၂၀၂၄ ဒီဇင်ဘာ ၁၄
ပြည်တွင်း MSME လုပ်ငန်းများအနေဖြင့် လက်ရှိအချိန်တွင် ပြည်ပကုန်ကြမ်းကို မှီခိုနေရသည့် လုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအခက်အခဲ၊ နည်းပညာအခက်အခဲ၊ ထုပ်ပိုးမှုအခက်အခဲများဖြင့် ရင်ဆိုင်နေရသော်လည်း ပြည်တွင်းကုန်ကြမ်းကိုသာ အဓိကထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများအနေဖြင့် အောင်မြင်စွာ ရပ်တည်နေလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်း ကုန်ကြမ်းများနှင့် ဈေးကွက်ထပ်မံတိုးချဲ့ရန် ပြင်ဆင်နေသည့် "ဘုရင်မ" စားသောက်ကုန်လုပ်ငန်း တည်ထောင်သူ ဒေါ်ခင်စိုးမိုးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
TREND ။ ။ ' ဘုရင်မ' စားသောက်ကုန် လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုထုတ်ကုန်တွေကို အဓိက ထုတ်လုပ်ပါသလဲ။
DKSM ။ ။ အစ်မက ဂေါ်ရန်ဂျီကျွန်းဒေသ စားသောက်ကုန်နဲ့ ဟင်းချဉ်အနှစ်မှုန့်တို့ကို အဓိကထုတ် လုပ်ပါတယ်။ ထုတ်ကုန်တွေ အကုန်လုံးက ဂေါ်ရန်ဂျီကျွန်းမှာရှိတဲ့ ထွက်ကုန်တွေကနေပြီးတော့ ကုန်ကြမ်းတွေကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ အစ်မတို့ ငါးပိချက်နဲ့ ငါးပိထောင်းဆိုရင် ဂေါ်ရန်ဂျီကျွန်းဒေသထွက် ကုန်ကြမ်းတွေကို သုံးထားတယ်။ မုန့်ဟင်းခါးအနှစ်မှာဆိုလည်း ငါးနီတူငါးကို အသုံးပြုထားတယ်။ နောက်ဟင်းချက်အနှစ်မှာလည်း ငရုတ်ပွကို အဓိက သုံးထားတယ်။ အစ်မက စားသောက်ကုန်တွေမှာ ဟင်းချိုမှုန့်ကို မသုံးထားဘူး။ အဲဒီအတွက်ကြောင့်မို့လို့ မန္တလေးမှာဆိုရင် တော်တော်များများ စားသုံးကြလို့ ဈေးကွက်ရရှိနေပါပြီ။ ရန်ကုန်ဈေးကွက်မှာတော့ လက်ကားပေးဖို့ စီစဉ်ထားပါတယ်။ ဈေးကွက်ထဲမှာ ဆိုရင်တော့ မန္တလေးမှာ ၁၉ လမ်း၊ ၈၆/၈၇ ကြားက အောင်စုမွန် ပန်းကန်ရောင်းဝယ်ရေးနဲ့ စတိုးဆိုင်တွေမှာရရှိသလို နယ်တွေက မှာယူမယ်ဆိုရင်လည်း အစ်မတို့ ဘုရင်မ အွန်လိုင်းစာမျက်နှာကနေလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်တာက အစ်မရဲ့ အိပ်မက်လည်းဖြစ်၊ စားသုံးသူတွေကို အစားအသောက်ကောင်းတွေ စားသုံးစေချင်တာကြောင့် ဘုရင်မ စားသောက်ကုန်လုပ်ငန်းကို လုပ်ကိုင်ဖြစ်တာ ဖြစ်ပါတယ်။
TREND ။ ။ ပြည်ပကနေပြီးတော့ မှာယူမယ်ဆိုရင်ရော မှာယူလို့ရလား။ ဘယ်လိုတွေ ပြင်ဆင်မှုအပိုင်းတွေ ဆောင်ရွက်နေလဲ။
