TNLA နှင့် အကြမ်းဖက်အဖွဲ့များ နောင်ချိုမြို့နယ်ထဲ ဝင်လာစဉ် ကြုံတွေ့ခဲ့ရသည့် အခြေအနေများအပေါ် ဒေသခံများ၏ ရင်တွင်းစကားသံများ

၂၀၂၅၊ ဇူလိုင် ၃၁
    TNLA ပူးပေါင်းတပ်များက အေးချမ်းသာယာပြီး တိုးတက်မှုအဟုန် မြင့်မားနေသည့် နောင်ချိုမြို့အား မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုကြောင့် နောင်ချိုမြို့သည် စစ်ဘေးဒဏ်သင့်ခဲ့ရသည်။
    ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက် နောက်ပိုင်းမှ စတင်ကာ ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာဖြင့် နီးစပ်ရာ မြို့^ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီတိုက်ပွဲရှောင်စခန်းများသို့ ၎င်းင်းတို့၏ တိုက်တာ အိုးအိမ် အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မြို့သိမ်းဟူသော ခေါင်းစဉ်ဖြင့် တိုက်ပွဲများ ဖော်ဆောင်မှု၏ ဆိုးကျိုးအဖြစ် ဒေသပျက်စီးခဲ့ရပြီး ဒေသခံလူထု ဒုက္ခမျိုးစုံ ကြုံခဲ့ကြရသည်။
    မြန်မာ့တပ်မတော်စစ်ကြောင်းများကလည်း  ၂၀၂၄ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် တန်ပြန် တိုက်စစ်များ အဆင့်ဆင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့ အဆင့်ဆင့် လိုက်လံတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ဇူလိုင် ၁၅ ရက်အထိ မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှု လမ်းကြောင်းများ၊ ကျောက်မဲလေးဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီး လမ်းခွဲ၊ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီး တစ်ဝိုက်၊ ပြင်ဦးလွင်-နောင်ချို ပြည် ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိနှင့် ကျောက်ကြမ်းနေရာ တစ်ဝိုက်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်က အောင်မြင်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
    TNLA က MDY-PDF နှင့် ဓနု PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာခဲ့ကြစဉ်က အခြေအနေ၊ ဒေသခံပြည်သူများ တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် မြန်မာ့တပ်မတော်က နောင်ချိုကို ပြန်လည်သိမ်းပိုက်နိုင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးခဲ့ပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် စာသင်ကျောင်းများ၊ ယာယီဆေးရုံများ ဖွင့်လှစ်ပေးမှု၊ ရေပေးဝေမှုစနစ်နှင့် ဆက်သွယ်ရေး၊ အင်တာနက်လိုင်းများ၊ လျှပ်စစ် ဓာတ်အားလိုင်းများ ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ပေးနေမှုတို့နှင့်ပတ်သက်၍ နောင်ချို မြို့ခံများ၏ ရင်တွင်းစကားသံများကို နောင်ချိုနှင့် တောင်ခမ်းဒေသမှ ဒေသခံများအား Trend ဂျာနယ်အဖွဲ့ မှ တွေ့ဆုံမေးမြန်းခဲ့ပါသည် ...

