အတိုက်အခံအင်အားစုတွေကတော့ ကိုယ်နိုင်မယ်အထင်နဲ့ တိုက်နေကြတာ၊ စစ်ပန်းလာကြရင် စားပွဲဝိုင်းပေါ် ရောက်လာကြမှာ . . . . ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်းနှင့် တွေ့ဆုံခြင်း

၂၀၂၅ ၊ ဇူလိုင် ၁၀

    ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့' သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။ နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဖိုရမ်သို့ တက်ရောက်လာသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၏ အမြင်သဘောထားများကို တွေ့ဆုံမေးမြန်းထားပါသည်။


TREND    ။    ။ ငြိမ်းချမ်းရေးဖိုရမ်မှာ အဓိက ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးခဲ့ကြလဲ။ 
SSW    ။    ။
ငြိမ်းချမ်းရေးဖိုရမ်မှာ အဓိက ဆွေးနွေးခဲ့ကြတာက ငြိမ်းချမ်းရေးရယ်၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်တွေကို အများစု ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဓိကçကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဘာတွေလုပ်သင့်လဲ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလ အဲဒီလို ခွဲပြီးတော့ သုံးသပ်ဆွေးနွေးကြတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲဖြစ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝိုင်းပြီးဆွေးနွေးကြတဲ့ အခင်းအကျင်းမှာ ရွေးကောက်ပွဲကို အဓိကçကတော့ လူတွေ စိတ်ပါဝင်စားလာအောင်ရယ် ပြီးတော့ ရွေးကောက်ပွဲ အလွန်ကာလနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကနေတစ်ဆင့် ပေါ်ပေါက်လာ မယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက  ဘယ်လောက်အထိ ပြည်သူတွေကို ဆွဲဆောင်မှုရှိ ပေးနိုင်မယ်ဆိုတဲ့ အခင်းအကျင်းပေါ့လေ။ ဥပမာ ဖက်ဒရယ် သွားမလား၊ ဘယ်လိုသွားမလဲ၊ အဲဒါကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ဆွေးနွေးသုံးသပ်အကြံပြုချက်တွေပေါ့။ ငြိမ်း ချမ်းရေး ကိစ္စကလည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတာပေါ့။ တချို့ကလည်း ထပြီး ဆွေးနွေးကြတာ ရှိတယ်။ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ကြေညာလိုက်လို့ရှိရင် အဲဒီလို ကိုယ်သွားမယ့် Flow ကို ထုတ်ပြန်ကြေညာလို့ရှိရင် တကယ်လို့ ရွေးကောက်ပွဲအလွန်မှာ ကိုယ်စားလှယ်တွေ ပြုပြင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံပြင် ဆင်ရေး၊ ငြိမ်းချမ်းရေး လုပ်ဆောင်ရမယ်ဆိုရင် အဲဒီလိုမျိုး တစ်ဖက်အတိုက်အခံ အင်အားစုကလည်း စိတ်ပါဝင်စားတယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ မြို့နယ်အလိုက်၊ မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ဖြစ်တည်လာဖို့အတွက် သူတို့လည်း စိတ်အားထက်သန်တယ်ဆိုရင် ဒီရွေးကောက်ပွဲ အောင်မြင်ရေး လမ်းကြောင်းပေါ်ကို ရောက်လာလိမ့်မယ်လို့ သုံးသပ်ဆွေးနွေး အကြံပြုသွားကြတယ်။ ရွေးကောက်ပွဲနဲ့ နိုင်ငံပြုပြင် ပြောင်းလဲရေးကို သွားမယ်ဆိုရင် လူတွေက ပြုပြင်ပြောင်းလဲရေးကို လိုချင်ကြတယ်။ ပြုပြင် ပြောင်းလဲရေးဆိုတဲ့နေရာမှာလည်း အဓိက လိုချင်ကြတာလည်း ငြိမ်းချမ်းရေးပေါ့။ နောက်တော့လည်း ငြိမ်းချမ်းရေး ဖြစ်တည်လာဖို့က စိတ်ဆန္ဒ ပြင်းပြင်းပြပြနဲ့ လုပ်ဆောင်ဖို့လည်း လိုတယ်ဆိုပြီးလည်း သုံးသပ် ဆွေးနွေးကြတာရှိတယ်။

TREND ။    ။ ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ငြိမ်းချမ်း ရေးစကားဝိုင်းတွေဟာ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေအတွက် ဘယ်လိုအကျိုးတရားတွေ သက်ရောက်မှု ဖြစ်နိုင်မလဲ။
SSW    ။    ။
Peace Talk  တို့၊ Forum တို့ ကျင်းပခြင်းအားဖြင့်၊ ပညာရှင်တွေ အပါအဝင် အလွှာပေါင်းစုံက အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရတယ်။ ဆွေးနွေးခွင့်ရတဲ့ အခါကျတော့ ငြိမ်းချမ်းရေး ဘာကြောင့် မရတာလဲ၊ မတည်မြဲရသလဲဆိုတဲ့ အားနည်းချက် အားသာချက်တွေကို နိုင်ငံတော်အစိုးရ အနေနဲ့ ပြန်သုံးသပ်သွားနိုင်မယ်ပေါ့။ ဘာလုပ်သင့်သလဲဆိုတာကိုလည်း ဆွေးနွေးပွဲတွေက အကြံပြုတာ ဆွေးနွေးတဲ့ အချက်အလက်တွေအပေါ် ပြန်သုံးသပ်နိုင်မယ်လို့ ကောက်ချက်ဆွဲမိပါတယ်။ NSPNC ကလည်း ဒီငြိမ်းချမ်းရေးဖိုရမ်ကနေ ရရှိတဲ့ ကောက် နုတ်ချက်တွေကို အထက်ကို တင်ပြပြီးတော့ ဘယ်လို ဆက်ပြီးသွားသင့်တယ်ဆိုတာမျိုးကို တင်ပြသွားမယ်လို့လည်း သိရတယ်။ ဒါကြောင့် သုံးသပ် အကြံပြု ချက်အပေါ်မှာ သူတို့ကလည်း နှစ်ကာလရှည်ကြာလာတဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခက ကျော်လွန်ခဲ့တဲ့ အစိုးရအဆက်ဆက်က ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒီဥစ္စာတွေရဲ့ မအောင်မြင်ခြင်းရဲ့ အားနည်းချက်တွေကို ပြန်သုံးသပ်ပြီးမှ သူတို့ လက်ရှိဖော်ဆောင်မယ့် ငြိမ်းချမ်းရေးကိစ္စကို ဘယ်လို လုပ်သင့်မလဲဆိုတာကို ပြန်သုံးသပ်မယ့် သဘောထားတွေလည်း မြင်ရပါတယ်။ ဖိုရမ်ကနေ အကြံပြုချက်တွေမှာ လိုက်ပါဆောင်ရွက်ပြီးတော့မှ အတိုက်အခံအင်အားစုတွေကလည်း လက်ရှိအစိုးရနဲ့ ပြုပြင်ပြောင်းလဲရေးကို သွားပါ့မယ်လို ယုံကြည်လာနိုင်တယ်ဆိုတော့ နံပါတ်တစ်က တွေ့ဆုံစကား ပြောမယ်ဆိုတဲ့ အခင်းအကျင်းတွေ၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်လာမယ်ပေါ့။ နောက်တစ် ချက်ကလည်း လက်ရှိ IDP ပြဿနာကို ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတဲ့ မေးခွန်းကိုလည်း ဆရာကြီးတစ်ဦးက ပြောသွားတာ တွေ့ရတယ်။ IDP ကိစ္စဟာ ဘာကြောင့်ဖြစ်လဲဆိုတာကို သုံးသပ်လိုက်ရင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ တွေ့ရတယ်။ လက်နက်ကိုင်ပဋိပက္ခ ဘာကြောင့်ဖြစ်လဲဆိုရင် အမြင်မတူလို့ ဖြစ်ရတယ်။ ဒီအမြင်မတူတာတွေကို အချင်းချင်းတွေ့ပြီးတော့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးတော့ အဖြေတစ်ခု ရခဲ့မယ်ဆိုရင် ဒီ IDP ပြဿနာတွေက တဖြည်းဖြည်းနဲ့ ပြေလျော့သွားမယ်လို့ သုံးသပ်သွားတာ တွေ့ရတယ်။ အဓိကကတော့ IDP ဟာ တိုက်ပွဲကြောင့် ဖြစ်တယ်၊ တိုက်ပွဲဘာကြောင့်ဖြစ်လဲ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူလို့ ဖြစ်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူရခြင်း အကြောင်းရင်းဟာလည်း တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်း မရှိလို့ပေါ့။ ဒါကြောင့် ဒါကို တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်း ဖော်ဆောင်ပြီးတော့ အဖြေရှာနိုင်မယ်လို့ သုံးသပ်ကြတာ။ တချို့ကလည်း ပြောကြပါတယ်။ နိုင်ငံတော်အစိုးက တိုင်းပြည်နဲ့ နိုင်ငံသားအတွက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းလုပ်ဆောင်နေတယ်။ တစ်ဖက်က အတိုက်အခံ အင်အားစုတွေကလည်း လူမျိုးအတွက် ဆိုပြီး ကြွေးကြော်ကြတယ်။ ဘာကြောင့် ဒါတွေကို အတူတူ မလုပ်နိုင်ရတာလဲပေါ့။ အဲဒီလို အတူတူ လုပ်မယ်ဆိုရင် အဖြေရှာတွေ့မှာပါလို့လည်း ဆွေးနွေးကြပါတယ်။

TREND ။    ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်ဆိုတဲ့ ရည်ရွယ်ချက် တူကြတယ်ဆိုတော့ ဘာကြောင့် အတူတူ ပူးပေါင်းမလုပ်နိုင်ကြတာလဲ၊ ပဋိပက္ခတွေက ဘာကြောင့် ဆက်ရှိနေရတယ်လို့ သုံးသပ် မိလဲ။
SSW    ။    ။
တကယ်လို့ တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတဲ့ ခေါင်းစဉ်ချင်းတူတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကလည်း တိုက်ကြတယ်ဆိုတဲ့အခါကျတော့ ပြောရရင် အတိုက်အခံ အင်အားစုတွေဘက်က ပြည်သူအတွက် ဆိုပြီး ဦးထိပ်ထားတယ်ဆိုရင် တွေ့ဆုံဆွေးနွေး စားပွဲဝိုင်းမှာ အဖြေရှာနိုင်ရမှာပါ။ အားလုံးကလည်း အဲဒီလို သုံးသပ်ဆွေးနွေးကြပါတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ ပြည်သူအတွက်ဆိုပြီး ပန်းတိုင်တူရင်တော့ တွေ့ဆုံဆွေးနွေးရေးကလည်း ဖြစ်မြောက် တယ်ဆိုရင် ဒါကို အဖြေရှာနိုင်မှာပါ။နိုင်ငံတော်အစိုးရဘက်မှာရော၊ အတိုက်အခံ အင်အားစုတွေမှာပါ မတူညီတဲ့ အမှန်တရားကိုယ်စီ ရှိကြပါတယ်။ တစ်ဖက်က ကိုင်စွဲထားတဲ့ အမှန်တရားကို တစ်ဖက်က အပြန်အလှန်သိအောင်၊ နားလည်အောင်လုပ်ရင် အဖြေမှန်တစ်ခုကို ရှာဖွေနိုင်မှာပါ။ ပဋိပက္ခက ဘာကြောင့် ရှည်ကြာနေတာလဲ ဒါကိုတော့ မသုံးသပ်လိုပါဘူး။ အဓိကကတော့ တွေ့ဆုံဆွေးနွေးမှု အခင်းအ ကျင်းဖြစ်လာဖို့ပေါ့။ ကိုယ့်လူမျိုးရဲ့အနာဂတ်၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို ကြည့်ကြမယ်ဆိုရင်တော့ ညှိနှိုင်းဆွေးနွေးပြီး စားပွဲဝိုင်းမှာ အဖြေရှာလို့ ရမှာပါ။ အနိုင်တိုက်ရေးလမ်း စဉ်ဆိုတာက နှစ်ဖက်လုံးက ဒီနိုင်ငံရဲ့အားအရင်းအမြစ်ကိုပဲ ယူတယ်ဆိုတော့ နောက်ဆုံးတော့ ဘယ်သူနိုင်နိုင် ကျွန်တော်တို့ ပြည်သူတွေက အရှုံးနဲ့ပဲ သွားကြရမှာပါ။ 

TREND ။    ။ ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ငြိမ်းချမ်း ရေးစကားဝိုင်းတွေကတစ်ဆင့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ အဖြေရှာရေး ဖြစ်မြောက်ဖို့ ဘယ်လိုအတိုင်းအတာအထိ အထောက်အပံ့ ဖြစ်စေမလဲ။
SSW    ။    ။
ဒီငြိမ်းချမ်းရေးစကားဝိုင်း အခင်း အကျင်းက များများလုပ်သင့်တယ်။ ဒီကနေ ယုံကြည်မှု တည်ဆောက်သင့်တယ်။ ဖိုရမ်ကနေ သက်ဆိုင်ရာတာ ဝန်ရှိသူတွေကို မီးမောင်းထိုးပြတာပေါ့။ ဒီဆွေးနွေးပွဲရဲ့ အကြံပြုချက်တွေ၊ အမြင်သဘောထား စုစည်းချက်တွေနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေက ဆက်လက်အကောင်အထည်ဖော်တာ၊ Action ယူတာမျိုး လုပ်မယ်လို့ ထင်ပါတယ်။ အတိုက်အခံ အင်အားစုတွေကိုလည်း ချဉ်းကပ်တာမျိုး လုပ်ဆောင်လာနိုင်တယ်ပေါ့။ တစ်ခါတစ်ခါကျရင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့က ကိုယ်တိုင်ချဉ်းကပ်လို့ ရချင်ရမယ်။ တကယ်လို့ ချဉ်းကပ်လို့မရဘူးဆိုရင် ကြားခံအင်အားစု တစ်ခုခု Third Party တစ်ခုခုကနေ ကူညီပေးခြင်းမျိုးနဲ့ ကြိုးစားကြရမှာပါ။ Third Party ဆိုတာက ပြည်တွင်း အင်အားစုပဲ သုံးမလား၊ ပြည်ပအင်အားစုပဲ သုံးမလား၊ ဘာသာရေးအဖွဲ့အစည်းတွေကိုပဲ သုံးမလား၊ အဆင်ပြေရာ သင့်တော်သလို အသုံးပြုကြရမှာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချဉ်းကပ်တဲ့ ပုံစံချင်းတော့ တူချင်မှ တူပါမယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ငြိမ်းချမ်းရေးဖိုရမ် အဖွင့် အမှာစကားပြောတဲ့အခါမှာ တွေ့ဆုံ ဆွေးနွေးရေးကိစ္စကို ထပ်ပြီးပြောသွားတယ်။ အဓိကçကတော့ ဖိုရမ်ကို တက်ရောက်လာတဲ့ ကိုယ်စား လှယ်တွေက ငြိမ်းချမ်းရေးဆိုင်ရာ၊ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေရယ်၊ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ဒေသ၊ သူ့နယ်ပြန်ရောက်ရင် ဒီစကားတွေကို ဆင့်ကဲဆင့်ကဲနဲ့ ပျံ့သွားမယ်လို့ ထင်ပါတယ်။ မီဒီယာကနေလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသံတွေ ပျံ့နှံ့သွားမယ်။ အဲဒီတော့ တစ်ဖက်အတိုက်အခံ အင်အားစုတွေဘက်က ဘယ်လိုတုံ့ပြန်ကြမလဲ ဆက်ပြီးနားထောင်ရ မယ့် အခြေအနေ တစ်ခုတော့ ရှိပါတယ်။ အဲဒီ တုံ့ပြန်တဲ့အခြေအနေတွေအပေါ် မူတည်ပြီးတော့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရမှာပါ။ 


TREND ။    ။ သုံးရက်တာ ကျင်းပခဲ့တဲ့ ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၅ အခင်းအကျင်းအပေါ်မှာရော ဘယ်လိုမြင်လဲ။
SSW    ။    ။
အားရကျေနပ်မှု ရှိပါတယ်။ ဒီလိုမျိုး ငြိမ်းချမ်းရေးဖိုရမ်တွေကလည်း အခါသင့်သလို ခဏခဏလုပ်ပေးဖို့ အဆိုပြုတဲ့သူတွေရှိသလို အလားတူ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လူကြီးတွေ စကားဝိုင်းအပြင် တိုင်းရင်းသားဒေသ အသီးသီးက လူငယ်တွေရဲ့ ငြိမ်းချမ်းရေးဖိုရမ်မျိုးကိုလည်း လုပ်မယ် ဆိုရင် လူငယ်တွေဆီကလည်း အသံတွေ ကြားရမှာပေါ့။ လူငယ်ဆိုတာက အနာဂတ်မျိုးဆက်သစ်တွေလေ။ ဒါကြောင့် လူငယ်တွေရဲ့ စကားဝိုင်းအသံလည်း လုပ်သင့်တယ်လို့ အဆိုပြုတဲ့သူတွေ ရှိပါတယ်။ ပြီးတော့ ဒီပွဲမှာက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဒေသစုံ၊ နယ်ပယ်စုံက လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းအသီးသီးက အသံတွေစုံတယ်။ အပြုသဘောဆောင်တဲ့ အကြုံပြုချက်တွေ အသံတွေစုံပါတယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်ရင်တော့ ငြိမ်းချမ်းရေးက ရောင်နီသန်းလာနိုင်ပါတယ်။ အခုက သက်ဆိုင်ရာလူကြီးတွေကလည်း ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် စတင်ပြီးတော့ အုတ်မြစ်ချတဲ့ အနေအထားလို့ပြောတယ်။ ပြီးတော့ အဆောက်အအုံ ဖြစ်လာအောင် တဖြည်းဖြည်းနဲ့ တည်ဆောက်သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောသွားပါတယ်။ ဒါကြောင့် အခုက အုတ်မြစ်စချတဲ့ အနေအထား၊ အဆောက်အအုံတော့ မမြင် ရသေးဘူးဆိုတဲ့ အခြေအနေပေါ့။ တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းဖြစ်ဖို့အတွက် ဖိုရမ်ကနေရလာတဲ့ အကြံပြုချက်တွေအပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆက်လုပ်သွားမယ်လို့ ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲစကားဝိုင်း ဖြစ်မြောက်လာပြီဆိုရင် ငြိမ်းချမ်းရေး ဖြစ်တည်မှုက နောက်ဆက်တွဲ ဖြစ်လာမှာပါ။

TREND ။    ။ NCA ရေးထိုးထားတဲ့ EAO အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘော ထားလဲ။
SSW    ။    ။
ရွေးကောက်ပွဲဆိုတာကတော့ လုပ်သင့်လုပ်ထိုက်ပါတယ်။ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ဖြစ်တည်လာဖို့အတွက် ရွေးကောက်ပွဲ အခင်းအကျင်းဆိုတာ မဖြစ်မနေ ဖြတ်သန်းရမှာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့အတွက်က ဒေသတည်ငြိမ်ရေး၊ လုံခြုံစိတ်ချရေးကိုလည်း မျဉ်းပြိုင် လုပ်ဆောင်သွားဖို့ လိုပါတယ်။ ပြောရရင် တည်ငြိမ်အေး ချမ်းရေးနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အပြိုင်လုပ်ဆောင်ရမှာပေါ့။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ရွေးကောက်ပွဲမတိုင်ခင်လည်း လုပ်၊ ရွေးကောက်ပွဲကာလမှာလည်း လုပ်၊ ရွေးကောက်ပွဲ အလွန်ကာလလည်း ဆက်လုပ်ဆိုတဲ့ သဘောမျိုးပါ။

