၂၀၂၅ ၊ ဇူလိုင် ၃၁
ဇူလိုင် ၁၇ ရက်က လူမှုကွန်ရက်တွင် နောင်ချိုပြည်သူများကို ဒံပေါက်လိုက်ဝေနေသော ဗီဒီယိုဖိုင်ကို လူအများစိတ်ဝင်တစား ကြည့်ခဲ့ကြသည်။ နောက်နေ့များတွင်လည်း ဒံပေါက်ကို ကိုယ်တိုင်ချက်ပြီး လိုက်ဝေနေသည်ကို တွေ့ရပြန်သည်။ ယင်းနောက်တွင် နောင်ချိုမြို့မှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပြောဆိုနေသော ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်ခဲ့ပြန်သည်။ နောင်ချို အထက(၁) စာသင်ခန်း ထဲတွင်လည်း စာဝင်သင်နေသော ဗီဒီယိုဖိုင် ထပ်မံထွက်လာပြန်သည်။ ထို့ကြောင့် အဆိုပါသူနှင့်တွေ့ဆုံရန် နောင်ချိုသို့ ရောက်ရှိခဲ့သည်။ ဒံပေါက်လိုက်ဝေနေသောအချိန်တွင် တချို့က သူ့ကို ကာနယ်ဒံပေါက်ဟု ထူးထူးခြားခြား အမည်ပေးထားသည်ကိုလည်း သတိထားမိခဲ့သည်။ ထို့ကြောင့် နောင်ချိုမြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီး မြင့်ဟိဏ်းရှိရာ နောင်ချိုမြို့သို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ နောင်ချိုကို ဗိုလ်မှူးကြီးတို့ စတင်ရောက်ရှိလာတာနဲ့ပတ်သက်ပြီး ပြောပြပေးစေလို ပါတယ်။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ကျွန်တော်တို့က အထက်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်အရပေါ့။ နောင်ချိုမြို့ကို ကလေးတွေ ကျောင်းဖွင့်ရာသီအမီ ကလေးတွေ ကျောင်းကိစ္စတွေ ဆောင်ရွက်လို့ရအောင်၊ နောင်ချိုမြို့ကို ပြန်သိမ်းပိုက်လို့ရအောင်ဆိုပြီးတော့ ကျွန်တော်တို့ အကြီး အကဲတွေက လမ်းညွှန်ခဲ့ပါတယ်။ လမ်းညွှန်ချက်အရ ကျွန်တော်တို့က တောင်ခမ်းမှာ စပြီးတော့ စုဖွဲ့ခဲ့ပါတယ်။ စုဖွဲ့တာကတော့ အကြမ်းဖျင်း ၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်မှာ စတင်ပြီး စုဖွဲ့တာပေါ့။ ဒီလို စတင်စုဖွဲ့ပြီးတော့ နောင်ချိုကို တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်က ဇူလိုင် ၁၆ ရက်မှာ။ အဲဒီတော့ တောင်ခမ်းကနေ နောင်ချိုအထိ တိုက်ခိုက်မှုကြာမြင့်ချိန်က စုစုပေါင်း လေးလနဲ့ လေးရက်တိတိ ကြာပါတယ်။ တကယ်တမ်းဆိုရင်တော့ တောင်ခမ်းကနေ နောင်ချိုအထိ ၂၈ မိုင်ကို တိုက်မယ်ဆိုရင် စစ်သားလို တိုက်မယ်ဆိုရင်တော့ နှစ်လထက် မပိုပါဘူး။ ဒါပေမဲ့ လေးလနဲ့ လေးရက်အထိ ကြာသွားတဲ့အကြောင်းအရင်းက ကျွန်တော်တို့နဲ့ တစ်ဖက်မှာ ရှိတဲ့ ရန်သူရဲ့ကြားထဲမှာက ဒေသခံပြည်သူလူထုတွေရှိတယ်။ အဲဒီလို ဒေသခံပြည်သူတွေ ရှိတဲ့အခါကြတော့ တစ်ဖက်သောင်းကျန်းသူ အဖွဲ့အစည်းက ဒီဒေသခံပြည်သူလူထုတွေကို