ရွေးကောက်ပွဲအလွန်တွင် ညွှန့်ပေါင်းကဲ့သို့ တိုင်းရင်းသားအားလုံး ပါဝင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်စေလိုဟု ဖလုံ-စဝေါ် ပါတီတာဝန်ရှိသူပြော

ရန်ကုန်၊ သြဂုတ် ၁၃
    ရွေးကောက်ပွဲအလွန်တွင် ပေါ်ပေါက်လာမည့် အစိုးရသည် ညွှန့်ပေါင်းကဲ့သို့ တိုင်းရင်းသားအား လုံးပါဝင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်စေလိုကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    လက်ရှိနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာအရပ်ရပ်သည် အားလုံးပူးပေါင်းပြီး ဝိုင်းဝန်း ဖြေရှင်းကြရမည်ဖြစ်၍ အားလုံးကို ကိုယ်စားပြုသည့် အစိုးရတစ်ရပ် ဖွဲ့စည်းပေါ်ပေါက်စေလိုသည့် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး စောကြည်လင်းက သုံးသပ်ပြောကြားသည်။
    "ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်အနိုင်ရ မလဲဆိုတာကတော့ ကြိုမသိနိုင်၊ မပြောနိုင်ဘူး။ ဒါပေမဲ့ တစ်ပါတီကြီးစိုးတဲ့ အစိုးရဆိုတာကတော့ အခု ရွေးကောက်ပွဲစနစ်အရ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ ဒီမှာ ပါဝင်ပတ်သက်တဲ့ Stakeholders အားလုံးထဲက ရွေးပြီးတော့ အစိုးရအဖွဲ့ကို ဖွဲ့နိုင်မယ်ဆိုရင်တော့ ညွှန့်ပေါင်းအစိုးရလိုမျိုးပေါ့။ အဲဒါမျိုး ဖွဲ့နိုင်ရင်တော့ နိုင်ငံရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းတဲ့အခါ အဆင်ပြေလွယ်ကူမလားပေါ့။ အားလုံးရဲ့ ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်မျိုးဖြစ်ရင် ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ်"ဟူ၍ ၎င်းက ပြောသည်။
    ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System )ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် PR စနစ်သည် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အားပေးသည့် စနစ်ဖြစ်သည်ဟု နိုင်ငံရေးပါတီအချို့က သုံးသပ် ထားကြသလို MMP စနစ်ကျင့်သုံးခြင်းမှာ လွှတ်တော်တွင် ပါတီစုံ၊ အလွှာစုံ၊ တိုင်းရင်းသားပေါင်းစုံ လူထုကိုယ်စားပြုမှု ပိုမိုပါဝင်လာစေရန် ရည်ရွယ်သည်ဟု သုံးသပ်ကြသည်။
    ထို့အပြင် ပြည်တွင်း အခက်အခဲ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ရွေးကောက်ပွဲအလွန်ပေါ်ပေါက်လာမည့် အစိုးရသည် တိုင်းပြည်ကောင်း ကျိုးအတွက် အလုပ်ပိုလုပ်ရမည်ဟူ၍လည်း စောကြည် လင်းက သုံးသပ်ပြောကြားသည်။
    "ရွေးကောက်ပွဲဆိုတာကတော့ ဒီနိုင်ငံရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ အနေအထား တော့ မဟုတ်သေးဘူး။ ဒါပေမယ့် တိုင်းအတာတစ်ခု အပြောင်းအလဲ တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲကနေတစ်ဆင့် ဘယ်လိုပဲဖြစ်ဖြစ် အစိုးရတစ်ရပ်တော့ ပေါ်လာမယ်။ ပေါ်လာတဲ့ အစိုးရကလည်း လူထုရဲ့ဆန္ဒ သဘောထားတွေပါတဲ့ ရွေးကောက်ခံ အစိုးရဖြစ်တော့ လုပ်ကိုင်ဆောင်ရွက်တာတွေမှာ ပိုပြီးတော့ ပြောအားဆိုအားတွေ ရှိလာမယ်။ ပိုပြီးတော့လည်း အလုပ်လုပ်ရမယ်။ ဒါက သေချာတယ်။ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရက အလုပ်တွေ ပိုပြီး လုပ်ရမယ်ဆိုတာ သွေးထွက်အောင် မှန်ပါတယ်။ တကယ် အလုပ်လုပ်ရမှာပါ။ ရှိသမျှ ဒီနိုင်ငံရဲ့ အခက်အခဲပြဿနာ‌တွေ အကုန်လုံးကို ရှင်းရမယ့် အနေအထားရှိနေတယ်။ ငြိမ်းချမ်းရေးကိစ္စတွေ တိုင်းပြည်ဖွံ့ဖြိုးရေးကိစ္စ‌ရော ရှိသမျှပြဿနာပေါင်းစုံတွေကို တော် တော်လေးကို ရှင်းရမယ်လို့ မြင်တယ်"ဟု ၎င်းက ဆက်ပြောသည်။
    နိုင်ငံပါတီတာဝန်ရှိသူ အများစုကလည်း ရွေးကောက်ပွဲအလွန်တွင် ပေါ်ပေါက်လာသည့် အစိုးရသည် ရင်ဆိုင်ရမည့် အခက်အခဲ အကျပ်အ တည်းများ များစွာရှိ နေပြီး လက်နက်ကိုင်ပဋိပက္ခများကို ဦးစွာ ဖြေရှင်းရမည်ဟူ၍ ခန့်မှန်းသုံးသပ်ထားသည်။ ညီသစ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49343

© 2022 - 2025 News. All Rights Reserved.