစ်နိုင်တယ်။ အခုပွဲကို အစိုးရက လုပ်ကို လုပ်မယ်လို့ ကြေညာလိုက်ပြီးကတည်းက တစ်ဖက်ကနေ လူထုကို ဇဝေဇဝါ ဖြစ်စေမယ့် အရေးအသား တွေ အများကြီးပဲ တက်လာတာ တွေ့ရတယ်။ ကျွန်မတို့ နိုင်ငံရေးပါတီတွေကတော့ လူထုရဲ့ထွက်ပေါက်သည် ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ တစ်ရပ်ဖြစ်ပေါ်လာဖို့ အရေးပေါ့။ တစ်ဖက်က ဘာပြောလဲဆိုရင် အရပ်သားအစိုးရဖြစ် လာရင်လည်း သူတို့ကြိုးကိုင်ထားတဲ့ အစိုးရ လို့ပြောတာပေါ့။ ကြိုးကိုင်တယ်ဆိုတာ အကုန်လုံးကို ကိုင်ထားလို့မရပါဘူး။ အခြေအနေတွေအရ အတိုင်းအတာတစ်ခုအထိ ရှေ့ရောက်သွားမလားဆိုတာ စဉ်းစားတာ"ဟု ၎င်းကပြောသည်။ 
    ရွေးကောက်ပွဲကို ဖြတ်သန်း၍ အရပ်သားအစိုးရဖြစ်လာလျှင် လွှတ်တော်မှ ဆုံးအဖြတ်များ ရရှိလာမည်ဖြစ်ကြောင်း တိုင်းပြည်ကို တဖြည်း ဖြည်း ပြောင်းလဲသွားရ မည်ဖြစ်ကြောင်း နမ့်ခင်အေးဦးက ပြောသည်။ 
    "တိုင်းရင်းသားပါတီတွေကလည်း ကြိုးစားနေတယ်။ သူ့ ပြည်နယ်နဲ့ တိုင်းအလိုက် နိုင်ငံရေးအား ကောင်းလာရင် ဒီအတိုင်းကြီး အာဏာသုံးရပ်လုံးကို တပ်မတော်က ယူထားတာထက်စာရင်တော့ နည်းနည်း တော်လာမလားလို့။ လွှတ်တော်ပေါ်လာရင် လွှတ်တော်နဲ့ ဆုံးဖြတ်လို့ရတဲ့ အရာတွေရှိလာမယ်။ ကောင်းအောင်လုပ်ကြရမှာ။ အခုက လူထုအနေနဲ့ ဘယ်ပါတီကို မဲပေးမယ်။ ဘယ်ပါတီကိုတော့ မပေးဘူးဆိုတဲ့ အသံလေးတွေ ကြားလာရတယ်။ အရင်က ကြောက်နေတဲ့ အခြေအနေတစ်ရပ်ကနေ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိလာနေပြီ။ အရပ်သားအစိုးရ ဖြစ်လာပြီးမှပဲ တဖြည်းဖြည်းပြောင်းလဲရမှာ။ ဝုန်းဒိုင်းကြီး ပြောင်းလဲဖို့ကတော့ မလွယ်ဘူး။ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားစေချင် တယ်။ အဆင့်ဆင့်ကို သွားရမှာပဲ။ အရေး ကြီးတာက အရည်အသွေးရှိတဲ့ အမတ်တွေ၊ ဝန်ကြီးတွေ ဖြစ်လာဖို့ပဲ။ အစိုးရဆိုတာ လူနည်းနည်းပဲရှိတာ။ လူထုက ဝိုင်းပြီး ကူညီရမှာ။ ကိုယ့်တိုင်းပြည်ကို ဘယ်လောက် ချစ်လဲ။ တိုင်းပြည်မပြိုကွဲဖို့ အတွက်ပေါ့။ စစ်ကိုတော့ ကျွန်မတို့က မကြိုက်ဘူး။ လူငယ်တွေက တော့ သွေးကြွနေတယ်။ ပြည်ပလှုံ့ဆော်မှုတွေနဲ့ သေတော့ ကိုယ်ပဲသေတာ။ အဲဒါကိုတော့ နားလည်စေချင်တယ်။ ရွေးကောက်ပွဲကတော့ အဆင့်ဆင့်သွားရမှာပဲ။ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ နေရာတွေကတော့ စစ်ရေးပဋိပက္ခ နေရာတွေများတော့ လုပ်ဖြစ်မှာမဟုတ်ဘူး။ ဘယ်လောက် ရာခိုင်နှုန်းနဲ့ အစိုးရတစ်ရပ် ဖြစ်လာအောင် လုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ပြန်ရတဲ့ ဒေသတွေက ပြန်ရသလို။ မရသေးတဲ့ ဒေသတွလည်းရှိ သေးတယ်"ဟု ၎င်းက ပြောသည်။ 
    မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီ ဇင်ဘာနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး လတ်တလောအခြေအနေအရ တိုင်းနှင့်ပြည်နယ် များရှိ မြို့ နယ် ၆၃ ခုကို အရေးပေါ် အခြေအနေ ကြေညာထားသည်။ ကွန်းဈာန်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49343

© 2022 - 2025 News. All Rights Reserved.