ကြားခံအနေနဲ့ သုံးထားတာရှိတယ်။ လူထုတွေရဲ့ အိုးအိမ်တွေရှိတယ်။ သာသနိကအဆောက်အအုံ တွေရှိတယ်။ ပြီးရင် ဘာသာရေးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ အခြေပြုပြီးမှ ခံစစ်ဆင်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တပ်တွေအနေနဲ့က အတတ်နိုင်ဆုံး ပြည်သူလူထု ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် တစ်ဖက်က ကြည့်ရင် ကျွန်တော်တို့က ရန်သူကိုတိုက်စစ်အနေနဲ့ တိုက်ရသလို ပြည်သူလူထုဘက်က ကြည့်ရင် ပြည် သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျွန်တော်တို့က စဉ်းစားပြီး တိုက်ရတဲ့အတွက် နောင်ချို တိုက်တဲ့အချိန်မှာ ကျွန်တော်ပြောနေကြစကား ရှိတယ်။ စစ်ကို စစ်ဦးဘီလူးတိုက်သလို တိုက်လို့မရဘူး။ ဒီတော့ နောင်ချိုကို သိမ်းတာဟာ စစ်သားတစ်ယောက်အနေနဲ့ နှလုံးသားနဲ့ သိမ်းခဲ့တဲ့မြို့ဆိုပြီး အမြဲတမ်း ပြောလေ့ပြောထ ရှိပါတယ်။ ဒါကြောင့် ဒေသခံပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုတွေ ပေးဆပ်ခဲ့ရတာရှိတယ်။ ကျွန်တော့်ရဲ့ တပည့်သားသမီးတွေ ပေးဆပ်ခဲ့ရတာရှိတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပြည်သူလူထုတွေ အန္တရာယ်အကင်းဆုံးနဲ့ အထိခိုက် အနည်းဆုံး၊ သူတို့ရဲ့စည်း စိမ်ဥစ္စာ အိုးအိမ်တွေ မပျက်စီးအောင် စောင့်ရှောက်ရတာဖြစ်တဲ့အတွက် နောင်ချိုရောက်တဲ့အချိန်ထိ လေးလနဲ့မှ လေးရက်ကြာခဲ့ပါတယ်။ ကြာခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ ထိတွေ့မှု တိုက်ပွဲပေါင်း အကြိမ် ၁၆၀ တိတိ ရှိခဲ့ပါတယ်။ အဲဒီ ၁၆၀ အတွင်းမှာ တစ်ရက်မှ တောင်ခမ်း ကနေ စတိုက်လာကတည်းက နားခဲ့တယ်ဆိုတာ မရှိပါဘူး။ အဓိကçကတော့ နောင်ချိုကို အမြန်ရောက် ချင်တယ်။ နောင်ချိုကို တစ်ရက်စောရောက်ရင် ဒေသခံတိုင်းရင်းသားပြည်သူတွေ တစ်ရက် သူတို့ရဲ့ ဒုက္ခတွေ ကင်းဝေးနိုင်တယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ပဲ တစ်ရက်မှ မနားခဲ့ဘူး။ အကြိမ်ပေါင်း ၁၆၀ မှာ ရန်သူ့ ရည်မှန်းချက်စခန်း တောင်ကုန်းတွေ၊ ရန်သူအခိုင်အမာ တပ်စွဲထားတဲ့ နေရာတွေ၊ ရပ်ရွာတွေ အားလုံး ၆၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့တယ်။ ရန်သူ့အလောင်း၊ လက်နက်ဆိုရင် ကျွန်တော်တို့ တပ်မကွပ်ကဲမှု တစ်ခုတည်းတင် ရန်သူ့ အလောင်း ၆၈ လောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၈ လက်တိတိကို ရရှိသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ တောင်ခမ်းကနေ နောင်ချိုကို