EV သုံးဘီးယာဉ်တွေနဲ့ ပတ်သက်ပြီး  ဘားအံမှာ စက်ရုံတည်ဆောက်နေပါတယ်။ မကြာခင်မှာလည်း EV ယာဉ်တွေကို ဈေးကွက်ထဲမှာ မိတ်ဆက်ပေးသွားမယ် ... Bajaj  လူစီး သုံးဘီးကုမ္ပဏီ Project Manager  ဦးမျိုးသီဟနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ၊ မေ ၂၉

ဒေသခံများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် ဘားအံမြို့တွင် စက်ရုံ တည်ထောင်ထားပြီး အိန္ဒိယနိုင်ငံမှထုတ်လုပ်ကာ ပြည်တွင်းတွင် ပြန်လည် ဖြန့်ဖြူးပေးလျက်ရှိသည့် Bajaj လူစီး သုံးဘီးကုမ္ပဏီ Project Manager  ဦးမျိုးသီဟနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 

TREND    ။    ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ တိုင်းနဲ့ပြည် နယ်အသီးသီးမှာ ကျင်းပနေတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UMTH    ။    ။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ဧရိယာပြင်ပ ၁၃ မြို့နယ်မှာရှိတဲ့ လူစီးသုံးဘီးယာဉ်တွေဟာ အခုဆိုလို့ရှိရင် ခေါက်တို သယ်ယူပို့ဆောင်ရေးစနစ်အနေနဲ့ မိသားစုဝင်ငွေကို တိုးတက်ရှာဖွေနိုင်တယ်။ ဒီလိုတိုးတက် ရှာဖွေလာနိုင်တဲ့ အချိန်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလေးတွေကို သိရှိခြင်းအားဖြင့် စနစ်တကျ မောင်းနှင်မယ်။ နောက်ပြီး တိုင်းဒေသကြီးအစိုးရရဲ့ မူဝါဒ၊ ဒေသန္တရအစိုးရတွေရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ခြင်းအားဖြင့် မိမိရဲ့ဝင်ငွေရရှိမှုကို မလျော့ပါးဘဲ ပိုမိုတိုးတက်ရှာဖွေနိုင်စေဖို့၊ ဒေသခံတွေရဲ့ အခြေခံလူမှုစီးပွားဘ၀ မြှင့်တင်ရေးကို ရည်ရွယ်ပြီးတော့ လိုက်လံဆောင်ရွက်နေခြင်း ဖြစ်ပါ တယ်။ အသိပညာပေး ဟောပြောပွဲတွေ ကျင်းပခြင်းအားဖြင့် ဒေသခံတွေအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိနိုင်မှာပါလဲ။သုံးဘီးယာဉ်မှ မဟုတ်ပါဘူး။ စက်တပ်ယာဉ် မောင်းနှင်တဲ့သူတွေအားလုံး နေ့စဉ် ယာဉ်တွေနဲ့ သွားလာလှုပ်ရှား နေရတဲ့အချိန်မှာ ယာဉ်အန္တရာယ်ဆိုတာ မဖြစ်ရင် အကောင်းဆုံးပါပဲ။ ဒီလိုယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလေးတွေ သိရှိသွားခြင်းအားဖြင့် သတိမူပြီးတော့ သွားလာခြင်းအားဖြင့် မိမိရဲ့မိသားစု၊ မိမိရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့နောင်အနာဂတ် ရည်မှန်းချက်တွေအတွက် မထိခိုက်အောင် ကြိုးစားရှာဖွေနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးနေတာ ဖြစ်ပါ တယ်။

TREND    ။    ။ ဒီလိုမျိုး အသိပညာပေး ဟောပြောပွဲတွေကို ဘယ်ဒေသတွေမှာ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။
UMTH    ။    ။
တိုင်းဒေသကြီးအနှံ့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေကို နှစ်စဉ်အလိုက် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် ယာဉ်လမ်းကြောကျပ်တည်းတဲ့ အခြေအနေအပေါ်မှာ စနစ်တကျ မောင်းနှင်နိုင်ဖို့ဆို ပြီးတော့ ဒီလိုမျိုး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသဖြင့် အစဉ်သင့်တဲ့နေရာတွေမှာလည်း ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

