မြန်မာပြည်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့တွေကလွဲပြီး ကျန်တဲ့အဖွဲ့အစည်းတွေမှန်သမျှ လက်နက်မကိုင်တော့ဘူးဆိုရင် တပ်မတော်က နိုင်ငံရေးမှာ မပါဝင်ဖို့ဆိုတာ ဖြစ်နိုင်မယ် . . . . ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဇွန် ၅

    ၂၀၂၅ ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲ အလားအလာအပါအဝင်  မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရပ်ရပ်တို့နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ လာမယ့် ဒီဇင်ဘာမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ အလားအလာအပေါ် သုံးသပ်ပြပါဦး။
SKKW     ။    ။
လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့ သေချာသလောက်ရှိသွားပြီ၊ ကော်မရှင်က ထုတ်ပြန်ပေးဖို့ပဲ ရှိတော့တာပေါ့။ နိုင်ငံရေးပါတီတွေက မှတ်ပုံတင်ခွင့် ပြုပေးပြီးသားရော၊ တည်ထောင်ခွင့် တင်ထားရောဆိုရင် ၇၀ ကျော် ရှိနေပြီလို့ ထင်ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း ဝင်ရောက် အရွေးခံဖို့ အားလုံးပြင်ဆင်နေကြပြီ။ ကော်မရှင်ကနေ ရွေးကောက်ပွဲရက်ကို ကြေညာမယ်၊ ယှဉ်ပြိုင်မယ့် ပါတီတွေကလည်း အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်‌နေကြတော့ ရွေးကောက်ပွဲကတော့ ဖြစ်သွားမယ်ဆိုတာ သေချာသွားပြီ။ တစ်ဖက်မှာကလည်း  ရွေးကောက်ပွဲကို ထောက်ခံတဲ့သူ ရှိသလို မထောက်ခံတဲ့သူလည်း ရှိနေတယ်၊ အမျိုးမျိုးလည်း ပြောဆို ဝေဖန်ကြတာ‌တွေလည်းရှိတယ်။ ဘာပဲ ဖြစ်ဖြစ်  ရွေးကောက်ပွဲကနေ သွားမယ်၊ ရွေးကောက်ပွဲနည်းလမ်းနဲ့ သွားကြမယ်ဆိုရင် တိုင်းပြည် အနာဂတ်အတွက် အရွေ့ တစ်ခုဖြစ်မယ်၊ အကောင်းဘက်ကို ဦးတည်သွားပြီးတော့ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက်၊ ရေရှည်အတွက် အဆင်ပြေမယ်လို့မြင်တယ်။ တကယ်လို့ ရွေး ကောက်ပွဲကနေ အရပ်သား အစိုးရ ပေါ်ပေါက်လာပြီဆိုရင် အနည်းနဲ့အများကတော့ တွေ့ဆုံညှိနှိုင်းဖို့၊ ဆွေးနွေးဖို့ အများကြီး အလားအလာ ပိုကောင်းလာနိုင်မယ်။ နောက်တစ်ခုက တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ တပ်မ တော်နဲ့ ထိပ်တိုက်တွေ့နေကြတဲ့ အခြေအနေဆိုတော့ မဆွေးနွေးချင်တာလည်း ရှိကောင်း ရှိမယ်။ အရပ်သားအစိုးရ တစ်ရပ်နဲ့ ဖြစ်လာရင်တော့ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ အနည်းနဲ့အများ ပြောဆိုလာ၊ ဆွေး‌နွေးလာတာ‌တွေကို လက်ခံလာကြမယ်လို့တော့ မြင်မိပါတယ်။

TREND ။        ။ ရွေးကောက်ပွဲကလည်း ဖြစ်မြောက်အောင်မြင်သွားပြီ၊ အစိုးရသစ်တစ်ရပ်လည်း ပေါ်ပေါက်လာပြီဆိုရင် လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့တွေရဲ့ သဘောထားတွေ၊ အမြင်တွေ ပြောင်းလဲလာနိုင်လား။
SKKW    ။    ။
