(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား(ဆီးဂိမ်း) ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် Teqball ကစားနည်းကို ဝင်ရောက် ယှဉ်ပြိုင်မည် . . . . မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုးမိုးကျော်နှင့် တွေ့ဆုံခြင်း

၂၀၂၅ ၊ ဇူလိုင် ၄

    ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား (ဆီးဂိမ်း) ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Teqball အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဦးစိုးမိုးကျော်နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြ လိုက်ရပါသည်။

TREND    ။    ။ Teqball အားကစားနည်းက ဘယ်လိုအားကစားနည်းလဲ။ ဘယ်လိုမျိုး လူရွေးချယ်ပေးသွားမလဲဆိုတာ ရှင်းပြပေးပါဦး။
USMK    ။    ။
ကျွန်တော်တို့လူရွေးတာ ပဏာမပေါ့၊ ဘယ်အတွက်လည်းဆိုတော့ ကျွန်တော်တို့ Time Line က ဇူလိုင် ဒုတိယပတ်( သို့မဟုတ်) တတိယပတ်ထဲမှာ လူရွေးသရုပ်ပြပွဲ လုပ်ပါမယ်။ သရုပ်ပြပွဲက ဘယ်လို လုပ်မလဲဆိုတော့ ကျွန်တော်တို့ ဒီမှာရွေးထားတဲ့ မိန်းက လေး လေးယောက်၊ ယောကျ်ားလေး ခြောက်ယောက်၊ ခုနစ်ယောက်ပေါ့။ စုစုပေါင်း ၁၀ ယောက်၊ ၁၅ ယောက်လောက် ရွေးမယ်။ ရွေးပြီးရင် အဲဒါလေး လက်ရွေးစင်မဟုတ်သေးဘဲနဲ့  ပဏာမအနေနဲ့ ရွေးတာဖြစ်ပါတယ်။ သရုပ်ပြပွဲကစားဖို့အတွက် သရုပ်ပြပွဲကို ကျွန်တော်တို့က ဘယ်သူတွေ ပါဦးမလဲဆိုတော့ ထိုင်း Teqball ဥက္ကဋ္ဌနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော်တို့ဥက္ကဋ္ဌက သွားတွေ့ထားတယ်။ ကျွန်တော်လည်းပါတယ်။ သွားတွေ့တော့ သူတို့က လောလောဆယ်မှာ ကမ္ဘာ့အဆင့် ယှဉ်ပြိုင်ကစားနေတယ်၊ ကမ္ဘာ့ချန်ပီယံလည်း ရထားတဲ့ ကစားသမားနှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက် သို့မဟုတ် လေးယောက်လောက်ကို ကျွန်တော်တို့ဖိတ်မယ်၊ ဖိတ်ပြီးတော့ Teqball ဆိုတာ ဘယ်လိုကစားရလဲဆိုတာကို သရုပ်ပြပါမယ်။ ပြီးရင် သူတို့နဲ့တွဲပြီးတော့ သူတို့ကတစ်ဖက်၊ ကျွန်တော်တို့က တစ်ဖက် သရုပ်ပြကစားတာလည်း တစ်ပွဲလောက်လုပ်မယ်၊ နောက် Mix လုပ်ပြီးတော့ တွဲပြီးတော့လည်း သရုပ်ပြပါမယ်။ အဲဒီမှာ ကျွန်တော်တို့က နာမည်ကြီး မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးဘက်က လက်ရွေးစင်ဟောင်းတွေ၊ ဖူဆယ်ဘက်က စိတ်ဝင်စားတဲ့ ဖူဆယ်လက်ရွေးစင်ဟောင်းတွေ၊ နောက် ပိုက်ကျော်ခြင်းဘက်က စိတ်ဝင်စားတဲ့ ပိုက်ကျော်ခြင်း လက်ရွေးစင်ဟောင်းတွေပါ သူတို့ကို ဖိတ်ပါမယ်။ လုပ်မယ့်နေရာက မြန်မာပလာဇာမှာ လုပ်မှာပါ။ ဇူလိုင် ၂၀ ရက်မှာ ကျွန်တော်တို့ သရုပ်ပြပွဲလုပ်ပါမယ်။ အများပြည်သူဆို Teqball အားကစားဆိုတာ ဘယ်လို မျိုးလဲဆိုတာကို မိတ်ဆက် ပြသပြီးတော့ အဲဒီမှာပဲ Teqball နဲ့ပတ်သက်ပြီး မိတ်ဆက်ပွဲ လုပ်ပါမယ်။ မြန်မာတစ်နိုင်ငံလုံးကို ကြေညာသွားမှာပါ။ TV ကနေလည်း တိုက်ရိုက်လွှင့်ပါမယ်။ အဲဒါပြီးရင်တော့ ကျွန်တော်တို့က ဇူလိုင်လ ကုန်လောက် (သို့မဟုတ်) သြဂုတ်ပထမပတ်လောက်မှာ အခု ကျွန်တော်တို့က Teqball ဆိုတာကို မိတ်ဆက်တာ လုပ်ပြီးပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက Teqball ကစားနည်းကို ပါဝင်ယှဉ်ပြိုင်ချင်တဲ့ သူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။