TREND     ။    ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲ အခင်းအကျင်းအပေါ် ဘယ်လို သုံးသပ်ချင်လဲ။
SSW    ။    ။
ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအကျိုးအတွက် လူတိုင်းလူတိုင်းက ပြောရေးဆိုခွင့် ရှိဖို့အတွက် ကိုယ့်ကိုယ်စားလှယ်တွေ၊ ကိုယ်စားပြုသူတွေ ရှိသင့်ပါတယ်။ အဲဒါမျိုး ကိုယ့်ကိုယ်စားလှယ်ပါမှပဲ ကိုယ့်ဒေသအကျိုးအတွက် ပြောဆိုခွင့်တွေ ရရှိမှာ။ ဒါကြာင့် ရွေးကောက်ပွဲက ကိုယ့်ဒေသမှာ ဖြစ်တည်ဖို့လည်းလိုသလို အဲဒီလိုဖြစ်တည်မှပဲ ရွေးကောက်ပွဲကနေ ကိုယ့်ဒေသ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပေါ်လာမယ်။ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့မှာလည်း  ပါဝင်နိုင်မှာပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်လေ ပိုကောင်းလေပါ။ တိုင်းရင်းသားတွေလည်း သူ့နယ်နဲ့သူပေါ့၊ ပြည်မကလည်း သူ့နယ်နဲ့တူပေါ့။ အဓိက,ကတော့ ကိုယ့်ဒေသကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေများများ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားက ဗဟိုချုပ်ကိုင်မှုတွေများတယ်လို့ သုံးသပ်မိတယ်။ အဲဒီကနေ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ခွဲဝေလိုက်ပြီး အာဏာက ပြည်နယ်ထဲမှာ များများ ဖြန့်ခွဲလိုက်သလိုရှိရင် ဗဟိုချုပ်ကိုင်မှု နည်းသွားမယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ ပြည်နယ်တွေကို အာဏာခွဲဝေကျင့်သုံးခြင်းအားဖြင့်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းအားဖြင့်ပေါ့လေ၊ အဲဒီလို ကျင့်သုံးသွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးတည် ငြိမ်လာနိုင်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ့် အခင်းအကျင်းတွေ ပေါ်ပေါက်လာနိုင်မယ် လိုမြင်တယ်။ အသေအချာတော့ သုံးသပ်ဖို့ မလွယ်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးက ပြောင်းလဲမှု မြန်ဆန်နေတယ်၊ ဒီလို နိုင်ငံရေးပြောင်းလဲမှု မြန်ဆန်နေတဲ့ အခင်းအကျင်းမှာ ကြိုပြီး သုံးသပ်တာက တိကျမှုမရှိနိုင်၊ မသေချာနိုင်ဘူးပေါ့။ သေချာတာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းက အားလုံးစား ပွဲဝိုင်းမှာ စုံညီပြီးမှ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တော်ကြီးကို အားလုံးရဲ့အမြင်တွေ၊ အကြံပြုချက်တွေနဲ့ ဆွေးနွေးတည်ဆောက်ဖို့လိုတဲ့ အခင်းအကျင်းပါ။ အဲဒီလို တွေ့ဆုံဆွေးနွေးပြီး တည်ဆောက်သွားမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေဖြစ်ဖို့ဆိုတာကလည်း အဓိက အရေးကြီးတာကတော့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် အဓိက လုပ်ရမှာပါ။ အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းရဲ့ ဆွေးနွေးတဲ့ အဖြေတွေအပေါ်မှာ မူတည်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်မှာလို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းဖြစ်တည်လာဖို့ အဓိကဖြစ်တယ်။ အဲဒီအထဲမှာမှ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် သူတို့ရဲ့အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံအမြင်တွေ လာပြီးတော့ ဆွေးနွေးကြမယ်၊ အဲဒါ ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ် တည်လာမယ်လို့ မြင်တယ်။ 