ဒါကတော့ ပေါ်ပေါက်လာမယ့် အစိုးရသစ်အပေါ် မူတည်တယ်လို့မြင်တယ်။ တကယ်လို့ တက်လာတဲ့ အစိုးရ၊ တက်လာတဲ့ အဖွဲ့အစည်း၊ တက်လာတဲ့ နိုင်ငံရေးပါတီ၊ ခေါင်းဆောင်‌တွေအပေါ် မူတည်ပြီးတော့ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်‌တွေ သဘောထားကြေညာချက်‌တွေ အဲဒီအပေါ်မှာလည်း မူတည်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ လက်နက်ကိုင်ပြီး ဖြေရှင်းနေကြမယ်ဆိုရင် ဒီအခြေအနေကြီးက ပြီးဆုံးမှာ မဟုတ်တော့ဘူးလေ။ တစ်ဖက်နဲ့တစ်ဖက်လည်း အပြတ်အသတ် နိုင်ကြဖို့ဆိုတာလည်း ခဲယဉ်းပါတယ်။ ဒါကြောင့် ပေါ်ပေါက်လာမယ့် အစိုးရသစ်တစ်ရပ်ရဲ့ သဘောထား ထုတ်ပြန်ချက်‌တွေ၊ နိုင်ငံရဲ့ အလားအလာ၊ ရှေ့အနာဂတ် နဲ့ပတ်သက်ပြီး ပေါ်လစီတွေ၊ လုပ်ဆောင်မယ့်လုပ်ငန်းတွေအပေါ် မူတည်ပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်တွေ၊ ရပ်တည်ချက်‌တွေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ လက်ခံလာကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများကြီး ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ တစ်ဖက်က တချို့လက်နက်ကိုင်တွေက ဘာပြောလဲဆိုရင် တပ်မတော်ကို နိုင်ငံရေးက ထွက်ခွာပေးဖို့ပေါ့။ နိုင်ငံရေးမှာ လုံး၀ပါဝင်ပတ်သက်မှု မရှိဖို့ ပြောကြတာတွေ ရှိတယ်။ ဒါကိုတော့ တပ်မတော်အနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိခိုက်ရင်တော့ တပ်မတော်က  လက်ခံမှာမဟုတ်ဘူး။ ပြီးတော့ လက်ရှိတိုင်း ပြည်မငြိမ်းချမ်းသေးတဲ့ အခြေအနေမျိုးမှာ တိုင်းပြည်အတွက်၊ လုံခြုံရေးအတွက် တပ်မတော်က ဆက်ပြီးတာ ဝန်ယူနေရဦး မှာပါ။ လက်ရှိအနေအထား၊ လက်ရှိမြန်မာပြည်ရဲ့ အခင်းအကျင်း အနေအထားမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ မပါဝင်ဘူးဆိုရင် တိုင်းပြည်က အန္တရာယ်ရှိလာနိုင်တယ်။ အဲဒီလိုမျိုးလည်း တပ်မတော်ဘက်က ခံယူထားတဲ့ သဘောမှာရှိတယ်။ အဲဒီလို ခံယူထားတော့ တခြားသော လက်နက်ကိုင်အ ဖွဲ့အစည်း‌တွေ ရှိနေသေးသရွေ့ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေရဦး မယ်လို့ မြင်တယ်။ တကယ်လို့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်း‌တွေ မရှိတော့ဘူး၊ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်း ရှိလာတဲ့အချိန်ဆိုရင် တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိမှာမဟုတ်ဘူး လို့မြင်တယ်။ လက်ရှိအနေအထားကတော့ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ရှိနေရဦး မှာပါ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှု တစ်ခုခုရသွားမယ်။ နောက်တိုင်းရင်းသားနယ်မြေနဲ့ ပတ်သက်တဲ့ကိစ္စ၊ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး သဘောတူညီမှု၊ အာဏာခွဲဝေမှုနဲ့ ပတ် သက်ပြီး အဆင်ပြေသွားပြီဆိုရင် တပ်မတော်က နိုင်ငံရေးကနေ တဖြည်းဖြည်း ဆုတ်သွားမယ်လို့ မြင်တယ်။ လက်ရှိအနေအထားကတော့ တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ရှိနေဖို့ လိုအပ်ပါတယ်။ တပ်မတော်မရှိရင် တိုင်းပြည်တစ်ခုလုံးကို ဘယ်သူထိန်းကျောင်းမလဲ။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ နယ်‌မြေတွေကိုလည်း သူ့ဒေသ၊ ကိုယ့်‌ဒေသ သူ့ဘာသာသူ ထိန်းကျောင်းလို့ ရကောင်းရမယ်။ ဒါပေမဲ့ တိုင်းပြည် တစ်ခုလုံးနဲ့ခြုံပြီး နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့၊ နိုင်ငံကာကွယ်ရေး၊ လုံခြုံရေးတွေလုပ်ဖို့က ဘယ်သူလုပ်မလဲ။ ဘယ်အဖွဲ့အစည်းက ဦးဆောင်နိုင်မလဲ၊ လုပ်နိုင်မလဲ။ လုပ်နိုင်တဲ့ အဖွဲ့အစည်းမရှိဘူး။ ဆိုတော့ အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မချင်းကတော့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ရှိနေမှရမယ်။ တပ်မတော်မရှိရင် ဘယ်သူလုပ်မလဲ။ ဒါကြောင့် နိုင်ငံရေးကနေ ဆုတ်ပေးဖို့ကိစ္စက မဖြစ်နိုင်ဘူး။ တပ်မတော်အနေနဲ့က သဘောတူထားတဲ့ ကတိကဝတ်‌တွေ အများ ကြီးရှိတယ်။ ဥပမာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ခြေ/ဥ ပြင်ဆင်ရေးကိစ္စတွေ၊ ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စ၊ သဘောတူထားတဲ့ ကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဖြေလျှော့ပေးတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ အစိုးရသစ်တစ်ရပ်ကည်း အဲဒီအပေါ်မှာပဲ အခြေခံပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ သူတို့ လိုက်လျောပေးနိုင်တာ‌တွေ၊ လက်ခံနိုင်တဲ့အရာ တွေ အပေးအယူ လုပ်မယ်၊ ထုတ်ပြန် ကြေညာမယ်ဆိုရင် အလားအလာ ပိုကောင်းလာနိုင်ပါတယ်။

TREND ။        ။ အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေပြောပြောနေတဲ့ တပ်မတော်ဟာ နိုင်ငံရေးမှာ မပါဝင်ရဘူး ဆိုတဲ့ ကိစ္စအပေါ် ဘယ်လို နားလည်လဲ။ 
SKKW    ။    ။
တချို့ပြောနေတာက တပ်မတော်ဆိုတာ အဓိက တိုင်းပြည်ကို ကာကွယ်ဖို့ပေါ့။ အုပ်ချုပ်ရေးယန္တရားမှာ မပါဝင်ဖို့၊ တိုင်းပြည်ရဲ့အာဏာကို အရပ်သားအစိုးရကနေ အားလုံးချုပ်ကိုင်ဖို့ပေါ့။ ဥပမာ စစ်သေနာပတိချုပ်ဆိုရင် နိုင်ငံတော်သမ္မတကပဲ ချုပ်ကိုင်ဖို့၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆိုရင်လည်း သမ္မတရဲ့ ညွှန်ကြားမှု အားလုံးအောက်မှာပဲရှိဖို့ အဲဒီလို လိုလားကြတဲ့ သဘော လို့ မြင်တယ်။ ဒါပေမဲ့ သူတို့ဘက်က အဲဒီလို ပြောနေကြတယ် ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ တပ်မတော်ဘက်ကတော့ ဘယ်လက်ခံမလဲ။ တကယ်လို့ အဲဒီလို လုပ်လိုက်မယ် ဆိုရင် စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ  ဘာမှနားမလည်တဲ့ သာမန်အရပ်သား‌တွေက ကိုင်တွယ်ခဲ့မယ်ဆို ရင် အခက်အခဲတွေ အများကြီး ရှိလာမှာပါ။ ပြီးတော့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်‌တွေ အနေနဲ့လည်း ဒီလို သာမန်အရပ်သားတစ်ယောက်က သူတို့ကိုလာပြီး ဦးဆောင်ဦး ရွက်ပြုတာမျိုးကို လက်ခံနိုင်ဖို့ ခဲယဉ်းမယ်လို့ မြင်ပါတယ်။

TREND ။        ။ တပ်မတော်ကိုတော့  နိုင်ငံရေးမှာ မပါဝင်စေချင်ဘူးဆိုရင် သူတို့ကရော လက်နက် ကိုင် လမ်းစဉ်ကို စွန့်ကြမှာလား၊ ဘယ်လို ဖြစ်သင့်လဲ၊ အမြင်လေး ပြောပြပါဦး။
SKKW    ။    ။
တပ်မတော်က နိုင်ငံရေးမှာ လုံး၀ မပါဝင်‌တော့ဘူးဆိုတဲ့ အချိန်ဟာ တခြားသော လက်နက်ကိုင်အဖွဲ့‌တွေ မရှိတော့ဘဲ မြန်မာနိုင်ငံမှာ တစ်ခုတည်းသော တပ်မတော်ရှိတဲ့ အချိန်ပါ။ မြန်မာပြည်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်၊ ပြည်သူ့ရဲတပ် ဖွဲ့တွေကလွဲပြီး ကျန်တဲ့အဖွဲ့ အစည်း တွေမှန်သမျှ လက်နက်မကိုင်တော့ဘူး။ လက်နက်ကိုင်သူ မရှိတော့ဘူးဆိုရင် တပ်မတော်က နိုင်ငံရေးမှာ မပါဝင်ဖို့ဆိုတာ ဖြစ်နိုင်မယ်။ အဲဒီလို မဟုတ်ဘဲ တခြားတိုင်းရင်းသားတွေ အားလုံးက လက်နက်‌တွေကိုယ်စီ သူလည်းကိုင်ကိုယ်လည်း ကိုင်ဆိုတဲ့ အနေအထားမျိုးကို တပ်မတော် လက်ခံမှာ မဟုတ်ဘူးလို့ မြင်တယ်။ အမှန်ကတော့ ဖြစ်နိုင်ခြေရှိ တာမျိုးပေါ့။ အကောင်းဆုံး လမ်းကြောင်းကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ လိုလားတဲ့အရာတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အရာ‌တွေအားလုံး ညှိနှိုင်းဆောင်ရွက်တဲ့ နည်းလမ်း၊ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ သွားဖို့ပါ။ ဒီလမ်းကြောင်းကနေ ညှိနှိုင်းပြီး အားလုံးသဘောတူညီမှု ရရှိမယ်ဆိုရင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေကလည်း လက်နက်ကို စွန့်လွှတ်ရမယ်။
    ဒါမှမဟုတ် ကိုယ့်ဒေသထဲမှာ ကိုယ်ကိုင်ကြမယ်၊ တစ်ခုတည်းသော တပ်မတော်ရဲ့ စီမံကွပ်ကဲမှု အောက်မှာ ရှိနေမယ် ဆိုတာမျိုးပဲ ဖြစ်သင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့‌တွေ စစ်ရေးကိစ္စမှာ သူတို့ဘာသာ သူတို့ပဲ  စီမံမယ်ဆိုတာမျိုးဆိုရင် ဒါတော့ မဖြစ်နိုင်ဘူး။

TREND ။        ။ လက်နက်ကိုင်အဖွဲ့တွေ များလာပြီးတော့ လက်နက်ကိုင်တိုက်ခိုက်မှု‌တွေ အချိန်ကြာလာခြင်းရဲ့ အပြစ်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်လဲ။
SKKW    ။    ။
အခု တိုင်းပြည်ထဲမှာ တိုက်ပွဲဖြစ်တဲ့ ဧရိယာ‌တွေ ကြည့်လိုက်ပါ။ နံပါတ်တစ် ထိခိုက်ရတာက လူထု‌တွေပါ။ အိုးအိမ်စွန့်ခွာပြီး ပြေး‌ရလွှားရ ဒုက္ခမျိုးစုံ ခံစားနေကြရတယ်။ အဲဒီမှာရှိနေတဲ့  လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လူထုကိုမီပြီး ရပ်တည်နေကြရတာ။ အခွန်ကောက်မယ်၊ ဆက်ကြေးကောက်မယ်၊ အဲဒီလို ရပ်တည်နေကြရတာ‌ပေါ့။ တိုက်ပွဲဖြစ်တဲ့ ဧရိယာတွေမှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးဆက်ဆံတဲ့အခါမှာ အခက်အခဲရှိနေတယ်။ သွားလာရ ကုန်သွယ်မှုတွေက အကုန်လုံး လမ်းကြောင်းတွေ ပိတ်နေတယ်။ ဒီဘက်ကနေ ဓာတ်ဆီပို့မယ်ဆိုရင်လည်း အခွန် ကောက်တာ ဈေးကြီးနေတော့ မပို့ကြတော့ဘူး။ ဆိုတော့ အားလုံးက ဒုက္ခရောက်ကုန်တယ်။ စိုက်ပျိုး ရေး လုပ်နေသူလည်း စိုက်ပျိုးရေးလုပ်မရ၊ အရောင်းအဝယ်လုပ်သူလည်း လုပ်လို့မရပေါ့။ လုပ်ငန်းတွေ လုပ်လို့ရတယ်ဆိုရင်လည်း ကုန်စည်သယ်ဆောင်ရေးကို စရိတ်များများ၊ ဈေးကြီးကြီးပေးပြီး လုပ်နေကြရတယ်ဆိုတော့ အဆင်မပြေနိုင်ကြဘူးပေါ့။ နောက်တစ်ခုက လက်နက်ကိုင်ပြီဆိုရင် လက်နက်ကိုင် ထားတဲ့သူတွေက သူတို့ကိုယ် သူတို့ ဘုရင်ပဲလေ။ သူတို့ ပြောတဲ့ အတိုင်း နားထောင်ရတယ်။ ပြီးတော့ လက်နက်ကိုင်ပြီး သူတစ်လူငါတစ်မင်းနဲ့ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုမရှိ၊ ခြိမ်းခြောက်မှုတွေ၊ မလုံခြုံမှုတွေနဲ့ ဒီအတိုင်းပဲ သွားနေမယ် ဆိုရင်တော့ ကြာလေဆိုးလေ လူထုဒုက္ခရောက်လေ ဖြစ်သွား မှာပါ။ နောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ ကုန်သွယ်မှုတွေ ထိခိုက်ပျက်စီးကုန်မှာပေါ့။ အဲဒီလို ထိခိုက်ပျက်စီးတဲ့အပြင် တစ်ဖက်နဲ့ တစ်ဖက်တိုက်ခိုက်ရင်းနဲ့ လူသားအရင်းအမြစ်တွေ၊ လူ့အသက်တွေ သေကျေပျက်စီးကုန်လာမယ်၊ လူထုလည်း ရပ်တည်လို့မရသလို အကုန်ဒုက္ခရောက်ကုန်မယ်။ လက်နက်ကိုင်အဖွဲ့အစည်း များ‌လေလေ၊ တိုင်းပြည်အတွက်ရော၊ လူထုအတွက်ပါ ဆိုးကျိုးသံသရာ လည်နေမှာပါ။ ကောင်းဖို့ ရှိလာမှာ မဟုတ်ဘူး။

TREND ။        ။ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကရော ဘယ်လို အခြေအနေမှာ ဖြစ်လာဖွယ် ရှိလဲ။
SKKW    ။    ။
အဓိကကတော့ သက်ဆိုင်ရာ နယ်မြေတစ်ခုမှာ အစိုးရနဲ့ရော၊ တိုင်းရင်းသား ခေါင်းဆောင်နဲ့ရော တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်နေလို့ အကျိုးဘာရှိနိုင်လဲ။ ဆွေးနွေး ညှိနှိုင်းမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးရမလဲဆိုတာကို သုံးသပ်တဲ့အပေါ် မူတည်ပါတယ်။ ခံယူတဲ့အပေါ် မူတည်ပါတယ်။
    ခေါင်းဆောင်တွေ အားလုံးက မတိုက်ဘဲနဲ့ ညှိနှိုင်း အဖြေရှာမှုကို လက်ခံကြမယ်ဆိုရင် အဲဒီလမ်းကြောင်းကတော့ အကောင်းဆုံး၊ ဖြစ်နိုင်ခြေအကောင်းဆုံးပါ။ အဲဒီလိုမှ မဟုတ်ဘဲ အပြုတ်တိုက် ကြမယ်ဆိုတဲ့လမ်းကို ရွေးမယ်ဆိုရင် မဖြစ်နိုင်ဘူး။ တိုင်းပြည်ပဲနာမယ်၊ လူထုဒုက္ခရောက်မယ်။ အကောင်းဆုံးက ကိုယ်လိုချင်တဲ့အရာကို တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းတွေလုပ်ပြီး ညှိနှိုင်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါတယ်။ တစ်ဖက်ဖက်က တင်းနေမယ်၊ ငါတို့ အပြုတ်တိုက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ သွားနေမယ်ဆိုရင် ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမှာပါ။ တကယ့် တိုင်းရင်းသား ခေါင်းဆောင်တွေကအစ တိုင်းပြည်အကျိုး၊ လူထုအကျိုး၊ ကိုယ့်ဒေသ အကျိုး‌တွေကို ကြည့်မယ်ဆိုရင် ဒါက မခက်ပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အားလုံးက နိုင်ငံရေးကို အကြောင်းပြပြီး နောက်ကွယ်မှာ ကိုယ်ကျိုးတွေ ပါလာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးက ဖြစ်မလာနိုင်ဘူး။ ဝေး‌နေဦးမှာပေါ့။ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေက နိုင်ငံရေးထက် ကိုယ်ကျိုးစီးပွား‌တွေ ပါလာမယ်ဆိုရင်၊ အဲဒါကိုပဲ အဓိကထားမယ်ဆိုရင် စစ်ရေးလမ်းကြောင်းပဲ သွားကြမယ့်သဘောမှာ ရှိတယ်။ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ပဲဖြစ်ဖြစ် ကိုယ့်ဒေသရဲ့ အကျိုး၊ လုထုအကျိုးကို ကြည့်မယ်ဆိုရင်တော့ စောစောကပြောတဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့  လမ်းကြောင်းကို သွားကြမှာပဲလို့ မြင်ပါတယ်။

TREND ။        ။ NDAA (မိုင်းလား)ဒေသအတွင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဘယ်နိုင်ငံရေး အဖွဲ့အစည်းကိုမှ လက်ခံမထားဘူး၊ ပြီးတော့ ဒေသတွင်းနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းတွေကိုလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့  နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ NDAA (မိုင်းလား)အဖွဲ့ တာဝန်ရှိသူတွေက ပြောသွားပါတယ်။ လက်ရှိ လက်နက်ကိုင် လမ်းစဉ်သွားနေတဲ့ အဖွဲ့အစည်း‌တွေရဲ့ ရပ်တည်လှုပ်ရှားမှုတွေနဲ့ ပြဿနာတွေကို စစ်ရေးနည်းနဲ့ ရှင်းနေတဲ့ အပေါ် ဘယ်လို ရှုမြင်သုံးသပ်ချင်လဲ။
SKKW    ။    ။
'ဝ'ဒေသ၊ မိုင်းလားဒေသတွေကတော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေအတွက် နမူနာပေါ့။ အဲဒီဒေသ‌တွေဟာ တည်တည်ငြိမ်ငြိမ်လည်းရှိတယ်။ အဆင်ပြေနေတယ်။ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်နေသလို တခြားဘာပြဿနာမှလည်း မရှိဘူး။ ဒါကြောင့် အခုလက်ရှိ တခြားတိုင်းရင်းသားဒေသမှာလည်း အစိုးရဘက်က အဲဒီသဘောမျိုး သူတို့လိုချင်တဲ့ အရာတွေကို အပေးအယူရှိမယ်၊ မျှမျှတတလေး ရှိမယ်ဆိုရင် တခြားဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေလည်း လက်ခံနိုင်တဲ့အနေအထား ဖြစ်လာနိုင်တယ်။ အဲဒီလိုမျိုးလည်း ဖြစ်စေချင်ပါတယ်။ အားလုံးကိုတော့ ပုံစံတစ်ခုတည်းတော့ သတ်မှတ်လို့တော့ မရနိုင်ဘူး။ အဓိကက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတစ်ခုချင်းရဲ့ သူတို့လိုချင်တဲ့အရာတွေကို နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ လိုက်လျောညီထွေမှုနဲ့ သူတို့လိုချင်တဲ့အရာကို ဆောင်ရွက်ပေးတာမျိုးဆိုရင်  အားလုံး အဆင်ပြေသွား မယ်လို့ ထင်ပါတယ်။ သဘောကတော့ မိုင်းလားအဖွဲ့က သူတို့ဒေသမှာ သူတို့အုပ်ချုပ်သလို နယ်မြေ ပထဝီဝင် အနေအထားနဲ့ နယ်မြေအခြေ အနေအပေါ် မူတည်ပြီးတော့ ကျန်တဲ့တိုင်းရင်းသားဒေ သတွေမှာလည်း သက်ဆိုင်ရာ လုပ်ပိုင်ခွင့်‌တွေကို ပေးတာမျိုး။ ဥပမာ ကိုယ့်ရပ်ကိုယ့်ရွာ ဒေသအခြေအနေကို အဲဒီရပ်ရွာက အသိဆုံး၊ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဘယ်လိုအုပ်ချုပ်မလဲဆိုတာ အသိဆုံးဖြစ်တော့ တကယ်လို့ လုပ်ပိုင်ခွင့်သာ ပေးလိုက်မယ်ဆိုရင် အများစုက အဆင်ပြေ သွားနိုင်တယ်။ အစိုးရအနေနဲ့ သာမန်အောက်ခြေ အသေးအမွှားကိစ္စတွေကို လိုက်လျောပေးလိုက်တာမျိုးပေါ့။ တိုင်းပြည်ရဲ့ လုံခြုံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးတွေကို ထိခိုက်စေတဲ့အရာ‌တွေ၊ လုံခြုံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးတွေကို ထိခိုက်စေတဲ့ ပေါ်လစီတွေကလွဲရင် ကျန်တဲ့လုပ်ပိုင်ခွင့်တွေကို ပေးမယ်ဆိုရင် အများကြီး အဆင်ပြေမယ်လို့ မြင်ပါတယ်။ ဒါကတော့ လက်ရှိရှိနေတဲ့ မိုင်းလားရယ်၊ 'ဝ'ဒေသတို့ရဲ့ နမူနာအနေနဲ့ သုံးသပ်မိတာပါ။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်တို့ တိုင်းပြည်က အရမ်းရှုပ်ထွေးတယ်၊ တချို့က တောင်းယူလို့ မရဘူး၊ အင်အားမရှိရင် မပေးကြဘူးဆိုတဲ့ အယူအဆရှိတယ်။ တချို့ ကျတော့လည်း အားရှိမှ၊ နယ်မြေရှိမှ ငါတို့တောင်းလို့ ငါတို့ရမယ်‌ဆိုပြီး လက်နက်ကိုင် ဖြေရှင်း‌နေကြတာပေါ့။ လက်ရှိ လည်း တချို့လက်နက်ကိုင်‌တွေ နယ်မြေတွေရအောင် လက်နက်ကိုင် တိုက်နေကြတယ်။ ကိုယ့်နယ် မြေမဟုတ်လည်း သူများနယ်မြေကို ချဲ့နိုင်သလောက်ချဲ့ပြီး ယူနေကြတယ်။ သူတို့အယူအဆက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နိုင်ငံရေးအရ စကားပြောတဲ့အခါမှာ နယ်မြေရှိ ပြီးသားလူက ကိုယ့်နယ်မြေ အတိုင်း တောင်းဆိုကြမယ်ဆိုရင် အဲဒီနယ်မြေ ကိုယ့်နယ်မြေ ဖြစ်သွားမယ်ဆိုတာမျိုး၊ အဲဒီလိုအမြင်နဲ့ လုပ်နေကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါလည်း အဖြေတစ်ခုတော့ မဟုတ်ဘူး။ အဓိက ကတော့ ဥပဒေအရ  လွှတ်တော်လမ်းကြောင်းကနေ သွားရမှာပါ။ တချို့တိုင်းရင်းသား‌တွေကလည်း  တကယ့်လက်တွေ့မှာ အဲဒီလို လမ်းကြောင်းကနေ သွားလို့ရဖို့ဆိုတာ သူတို့အတွက် ခက်ခဲတယ်၊ အလှမ်းဝေးတယ်ဆိုတဲ့ အမြင်လည်း ရှိတဲ့အခါကျတော့ အဲဒီလမ်းကြောင်းကို သူတို့ မရွေးချယ် ဝာာမျိုးလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားခေါင်းဆောင်‌တွေ အစဉ်အဆက်မှာ သူတို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ တောင်းဆိုခဲ့တာတွေက  မရခဲ့တာမျိုး ရှိမယ်၊ တချို့ ရခဲ့တာတွေကလည်း ကတိကဝတ် မတည်တဲ့အခါမျိုးတွေ ကြုံရတယ်ဆိုတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ မယုံကြည်တဲ့ ပြဿနာပေါ့။ အဲဒါလို အမြင်တွေ အပြန်အလှန် မယုံကြည်မှုတွေကြောင့်လည်း ဒီတိုင်း ပြည်က အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတာလို့ မြင်တယ်။ ပြီးတော့ ပြည်ထောင်စုဘက်သွားတဲ့ လမ်းကြောင်းနဲ့  တိုင်းရင်းသားတွေဘက်က သွားနေတဲ့လမ်းကြောင်းဆိုတဲ့ အပိုင်းနှစ်ပိုင်းနဲ့ သုံးသပ်ရရင် အစိုးရဘက်က သွားတဲ့အခါ တိုင်းပြည်တစ်ခုလုံးနဲ့ ကြည့်ရတယ်။ ဖွဲ့စည်းပုံရေးဆွဲတဲ့အခါ တစ်နိုင်ငံလုံးမှာရှိတဲ့ ကိုယ်စားလှယ်ကို ခေါ်ယူပြီး ရေးဆွဲတယ်။ အဲဒီလိုရေးဆွဲပြီး ရလာတဲ့ရလဒ်အပေါ် မူတည်ပြီးမှ၊ အတည်ပြုပြီးမှ ဒါကိုကျင့်သုံးတယ်။ အားလုံး ညီလာခံကနေ ခေါပြီးမှ သွားကြတာပေါ့။ လက်ရှိ ဖက်ဒရယ်သွားကြမယ်လို့ ပြောဆို ဆွေးနွေး‌နေကြတာတွေ ရှိတယ်။ ဒါပေမဲ့ တပ်မတော် အနေနဲ့၊ အစိုးရအနေနဲ့ မပေးနိုင်သေးဘူး။
    အားလုံးက သူ့လမ်းကြောင်းအတိုင်းပေါ့။ ရွေးကောက်ပွဲ ဝင်မယ်။ လွှတ်တော်မှာရှိတဲ့ လူထုကိုယ်စားလှယ်နဲ့သွားမှ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းပေါ့။ တကယ်လို့ လွှတ်တော်ကနေမသွားရင်လည်း ညီလာခံတွေ ခေါ်ပြီးမှ အဲဒီညီလာခံက‌မှ ဆုံးဖြတ်နိုင်တဲ့ လမ်း ကြောင်းရှိတယ်။ အဲဒီလိုသွားရမယ့် လမ်းကြောင်းတွေရှိတော့ ကျွန်တော် မြင်တာကတော့၊ တချို့ လက်နက်ကိုင်အဖွဲ့တွေက အဲဒီလိုသွားရင် အခြေအနေအရပေါ့။ ဥပမာ ၄၇ ခုနှစ်ဖွဲ့စည်းပုံရေးဆွဲတဲ့အခါ မှာသော်လည်းကောင်း၊ ၇၄ ခုနှစ် ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာသော် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲတဲ့ အခါမှာသော်လည်းကောင်း ကိုယ်စားလှယ်မပါတဲ့ ကျန်ခဲ့တဲ့ တိုင်းရင်းသားတွေရှိ တယ်။ မရတဲ့အခါကျတော့ မကျေမနပ်နဲ့ တောင်းလည်းရမှာမဟုတ်ဘူး၊ တချို့လည်း အဲဒီညီလာခံတွေမှာ ရေးဆွဲတဲ့အခါ ကိုယ်စားလှယ်မရှိတဲ့အတွက် ဒါ မရနိုင်ဘူးပေါ့။ ပြောဆိုဆွေးနွေးမယ့်သူ မရှိရင် မရတဲ့အခါကျတော့ လက်နက်ကိုင်လမ်းကြောင်းကို ရွေးသွားကြတာမျိုးလည်း ရှိနိုင်တယ်။ အခုက ၂၀၀၈ ရှိတော့ ညီလာခံခေါ်စရာ မလိုဘူး၊ သွားရမယ့်လမ်းကြောင်းက နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင် လူထုကိုယ်စားလှယ်က လွှတ်တော်ကနေဆွေးနွေး အဲဒီလို သွားရမှာပေါ့။ ဒါပေမဲ့ တချို့ကလည်း အဲဒီလမ်းကြောင်း ကနေသွားဖို့က လွှတ်တော်ကိုယ်စားလှယ်နဲ့ ရွေးကောက် ပွဲဝင်ဖို့ အလားအလာ မဖြစ်နိုင်တဲ့ အနေအထားလည်း ရှိကြတယ်ပေါ့။ အဲဒီလိုမရှိကြတော့ လက်နက်ကိုင်လမ်း ကြောင်းကို ရွေးကြတာမျိုးလည်း ရှိနိုင်တယ်။ ကျွန်တော်တို့ မြင်တာကတော့ လွတ်လပ်ရေးရ ပြီးနောက် နှစ် ပေါင်း ၇၀ ကျော်ကြာလာတဲ့အထိ အစိုးရအဆက်ဆက် အုပ်ချုပ်လာခဲ့ပြီးပြီ။ တိုင်းရင်းသားဒေသတွေကလည်း အခြေအနေအမျိုးမျိုး ပြောင်းလဲခဲ့ပြီးပြီဆိုတော့ အားလုံးက ဘယ်‌လမ်း ကြောင်းနဲ့ သွားမလဲ၊ ဘယ်လိုအဖြေရှာရ မလဲ၊ တိုင်းရင်းသားတွေ တောင်းဆိုတာတွေကို ဘယ်လို လိုက်လျော ရမလဲ၊ ဒါတွေက နှစ်ဖက်လုံးမှာ အဖြေရှိပြီးသားလို့ မြင်တယ်။ ဒီလိုအခြေအနေမှာ မတင်းဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက်က အပေးအယူ၊ အလျှော့အတင်း သေချာညှိနှိုင်းပြီးတော့မှ လုပ်ကြမယ်ဆိုရင် အဖြေတော့ ရလာနိုင်တယ်လို့ မြင်တယ်။ အပြုတ်တိုက်မယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒီအချိန်မှာ အလျှော့အတင်း အပေးအယူနဲ့ မျှမျှတတ ညှိနှိုင်းကြဖို့ပေါ့။ လမ်းကြောင်းပေါ်တော့ ရောက်နေပြီ ညှိနှိုင်းဆောင်ရွက်ပြီး အဖြေရှာဖို့ပဲ လိုတော့တယ်လို့ မြင်ပါတယ်။

TREND ။        ။ လက်နက်ကိုင်လမ်းစဉ်သွားနေတဲ့သူတွေအတွက် လားရှိုးဖြစ်စဉ်ကနေ ဘယ်လို သင်ခန်းစာ ပေးသွားတယ်လို့ သုံးသပ်ချင်လဲ။ ဖြည့်စွက်ပြော ကြားပေးပါဦး။
SKKW    ။    ။
အဓိက ကတော့ ညှိနှိုင်းဆောင်ရွက်တာကတော့ အဖြေရဖို့ အကောင်းဆုံးလမ်းကြောင်းပေါ့။ တစ်ဖက်တစ်ဖက်က လိုချင်တဲ့အရာကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်မထားဖို့လိုတယ်။ ဖြစ်နိုင်ခြေရှိတာ တောင်းဆိုသင့်သလို အစိုးရဘက်ကလည်း ပေးလို့ရတာ ပေးဖို့ပေါ့။ ရသလောက် ဆွဲထားမယ်၊ ကိုင်ထားမယ်ဆိုရင်လည်း အဆင်မပြေနိုင်ဘူးလို့ မြင်တယ်။ ပြီးခဲ့တဲ့ မြောက်ပိုင်းအနေ အထားကို ကြည့်ပါ။ လက်နက်ကိုင် တိုက်ခိုက်ခဲ့တော့ နောက်ဆုံးမြို့တွေ ပျက်သွားတယ်။ လူထု တွေရဲ့ အသက်အိုးအိမ်စည်းစိမ်‌တွေ အကုန်လုံး စတေးပစ်လိုက်ရတယ်ပေါ့။ နောက်ဆုံးတော့ အဖြေက  ညှိနှိုင်းမှုလမ်းကြောင်းနဲ့ အဆင်ပြေသွားတာပဲ။ အဲဒါက သင်ခန်းစာပါ။ ဒါကြောင့် အဲဒီလို ညှိနှိုင်းတဲ့အခါ တစ်ဖက်နဲ့တစ်ဖက်က အပေးအယူ မျှမျှတတ ညှိနှိုင်းဆောင် ရွက်တာဟာ အကောင်းဆုံးပါ။ အဓိက ကတော့ လက်နက်နဲ့ ဖြေရှင်းတာဟာ လူ့အသက်‌တွေ စည်းစိမ်ဥစ္စာတွေ အကုန်လုံး ပျက်စီးသွားတယ်။ ဆိုးကျိုးတွေပဲ များတယ်။ ဒါကြောင့် တတ်နိုင်ရင် အစကတည်းက ညှိနှိုင်းအဖြေရှာတဲ့ လမ်းကြောင်း ကို ရွေးပြီးတော့မှ တစ်ဖက်နဲ့ တစ်ဖက်က အလျှော့အတင်းလေးနဲ့ လျှော့ပေးလို့ရတာ လျှော့၊ ပေးလို့ ရတာပေး တင်းမထားဘဲနဲ့ နှစ်ဖက်လုံးအတွက် မျှမျှတတလေး လုပ်ကြမယ်ဆိုရင် ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းလို့ပဲ မြင်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )            
 

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44954

© 2022 - 2025 News. All Rights Reserved.