TREND    ။    ။ ဒီအားကစားနည်းအဖွဲ့ကို ဘယ်တုန်းကတည်းက စတင်ဖွဲ့စည်းခဲ့တာပါလဲ။
USMK    ။    ။
မေ ၂၃ ရက်မှာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့ခဲ့တာပါ။ ကမ္ဘာမှာတော့ ၂၀၀၄ ခုနှစ်လောက်မှာ ဟန်ဂေရီက အပျော်တမ်း ဘောလုံးသမားတစ်ဦးနဲ့ ဟန်ဂေရီကပဲ ဘောလုံးအားကစားနဲ့ ဆက်နွှယ်တဲ့သူတစ်ဦး နှစ်ယောက်ပေါင်းပြီးတော့ အပျော်တမ်းကစားရင်းနဲ့ Teqball ကို ထွင်ပြီးတော့ ကစားခဲ့တာပေါ့။ အဲဒီကနေမှတစ်ဆင့် သူတို့ကလည်း နည်းနည်းလေး လှုပ်ရှားမှု မြန်ဆန်တော့ အပြည်ပြည်ဆိုင်ရာ Teqball အားကစား အဖွဲ့ချုပ်ဆိုပြီးတော့ ဟန်ဂေရီနိုင်ငံမှာ အခြေစိုက်တယ်။ အခုဆိုရင် အဖွဲ့ဝင်နိုင်ငံ ၁၂၀ ကျော်နေပြီ။ 

TREND    ။    ။ ဒီအားကစားနည်းက လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
USMK    ။    ။
ကျွန်တော်တို့လာမယ့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် ပဏာမ ရွေးချယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ပြိုင်ပွဲ လုပ်ပါမယ်။ အဲဒါကတော့ ကျွန်တော်တို့ ၁၀ သင်း ဖြစ်ချင်ဖြစ်မယ်၊ ၁၅ သင်း ဖြစ်ချင်ဖြစ်မယ်၊ အသင်း ၂၀ ဖြစ်ချင်လည်းဖြစ်မယ်။ အဲဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အခု ပဏာမ ရွေးထားတဲ့သူတွေကိုလည်း သူတို့ နာမည်တွေထွက်ပြီးပါချင်ပါလိမ့်မယ်။ ကျွန်တော်တို့ ၁၅ ယောက်ရွေးထား တယ်ဆိုပါတော့ သရုပ်ပြပွဲအတွက် သရုပ်ပြပွဲမှာကစားတဲ့ ပဏာမလက်ရွေးစင်တွေလည်း သူတို့အသင်းတွေဖွဲ့ပြီး ယှဉ်ပြိုင်ခွင့်ပေးမယ်။ အဲဒီထဲမှာမှ ကျွန်တော်တို့က အကောင်းဆုံးဖြစ်နိုင်မယ့် သူတွေကို အမျိုးသမီးဆို ၁၀ ယောက် လောက်ပေါ့။ အမျိုးသားဆိုများတော့ ၁၅ ယောက်လောက် ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်တို့ပဏာမ ရွေးထားမယ်၊ ပြိုင်ပွဲမှာလည်း ကျွန်တော်တို့ဘက်က ဆုကြေးကို သိန်းရာချီပြီးတော့ ထိုက်ထိုက်တန်တန်ပေး မယ်ဆိုပြီးတော့ ရည်မှန်းထားတယ်ပေါ့။

