၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် 'လူငယ်ဖိုရမ်' ဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၃
    ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် 'လူငယ်ဖိုရမ်' ဆွေးနွေးပွဲကို သြဂုတ် ၁၁ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပခဲ့သည်။
    အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ လူငယ်ရေးရာကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော် မတီ အသီးသီးမှကော်မတီဝင်များ၊ လူငယ် ၁၈ ဖွဲ့မှ ဥက္ကဋ္ဌများနှင့် လူငယ်ကိုယ် စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က "၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၏ ဆောင်ပုဒ်ကတော့ ''Local Youth Actions For The SDGs And Beyond'' လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့"ဖြစ်ပါတယ်။ ၎င်းဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များမှ ပန်းတိုင်အချို့ကို ဦးတည်ဆွေးနွေးသည့် လူငယ်ဖိုရမ်ကို ခေါင်းစဉ်ငါးခု ခွဲခြားသတ်မှတ်ကာ အုပ်စုများခွဲ၍ ဆွေးနွေးစေမှာ ဖြစ်ပါတယ်။
    အခုကျင်းပတဲ့ လူငယ်ဖိုရမ်ကြီးမှ ရလဒ်ကောင်းတွေ လူငယ်တွေအတွက် အများကြီး ပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ အသိပညာပေး ဆွေးနွေးပေးမည့် ပညာရှင်များသည်လည်း လုပ်ငန်းနယ်ပယ် အသီးသီးတွင် အောင်မြင်ကျော်ကြားသူများ ဖြစ်သည့်အတွက် လူငယ်မောင်မယ်များအား ခွန်အားဖြစ်စေ မည့် ဗဟုသုတများစွာပေးသွားနိုင်မှာဖြစ်တယ်"ဟု ပြောကြားခဲ့သည်။
    ထိုနောက် ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက Leadership ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး 'ဘက်စုံဖွံ့ဖြိုးတိုးတက်မှ ပြည့်စုံလှပလူငယ်ဘဝ'ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရာ ဦးသူရိန်အောင် (ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်သူများအသင်း) က Moderator အဖြစ် ဆောင်ရွက်ပြီး၊ Speaker များအဖြစ် ကိုကို(စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့၊ ဒေါက်တာပို့ပို့ကြည် (Founder of Myanmar Imperial Collage)၊ ဆရာမ ဒေါ်မြသန္တာဦး (Eco System Builder & Owner of My Jobs Myanmar)တို့က ဆွေးနွေးခဲ့ကြသည်။
    ထို့အပြင် ဆရာကြီး ဦးတင်ဇံကျော်မှ 'ယနေ့လူငယ် နောင်ဝယ်လူကြီး'ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း၊ '၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှု အစီအစဉ်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် ၁၇ ခု} ပါ ပန်းတိုင်များအား အုပ်စုငါးစုခွဲ၍ 'လူငယ်များ ပါဝင်သည့် တိုးတက်ခိုင်မာ အားကောင်းသော လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး'၊ 'ပညာပြည့်၀ ကျန်းမာမှ လူငယ်ဘဝလှပမည်'၊ 'စက်မှု၊ စီးပွား၊ နည်းပညာနှင့် လူငယ်များ၏ အနာဂတ်' 'တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်မည့် တို့လူငယ်'၊ 'သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော မြို့ပြနှင့် ကျေးလက် လူငယ်များ၏ လူမှုအသိုက်အဝန်း}စသည့် ခေါင်းစဉ်များကို အုပ်စုငါးစုမှ ဆွေးနွေးတင်ပြခဲ့ ကြသည်။ သက်မှူး

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49343

© 2022 - 2025 News. All Rights Reserved.