TREND ။    ။ လက်ရှိ ပဋိပက္ခထဲမှာ ပါနေတဲ့ အဖွဲ့တွေရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေ၊ လိုလားချက်တွေအပေါ် ဘယ်လိုသုံးသပ်မိလဲ။ ငြိမ်းချမ်းရေးကို လိုချင်သလား၊ လိုလားမှု ရှိကြမယ်လို့ ထင်လား၊ ဘယ်လိုမြင်လဲ။
SSW    ။    ။
လူမှုကွန်ရက်တွေမှာ တွေ့နေရတဲ့ သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို လေ့လာပြီး ပြောရမယ်ဆိုရင် သူတို့ရဲ့ လိုအပ်ချက်တွေကို တချို့ တော်တော်လေး ခပ်မြင့်မြင့်လေး လိုလာတဲ့ အနေအထား တွေ့ရတယ်။ ရင်လောက်မှန်းမှပဲ ခါးလောက်ကျမယ်ဆိုတာမျိုးနဲ့ပဲ ခပ်မြင့်မြင့် ပြောထားသလားတော့ မသိဘူးပေါ့။ အဲဒီအတိုင်းပဲ မရမနေ၊ ရအောင်ယူမယ်ဆိုတဲ့ သဘောမျိုး ထုတ်ပြန်တာတချို့ တွေ့ပါတယ်။ ဒါ ပေမဲ့ ဒီနိုင်ငံက တစ်ယောက်နဲ့တစ်ယောက် အပြုတ်တိုက်ရေးကိုပဲ သွားနေမယ်ဆိုရင် ဘာမှအကျိုးမရှိ၊ တိုင်းပြည်လည်း ဆင်းရဲတွင်းထဲ နက်သည်ထက် နက်သွားမယ့် အခြေအနေမျိုး ရောက်နိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းကို ရောက်အောင် ဆွဲခေါ်ကြဖို့ပဲ လိုပါတယ်။ အမှန်ကတော့ တိုက်နေတဲ့ အတိုက်အခံအင်အားစုတွေကတော့ ကိုယ်နိုင်မယ် အထင်နဲ့ တိုက်နေကြတာပါ။ စစ်ရေးနည်းဟာ အကျိုးမရှိပါဘူးဆိုတာ သိလာပြီ၊ စစ်ပန်းလာကြပြီဆို ရင်တော့ စားပွဲဝိုင်းပေါ် ရောက်လာကြမှာပါ။ ဘာလို့လဲ ဆိုတော့ ဘယ်သူမှလည်း ရေရှည်တိုက်နေမယ်လို့ မထင်ဘူး။ စိတ်ဓာတ် တက်ကြွနေတဲ့ အချိန်မှာတော့ တိုက်မယ်ခိုက်မယ်ပေါ့။ တိုက်ရင်းတိုက်ရင်းနဲ့ အောင်နိုင်ဖို့ မရှိတော့ဘူးလို့ သူတို့စိတ်ထဲမှာ ခံစားလာရရင် စားပွဲဝိုင်းပေါ်ရောက်လာကြမှာပါ။

TREND ။    ။ တိုင်းပြည် တည်ငြိမ်အေးချမ်းစေဖို့နဲ့ ငြိမ်းချမ်းသာယာဝပြောလာဖို့ ဖြစ်သင့်တာ၊ ဖြစ်စေချင်တာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။ 
SSW    ။    ။
ငြိမ်းချမ်းရေး ဆိုတာကလည်း လက်နက်ကိုင်လမ်းစဉ်နဲ့ တိုက်ရင်းခိုက်ရင်းနဲ့ ဖြေရှင်းလို့ မရဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံစကားဝိုင်းကနေ ညှိနှိုင်းပြီးသွားရမှာပါ။ အဲဒီလို တိုက်ခိုက်ရေးလမ်းစဉ်က အဖြေမထွက်ပါဘူး။ ဆွေးနွေး ပွဲစကားဝိုင်းတွေကနေ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးမှပဲ သွားလို့ရမှာပါ။ ဒါကြောင့် ကျွန်တော်ကတော့ အားလုံးစုံညီတဲ့ အားလုံးပါဝင်တဲ့ စကားဝိုင်းအခင်းအကျင်းကို အမြန်ဆုံး ရောက်ရှိစေချင်ပါတယ်။ မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းစေချင်ပါတယ်။


TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )           
 

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46616

© 2022 - 2025 News. All Rights Reserved.