TREND    ။    ။ ဆီးဂိမ်းအတွက် ပြင်ဆင်မှုတွေအနေနဲ့ရော ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲ။
USMK    ။    ။
ပြိုင်ပွဲပြီးသွားရင် ကျွန်တော်တို့ ပဏာမလက်ရွေးစင်ရွေးမယ်။ အဲဒီကျရင် ဆီးဂိမ်းအတွက် စခန်းသွင်းလေ့ကျင့်မှု (Camp) စဝင်ပြီ။ အဲဒီလို စတင်ပြီဆိုရင် ကျွန်တော်တို့က (Camp) မှာ နှစ်ပတ်လောက် အချိန်ရပြီဆိုရင် ကျွန်တော်တို့က သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ထိုင်းမှာ Joint Training သွားလုပ်ပါမယ်။ ထိုင်း Teqball အဖွဲ့ချုပ်နဲ့လည်း ညှိပြီးပါပြီ။ အဲဒီ Joint Training ကျရင်တော့ ကျွန် တော်တို့က ထိုင်းအသင်းနဲ့လည်း ယှဉ်ပြိုင်ကစားမယ်။ ပြီးတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ သိရသလောက် လာအို Teqball အဖွဲ့ချုပ်ရော၊ ကမ္ဘောဒီယား Teqball အဖွဲ့ချုပ်ရောက သူတို့လည်း Joint Training လာလုပ်မယ်ပြောတယ်။
    ကျွန်တော်တို့ထိုင်း Teqball အဖွဲ့ချုပ်နဲ့ ညှိပြီးတော့ လေးနိုင်ငံဖိတ်ခေါ်ဖလားပုံစံမျိုး ကျင်းပခိုင်းမယ်။ ကျွန်တော်တို့လည်း လိုအပ်တာဝင်ပါမှာပေါ့နော်။ ပထမ ရွေးထားတဲ့အသင်းနဲ့ Joint Training လုပ်ရင်း နဲ့ အဲဒီမှာ ဝင်ပြိုင်ကြမယ်၊ အဲဒီ ပြိုင်ပွဲပြီးရင်တော့ ကျွန်တော်တို့ ဆန်ခါတင် ထပ်ပြီးတော့ ရွေးပါမယ်။ ကျွန်တော်တို့ တကယ်သွားပြိုင်မှာက အမျိုးသမီးလေးယောက်၊ အမျိုးသားလေးယောက် စုစုပေါင်းရှစ် ယောက်ပဲ ပြိုင်မှာဆို တော့ ပြိုင်ပွဲပြီးရင် ပဏာမ ၁၀ ယောက်စီလောက်၊ ဒါမှမဟုတ် ရှစ်ယောက်စီလောက် ထပ်ပြီးတော့ ဆန်ခါထပ် တင်ပါမယ်။ ပြိုင်ပွဲတွေလည်း ထပ်လုပ်ပြီး ဆန်ခါတင်ရွေးပြီးတော့ ဆီးဂိမ်းကို သွားရောက် ပြိုင်မှာပါ။ အဲဒီလို ပြိုင်နိုင်ဖို့အတွက် ကြိုးပမ်း ပြင်ဆင်လျက်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲက Teqball နဲ့ပတ်သက်လို့ ဒိုင်လူကြီး မရှိသေးဘူး။ Teqball နဲ့ ပတ်သက်တဲ့ နည်းပြတစ်ယောက်မှ မရှိသေးဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ရှေ့အပတ်အထဲမှာ ထိုင်း Teqball အဖွဲ့ချုပ်ဥက္ကဋ္ဌကို အကူအညီ တောင်းထားတယ်။ သူတို့ဆီက နည်းစနစ်ပိုင်းနဲ့ အထူးသဖြင့် ပြိုင်ပွဲကျင်းပတဲ့ ဒိုင်လူကြီးရယ်၊ နည်းပြတွေကို မြန်မာနိုင်ငံကို ဖိတ်မယ်။ ဒီနေရာမှာပဲ သင်တန်းပုံစံမျိုးလေး တက်ခိုင်းပါမယ်။ သီအိုရီရော၊ လက်တွေ့ရော သင်ကြားပို့ချပါမယ်။ အဲဒါဆို ပြိုင်ပွဲတွေ လုပ်တဲ့အခါမှာ ဒိုင်လူကြီးရပြီ။ နောက်နည်းစနစ်ပိုင်းသိတဲ့ နည်းပြအချို့ ကျွန်တော်တို့ ရပြီပေါ့၊ နည်းပြနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ရွေးချယ်သွားမှာဖြစ်ပြီး တဖြည်းဖြည်း အကောင်းဆုံးဖြစ်နိုင်မယ့် နည်းပြကို ဆီးဂိမ်းပြိုင်ပွဲကို ခေါ်သွားမှာပါ။ 