DKSM ။ ။ ဘုရင်မစားသောက်ကုန်က ပြည်ပကနေ မှာယူမယ်ဆိုလည်း မှာယူလို့ရတယ်။ အဲဒီလို ပြည်ပပို့ဖို့အတွက် အစ်မတို့က ထုပ်ပိုးမှုတွေကို အဆင့်မြှင့်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဘုရင်မစားသောက်ကုန်က ထုတ်တဲ့ ကုန်ပစ္စည်းတွေက ထုပ်ပိုးမှုပိုင်း အရမ်းကောင်းပါတယ်။ ဆီလုံတယ်။ ရေလုံတယ်။ အဝတ်အစား သေတ္တာထဲကို ထည့်သွားရင်တောင်မှ ဆီမပေ၊ ရေမစိုဘူး။ အဲဒီလို ထုပ်ပိုးမှုပိုင်းကို အာမခံပါတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားအထိ ဈေးကွက်ရရှိအောင် ဆောင်ရွက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ Quality ပိုင်းမှာ ပြည်တွင်းက ထွက်ရှိတဲ့ အကောင်းဆုံး ကုန်ကြမ်းကို သုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် ကုန်ကြမ်းပြတ်လပ်မှာလည်း မပူရပါဘူး။ နောက် စောစောကပြောသလို ဟင်းချိုမှုန့်ကို အသုံးမပြုထားတဲ့အတွက် ဟင်းချိုမှုန့် ရှောင်တဲ့သူတွေအတွက် အဆင်ပြေတယ်။
TREND ။ ။ လုပ်ငန်းအနေနဲ့ တည်ထောင်လာတာ ဘယ်နှခုနှစ်ကတည်းကလဲ။
DKSM ။ ။ ဘုရင်မ စားသောက်ကုန် လုပ်ငန်းကိုတည်ထောင်တာ လေးနှစ်ရှိပြီ။ ၂၀၂၀ ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ စတင်ပြီးတော့ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲကတော့ ထုပ်ပိုးမှု အပိုင်းပဲ။ သယ်ယူပို့ဆောင်တဲ့အခါမှာ ထုပ်ပိုးမှုတွေက ဆီစိမ့်တာတွေ၊ ပစ္စည်းဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ ဒါတွေကို အဆင့်ဆင့် ပြင်ဆင်ရတာပေါ့။ အသစ်အဆန်းတွေ လေ့လာပြီးတော့ မြှင့်တင်ရတယ်။ သယ်ယူပို့ဆောင်တဲ့အခါမှာ ဆီမစိမ့်အောင်၊ မပေါက်မပြဲအောင်၊ ပစ္စည်းဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရတယ်။ နောက် ကိုယ့်ပစ္စည်းက စားသောက်ကုန်ဖြစ်တဲ့အတွက် အရည်အသွေးပိုင်းကို ခဏခဏ ပြန်စစ်ရတယ်။ ပြောရရင် စားသုံးသူတွေကို စိတ်ချရတဲ့ ကုန်ပစ္စည်းတစ်ခုအထိ ရောက်အောင် အဆင့်ဆင့်ကို ကြိုးစားပြီးတော့ အခုလို ထုတ်ကုန်ဖြစ်အောင် ကြိုးစားခဲ့ရပါတယ်။ ဘုရင်မ စားသောက်ကုန်ဆိုရင် ဈေးနှုန်းကို သက်သက်သာသာနဲ့ ရောင်းချပေးပါတယ်။

TREND ။ ။ ကိုယ်တိုင်ရော ပြပွဲတွေမှာ ပါဝင်ပြသတာတွေ၊ ဈေးကွက်ရှာဖွေတာတွေ ရှိလား။