TREND    ။    ။ လူစီးသုံးဘီးယာဉ်တွေကို ရန်ကုန်မြို့အပြင် အခြားမြို့နယ်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
UMTH    ။    ။
နိုင်ငံဒေသ အနှံ့အပြားကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ သုံးဘီးယာဉ်တွေက မူပိုင် DDSI စနစ်နဲ့ ပလပ်နှစ်လုံးထိုး System ကို အသုံးပြုထားတဲ့အတွက်ကြောင့် ဆီစားနှုန်း သာမန်သုံးဘီးယာဉ်တွေထက် ရာခိုင်နှုန်း ၂၀ သက်သာတဲ့အပြင် လုံခြုံစိတ်ချရမှုရှိတယ်။ ယာဉ်ကြံ့ခိုင်မှုကောင်းမွန်တယ်။ အင်ဂျင်အအေးပေးစနစ်တွေရှိတဲ့ အတွက်ကြောင့်မို့ တာရှည်မောင်းနှင်သော်လည်း အဆွဲအရုန်းကျမသွားဘူးဆိုတာ ကျွန်တော်တို့ Brand ရဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဆိုရင် Dealer ၅၈ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့ စည်ပင်သာယာ ဧရိယာပြင်ပ ၁၃ မြို့နယ်များဖြစ်တဲ့ သန်လျင်၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ဒလ၊ လှိုင်သာယာအပြင် ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် အရောင်းဆိုင် ရှစ်ဆိုင်အထိ ဖွင့်လှစ်ထားရှိပါတယ်။

TREND    ။    ။ သုံးဘီးယာဉ်တွေနဲ့ပတ်သက်ပြီး လိုင်စင်ရရှိရေးအပိုင်းမှာ ဌာနဆိုင်ရာတွေနဲ့ ဘယ်လို မျိုးပူးပေါင်းဆောင်ရွက်လျက်ရှိပါသလဲ။
UMTH    ။    ။
ကျွန်တော်တို့ကတော့ ရောင်းချတဲ့အချိန်မှာ ဝယ်ယူသူတွေအနေနဲ့ ကိုယ့်ရဲ့မိသားစုဝင်တွေအတွက် စိတ်အေးချမ်းသာစွာ အဆင်ပြေပြေ မောင်းနှင်နိုင်ဖို့အတွက် ယာဉ်လိုင်စင်တင်မကဘဲနဲ့ လုပ်ငန်းလိုင်စင်အပါနဲ့ပါ ဆောင်ရွက်ပေးနေတဲ့အပြင် အခုဆိုလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီရဲ့အောက် Three Wheel Taxi Association ဆိုတဲ့အသင်းနဲ့ စတင်ဆောင်ရွက်နေပါတယ်။ အသင်းဝင်ခြင်းတွေ၊  မှတ်ပုံတင်ခြင်းတွေ အားလုံးကိုလည်း ကုမ္ပဏီက ကျခံပြီးတော့မှ စနစ်တကျ ပြေးဆွဲနိုင်ရေး ကူညီဖေးမ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

TREND    ။    ။ စက်ရုံအနေနဲ့က ဘယ်လိုအမျိုးအစား လူစီးသုံးဘီးယာဉ်တွေ ထုတ်လုပ်နေလဲ။
UMTH    ။    ။
ဘားအံမှာရှိတဲ့ စက်ရုံကနေ လူစီးသုံးဘီးယာဉ်တွေ တစ်ရက်ကို အစီးရေ ၇၅၀ တပ်ဆင်ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ အခုဆိုရင် EV ယာဉ်တွေနဲ့ပတ်သက်ပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်လည်းရရှိပြီး ဖြစ်ပါတယ်။ အဲဒီမှာလည်း EV နဲ့ပတ်သက်ပြီး ဘားအံမှာ စက်ရုံတည် ဆောက်နေပါတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ EV ယာဉ်တွေကို ဈေးကွက်မှာ မိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီယာဉ်တွေဟာ တစ်နှစ်ကို သောင်းဂဏန်း အထိ ထုတ်လုပ်ပြီးတော့ ဖြန့်ဖြူးရောင်းချနေတာ ဖြစ် ပါတယ်။ အဲဒါတွေကလည်း ဒေသရဲ့ ဝယ်လို အားမရှိဘဲနဲ့ မဖြစ်နိုင်ပါဘူး။ ဒေသအသီးသီးက ကြိုက်နှစ်သက်စွာနဲ့ တောင်းဆိုမှုတွေကြောင့် ရောင်းချပေးနေရခြင်း ဖြစ်ပါတယ်။ သုံးဘီးယာဉ်တွေကတော့ လက်ရှိ ကျပ်သိန်း ၂၀၀ ဝန်းကျင်နဲ့ ရောင်းချပေး နေပါတယ်။

TREND    ။    ။ ဒေသခံတွေအတွက် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေ အနေလည်း ပြောပြပေးပါဦး။
UMTH    ။    ။
ဒေသတွင်းမှာရှိနေတဲ့ အဲဒီဘေးတွဲလေးတွေကလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် ရှာဖွေနေရတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယာဉ်လေးတွေကိုလည်း သူတို့ကနေပြီးတော့ တရားဝင်ပြေးဆွဲလို့ရတဲ့ ယာဉ်လေးတွေ ဝယ်ယူမောင်းနှင်နိုင်ဖို့ အစီအမံတွေ ဆောင်ရွက်နေပါတယ်။ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်ရေးကို ဘဏ်တွေနဲ့ ချိတ်ဆက်နေသလို Microfinance တွေနဲ့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်ဆိုင်မှာမဆို လက်ငင်းမဟုတ်ရင်တောင်မှ အရစ်ကျစနစ်နဲ့ သွားရောက် ဆွေးနွေးဝယ်ယူလို့ရပါတယ်။ အချက်အလက်ကလည်း တစ် ရက်လောက်ပဲစောင့်ရပြီး နောက်နေ့မှာ တန်းပြီးတော့ ခွင့်ပြုချက်ကျနိုင်တဲ့ အခြေအနေအထိ ဆောင် ရွက်ပေးထားတာဖြစ်ပါတယ်။ နောက်ပြီး Bajaj ဖေ့စ်ဘုတ်ပေ့ချ်မှာလည်း အရစ်ကျဝယ်ယူနိုင်တဲ့ အခြေ အနေတွေနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကြေညာထားပါတယ်။ တဖြည်းဖြည်းနဲ့ အသွင်ကူး ပြောင်းလာစေရေးအတွက် စည်းရုံးဆွဲဆောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အရစ်ကျစနစ်နဲ့ ပတ်သက်ပြီး Microfinance တွေနဲ့ ချိတ်ဆက်ထားပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ခွင့်ပြုချက်ရရှိတဲ့ Microfinance တွေအပေါ် ရွေးချယ် ဝယ်ယူနိုင်အောင် ကုမ္ပဏီလေး၊ ငါးခုနဲ့ MoU ထိုးပြီးတော့ ဆောင်ရွက်နေပါတယ်။ အခုချိန်မှာဆိုရင် Down payment ရာခိုင်နှုန်း ၅၀ သွင်းပြီးတာနဲ့ ဒီနေ့လျှောက်ထား မနက်ဖြန် ယာဉ်ရရှိရေး အစီအစဉ်တွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောချင်တာလေးတွေရှိရင် ပြောကြားပေးပါဦး။
UMTH    ။    ။
ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ သုံးဘီးယာဉ်တွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စနစ်တကျ မောင်းနှင်နိုင်ဖို့ အတွက် နွေရာသီကာလမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတွေ ဆောင်ရွက်ဖို့လည်း စီစဉ်ထားရှိပါတယ်။ ပြီးတော့ နိုင်ငံတော်မှာ လိုအပ်တဲ့ဘယ်အခြေ အနေမှာမဆို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44649

© 2022 - 2025 News. All Rights Reserved.