နောင်ချိုမြို့ခံ (နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ) 
    ပလောင်တွေ မြို့ထဲဝင်လာပြီး နောက်ပိုင်း ဘာမှ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး၊ ဆုတ်ယုတ်သွားတာပဲ ရှိခဲ့တာ။ စိတ်ဓာတ်ရေးရာတွေ ကျဆင်းသွားတယ်။ သူတို့က အစီအမံတွေတော့ ချနေကြတာပဲ။ ဒါပေမဲ့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ကျောင်းတွေပိတ်ထားတော့ ကလေးတွေရဲ့ ပညာရေးအတွက် တော်တော် နစ်နာခဲ့ရပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေကတော့ ပြင်ဦးလွင်တို့၊ တခြားမြို့တွေမှာ သူတို့သားသမီးတွေကို ကျောင်းသွားထားကြတယ်။ ငွေမရှိတဲ့ သူတွေကတော့ ပရဟိတကျောင်းတွေမှာ သွားထားကြတာမျိုးတွေ ရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး အကုန်လုံး ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ဆိုးကျိုးအနေနဲ့ကတော့ သူတို့ ဝင်လာလိုက်တော့ ရာခိုင်နှုန်း ၉၀ လောက်အထိကို ဖြစ်သွားခဲ့တာ။ တစ်ဦးတစ်ယောက် တည်း မဟုတ်ဘူး။ ရာခိုင်နှုန်း ၉၀ လောက်ကို လူတန်းစားမျိုးစုံ ဆိုးကျိုး ဖြစ်ခဲ့တာ။ နောက်တစ်ချက်က သူတို့က လူသစ်စုဆောင်းတယ်။ မတရားအတင်းစုဆောင်းခဲ့တာဆိုတော့ နဂိုပထမ သူတို့ကို ယုံစားနေတဲ့သူ တွေတောင်မှ သူတို့ကို မယုံကြည်ကြတော့ဘူး၊ အမြင်မကြည် ကြတာတွေ ရှိခဲ့တယ်။ မကြည်ဖြူတော့ဘူးပေါ့။ 
    ဒါကြောင့် သူတို့ရှိနေတဲ့ ကာလအတွင်းမှာ ပြည်သူလူထုအတွက် ကောင်းကျိုးတွေ ဘာတစ်ခုမှ  အကောင်အထည် ဖော်မပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အောက်ဆုံးက ပြည်သူတွေပဲ ပြားနေအောင် ခံခဲ့ကြရတာ။ အခုဆိုရင် အကုန်လုံးလည်း ပျက်စီးသွားတာလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ စစ်ဆိုတာကြီးကို မဖြစ်စေချင်ဘူး။ တတ်နိုင်ရင် စစ်ဆိုတာ ဖြစ်မယ့်အစား စားပွဲခုံပေါ်မှာပဲ ဆွေးနွေးတဲ့ အခင်းအကျင်းပဲ ဖြစ်စေချင်ပါတယ်။ အခုက ကျွန်တော်တို့ဒေသကို ပလောင်တပ်တွေ ဝင်လာတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ ပြည်သူတွေက ဒုက္ခတွေ အများကြီး ရောက်ခဲ့ကြရပါတယ်။ တော်တော်လေးကို ခါးစည်းပြီး ခံခဲ့ရတယ်။ တချို့အိမ်တွေက မရှိကြတော့ဘူး၊ အိမ်တွေ ပျက်စီးသွားခဲ့တာ ကြုံတွေ့နေရ တော့ ရည်မှန်းချက်တွေ ပျောက်ကုန်တဲ့ အနေအထားပေါ့။ ကျွန်တော်တို့က ငြိမ်းချမ်းအေးဆေးတာပဲ လိုလားတာပါ။ အခုလိုမျိုး တပ်မတော်ကနေ မြို့ကို ပြန်လည်သိမ်းလိုက်တဲ့အတွက် အများကြီးဝမ်းသာ မိပါတယ်။ မြို့ကတည်ငြိမ်လာပြီ၊ ပြန်လာလို့ ရပြီဆိုတာလည်း သိရပါတယ်။ အဲဒီလို ကိုယ့်နေရာ၊ ကိုယ့်ဒေသလေး ပြန်ရောက်လာပြီဆိုတော့ စိတ်ချမ်းသာ မိပါတယ်။ အေးချမ်းသွားတာကို ကျေးဇူးတင်မိပါတယ်။ ထပ်ပြီးလည်း ဘာမှမဖြစ်စေချင်တော့ပါဘူး။ ကိုယ့်ခြံ၊ ကိုယ့်မြေ၊ ကိုယ့်ယာလေးမှာ ပြန်လုပ်စားလို့ ရသွားတာကိုပဲ ကျေနပ်မိပါတယ်။