စရောက်တဲ့ အပိုင်းပေါ့။ ဒုတိယတစ်ပိုင်းက နောင်ချိုကို ၁၆ ရက်မှ အလုံးစုံ သိမ်းပိုက်မယ့်အချိန်မှာ ၁၅ ရက် လောက်ကတည်းက ကျွန်တော်တို့ အကြီးအကဲတွေ လမ်းညွှန်တာ ရှိပါတယ်။ လမ်းညွှန်ချက်က ဘာလဲဆိုတော့ ပထမဆုံး နောင်ချိုကို ရောက်အောင်သွားပါ။ နောက် ပထမဦးစားပေးက ဒီမှာရှိတဲ့ ကလေးတော်တော် များများက ပညာရေး နောက်ကျနေတဲ့အတွက် ကျောင်းတွေ အမြန်ဆုံး ဖွင့်နိုင်အောင် လုပ်ပါဆိုပြီး လမ်းညွှန်ပါတယ်။ ဒါကြောင့် ၁၆ ရက်နေ့ ရောက်တယ်။ ၁၇ ရက်နေ့မှာ ကျောင်းတွေ အားလုံးဖွင့်နိုင် အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ ၂၂ ရက်ကစပြီး နောင်ချိုမြို့ပေါ်မှာ အထက နှစ်ကျောင်း၊ အလကခွဲ တစ်ကျောင်း၊ အမက စုစုပေါင်း ကျောင်းအားလုံး ကိုးကျောင်းလုံးက ကျောင်းသားကျောင်းသူတွေ အထက(၁)မှာ ကျောင်းသား ကျောင်းသူ တစ်ထောင်ကျော် စပြီးတော့ ပညာသင်ကြားခွင့်ရပါပြီ။ ဒုတိယအချက် အကြီးအကဲတွေ လမ်းညွှန်တာကတော့ ကျန်းမာရေး စောင့် ရှောက်မှုတွေအတွက် ဆေးရုံတွေ အမြန်ဆုံး ဖွင့်နိုင်အောင် ဆောင်ရွက်ပါ ဆိုတဲ့အတွက် ကျွန်တော်တို့ ၁၈ ရက်မှာ ယာယီဆေးရုံ စတင်ပြီး ဖွင့်လှစ်နိုင်ပါပြီ။ တစ်နေ့ကို ပြင်ပလူနာ၊ အတွင်းလူနာ ၁၅၀ နဲ့ ၂၀၀ ကြားမှာ ဆေးဝါးကုသမှုတွေ၊ စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနိုင်ပါပြီ။ ပြည်သူ့ဆေးရုံကြီးကိုလည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌလာတဲ့ ခရီးစဉ်မှာလည်း လက်ရှိ လိုအပ်နေတဲ့ မိုဘိုင်းခွဲစိတ်ခန်းကားကို အမြန်ဆုံး ပို့ဆောင်ပေးဖို့ စီစဉ်ဆောင်ရွက်တဲ့အတွက် ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ ပြည်သူ့ ဆေးရုံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး စရောက်တဲ့အချိန်မှာ ရေပေးဝေရေးပိုက်တွေ ပျက်စီး နေပြီ။ ဒါကိုလည်း ၁၉ ရက်နေ့မှာ နောင်ချိုတစ်မြို့လုံးကို ရေပေးဝေမှုစနစ်တွေ မူလအတိုင်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဖုန်းလိုင်းတွေလည်း ပျက်စီးသွားတာကြောင့် တပ်မတော်ကွန်ရက်အဖွဲ့က ၂၅ ရက်နေ့မှာ ဏြွှ ၂၄ နာရီ ဆက်သွယ်လို့ရအောင် ဆက်သွယ်ရေးရုံးမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက် ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မှုအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်း ဖျက်ဆီးသွားတဲ့ ဓာတ်အားခွဲရုံကို ပြုပြင်ပြီး ဓာတ်အားလိုင်းတွေ ဆက်သွယ်ပြီး ရက်ပိုင်းအတွင်း မူလ မီးပေးချိန်အတိုင်း ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဌာနဆိုင်ရာ ၃၈ ဖွဲ့တွေလည်း မူလရုံးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်အောင် ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

