လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ မတွေ့ဆုံမဆွေးနွေးဘဲ ဒီအတိုင်း ဆက် တိုက်နေလို့ကတော့ တိုင်းပြည်လည်း နစ်နာမယ်၊ ပြည်သူလည်း နစ်နာသွားမယ် ဒါက ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ဘူး . . . KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဇူလိုင် ၂၄


    နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေး‌နွေး အဖြေရှာလိုပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို မလိုလားသူ၊ ငြိမ်ချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ဆောက်ခဲ့သူ KNU ကော့ ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းရဲ့ လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် အမြင်နဲ့ အယူအဆ၊ သဘောထား ရပ်တည်ချက်များကို ဆက်သွယ်မေးမြန်းထားပါတယ်။


TREND ။        ။ လက်ရှိ ကရင်ပြည်နယ်အတွင်းက ဒေသအခြေအနေတွေကို သိရသလောက် ပြောပြပေးပါဦး။
SSM    ။    ။
ကော့ကရိတ်ရဲ့ အခြေအနေကတော့ ဒီလိုပဲ နည်းနည်းငြိမ်သွားတယ်။ ဝေါလေတို့ဘက် အခြမ်းမှာပဲ အဲဒီမှာလည်း ပစ်ခတ်နေတယ်လို့ ကြားသိရတယ်။ အဲဒီက ဒေသခံတွေကလည်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြတာပေါ့။ အဲဒီဘက်မှာက လူပေါင်း ၃၀၀ ကျော်လောက် ထွက်ပြေးနေကြရတယ်လို့ သိရတယ်။ သတင်းတွေမှာ ရေးနေကြတာကတော့ ထွက်ပြေးရတဲ့ ဒေသခံအရေအတွက်က အများကြီးပေါ့။ ဒါပေမဲ့ အဲဒီဘက်က အသိမိတ်ဆွေတစ်‌ယောက် ပြောပြတာကတော့ လူပေါင်း ၃၀၀ ကျော်လောက် တစ်ဖက်နိုင်ငံကို ရောက်သွားတာပေါ့။ ပြီးတော့ ကော့ကရိတ်အခြေအနေ ကြောင့်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်သွားကြရတာ တွေရှိတယ်။ သူတို့လည်း ပြန်နေလို့ မအေးမချမ်းဖြစ်နေ တော့ ဘယ်သူမှ နေလိုစိတ်တော့ မရှိကြဘူးပေါ့။ ဒီလိုပဲ ကိုယ့်အိမ်မို့လို့၊ ကိုယ့်ယာ ကိုယ်မြေမို့လို့ မစွန့်လွှတ်ချင် ကြတဲ့သူတွေကတော့ နေနေကြရတာကိုး။ တချို့သူတွေကျတော့လည်း တခြားနီးစပ်ရာ ဆွေမျိုးသားချင်း ရှိတဲ့ နေရာတွေမှာ သွားနေကြတယ်။ ပြီးတော့လည်း တိုက်ပွဲကင်းရှင်းတဲ့နေရာတွေကို ရွေးပြီးတော့ သွားနေကြတယ်၊ သွားပြီး ခိုလှုံနေကြရတယ်။ အခုထိ အဲဒီလို ဒုက္ခမျိုးစုံ ခံနေကြရတုန်း။ ဒီလို တိုက်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေကတော့ ဒုက္ခအမျိုးမျိုး ကြုံနေကြရတာပေါ့။