ဒေသခံ (နောင်ချိုမြို့နယ်- ယာပြင်ရွာ)
    ကျွန်တော်တို့ စစ်ဘေးရှောင်ခဲ့ရတာ လေး၊ ငါးလ ရှိခဲ့ပေမယ့် တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၂၄ တုန်းက ကျွန်တော်က မပြေးခဲ့ဘူး။ ယာပြင်မှာပဲ ရှိခဲ့တယ်။တခြားလူတွေက ပြေးကြပေမယ့် ကျွန်တော်တို့က မပြေးခဲ့တာ။ အိမ်မှာ အသက်ကြီး အဘိုးအဘွားတွေ ရှိနေလို့ မပြေးခဲ့ဘူး။ အိမ်မှာပဲ ကတုတ်ကျင်းတွေတူး၊ တွင်းနက်ကြီးတွေတူးပြီး အောင်းနေခဲ့ကြရတာ။ တောင်ခမ်းမှာ ပစ်ခတ်နေတဲ့ အသံတွေကိုလည်း ကျွန်တော်တို့ ယာပြင်က အတိုင်းသား ကြားနေရပါတယ်။ ဒိန်းခနဲ ဒိုင်းခနဲနဲ့ မီးခိုးတွေ အလိမ့်လိမ့်ထွက်နေတာကိုလည်း မြင်နေရတယ်။ အဲဒီလို အခြေအနေကနေ နောက်တော့ TNLA တွေ ရွာထဲကို ဝင်လာတယ်။ ဝင်လာပြီးတော့ စစ်တယ်ဆေးတယ်၊ မေးမြန်းခဲ့ကြတယ်။ ဒီအိမ်မှာ လူဘယ်နှယောက် ရှိလဲ။ မင်းက ဘာလူမျိုးလဲ မေးကြတယ်။ ကျွန်တော်က ဗမာလူမျိုးပါလို့ပြောတော့ ငါတို့က ဗမာဆိုရင် အသံတောင်မကြားချင်ဘူးလို့ TNLA တွေက ပြောတယ်။ မင်းသောက်ခွက်တောင် မြင်ချင်တာမဟုတ် ဘူးဆိုပြီး ရင့်ရင့်သီးသီး ပြောတာတွေတောင် ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က သီးခံခဲ့ပါတယ်။ သီးမခံလို့လည်း မရပါဘူး။ သူတို့က ပစ်သတ်ကြမှာ။ သူတို့ရှိနေတဲ့အချိန်မှာ အိမ်ထဲက အိမ်ပြင်လည်း မထွက်ရဲဘူး။ စားဖို့သောက်ဖို့ဆိုရင်လည်း အိမ်ခြံထဲမှာ စိုက်ထားတာလေးတွေပဲ ခူးစားခဲ့ရတယ်။ ဒုက္ခတွေအများ ကြီးရောက်ခဲ့ကြရပါတယ်။ အပြင်လည်း သွားလို့မရဘဲ ခြံထဲမှာပဲ လုံးလည်လိုက်သွားတယ်။ ဒီခြံထဲမှာ နေတာတောင် ထမင်းချက်တာတောင် မနက်စောစော ထချက်ရတယ်။ မီးခိုးကို ခေါင်းမိုးပေါ်ကို မကျော်စေနဲ့ ဆိုတာမျိုးအထိ ဒုက္ခရောက်ခဲ့ကြရတာ။ ရေချိုးရင်လည်း အမြန်ချိုးရတယ်။ အပြင်ထွက်ပြီး လူကောင်ကြီး မပြရဲဘူး။ နေရတာ ကျဉ်းကျပ်တယ်။ ပေါ်တာတွေလည်း ရှိတယ်။ ရွာသားတွေက သူတို့အထဲ ဝင်ကြတာတွေ ရှိတယ်။ ပေါ်တာဆွဲတဲ့ နေရာမှာလည်း သူတို့က ဓနု ဓနုအချင်းချင်း၊ ပလောင် ပလောင်အချင်းချင်း ဆွဲကြတာ။ ကျွန်တော်ကတော့ ဗမာဖြစ်တော့ လုံး၀စိတ်မဝင်စားသလို လာလည်း မခေါ်နဲ့မဝင်ဘူး ဆိုတာမျိုး ဆုံးဖြတ်ထားပြီးသား။ အမှန်ကတော့ သူတို့ကလည်း