DKSM ။ ။ MSME လုပ်ငန်းအနေနဲ့က အစ်မတို့က ပြပွဲတွေမှာ ဝင်ပြတာ မရှိသေးဘူး။ အခုမှ ပါဝင်ပြသဖို့အတွက် ပြင်ဆင်နေတုန်းပါ။ ချိတ်ဆက်နေတုန်းပါ။ ပြည်တွင်း MSME လုပ်ငန်းအနေနဲ့ ဈေးကွက် ချဲ့ထွင်ဖို့အတွက် ပြပွဲတွေမှာ ပါဝင်ပြသပြီး ဈေးကွက်ချဲ့ထွင်ဖို့ လိုအပ်တယ်လေ။
TREND ။ ။ လက်ရှိအချိန်မှာ အခက်အခဲကရော ဘာတွေရှိလဲ။
DKSM ။ ။ လက်ရှိအချိန်မှာ အခက်အခဲကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းစလုပ်တော့မယ် ဆိုကတည်းက ကုန်ကြမ်းတွေ မပြတ်လပ်အောင်၊ နောက်တစ်ခါ ထုပ်ပိုးမှု အပိုင်းတွေမှာလည်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ထုတ်လုပ်မှု၊ ပါကင်ထုတ်တဲ့ စက်ရုံကနေထွက် ပစ္စည်းကိုအသုံးပြုဖို့ လုပ်ငန်းစလုပ်ကတည်းက စနစ်တကျ လုပ်တာဆိုတော့ အခက်အခဲကတော့ မရှိဘူးပေါ့။ ပြည်ပကနေသွင်းတဲ့ ကုန်ကြမ်းတွေဆို ရင်တော့ အခုချိန်မှာ တင်သွင်းမှုတွေက အခက်အခဲ ရှိနိုင်တာပေါ့နော်။ အစ်မကစပြီး စဉ်းစားကတည်းက ကိုယ့်နိုင်ငံထဲကထွက်တဲ့ လယ်ယာထွက်ကုန်တွေ၊ ရေထွက်ကုန်တွေ စားသုံးသူတွေကို အလွယ်တကူ စားသုံးနိုင်အောင် စဉ်းစားပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အခက်အခဲ မရှိပါဘူး။
TREND ။ ။ ကိုယ်တိုင်ကလည်း MSME လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဒီကာလမှာ အောင်မြင်စွာ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်တယ်။ သို့သော်လည်း တချို့ MSME လုပ်ငန်းတွေက မအောင်မြင်လို့ ရပ်တန့်သွားတာတွေ ရှိတယ်။ အဲ့ဒီအတွက်ကြောင့် ကိုယ်တိုင် ကြိုးစားမှုနဲ့ပတ်သက်ပြီး မျှဝေပြောကြားပေးပါဦး။
DKSM ။ ။ ကိုယ်တိုင်ကြိုးစားပြီး အခုလို အောင်မြင်တာက အဓိက,က နိုင်ငံခြားကနေသွင်းတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်တာတွေကို နမူနာ ယူတယ်။ အခုဆို ဘယ်ကနေ မသွင်းရဘူး၊ လမ်းတွေပိတ်တယ်ဆိုတာမျိုးတွေ ကြားနေရတယ်။ အဲဒီလိုဆိုရင် ထုတ်လုပ်မှုလုပ်ငန်းကြီးက ရပ်ဆိုင်းသွားမှာလေ။ ကိုယ်ထုတ်ကုန်တစ်ခု ထုတ်မယ်ဆိုရင် အရေးကြီးဆုံးက ကိုယ့်ပစ္စည်းကို ဘယ်လိုထုတ်နိုင်မလဲ၊ ကုန်ကြမ်းဘယ် လိုမျိုးရရှိနိုင်မလဲ အရင်ဆုံး စဉ်းစားတယ်။ အဲဒီလိုလုပ်တော့ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာ အမှားနည်းတာပေါ့နော်။ အဘက်ဘက်ကနေပြီး ဖြစ်နိုင်တာတွေကို စဉ်းစားပြီးတော့ လုပ်မယ်ဆိုရင် အဆင်ပြေတယ်။