TREND ။ ။ တောင်ခမ်းကနေ နောင်ချိုအထိ လေးလနဲ့ လေးရက်အကြာ ချီတက်တိုက်ခိုက်ပြီး နောင်ချိုကို ရောက်တဲ့အချိန်မှာ ဗိုလ်မှူးကြီးရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားမှုကို သိပါရစေ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ကျွန်တော်တို့ နောင်ချိုကို ရပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့စိတ်ထဲဖြစ်တာက ကျွန်တော်တို့ကလည်း ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ တပ်မတော်သား ဆိုတာကလည်း ပြည်သူလူထုရဲ့ သားသမီးပါပဲ။ ပထမဆုံး စရောက်ပြီး နောင်ချိုမြို့ထဲ စတင်ဝင်ရောက်တဲ့အခါမှာ အားလုံးက ဝမ်းနည်းဝမ်းသာ ဖြစ်ကြတာပေါ့။ ဝမ်းသာတာက ဘာကြောင့်လဲဆိုတော့ သူတို့ အကြမ်းဖက် သောင်းကျန်းသူတွေရဲ့လက်အောက် အရိပ်မည်းထဲမှာ ကျီးလန့်စာစားနဲ့ တစ်နှစ်လောက် နေရတဲ့ဘဝ တွေ လွတ်မြောက်ပြီဆိုပြီးတော့ ဝမ်းသာတာက တစ်ချက်ပေါ့ဗျာ။ ဝမ်းနည်းတာကတော့ တစ်နှစ်တာ ကာလမှာ သူတို့ရဲ့ အိုးအိမ်တွေ၊ သူတို့ရဲ့ လုပ်ငန်းတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ဒါတွေအားလုံးကို အကြမ်းဖက် သောင်းကျန်းသူတွေက ဖျက်ဆီးသွားတာ တစ်နှစ်တာကာလ ဖျက်ဆီးသွားတာဟာ နောင်လေး၊ ငါး၊ ၁၀ နှစ် အထိကို အားကြိုးမာန်တက်နဲ့ ပြန်ပြီးတော့ လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် သူတို့မှာ ဝမ်းနည်းဝမ်းသာ ဖြစ်ကြတာပေါ့။ တပ်တွေရောက်လာလို့ ဝမ်းသာတယ်။ သူတို့ဆုံးရှုံးသွားတာတွေအတွက် ကျွန်တော်တို့လည်း ဝမ်းနည်းမှုတွေ ကြုံတာပေါ့။
TREND ။ ။ ခုရက်ပိုင်းမှာ မြို့ခံလူထု အင်အားဘယ်လောက်များ နောင်ချိုမြို့ကို ပြန်လည်ဝင်ရောက် လာပြီလဲဆိုတာ သိပါရစေ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ခုလက်ရှိမြို့ပေါ်မှာ ခြောက်ရပ်ကွက်ရှိပါတယ်။ မြို့ပေါ်ခြောက်ရပ်ကွက်မှာ အရင်က တစ်သောင်းခုနစ်ထောင်လောက် အကြမ်းဖျင်း မြို့နေလူထု ရှိပါတယ်။ လက်ရှိ မြို့ခံတွေ ဝင်ရောက်လာတာရယ်၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတာ တွေရယ်ဆိုရင် တစ်ပတ်အတွင်းမှာ တစ်သောင်းဝန်းကျင်လောက် ရှိပါတယ်ခင်ဗျ။ တစ်သောင်းဝန်းကျင်ဆိုတာ ပြင်ဦးလွင်တို့ဘက်ကို စစ်ရှောင်ပြီး ပြန်ဝင်လာတာ တစ်သောင်းဝန်းကျင် ရှိပါတယ်။ နောက် ကျောက်မဲဘက် စစ်ရှောင်ကြတာရှိတယ်။ နောက် အနားက နောင်ပိန်တို့ဘက် စစ်ရှောင်ကြတာ ရှိတယ်။ သူတို့ကလည်း ဒီကိုအမြန်ပြန်လာချင်ပြီ။ သို့သော် အကြမ်းဖက်သမားတွေရဲ့ ထုံးစံအတိုင်းပဲ သူတို့ ဆုတ်ခွာသွား တဲ့အချိန်မှာ အားလုံးသိတဲ့အတိုင်းပဲ ဂုတ်တွင်းကားလမ်းပေါ်က တံတားသစ်ရော၊ တံတားဟောင်းရော ဖျက်ဆီးသွားတာဖြစ်တဲ့အတွက် တစ်ဖက် ကျောက်မဲဘက်အခြမ်းမှာရှိတဲ့ စစ်ရှောင် ဒေသခံပြည်သူတွေက ဒီဘက်ကို ပြန်လာဖို့အတွက် အခက်အခဲဖြစ်နေတယ်။ အင်အား သုံးပုံပုံတစ်ပုံလောက်ကလည်း နောင်ပိန်တို့၊ ကျောက်မဲတို့ဘက်ကို ရောက်နေတဲ့အဖွဲ့တွေ များပါတယ်။
TREND ။ ။ နောင်ချိုကနေ စစ်ရှောင်သွားတဲ့သူတွေကိုရော ဗိုလ်မှူးကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ နောင်ချိုကနေ စစ်ရှောင်သွားတဲ့သူတွေကို ကျွန်တော်တို့ဒီမှာ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက်ကို တပ်မတော်စစ်ကြောင်းတွေအားလုံးက အပြည့်အ၀ တာဝန်ယူရုံတင်မကဘူး ဒီနောင်ချိုမြို့ရဲ့ ပြင်ပနေရာတွေအထိကို ဆက်လက်ပြီးတော့ အကြမ်းဖက်သောင်းကျန်းသူရှိတဲ့ နေရာတွေကို ထိုးဖောက်ပြီးတော့ သိမ်းပိုက်နေတာဖြစ်တဲ့အတွက် တစ်အချက်က နောင်ချိုမြို့ကြီးရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရာနှုန်းပြည့် အာမခံနိုင်ပါပြီ။ အဲဒါကြောင့် တချို့ သတင်းမှားတွေ၊ ကောလာဟလတွေ နားမယောင်ဘဲနဲ့ မိမိတို့နေရာဒေသကို အမြန်ဆုံး အေးချမ်းပျော်ရွှင်စွာနဲ့ ပူပင်သောကကင်းကင်းနဲ့ ပြန်လာနိုင်ပြီလို့ ပြောချင်ပါတယ်။ နောက်ပြီး ဌာန ၃၈ ဖွဲ့လုံး ရောက်ရှိပြီး ဒေသခံ ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စအ၀၀ ဆောင်ရွက်နိုင်အောင် စုပေါင်းယာယီရုံး ဖွင့်လှစ်ပြီး အကုန်လုံး စီမံဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားကိစ္စအ၀၀ကို အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်လို့ရအောင်အထိ နောင်ချိုမြို့ကြီး တည်ငြိမ်အေးချမ်းနေပါပြီ။ လိုအပ်တဲ့ အခက်အခဲတွေအကုန်လုံး အကြီးအကဲတွေက စားဝတ်နေရေးဖြစ်တဲ့ အဓိကစားသောက်ရေးအတွက် သုံးလစာအထိကို တပ်မတော်က အရန်ရိက္ခာ စုပုံထားပြီးသား ဖြစ်ပါတယ်။ခုလည်း စရောက်တဲ့ မိသားစုတွေကို ဆန်၊ ဆီ၊ ပဲ၊ ငါးပိ စတဲ့ ပစ္စည်း ၁၇ မျိုးပါတဲ့ပုံးတွေ အကုန်လုံး စစ်ဘေးရှောင်ပြီး ပြန်ရောက်လာတာနဲ့ အားလုံး ပုံမှန်စာသောက် နိုင်အောင် စီမံပေးထားပြီး ဖြစ်ပါတယ်။
TREND ။ ။ နောင်ချိုကို ပြန်ရတဲ့အတွက် ပြည်သူလူထုရော၊ တပ်မတော်ကို ထောက်ခံသူတွေပါ အရမ်းဝမ်းသာသွားကြပါတယ်။ ဒီအတွက် ပြည်သူလူထုကို ဘာများပြောချင်ပါသလဲ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ကျွန်တော်တို့ တောင်ခမ်းကနေပြီးတော့ နောင်ချိုကိုရတဲ့အထိ တိုက်လာတဲ့အချိန်မှာ ပြည်သူလူထုက တစ်နှစ်တာကာလမှာ အဘက်ဘက်က နိမ့်ကျပြီး ဒုက္ခတွေ ခံစားနေရတာကြောင့် ကျွန်တော်တို့ကို အမြန်ဆုံး ရောက်စေချင်တယ်။ ရောက်စေချင်တဲ့အတွက် အကြမ်းဖက် အဖျက်သမားတွေရဲ့ သတင်းမျိုးစုံကို အချိန်ပြည့် ကျွန်တော်တို့ဆီကိုပေးတယ်။ တောင်ခမ်းကနေ နောင်ချိုကိုတိုက်တဲ့ တိုက်ပွဲသည် ကျွန်တော်တို့ တပ်မတော်တစ်ခုတည်းတိုက်တဲ့ တိုက်ပွဲမဟုတ်ဘူး။ ပြည်သူ လူထုရဲ့ အားပေးထောက်ခံမှု အပြည့်အဝပါတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုရှိလို့ ဒီကို အမြန်ဆုံးရောက်တာပဲ ဖြစ်ပါတယ်။ နောင်ချိုမြို့ထဲက အကြမ်းဖက် သောင်းကျန်းသူတွေ ဒီနေ့ ဒီအိမ်ကို ရောက်ပြီဆိုတာနဲ့ ချက်ချင်း အဲဒီသောင်းကျန်းသူ ရှိတဲ့နေရာကို ကျွန်တော်တို့ တပ်မတော်က နေပြီးတော့ ပစ်ခတ်တိုက်ခိုက်တာကြောင့် တချို့အကြမ်းဖက်ထဲက အကြီးပိုင်းတွေဆိုရင် လူတော သူတောထဲ မပြဝံ့ဘဲ တစ်ညတစ်ညကို ငါးအိမ်လောက် ပြောင်းနေရတဲ့အထိ ရှိပါတယ်။ ဟိုအရင်က နောင်ချိုမြို့လယ်ကောင် လမ်းလုံးပြည့်လျှောက်တဲ့သူတွေ နောက်ပိုင်းကြတော့ ယူနီဖောင်းကို မဝတ်ရဲဘဲ ခိုးအိပ်ရတဲ့ ဘ၀ မျိုးတွေ ရောက်ခဲ့ကြတယ်။ ဒါဟာ ပြည်သူလူထုက တစ်ချိန်လုံး သတင်းပေးနေတာပါ။ ဒါဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု ပါပါတယ်။ ဝင်လာတဲ့အချိန်မှာ ပြည်သူလူထုက ဝမ်းပန်းတသာနဲ့ ကြိုဆိုကြပါတယ်။ ကျွန်တော်တို့ နောင်ချိုမြို့ရောက်တာနဲ့ ကျွန်တော်တို့ စိစစ်ဖမ်းဆီး စရာမလိုဘဲ သူတို့ သံသယရှိတာနဲ့ သူတို့ကိုယ်တိုင် ဖမ်းပြီးတော့ ကျွန်တော်တို့ဆီကို လာအပ်တယ်။ နောင်ချို မြို့ခံလူထုက တစ်ကြိမ် အကြမ်းဖက် သောင်းကျန်းသူ တွေရဲ့ဒဏ်ကို ခံစားပြီးပြီ နောက်တစ်ကြိမ်သူတို့ ဘယ်တော့မှ ခံမှာမဟုတ်တော့ဘူး။ နောင်ချို မြို့သိမ်းတိုက်ပွဲကတော့ တပ်မတော်ရယ်၊ ပြည်သူလူထုရယ် ပူးပေါင်းပြီးတော့မှ ဒီအောင်ပွဲကိုရခဲ့တာ ဖြစ်ပါတယ်။
TREND ။ ။ ရုပ်သံသတင်းတွေမှာ ဗိုလ်မှူးကြီးက ပြည်သူလူထုကို နားလည်အောင်ရှင်းပြတဲ့ ရုပ်သံတွေကို တွေ့ရပါတယ်။ ဒါဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလဲ သိပါရစေ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ဒီဟာ ကျွန်တော်တို့ လုပ်တာက ကျွန်တော်တို့ စိတ်ခံစားချက်တွေနဲ့ပဲ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ စိတ်ထဲ၊ နှလုံးသားထဲမှာ ရှိတဲ့အတိုင်းပဲလုပ်ခဲ့တာပါ။ အဲဒါတွေက တစ်ရက်တည်း၊ တစ်ကြိမ်တည်း လုပ်တာမဟုတ်ပါဘူး။ ခုဆိုရင် ကျွန်တော်တို့ ဒီမြို့ကို စဝင်လာတယ်။ စဝင်လာကတည်းက ကျွန်တော့်ကို အထက်အကြီးအကဲတွေ လမ်းမညွှန်ခင်ကတည်းက ဆန်အိတ်ရာနဲ့ချီ ပါလာတယ်။ စားဆီပီပါလိုက် ပါလာတယ်။ ပြီးရင် ဒီဒေသကြီး ပြန်လည်တည်ဆောက် ဖို့အတွက် ဒီဇယ်ပီပါလိုက် ပါလာတယ်။ ဓာတ်ဆီပီပါတွေ ပါလာတယ်။ ဒါတွေ ကျွန်တော်တို့ စီမံလာတယ်။ပြီးရင် ရောက်တဲ့နေ့မှာလည်း တစ်ရက်ကို တာဝန်ထမ်း ဆောင်နေတဲ့ တပ်မတော်သားတွေ ရှိတယ်။ ပြီးရင်စစ် ဘေးရှောင်နေတဲ့ မိသားစုတွေ ရှိတယ်။ အကြမ်းဖျင်း တစ်ရက်ကို ဒံပေါက် ၅၀၀၀ ဝန်းကျင် တစ်ရက်တည်းချက် တာမဟုတ်ဘူး နေ့တိုင်းပဲ။ ယနေ့ချိန်ထိလည်း ထမင်းတွေချက်ပြီး ဖော့ဘူးနဲ့ထည့်ပြီး မည်သူမဆို အချိန်မရွေး ဝင်စားနိုင်အောင်အထိ စီမံပေးထားပါတယ်။ တစ်ရက်တည်းလုပ်တာ မဟုတ်ပါဘူး။ ကျောင်း ဖွင့်လှစ်တဲ့အချိန်မှာလည်း သင်ကြားမှုစနစ်တွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
TREND ။ ။ ဗိုလ်မှူးကြီးရဲ့ နေ့စဉ်လှုပ်ရှားမှု ရုပ်သံဖိုင်တွေကြောင့် ပြည်သူတွေက အားပေးထောက်ခံလာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထောက်ခံအားပေးတဲ့ သူတွေကို ဘာများပြောချင်ပါသလဲ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကို ထောက်ခံတဲ့ ပြည်သူလူထုရော၊ မထောက်ခံတဲ့ ပြည်သူလူထုရော အများကြီး ကျေးဇူးတင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့က သူရဲကောင်း လုပ်တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ကို ကျေးဇူးတင်စရာလည်းမလိုဘူး။ ကျွန်တော်တို့ တပ်မတော်သားဆိုတာ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် နိုင်ငံတော်က တာဝန်ပေးထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့က တာဝန်အပေါ်မှာ စေတနာထားပြီး လုပ်တာပဲရှိပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲခင်ဗျ။
TREND ။ ။ ခုလက်ရှိ မြို့တွင်း ပြန်လည်ဝင်ရောက်လာကြတဲ့ ပြည်သူတွေရဲ့ ရင်တွင်းစကားသံတွေကို ဗိုလ်မှူးကြီးတို့ ဘယ်လို ပြန်ကြားရပါသလဲ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ စစ်ရှောင်ဘဝဆိုတာ တကယ်တမ်းတော့ မလွယ်ဘူး။ ကျွန်တော်တို့တောင် စခန်းတစ်နေရာကနေ တစ်နေရာ ရွှေ့ရင်တောင်မလွယ်ဘူး။ အဲဒီတော့ သူတို့က