TREND ။        ။ နိုင်ငံငြိမ်းချမ်းဖို့ စကားဝိုင်းတွေ၊ ဖိုရမ်တွေကျင်းပနေတဲ့ အခင်းအကျင်းအပေါ် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သူ၊ ငြိမ်ချမ်းရေးလိုလားတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်လိုပါလဲ။
SSM    ။    ။
ငြိမ်းချမ်းစွာ အဖြေရှာဖို့အတွက်ကတော့ စကားဝိုင်းတွေ၊ တွေ့ဆုံဆွေးနွေးရေးတွေ အဲဒီလမ်းကြောင်းပဲ ရှိတာပဲ။ ဒီလမ်းကြောင်းနဲ့ပဲ ရှေ့ဆက်ဆောင်ရွက်ရမှာပါ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းစီ ဒီလိုပဲ ဆောင်ရွက်ကြရမှာပါ။ ဆောင်ရွက်ဖို့ နည်းလမ်းဆိုတာကလည်း အရင်ကတည်းက ကျွန်တော်တို့ တစ်တွေ သဘောတူညီမှု ရှိထားပြီးသားပဲလေ။ အဲဒီအတိုင်းပဲ ဆက်ပြီးဆောင်ရွက်ကြဖို့ပဲ လိုတာပါ။ NCA သဘောတူ ညီချက်ကို တစ်ဆင့်ချင်း ဆောင်ရွက်တဲ့နေရာမှာ ပြီးပြည့်စုံတဲ့အဆင့်မှ မရောက်သေးဘဲ မဟုတ်လား။ ယုံကြည်မှု အားနည်းနေတဲ့အပေါ်မှာ တစ်ဖက်ကလည်း ယုံကြည်မှုရှိလာအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်။ ပြီးတော့လည်း လတ်တလောဖြစ်နေတဲ့ အနေအထားအရ၊ NCA သဘောတူညီချက်အရ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း လိုအပ်တာပေါ့။ အဲဒီလို လက်တွေ့ အကောင်အထည်ဖော်ရင်းပဲ သွားကြရမယ်လို့ မြင်တယ်။

TREND ။        ။ ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခဲ့ ပြီး KNU ဥက္ကဋ္ဌဟောင်း အဘိုးမူတူးစေးဖိုးနဲ့ တွေ့ဖြစ်သေးလား၊ ဖိုရိမ်အပေါ် အဘိုးမူတူးစေးဖိုးရဲ့ သဘော ထားမှတ်ချက်က ဘာဖြစ်မလဲ။
SSM    ။    ။
ငြိမ်းချမ်းရေးဖိုရမ် လာရောက်ပြီး တက်ရောက်ရတဲ့ အကြောင်းရင်းက အဘိုးမူတူးစေးဖိုးရဲ့ ဆန္ဒပါပါတယ်။ သူလည်းပဲ ကျန်းမာရေးကောင်းမွန်တယ်ဆိုရင် ဒီဖိုရမ်ကို တက်ရောက်ဖြစ်မှာပါ။ အခုက ကျန်းမာရေး မကောင်းဘူး။ တော်တော်လေးကို မကောင်းတာ၊ ဒီနှစ်က အဘိုး မူတူးစေးဖိုးက ကျန်းမာရေး တော်တော်ကျသွားတယ်။ သူဆန္ဒပေးတာကလည်း ဖိုရမ်ကို သွားသင့်တယ်ပေါ့။ တက် ရောက်သင့်တယ် ဆိုပြီးတော့ ဆန္ဒပေးတယ်။ ဒါကြောင့် ဖိုရမ်ကို တက်ရောက်ဖြစ်တယ်။ တက်ရောက် ပြီးတော့ ဖိုရမ်မှာ ဆွေးနွေးကြတဲ့အကြောင်းအရာ ဝိုင်းဝန်း သုံးသပ်အကြံပြုချက်တွေနဲ့ ဟိုမှာ ဘာတွေ ဆွေးနွေးခဲ့တယ်၊ အခမ်းအနားအစီအစဉ် ဒါတွေကို အဘိုး မူးတူးစေးဖိုးကို အကြမ်း ဖျင်း ပြောပြပါတယ်။ သူကလည်း သေချာနားထောင်ပါတယ်။ နောက်ပိုင်း ဖိုရမ်ကနေ ထုတ်မယ့်စာ ထွက်လာတယ်ဆိုလို့ရှိရင် လည်း သူ့ဆီကိုလည်း သူများတွေပို့မှာပါ။ သူက ကျန်းမာရေးက မကောင်းတော့ ငြိမ်းချမ်းရေး ဖိုရမ်မှာ ဆွေးနွေးတာတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်ပြီး သဘောထား မပေးပါဘူး။ ဒါကတော့ ငြိမ်းချမ်းဖို့အတွက်ဆိုရင် ဆောင်ရွက်ကြရမှာပဲလို့တော့ ပြောပါတယ်။

TREND ။        ။ NCA သဘောတူညီချက်တွေကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်တဲ့နေရာမှာ ပြီး ပြည့်စုံတဲ့အဆင့် မရောက်သေးဘူး၊ ဒါဟာလည်း ယုံကြည်မှုအားနည်းနေကြလို့ဆိုတဲ့ သဘောမျိုး စောစောက ပြောသွားပါတယ်။ ယုံကြည်မှုရှိမှလည်း တွေ့ဆုံဆွေး နွေးရေးလမ်းကြောင်းကို ရောက်လာကြမယ်လို့ သုံးသပ်နေကြတော့ အပြန်အလှန် ယုံကြည်မှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တည်ဆောက်ဖို့ ကြိုးပမ်းသင့်လဲ။
SSM    ။    ။
ပေးထားတဲ့ကတိအတိုင်း အကောင်အထည်ဖော်ကြ၊ လက်တွေ့ ဆောင်ရွက်ကြဖို့ပါ။ အဲဒီလိုမျိုး ပြောတဲ့အတိုင်း ဆောင်ရွက်မှပဲ ယုံကြည်မှုတွေက တဖြည်းဖြည်းချင်း ကောင်းလာမှာပေါ့။ အမှန်တကယ်ကတော့ ယုံကြည်မှုဆိုတာ ပျောက်ကွယ်သွားရင် မကောင်းဘူး။ ကျွန်တော်တို့က ဒီနိုင်ငံသားတွေပဲမို့လို့ အချင်းချင်းကြားမှာ ဆောင်ရွက်မှု အမှားအယွင်းရှိခဲ့မယ် ဆိုလို့ရှိရင် ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြင်ဆင်ပြောင်းလဲ ယူပြီးတော့မှပဲ တကယ်ပြောဆိုထားတဲ့အတိုင်း ဆက်လက် အကောင်အထည် ဖော်သွားကြမယ်ဆိုရင် ဒါကလည်းပဲ ယုံကြည်မှုတွေ ပြန်ပြီး အားကောင်းလာမှာပါ။ ပျက်ယွင်း တယ်ဆိုရင် အဲဒါက ပေးထားတဲ့ကတိအတိုင်း မဆောင်ရွက်လို့ ပျက်ယွင်းသွားတာမျိုး ဖြစ်မှာပေါ့။ ပြောဆိုထားကြတဲ့အတိုင်း ပေးထားတဲ့ကတိကဝတ်အတိုင်း မဆောင်ရွက်တဲ့ အပေါ်မှာ ယုံကြည်မှု ပျက်ယွင်းသွားတာပေါ့။ အဲဒီ ပျက်ယွင်းသွားတဲ့ ယုံကြည်မှု‌တွေ ပြန်လည်အားကောင်းလာဖို့ ပြန်လည် ပြီးတော့ ရရှိနိုင်ဖို့အတွက်ဆိုရင် ပြောဆိုထားတဲ့အတိုင်း ပေးထားတဲ့ကတိအတိုင်း ပြန်ပြီးတော့ အကောင်အထည် ဆောင်ရွက်ကြဖို့ လိုပါတယ်။
    အဲဒီလို ဆောင်ရွက်ခြင်းအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အကျိုးယုတ်စေတာ‌တွေ မဖြစ်တော့ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ဆုံးရှုံးနစ်နာမှုတွေ၊ ထိခိုက်နစ်နာမှုတွေ မလုပ်ချင်းအားဖြင့်လည်း ယုံကြည်မှု တွေ ပြန်ပြီးတော့ ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ အလုံးစုံ ပျက်သုဉ်းရေးဆီကို ဦးတည်သွားနိုင်ပါတယ်။ သူတို့အနေနဲ့ ဒီလက်နက်ကိုင်လမ်းစဉ်နဲ့ ဒီလောက်နှစ် အတိုင်းအတာအထိ ဆောင်ရွက်ခဲ့ပြီးပြီပဲ။ ဒီလက်နက်ကိုင်လမ်းစဉ်က ဘာရလဒ်ထွက်လို့လဲ၊ ဘယ်လို ဆိုးကျိုးတွေထွက်နေလဲ အသိရှိတဲ့သူတွေ၊ မျက်စိရှိတဲ့လူတွေ သိကြမှာပါ၊ မြင်ကြမှာပါ။ ဒါကြောင့်မို့လို့ ဒီလိုမျိုးသာ အကြမ်းဖက်နည်းနဲ့ ရှေ့ဆက် ဆောင်ရွက်မယ်ဆိုရင် ဒီနိုင်ငံက ပျက်စီးသွားဖို့ပဲ ရှိပါတယ်။ ဒီလို ပျက်စီးသွားမယ်ဆိုတာကို ဒီလူတွေ အသိရှိခဲ့မယ် ဆိုရင်တော့၊ သူတို့ကိုယ်သူတို့ လုပ်ရပ်တွေကို ပြန်သုံးသပ်ပြီးတော့ သင့်၏၊ မသင့်၏ မြင်လာကြမှာပဲလို့တော့ မျှော်လင့်မိပါတယ်။ အဲဒီလိုမြင်လာပြီးတဲ့ နောက်မှာလည်းပဲ သင့်တဲ့လမ်းကြောင်းကို ပြန်ပြီးတော့ ရွေးချယ်လာကြလိမ့် မယ်လို့ အဲဒီလိုပဲ မြင်ပါ တယ်။ ဒီလောက်ဆိုရင်လည်း သူတို့ သိနေကြပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ပြောဆိုမှုတွေရော ဆောင်ရွက်မှုတွေက ကျွံနေပြီဆိုတော့ သူတို့ရဲ့ သိက္ခာပိုင်းအရ ဆယ်တဲ့အနေနဲ့ ဣန္ဒြေရဖို့အတွက် လုပ်နေကြတာပါ။ ပြောဆိုနေကြတာပါ။ ဒါကိုမှ သူတို့တွေအနေနဲ့ ရှေ့ဆက် ဆောင်ရွက်မယ်ဆိုရင် အလုံးစုံပျက် သုဉ်းရေး ဆီကိုပဲ ရောက်သွားမယ်လို့ မြင်ပါတယ်။ 

TREND ။        ။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ငြိမ်းချမ်းရေးဖိုရမ် အဖွင့်မိန့်ခွန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်းကြဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။ မလာသေးတဲ့ အဖွဲ့တွေနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
SSM    ။    ။
တချို့အဖွဲ့အစည်းတွေကျတော့ ကြားသိကြတဲ့ အတိုင်းပဲ တပ်မတော်အပေါ်မှာ ယုံကြည်မှု အားနည်းနေတယ်လို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် သူတို့က တပ်မတော်အပေါ်မှာ အဆိုးပဲမြင်နေကြပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို မဆောင်ရွက်လို ကြဘူး။ လက်နက်ကိုင်တိုင်းရင်း သားတွေအနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ မတွေ့ဆုံမ‌ဆွေးနွေးဘဲ ဒီအတိုင်းဆက်တိုက်နေလို့ကတော့ တိုင်းပြည်လည်း နစ်နာမယ်၊ ပြည်သူလည်း နစ်နာပါမယ်၊ ဒါကဘာမှ အဓိပ္ပာယ်မရှိဘူး။ ဒါကိုလည်း အားလုံးအသိတရားတွေ ရှိကြမှာပါ။ ဒါကြောင့်မို့လို့ အသိတရားရှိတဲ့ သူတွေက ပြန်လည်ပြီးတော့၊ သုံးသပ်ပြီးတော့ ပြောင်းလဲဖို့လိုအပ်ပါပြီ။ ပြောင်းလဲလာမယ်လို့လည်း ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်။ အဖွဲ့အစည်း အသီးသီးတိုင်းမှာကတော့ အမြင်တွေက တစ်ထပ်တည်း မတူညီကြဘူး။ အဲဒီမှာ တချို့တွေက ထင်ရာမြင်ရာ ပြောနေကြတာ‌တွေ ရှိတယ်။ ဒီအတွင်းမှာ အားလုံး သူတို့ ညှိနှိုင်းဆောင်ရွက် မှုတွေလုပ်ပြီးမှ ရလဒ်ကို ထုတ်မယ်‌ဆိုရင် ပြန်ပြီးတော့ အကြမ်းမဖက်တဲ့နည်း၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ပဲ ပြန်ပြီးဆောင်ရွက် လာကြမယ်လို့ပဲ မြင်ပါတယ်။ ဒီအချိန်မှာက လူထုတွေ ကြိုက်နှစ်သက်တဲ့ လမ်း ကြောင်းဖြစ်‌တဲ့ ငြိမ်းချမ်းစွာတွေ့ ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ သွားကြရမှာပါ။ အဲဒီလမ်းကြောင်းကိုပဲ ရောက်လာကြရမှာပေါ့။ ပြီးတော့ အားလုံးက ပြောဆိုနေကြတာတွေကလည်း လူထုဆန္ဒကို အကောင်အထည်ဖော် ဆောင်ရွက်နေကြတယ်လို့ ပြောနေကြတယ်မဟုတ်လား။ ဒါက လူထုရဲ့ဆန္ဒကို ရယူပြီး ဆောင်ရွက်ကြမယ်ဆိုရင် မလွဲမသွေ အဲဒီလမ်းကြောင်းပဲ ပြန်ရောက်သွားကြမှာပါ။ ငြိမ်းချမ်းတဲ့ လမ်း ကြောင်းပဲ ပြန်ရောက်လာကြမှာပါ။

TREND ။        ။ ဖိုရမ်ကနေ ငြိမ်းချမ်းရေးကို ရှေးရှုစေတဲ့ အ‌ပြုသဘောဆောင်တဲ့ ဘယ်လိုအချက်‌တွေ တွေရခဲ့တယ်လို့ ပြောချင်လဲ။
SSM    ။    ။
အားလုံးက ငြိမ်းချမ်းလိုတယ်ဆိုတာကို ပေါ်လွင်လာပါတယ်။ ငြိမ်းချမ်းချင်ကြပြီ၊ ဒါကြောင့် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းတဲ့ လမ်းကြောင်းနဲ့ပဲ ဆက်ပြီးတော့ ဆောင်ရွက်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးလည်းပဲ သဘောပေါက်နားလည် လာတာပေါ့။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးဖွင့် ထားတယ်၊ တွေ့ဆုံ‌ဆွေးနွေးရေးကိုလည်း ဖိတ်ခေါ်ထားတယ်။ အခုလက်ရှိ ဆောင်ရွက်ဆဲဖြစ်နေတဲ့၊ ဆောင်ရွက်နေတဲ့ လုပ်နည်းလုပ်ဟန်အတိုင်းပဲ ဆက်ပြီးလုပ်နေရင် တဖြည်းဖြည်းနဲ့ သူတို့လည်း သဘောပေါက်နားလည် လာကြလိမ့်မယ်လို့ မြင်တယ်။ သဘောပေါက် နားလည် ပြီဆိုရင် တွေ့ဆုံမှုတွေက ပြန်ပြီးတော့ ဖြစ်ပေါ်လာမှာပါ။

TREND ။        ။ PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုတွေကို ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီးတော့ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆိုရင် လက်ခံမယ်ဆိုတဲ့ ထုတ်ပြန်ချက်အပေါ် ဘာများမှတ်ချက်ပေးလိုပါလဲ။
SSM    ။    ။
ဒါက ဆောင်ရွက်သင့်တဲ့ အလုပ်တစ်ခုပါ။ ပြီးတော့ ဒါက နိုင်ငံတော်အစိုးရအနေနဲ့ သဘောထားကြီးကြောင်း ပြသလိုက်တာပဲလို့ မြင်ပါတယ်။ ဒါကလိုလည်း လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို ကြိုဆိုပါတယ်။ ဒီလို သဘောထားကြီးဖို့ ဆိုတာကလည်း ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့  သဘောထားကြီးပေးဖို့ လိုပါတယ်။ နှစ်ဖက်လုံးက သဘောထားကြီးကြီးနဲ့ ရင်ဘတ် ကြီးကြီးထားပြီးတော့ သဘောထားကြီးကြောင်း ဖော်ပြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် စောစောက ပြောသလိုပါပဲ၊ အစိုးရဘက်က အခုလို လုပ်နည်းလုပ်ဟန်အတိုင်း ဆက်ပြီး ဆောင်ရွက်ဖို့‌ဆိုတာ အဲဒါကို ပြောတာပါ။ ပြီးတော့ ဒီဖိတ်ခေါ်ချက်က လက်နက်ကိုင်အဖွဲ့တွေကြားမှာ သက်ရောက်မှုက ကောင်းတဲ့ သက်ရောက်မှုပဲ ဖြစ်သွားမှာပါ။ မတွေ့ဘဲနဲ့ ဒီအတိုင်း တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေလို့လည်း ဘာအကျိုးရလဒ်မှ ဖြစ်ထွန်းလာမှာ မဟုတ်ဘူး။ ထိခိုက်နစ်နာ ဆုံးရှုံးမှု‌တွေပဲ ဖြစ်လာမယ်။ ကိုယ်က တိုက်လိုက်တဲ့အပေါ်မှာ တစ်ဖက်ကလည်း ခုခံတိုက် ခိုက်လာမှာပဲ။ အဲဒီလိုဆိုရင် နှစ်ဖက်လုံး နစ်နာသွားမှာပဲလေ။ နှစ်ဖက်လုံးထိခိုက်မှာပဲ။ အဲဒီလို ထိခိုက်ရုံမကဘဲနဲ့ လူထုတွေကလည်း အဲဒီရဲ့ဆိုး ကျိုးတွေကို ပိုပြီးတော့ ခံကြရမှာ။ ဒါကြောင့် သူတို့တစ်တွေလည်း အဲဒါကိုသိ လာကြမှာပါ။ အဲဒီလို သိလာတဲ့တစ်နေ့မှာတော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပဲ ပြန်ပေါ်လာမှာပါ။

TREND ။        ။ ဘယ်လို အခြေအနေမျိုးမှာ၊ ဘယ်ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ လမ်းကြောင်းအမှန်ပေါ်၊ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်လာကြမယ်လို့ ထင်လဲ။
SSM    ။    ။
တဖြည်းဖြည်း ရောက်လာမယ်လို့တော့ သုံးသပ်နိုင်ပါတယ်။ ကာလအပိုင်းအခြား၊ အချိန်အပိုင်းအခြားအနေနဲ့ကတော့ လက်တွေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ‌တွေအရ ရောက်လုနီးနီးလို့ပဲ ပြောရမှာပါ။ တချို့တလေကတော့ သူတို့ပြောထားတဲ့ စကား၊ သူတို့သုံးနှုန်းပြောဆိုတဲ့အပေါ်မှာ ဆုံးခန်းတိုင်ထိ သွားမယ့်လူတွေကတော့ အပြောလွယ်သလောက် သူတို့ပြောသ လိုမျိုး လက်တွေ့ဆောင် ရွက်နိုင်ဖို့ ခက်ပါတယ်။ ပြီးတော့လည်း ဖြစ်နိုင်ခြေ မရှိပါဘူး။ သူတို့က အာဏာရှင် အမြစ်ပြတ်ရေး၊ အပြုတ်တိုင်ရေး စသည်အားဖြင့် ပြောခဲ့တာကိုး။ အဲဒီလို ပြောတာ ပြောနေကြတာပါ။ ပြောပြီးရင်လည်း ဒီစကားတွေက ပြောတာပဲရှိမယ်လေ၊ လက်တွေ့ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလို စကားကြီးစကား ကျယ်ပြောတာ‌တွေက နောက်ဆုံးတော့လည်း လေထဲမှာပဲ ပျောက်ကွယ်သွားမှာပါ။ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။

TREND ။        ။ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး၊ ပြည်သူပဲ ဒုက္ခရောက်ရတယ်ဆိုတာကို အခုအချိန်မှာ သိသင့်ပြီ၊ သိနေကြလောက်ပြီဆိုတော့ ဘာကြောင့် ဒီလမ်းစဉ် အမှားကို သူတို့ မစွန့်လွှတ်နိုင်ကြရတာလို့ သုံးသပ်ချင်လဲ။
SSM    ။    ။
အဲဒါကိုလည်း ကျွန်တော်မပြောတတ်ဘူး။ စဉ်းစားလို့လည်း မရတော့ပါဘူး။ သူတို့တစ်တွေ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲ၊ ဒီလမ်းစဉ်ကို သွားနေတာလဲ မသိတော့ဘူး၊ ဉာဏ်မမီတော့ ဘူးလို့ဘဲ ပြောရတော့မှာပါ။ သူတို့က အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လုပ်နေကြတာပေါ့။ အခုထိ ဒီလမ်းကို လျှောက်နေကြတာကလည်း အာဏာရှင် ချုပ်ငြိမ်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလူတွေက ဒီလိုပဲ ပြောနေကြတယ်ထင်တယ်။ အမှန်ကတော့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ချုပ်ငြိမ်းရေးဆိုပြီး ဒီလို ကြွေးကြော်ခဲ့ကြတာပေါ့။ အဲဒီလို အာဏာရှင် ချုပ်ငြိမ်းဖို့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့လည်းပဲ အာဏာရှင်ကို မကြိုက်ပါဘူး။ အာဏာရှင်ချုပ် ငြိမ်းဖို့ဆောင်ရွက်တဲ့နေရာမှာ တွေ့ဆုံဆွေးနွေးပြီးတော့မှ အာဏာရှင်မဖြစ်အောင် ကျွန်တော်တို့က ပြောဆို ဆွေးနွေးပေးရမယ်လေ။ ပြီးတော့ အာဏာရှင်ဆိုတာကိုလည်း အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်ပြီးတော့ ဝေါဟာရကို ပြန်ပြီးတော့ ချဲ့ကားပြီးတော့ ပြော မယ်ဆိုရင် အများကြီး ပြောလို့ရတာပေါ့။ အာဏာရှင်ဆိုတာက အာဏာလက် ဝယ်ကိုင်ထားတဲ့သူ၊ အခြေ အနေအရ ထိန်းသိမ်းထားနိုင်တဲ့ သူတွေကလည်း ဒါက အာဏာကို ချုပ်ကိုင်ထားတာ ပဲ။ လူထု‌တွေက ရွေးချယ်ပေးပြီးတော့မှ အာဏာကို အပ်နှင်းလိုက်တဲ့အပေါ်မှာ ဒီရရှိတဲ့ အာဏာကိုသုံးပြီးတော့ ပြည်သူ့ ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်တဲ့သူတွေလည်းပဲ အာဏာရှင်ပါပဲ။ အဲဒီလိုမျိုး အာဏာရှင်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုသွားကြရမှာကိုး။ အခုက အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့ အာဏာရှင် အမြစ် ပြတ်ရေးတို့ဆိုပြီး သူတို့ ဘယ်လိုအဓိပ္ပာယ်ဖွင့် ဆိုနေလဲ မသိတော့ဘူးလေ။ အဲဒါကိုပဲ ကြွေးကြော်ပြီး တော့ လုပ်နေကြတာဆိုတော့လည်း နားမလည်တော့ဘူး။

TREND ။        ။ KNPP? KNDF ? TNLA နဲ့  PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေက ယာယီသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မိုးဗြဲနဲ့ နောင်ချိုမြို့တွေကို အခု ဇူလိုင်လထဲမှာတော့ မြန်မာ့တပ်မတော် စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါပြီ။ ဒီမြို့တွေကို KNPP၊ KNDF ၊ TNLA နဲ့ PDF အမည်ခံအကြမ်းဖက်တွေ လာရောက် တိုက်ခိုက်ပြီး ထိန်းချုပ်ဖို့လုပ်ခဲ့စဉ် မြို့ခံတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတယ်။ မြို့တွေ သိမ်းတာ ဘာမှဖြစ်မလာဘဲ  အိုးအိမ်စည်းစိမ်‌တွေ ပျက်စီးဆုံးရှုံးပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရတယ်။ အခုပြန်ပေးလိုက်ရပြီဆိုတော့ ဒီဖြစ်အပေါ် ဘယ်လို မှတ်ချက်ပေးလိုပါလဲ။
SSM    ။    ။
လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ တစ်ဖက်ကို အနိုင်တိုက်တယ်၊ လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ နယ်မြေတွေကို စိုးမိုးဖို့ ရယူဖို့လုပ်ရင်တော့ ဒီအတိုင်းပဲ ဖြစ်လာမှာပဲ။ သူတစ်ပြန် ကိုယ်တစ်ပြန်နဲ့ မဆုံးနိုင်တဲ့ ဝဲသြဃထဲမှာပဲ လည်နေကြမှာပေါ့။ သူအားသာတဲ့အချိန်မှာ သူနိုင်မယ်၊ ကိုယ်ပြန်ပြီးတော့ အားသာလာတဲ့အချိန်ကျတော့ ကိုယ်က နိုင်သွားမှာပေါ့။ အဲဒီလိုမျိုးပဲ သွားနေမှာပါ။ မဆုံးနိုင်ဘူးပေါ့။ တစ်‌ယောက်နဲ့ တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် စစ်ရေးနည်းနဲ့ပဲ တိုက် ခိုက်ပြီးတော့ အနိုင်ယူနေကြမယ်ဆိုရင် မဆုံးနိုင်တဲ့ ဝဲသြဃထဲမှာပဲ လည်နေကြမှာပါ။ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းဆောင်ရွက်မှသာ လမ်းကြောင်းအမှန် ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်က ကျေအေးတယ်။ နှစ်ဦးနှစ်ဖက်ကလည်း စိတ်ကျေနပ်မှု ရှိကြတယ်ဆိုလို့ရှိရင် ဒါတွေက ပြီးဆုံးသွားမှာပေါ့၊ မရှိတော့ဘူးပေါ့။ အဲဒီလိုဆိုရင် တစ်ဖက်နဲ့တစ်ဖက်က သူလည်းနိုင်မယ်၊ ကိုယ်လည်းနိုင်မယ် Win Win ဖြစ်သွားမှာပါ။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းမှသာ အမှန်ကန်ဆုံး၊ အကောင်းဆုံး နည်းလမ်းပါ။ ပြီးတော့ ဒီလို စစ်ရေးနည်းနဲ့ တစ်ဖက်ကို အနိုင်ယူမယ်ဆိုတဲ့ နည်းနဲ့ကလည်း ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် မိုးဗြဲ၊ နောင်ချိုဖြစ်စဉ်တွေကနေ သင်ခန်းစာအနေနဲ့ကတော့ တိုင်းရင်းသားလက်နက် ကိုင်တွေအနေနဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းဆောင် ရွက်လို့ မရဘူးဆိုတဲ့ သင်ခန်းစာတော့ ရသင့်ပါပြီ။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)    

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48023

© 2022 - 2025 News. All Rights Reserved.