TREND ။ ။ ဈေးကွက်အခြေအနေအရ ပြည်တွင်းထုတ်တွေကို သုံးစွဲမှု အားနည်းတယ်။ အခုကြတော့ သုံးစွဲမှု ပိုများလာတာ၊ ဘာကြောင့်လို့ ထင်ပါသလဲ။
DKSM ။ ။ ဟုတ်တယ်။ အရင်တုန်းက သုံးစွဲမှု အားနည်းတယ်။ အခုအချိန်မှာက ထုပ်ပိုးမှုပိုင်းတွေကအစ နည်းပညာတွေက မြင့်လာပြီ။ စက်မှုလုပ်ငန်းကို ပြောင်းလဲလာကြတာ ဖြစ်တယ်။ အဲဒီလိုဆိုတော့ သန့်ရှင်းမှုအပိုင်းမှာလည်း ပိုပြီးတော့ အဓိကစားသောက်ကုန် ထုတ်လုပ်တာ သန့်ရှင်းမှုက အဓိကပဲလေ။ အဲဒီလိုဆိုတော့ ပြည်တွင်းထုတ်ကုန်လေးတွေကလည်း ဈေးကွက်ထဲမှာ နေရာတစ်ခု ရလာတာပေါ့။ နောက်လူတွေရဲ့ အသိပညာတွေလည်း အဆင့်မြင့်လာတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေပေါ့။ အရင်တုန်းကဆိုရင် သုံးစွဲသူတွေက ဈေးနှုန်းကိုကြည့်တာ။ အခုကြတော့ ထုတ်လုပ်မှု Quality ပိုင်း၊ ကျန်မာရေးနဲ့ ညီညွတ်မှုအပိုင်းတွေကို ကြည့်လာကြတယ်။ အဲဒီလိုဖြစ်လာတော့ ပြည်တွင်းစားသောက်ကုန်တွေကလည်း ဈေးကွက်မှာ နေရာတစ်ခု ရလာတာပေါ့။

TREND ။ ။ ကိုယ့်ပစ္စည်း ထုတ်တဲ့အခါမှာ ပြန်လည်ပြီးတော့ စားသုံးသူတွေဆီက Comment ဘယ်လိုပြန်ကြားရလဲ။
DKSM ။ ။ ကုန်ကြမ်းတွေမှာထွက်တဲ့ နေရာဒေသမတူတဲ့အတွက် အရသာကောင်းတယ်ဆိုတဲ့ ပြောကြားချက်လေးတွေ ပြန်ကြားရတယ်။ မုန့်ဟင်းခါးအနှစ် ထုတ်ဆိုရင် အစ်မကငါးကို ငါးနီတူငါးကို အသုံးပြုထားတယ်။ အစ်မက လုပ်ငန်းလုပ်လာတာ ကြာပြီလေ။ အဲဒီမှာ အဆင့်ဆင့် စမ်းသပ်တယ်။ မုန့်ဟင်းခါးမှာ ငါးတွေမှာက ပုပ်သိုးမှု ဖြစ်တယ်။ ငါးနီတူငါးကို ဟင်းချိုမှုန့် သဘောမျိုးလုပ်ပြီး သူ့ရဲ့သဘာဝအရသာနဲ့ မုန့်ဟင်းခါးအနှစ်ကို ချက်ထားတာပေါ့နော်။ သုံးကြည့်ပြီးတဲ့ သူတိုင်းက အရမ်းကောင်းတယ်ဆိုပြီး ပြောကြတယ်။ အစ်မက တွင်တွင်ကျယ်ကျယ် ဖြန့်ချိဖို့ပဲ လိုတော့တာ။ အားလုံးက အဆင်သင့် ဖြစ်နေပြီ။
TREND ။ ။ အခု SME ချေးငွေပိုင်းတွေနဲ့ ပတ်သက်ပြီး ချေးယူဆောင်ရွက်တာမျိုးတွေရော ရှိလား။