ဗမာဆိုရင် အသံတောင် မကြားချင်ဘူးဆိုပြီး ပြောခဲ့တာ။ အဲဒီတုန်းကဆိုရင် ကျွန်တော့်ကို ဖမ်းမယ်ချုပ်မယ်ဆိုပြီး လုပ်ခဲ့သေးတာ။ ကျွန်တော်ကတော့ TNLA ဆိုရင် အသံတောင် မကြားချင်ဘူး။ နောက်ပိုင်းကျတော့ ကျွန်တော်တို့လည်း မဖြစ်မနေ ရှောင်ကြရတော့တယ်။ နောင်ချိုအထိတောင် ရှောင်ခဲ့ရသေးတယ်။ ဒုက္ခတွေလည်း ရောက်ခဲ့ရပါတယ်။ အခုမှ တပ်မတော်က သူတို့ကို ရှင်းလင်းပစ်လိုက်တော့မှ လွတ်လပ်သွားခဲ့တာ။

ဒေသခံ (တောင်ခမ်းရွာ-နောင်ချိုမြို့နယ်)
    ဒီနယ်မြေမှာ ပလောင်တပ်တွေ ဝင်လာတယ်။ ပစ်ကြခတ်ကြ ဖြစ်လာတော့ တောင်ခမ်းကလူတွေ အကုန်လုံး ပြေးကြရတာပေါ့။ မြန်မာ့တပ်မတော်နဲ့ TNLA တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တဲ့အခါမှာ နေအိမ်တွေ အနည်းအပါး မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်။ နောက်တစ်ချက်က ဒေသခံတွေရဲ့ပစ္စည်းတွေကို TNLA က ယူတာတွေ ရှိတယ်။ TNLA တွေက အဓိကကတော့ ဆိုင်ကယ်တွေ၊ ကားတွေကို ယူကြတယ်။ သူတိုရှေ့တန်းသွားဖို့၊ ရိက္ခာပို့ဖို့ ကားတွေ ပြီးတော့ ရွာတွေဘက်မှာ အသုံးများတဲ့ လေးလုံးထိုး စက်တွေကို ယူသုံးတယ်။ အဲဒီစက်တွေက ကြံရာသီဆိုရင် ကြံတိုက်လို့ တော်တော် ကောင်းတယ်။ ပြီးတော့ 4 Wheel ကားတွေပေါ့လေ၊ အဲဒါတွေကို သူတို့ ဘယ်နားက ကောက်ဆွဲလာလဲတော့ မသိဘူး၊ အဲဒါမျိုးတွေလည်း အများကြီးရှိတယ်။ နောက်တစ်ချက်ရှိတာက နောင်ချိုရဲစခန်းမှာရှိတဲ့ ကားတွေဆိုရင်လည်း သူတို့ဘာသာ ဝပ်ရှော့တွေမှာ ထိုးပြီး ပြင်ပြီးတော့ ယူသုံးတာတွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ သူတို့က နှစ်ထပ်တိုက်တွေ၊ တိုက်လှလှ အိမ်တွေဆိုရင် ဝင်တယ်။ တချို့ စက်နှိုးလို့မရတဲ့ ကားတွေဆိုရင် ပိုင်ရှင်တွေက ထားခဲ့တာ။ အဲဒါတွေကိုလည်း သူတို့က ယူပြီး ပြင်သုံးကြတယ်။ ဒါက ပြည်သူပိုင်ပစ္စည်းတွေ ယူတဲ့ကိစ္စပေါ့။ ကျွန်တော်တို့ သွားလာတဲ့အခါမှာ ခက်ခဲပါတယ်။ အိမ်ထောင်စုဇယားပါလား၊ မှတ်ပုံတင်ပါလားဆိုပြီး စစ်ဆေးတာတွေ ရှိတယ်။ အဲဒါတွေပါမှ သွားလာလို့ရတယ်ဆိုတာ လွတ်လပ်မှုမရှိဘူးပေါ့။ ထိတ်လန့်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ အများကြီး အခက်အခဲများစွာ ကြုံခဲ့ရပါတယ်။ အခုလို တပ်မတော်က ရှင်းလင်းပြီးတော့ တည်ငြိမ်အေးချမ်းအောင် လုပ်လိုက်တဲ့အတွက် အရမ်းကို ပီတိဖြစ်မိပါတယ်။ သွားတဲ့လမ်းတွေကလည်း ဖြောင့်ဖြူးသွားခဲ့ပါတယ်။ နဂိုတုန်းကဆိုရင် စားဖို့အတွက် ရိက္ခာလေး၊ ဆန်လေးသွားဝယ်မယ်ဆိုရင် ကြောက်ကြောက်လန့်လန့် ဖြစ်နေခဲ့ရ တာ။ အခုဆိုရင် လွတ်လွတ်လပ်လပ် ဝယ်လို့သွားလို့ ရပါပြီ။ ပြီးတော့ တပ်မတော် သားတွေဘက်ကလည်း ရွာသူရွာသားတွေ ဘာလိုအပ်သလဲ၊ ဘာမရှိဘူးလဲ၊ ကူညီထောက်ပံ့ပေးတယ်။ ကျွန်တော်ဆိုရင် ရွာထဲမှာ ဝရိန်ဆော်တဲ့စက် ပျောက်ခဲ့ပြီးပြီ။ အဲဒါကို တပ်မတော်သားတွေ အကုန်ပြန်ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ ရွာသားတွေအားလုံး အဆင်ပြေကြပါတယ်။ 

ကျောင်းသားမိခင်တစ်ဦး (နောင်ချိုမြို့ခံ)
    သူတို့က ဒီမှာရှိစဉ်တုန်းက လုံခြုံမှုမရှိခဲ့သလို သွားချင်တိုင်းလည်း သွားလို့မရခဲ့ဘူး။ လွတ်လပ်မှု မရှိတာပေါ့။ သူတို့ရှိတုန်းက ဖုန်းလိုင်းလည်းမရဘူး၊ မီးလည်းမရဘူ။ တကယ်လို့ ကိုယ့်ဆွေမျိုးတွေနဲ့ ဆက်သွယ်ချင်တယ်ဆိုရင် ကျောက်ကြမ်းတွေဘက်တို့၊ တခြား ဖုန်းလိုင်းရတဲ့ နေရာတွေမှာ သွားဆက် ကြရတာ။ အဲဒီလို သူတို့က ပေးဆက်ခိုင်းတယ်။ နောက်ပိုင်းကျတော့ ဒလန်များလို့ဆိုပြီး သူတို့က ဖုန်းပေးမဆက်ခိုင်းတော့ဘူး။ သတင်းပေးတွေရှိတယ်ဆိုပြီး ပိတ်လိုက်တာ။ ဖုန်းဆက်ရင် ဖမ်းတယ်။ ပြီးတော့ ပလောင်အချင်းချင်းဆိုရင် ပလောင်စစ်သား ကောက်တယ်။ ဓနုအချင်းချင်းဆိုရင်  ဓနုလူမျိုးတွေ စစ်သားကောက်တာမျိုးတွေ လုပ်တယ်။ အခုလို တပ်မတော်က ပြန်ပြီး ရှင်းလင်းသိမ်းပိုက်လိုက် တော့ လွတ်လွတ်လပ်လပ်နေခွင့် ပြန်ရခဲ့လို့ ဝမ်းသာကျေနပ်မိပါတယ်။ မိသားစုနဲ့ စည်းစည်းလုံးလုံး ပြန်နေလို့ ရသွားတယ်။ ကလေးတွေလည်း ကျောင်းတက်ရတယ်။ ကျွန်မတို့ တခြားဝေးဝေးလံလံကိုလည်း ကျောင်းသွားမထားနိုင်ခဲ့ဘူး။ ပြီးတော့ ကိုဗစ်ရော၊ နိုင်ငံရေး အခြေအနေနဲ့ရောဆိုတော့ ကလေးတွေရဲ့ပညာရေးက တစ်နှစ်ကျော် နှစ်နှစ်လောက် နားခဲ့ရတယ်။ အခုဆိုရင် တပ်မတော်နဲ့ပညာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေက ကျောင်းဖွင့်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ သားသမီးသုံးယောက်လုံးကိုလည်း ကျောင်းအပ်ခဲ့ပါပြီ။ နဂိုတုန်းက ပလောင်တွေ ရှိတုန်းက ကျောင်းမထားခဲ့ရဘူး။ကျောင်းတွေအားလုံးက ချုံတွေချည်းပဲ။ TNLA အဖွဲ့က ပညာရေး ဘာမှ လုပ်မပေးခဲ့ဘူး။ တပ်မတော်က ပြန် သိမ်းပြီးတော့မှ ကျောင်းတွေ အကုန်လုံးပြန်ရှင်းပြီး ဖွင့်လှစ်ပေးခဲ့တာ။ ကျောင်းတွေ ဖွင့်လှစ်ပေးခဲ့လို့လည်း သားသမီး ပညာရေးအတွက် တပ်မတော်ကို ကျေးဇူးတင်မိပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(  ) တွင်ပါရှိသော နောင်ချိုဒေသခံတို့၏ စကားသံများအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48421

© 2022 - 2025 News. All Rights Reserved.