တစ်နယ်တစ်ကျေးကို ရှောင်ရတာ။ စစ်ရှောင်တယ်ဆိုတာ စကားလုံးလေးသာ သုံးလို့ ကြားကောင်းတာ တကယ်တမ်းတော့ စစ်ရှောင်ဆိုတာနောက်မှာ ဘေးဒုက္ခတွေက အများကြီးပဲ။ ရှောင်ဖို့အတွက် ရိက္ခာငွေကြေး အများကြီး လိုအပ်တယ်။ သူတို့ကို လက်ခံမယ့်သူ လိုတယ်။ စစ်ရှောင်တယ်ဆိုတာ သူတို့ကလည်းဒုက္ခနဲ့ အရှောင်ခံရတဲ့ဒေသကလည်း ဒုက္ခနဲ့ဆိုတော့ ဘယ်သူမှ ပျော်ရွှင်နေတာမျိုး မရှိဘူး။ သူတို့ကို သွားတွေ့တဲ့အချိန်မှာ သူတို့ အတိုင်းမသိဝမ်းသာပြီး သူတို့ လွတ်မြောက်ပြီဆိုပြီး လက်ခ မောင်းခတ် ပျော်ရွှင် နေရတာတွေ တွေ့ရပါတယ်။
TREND ။ ။ ဗိုလ်မှူးကြီးအနေနဲ့ နောင်ချိုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ ဦးခင်ဗျ။
ဗိုလ်မှူးကြီးမြင့်ဟိဏ်း ။ ။ ပြောချင်တာကတော့ နောင်ချိုမြို့ကြီးဟာ တကယ်တမ်းကျတော့ အင်မတန်မှ သာယာပြီးတော့ စီးပွားရေးအရရော နယ်မြေဒေသ အခြေအနေအရ အဘက်ဘက်က ပြီးပြည့်စုံတဲ့ မြို့လေးပါ။ တောင်ခမ်းကနေ နောင်ချိုကိုလာရင် စိုက်ခင်းတွေ အများကြီး တွေ့ရတယ်။ ကြံခင်းတွေ၊ ပြောင်းခင်းတွေနဲ့ နိုင်ငံတကာအထိ တင်ပို့လို့ရတဲ့ သီးနှံစိုက်တဲ့ ခြံတွေအများကြီးပဲ ရေခံမြေခံ ကောင်းတဲ့နေရာ ဖြစ်တယ်။ အကြမ်းဖက် သောင်းကျန်းသူတွေဟာ သူတို့နေရာမှာ မပြည့်စုံတာကြောင့် ပြည်စုံတဲ့နေရာမှာ ခြေကုပ်ယူပြီးတော့ သူတို့ရဲ့ ကိုယ် ကျိုးစီးပွားအတွက် နယ်ချဲ့ပြီးဆောင် ရွက်တာဖြစ်ပါတယ်။ ဒီနယ်မြေဒီဒေသတွေကို မက်မောတဲ့အတွက် ခုလို ဒေသခံပြည်သူတွေ ဒုက္ခတွေ ရောက်ပြီး လူမှုဘဝတွေ မလည်ပတ်နိုင်အောင် ဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်။ ဒါကြောင့် နောင်ချိုလို အဖြစ်မျိုး မဖြစ်အောင် ကျန်တဲ့မြို့ရွာတွေလည်း သင်ခန်းစာယူပြီး ဆောင်ရွက်စေလိုပါတယ်။ နောင်ချိုဆိုရင် ထိခိုက်မှုအနည်းဆုံးနဲ့ ကျွန်တော်တို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်းမှာ မြို့ရဲ့ ရာခိုင်နှုန်း ၇၀ လောက်ပုံမှန် ပြန်လည်ပတ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အခြားမြို့တွေလည်း ဒီမြို့ကို ဥပမာယူပြီး အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျလာတာ ဖြစ်တဲ့အတွက် ကိုယ့်အရပ်ဒေသမှာ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းတွေကို လက်မခံဘဲ အမြန်ဆုံး တည်ငြိမ်အေးချမ်းအောင် တပ်မတော်နဲ့အတူ ပူးပေါင်း တည်ဆောက်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
TREND ။ ။ ခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )