အပတ်စဉ် ဆန်ရောင်းချခြင်း အစီအစဉ်၌ ဆန်ကြမ်းအုပ်စုများပါ ထည့်သွင်းရောင်းချပေးလာ

ရန်ကုန်၊ သြဂုတ် ၁၃
    ဆန်စပါးကုန်စည်ဒိုင်များမှ သက်သာသောနှုန်းထားဖြင့် ဆန်ရောင်းချပေးခြင်း အစီအစဉ်၌ လူတန်းစားမရွေးဝယ်ယူစားသုံးနိုင်မည့် ဆန်ကြမ်းအုပ်စုများပါ ထည့်သွင်းရောင်းချပေးလာကြောင်း အပတ်စဉ် ဆန်ရောင်းချပေးတဲ့ အစီအစဉ်မှသိရသည်။
    စတင် ရောင်းချစဉ်တွင် ရွှေဘို၊ ဧရာဝတီပေါ်ဆန်း ဆန်ချောအုပ်စုများကိုသာ ရောင်းချပေးရာမှ လက်ရှိတွင် ဆန်ကြမ်းအုပ်စုများပါ ပါဝင် ရောင်းချပေးလာ ခြင်းဖြစ်သည်။
    "ဈေးနှုန်း တည်ငြိမ်အောင်ရယ်၊ အပြင်မှာ အရမ်းမတက်အောင်ရယ် အတွက်ရည်ရွယ်ပြီး စတင်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဝယ်ယူတဲ့သူတွေကို အရေအတွက်ကတော့ ကန့်သတ်ထားပါတယ်။ ဘာလို့ဆို ပြန်ရောင်းတဲ့ဆီ ရောက်သွားမှာစိုးလို့ပါ"ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းဥက္ကဋ္ဌက ပြောပါသည်။
    ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများ တည်ငြိမ်ရန်အတွက် ဆန်များကို ဆန်စပါးကုန်စည်ဒိုင်များတွင် သက်သာသည့်နှုန်းထားများနှင့် အပတ်စဉ်ဈေးများမှာ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်းမှ ဦးဆောင်ပြီး ဆန်စပါးကုန် စည်ဒိုင်များမှ  သက်သာသည့် နှုန်းထားနှင့် အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေး နေ့ရက်များမှာ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၌ ဆန်များကို ရောင်းချပေးနေသလို၊ ဈေးများ၌လည်း တစ်ပတ် နှစ်ရက်နှုန်းနှင့်  အပတ်စဉ် သောကြာ၊ စနေ ရက်များတွင် အလှည့်ကျစနစ်ဖြင့် လှည့်လည် ရောင်းချပေးနေကြောင်း သိရသည်။
    ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ် ဆန်း 10 kg  တစ်အိတ်ကို  ကျပ် ၃၂၀၀၀၊ ဧရာဝတီပေါ်ဆန်း 10 kg  တစ်အိတ်ကို ကျပ် ၂၅၀၀၀ နှင့် ရက် ၉၀ ထိပ်စ 10 kg တစ်အိတ်ကို ကျပ် ၁၅၀၀၀ စသည့် ဈေးနှုန်း အသီးသီးနှင့် သတ်မှတ်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
    ယခုကဲ့သို့ သက်သာသည့် ဈေးနှုန်းဖြင့် ဆန်ရောင်းချသည့် အစီအစဉ်ကို အိမ်ထောင်စုတစ်ခုလျှင် ရွှေဘိုပေါ်ဆန်းနဲ့ ဧရာဝတီပေါ်ဆန်း စသည့် ရောင်းချသည့် ဆန် 10 kg တစ်အိတ်စီကို ဝယ်ယူသွားနိုင် ကြောင်း သိရှိရသည်။ Phyu

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49343

© 2022 - 2025 News. All Rights Reserved.