DKSM ။ ။ အစ်မက အဲဒီလိုမျိုး ချေးငွေယူပြီးတော့ ဆောင်ရွက်တာမျိုးတော့ မရှိဘူး။ ကိုယ်နိုင်တဲ့အင်အားနဲ့ပဲ လုပ်ငန်းဆောင်ရွက်တယ်။ အကောင်းဆုံး စားသုံးသူကို ဘယ်လိုလုပ်ပေးရမလဲဆိုတာကို တွေးတယ်။ စားသုံးသူစိတ်ချရလောက်တဲ့ အခြေအနေအထိ ကြိုးစားတယ်။ ကိုယ့်ထုတ်ကုန်ပစ္စည်းက တစ်လတစ်လကို ခန့်မှန်းခြေ ပုံး ၂၀၀ လောက်ကတော့ ထွက်တယ်။ အခုမှ စပြီးတော့ လုပ်ငန်းထဲကို စဝင်တာဆိုတော့လေ။ နောက် ဈေးကွက်တိုးချဲ့ဖို့က လည်းရှိသေးတယ်။ Orange ၊ Citymart တို့ကိုလည်း ဈေးကွက်ဖြန့်ချိဖို့ သူ့ရဲ့ လိုအပ်တဲ့ အချက်အလတ်တွေကိုလည်း ပြည့်စုံအောင် ကြိုးစားနေပါတယ်။ စားသုံးသူ လိုအပ်ချက်မရှိအောင် အဆင့်ဆင့် လုပ်ဆောင်တယ်။ ဘာလို့လဲဆိုတော့ စားသောက်ကုန်ထုတ်တဲ့အခါမှာ စေတနာနဲ့ ယုံကြည်မှုရှိမှလေ။ သူ့ရဲ့ စားသောက်ကုန်ထုတ်လုပ်ထားတာကြီးက ဘယ်လိုကြီးလဲဆိုတာ အစားအစာ မစားခင်မှာ ယုံကြည်မှုက အရင်လာတာ၊ ယုံမှ စားချင်တာလေနော်။ အစ်မက အခုထုတ်လုပ်တာက ထုတ်ကုန်လေးမျိုး ထုတ်လုပ်တယ်။ ထပ်မံပြီးတော့လည်း တိုးချဲ့ထုတ်လုပ်သွားဖို့ ရှိပါတယ်။
TREND ။ ။ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အလုပ်သမားအခက်အခဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး ကြုံတွေ့နေရလဲ။
DKSM ။ ။ အလုပ်သမားနဲ့ပတ်သက်ပြီးတော့ အစ်မက ဝန်ထမ်းတွေသက်သာပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် ဘယ်လိုမျိုးလုပ်ပေးမလဲ အရင်စဉ်းစားတယ်။ စားသောက်ကုန်မှာ ငရုတ်သီးလှော်မယ်ဆိုရင် အစ်မက စက်နဲ့ လုပ်ဆောင်ပေးလိုက်တယ်။ တကယ်တော့ ဝန်ထမ်းတွေရဲ့ ပြဿနာဆိုတာက လုပ်ငန်းရှင်တိုင်း ကြုံကြရတယ်။ ဒါပေမဲ့လို့ ဘာကို ပြန်ကြည့်ရမလဲဆိုတော့ ဝန်ထမ်းက လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘူး ဆိုရင် ပြဿနာရှိတယ်။ ပျော်ရွှင်တယ်ဆိုရင် ပြဿနာမရှိဘူး။ အဲဒီအတွက်ကြောင့် သူတို့ပျော်ရွှင်အောင် ဘယ်လိုလေးထားပေးမလဲ။ လုပ်ခလစာတွေမှာဆိုရင် အခုခေတ်ရဲ့ ကုန်ဈေးနှုန်းတွေအနေနဲ့ဆိုရင် ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုပြီး ကြည့်ပေးရတယ်။ သူတို့ဘက်ကို ပြန်ကြည့်ရင် ကိုယ့်ဘက်ကို တစ်ခါပြန်ကြည့်တယ်လေ။ အဲဒီတော့ အစ်မမှာ ဝန်ထမ်းမရှိတဲ့၊ မလုံလောက်တဲ့ ပြဿနာမရှိပါဘူး။ သူတို့ကို ကြည့်ပေးမှ ထုတ်ကုန်တွေ တိုးထုတ်နိုင်ပြီး၊ သူတို့ စေတနာထားရင် လုပ်ငန်းပိုမို တိုးတက်တယ်လေ။ အလုပ်ရှင်နဲ့ အလုပ်သမားက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပဲလေနော်။ နှစ်ဦးနှစ်ဖက်လုံး ကောင်းမှ လုပ်ငန်းက အဆင်ပြေတာလေ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )