ရန်ကုန်၊ သြဂုတ် ၁၃
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်စသည့် လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များစာရင်းကို မကြာမီထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၈) အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၈) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၈)တွင် ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)ကို "သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူ" အစားထိုးထားသည်။
ယင်းသို့ အစားထိုးပြင်ဆင်လိုက်သည့်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော ကိုယ်စားလှယ်လောင်းသည် သက်ဆိုင်ရာမြို့ နယ်တွင်နေထိုင်ပြီး ပြိုင်မည့်မြို့နယ်မဲစာရင်းတွင် ပါဝင်သူဟု သတ်မှတ်ပါသလား။ အခြားမြို့နယ်တွင် နေထိုင်ပြီး မဲစာရင်းမပါသည့် မြို့နယ်သို့ နိုင်ငံရေးပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် လာရောက်ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းတင် သွင်းနိုင်ပါသလားစသည့် သတင်းမီဒီယာ၏ မေးမြန်းမှုကို UEC မှ အထက်ပါအတိုင်း ထည့်သွင်းဖြေ ကြားထားသည်။
လွှတ်တော်သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ(၈)ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦးသည် မိမိဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်၏ မဲစာရင်းတွင် အမည်စာရင်း ပါဝင်ရန် လိုအပ်ကြောင်း UEC မှ အသိပေးထားသည်။
FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒ နယ်ဟူ၍ မဲဆန္ဒနယ်အမျိုးအစား နှစ်မျိုးရှိပြီး သာမန်အားဖြင့် မဲဆန္ဒနယ်များ ပုံသဏ္ဌာန်သုံးမျိုးရှိကြောင်း၊ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်သည်များရှိသလို တစ်ဆက်တစ်စပ်တည်းဖြစ်သော မြို့နယ်များကိုစုစည်း၍ မဲဆန္ဒ နယ်တစ်နယ်အဖြစ် သတ်မှတ်သည်များလည်း ရှိကြောင်း၊ အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်သည်များလည်း ရှိကြောင်း UEC မှ ရှင်းပြထားသည်။
ပုဒ်မ(၈) လွှတ်တော်ကိုယ်စား လှယ်လောင်း အရည်အချင်းပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးသည် မိမိဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် အကျုံးဝင်သော မြို့နယ်တစ်ခုခု၏ မဲစာရင်းတွင် အမည်ပါဝင်ရန်လိုအပ်သည်ဟုလည်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ အသိပေး ရှင်းလင်းထားသည်။ ညီသစ်