TREND    ။    ။ Teqball အားကစားနည်းရဲ့ ပြိုင်ပွဲတွေအကြောင်း ရှင်းပြပေးပါဦး။
USMK    ။    ။
Teqball ပြိုင်ပွဲက အမျိုးအ စားငါးမျိုး ရှိပါတယ်။ အမျိုးသားတစ်ဦးချင်း၊ အမျိုးသားနှစ် ယောက်တွဲ၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသား နှစ်ယောက်တွဲပြီးတော့ Mix Double ဆိုပြီးတော့ ငါးမျိုး ရှိပါတယ်။ ငါးမျိုးလုံးကျင်းပမှာ ရွှေငါးခုပေးမှာပေါ့နော်။ ဒီအားကစားနည်းက ကျွန်တော်တို့အတွက် အသစ်ပါ။  ထိုင်းဆိုရင် အိမ်ရှင်၊ World Championship ကို သူက ရထားတာ၊ အိမ်ရှင်လည်း လုပ်ပြီးပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Teqball လက်ရွေးစင်ဖြစ်လာတဲ့ သူတွေဆိုရင် နိုင်ငံတကာပြိုင်ပွဲတွေကို ကျွန်တော်တို့ စီစဉ်ပြီးတော့ လွှတ်မှာပါ။ ပေးတဲ့ချီးမြှင့်တဲ့ငွေကလည်း‌ ဒေါ်လာသောင်းသိန်းချီပါတယ်။ Teqball ကို တကယ်ဝါသနာပါပြီး တကယ်ကစားတဲ့ အားကစားသမားတွေဆို ဆုကြေးက ထိုက်ထိုက်တန်တန် ရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပံ့ပိုးမှုအများကြီးလုပ်မယ်လို့ ကတိပြုထားပါတယ်။ ကျွန်တော် တို့ဘက်ကတော့ ဆီးဂိမ်းမှာ ဘယ် Colour ရမလဲလို့ တိတိကျကျတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဦးဆောင်ပြီး တာဝန်ယူပြီဆိုတည်းက ကျွန်တော်တို့ မဖြစ်ဖြစ်အောင် လုပ်မှာပါ။ ရတဲ့အချိန် ရတဲ့လူ အင်အားနဲ့ ရွှေဖြစ်ချင်လည်း ဖြစ်မှာပေါ့နော်၊ ရွှေဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ငွေလည်း ဖြစ်ချင်ဖြစ်မယ်။ ကြေးလည်း ဖြစ်ချင်ဖြစ်မယ်။ ဆုတံဆိပ်ရရှိ‌အောင်တော့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေး ရှိရင်ပြောပေးပါဦး။
USMK    ။    ။
အာဆီယံမှာဆိုရင်တော့ ကျွန်တော်တို့က အခုမှ ကစားဖို့လုပ်နေတာ။ ထိုင်းက ကစားတာ သုံးနှစ်လောက်ရှိပြီ။ ကမ္ဘာ့ချန်ပီယံလည်း ရဖူးတယ်။ သူတို့က လက်ရှိအိမ်ရှင်ဆိုတော့ အားသာချက်ရှိတယ်။ အင်ဒိုနီးရှားလည်း ကစားတာ နှစ်နှစ်လောက်ရှိပြီ။ မလေးရှားလည်း အဲဒီလောက်ရှိပြီ။ သူတို့ကိုလည်း ကျွန်တော်တို့ တော်တော်လေး သတိထားရပါမယ်။  လာအိုကလည်း ကျွန်တော်တို့ထက် စောတယ်။ သူတို့ကစားတာ ခြောက်လ၊ ရှစ်လလောက်ရှိပြီ။ ကမ္ဘောဒီးယားလည်း ဒီအတိုင်းပဲ၊ ကျွန်တော်တို့က နောက်အကျဆုံးပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ အချိန်နဲ့ အစွမ်းကုန်ကြိုး စားသွားမှာပါ။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော အင််တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46179

© 2022 - 2025 News. All Rights Reserved.