ရန်ကုန်၊ သြဂုတ် ၁၃
ရွှေလုပ်ငန်းရှင်များ အရောင်းအဝယ်ပြုလုပ်ရာမှာ TTR ၊ STR တွေ့ရှိပါက သတင်းပေးပို့ရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်မှ အသိပေး ပြောကြားလာသည်။
သတ်မှတ်ငွေပမာဏထက် ကျော်လွန်ပြီး ငွေကြေးလွှဲပြောင်းမှုကို TTR နှင့် သံသယဖြစ်ဖွယ်ရာ ငွေကြေးလွှဲပြောင်းမှုကို STR များ တွေ့ရှိပါက သတင်းပေးပို့ရမည် ဖြစ်သည်။
"သတ်မှတ်ကျော်လွန်တဲ့ ငွေအတိုင်းအတာ တွေ့ရှိတာနဲ့ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ တွေ့ရှိရင်ဆိုတာဟာ TTR နဲ့ STR ကို ဘဏ်တွေ ကျင့်သုံးနေကျအတိုင်း ပြောတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌက ပြော သည်။
သတ်မှတ်ငွေပမာဏထက်ကျော်လွန်ပြီး ငွေကြေးလွှဲပြောင်းမှုဆိုသည်မှာ ဘဏ်များ၌ ငွေသွင်းငွေ ထုတ်ခြင်းအား ငွေပမာဏ သတ်မှတ်ချက်ကျော်လွန်၍ အသွင်းအထုတ် ပြုလုပ်ပါက ကိုယ်ရေးအချက်အလက်များကို ဗဟိုဘဏ်ကို ပို့ရသလိုမျိုးဖြစ်ပြီး သံသယဖြစ်ဖွယ်ရာ ငွေကြေးလွှဲပြောင်းမှုဆိုသည်မှာ ပစ္စည်း လာဝယ်ရောင်းချိန် သံသယဖြစ်သည်ဆိုပါက သတင်းပေးပို့ခြင်း ပြုလုပ်သွားနိုင်ကြောင်း သိရသည်။
"သံသယဖြစ်ဖွယ်ရာ ငွေကြေးလွှဲပြောင်းမှု TTR ဆိုတာက ဥပမာ ငွေကြေးအဆင်မပြေတဲ့ မိသားစု လုပ်ငန်း၊ မည်မည်ရရ မရှိတဲ့လူတွေကတစ်ဆင့် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပစ္စည်းလာဝယ်တယ်။ ဒါမှမဟုတ် လာရောင်းတယ်ဆိုပါစို့၊ အဲဒါဆိုရင် အဲဒီလူတွေက အဲဒီငွေတွေ၊ အဲဒီပစ္စည်းတွေ ဘယ်ကရလဲဆိုတာ သံသယရှိနေပြီမို့ သတင်းပို့ရမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
မပေးပို့သည့် သူများအား စစ်ဆေးတွေ့ရှိပါက အရေးယူခံရနိုင်မှာဖြစ်ပြီး အထူးသတိထား ဆောင်ရွက်ကြရန်လိုကြောင်း သိရသည်။
လတ်တလောတွင် ရွှေရောင်းဝယ် မှုများနှင့်ပတ်သက်ပြီး ရွှေဆိုင်များကို အရည်အသွေး၊ သတ်မှတ်စံချိန်စံညွှန်းများ အတိုင်းရောင်းဝယ်မှုရှိမရှိအား ကွင်းဆင်းစစ် ဆေးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေဆိုင်တချို့မှာ ရှောင်တခင်ကွင်းဆင်းစစ် ဆေးခြင်းကို ဇူလိုင် ၂၈ ရက်မှ စတင်ပြုလုပ်နေပြီး ရှောင်တခင် ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီ(နေပြည်တော်) ၏ ညွှန်ကြားစာပါ ဓာတ် သတ္တု(ရွှေ) ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီ၏ နေ့စဉ်သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း ရှိ၊ မရှိ၊ သတ်မှတ်ထားသည့် လုပ်ငန်းလိုင်စင်များ ပြည့်စုံမှု ရှိ၊ မရှိ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၂၁ ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် ရောင်းဝယ်ခြင်း ရှိ၊ မရှိ အချက်များအား ကနဦးမြေပြင်ကွင်းဆင်းစစ် ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ စစ်ဆေးတွေ့ရှိချက်များနှင့် ရွှေဆိုင်များမှ တင်ပြသည့် အရောင်းအဝယ်ပြေစာများ၊ လုပ်ငန်းလိုင်စင်များ၊ စာရွက်စာတမ်းအထောက်အထား စသည်များအား အစီရင်ခံစာပြုစုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Phyu