ဆြာထူးနှင့် တပ်ပေါင်းစု

၂၀၂၅ ၊ ဩဂုတ် ၂၁
    "ချရာထူး"
    ရုတ်တရက် အသံလာရာဆီသို့ ကြည့်လိုက်ရာ မိမိထိုင်နေကြ လမ်းဘေးပလက်ဖောင်း လက်ဖက်ရည်ဝိုင်းလေးသို့ ဖင်တရွတ်ဆွဲကာ ချီတက်လာသော တောင်း ရမ်းစားသောက်သူ ပန်းဆိုးတန်းဇော်ကြီးဆိုသူ ဖြစ်နေသည်။ နူနာရောဂါကြောင့် စကားပြောရာတွင် နှာသံပါနေသဖြင့် အင်မတန်ကြီးမြတ်လှပေသော ဆြာထူးအား ချရာထူးဟု အသံထွက်မှား၍ ခေါ်လေသည်။ ဆြာထူး တစ်ယောက် စီးကရက်ကို ဟန်ပါပါဖွာရင်း ပန်းဆိုးတန်း ဇော်ကြီး မျက်နှာသို့ မှုတ်ထုတ်လိုက်လေရာ...
    "ဆြာထူးရယ် ညှော်နံ့ရရင် တပည့်အနာတွေ ရင်းလို့ပါဂျ။ ခုဆြာထူး လက်ဖက်ရည်ဆိုင် ထိုင်နေတယ်လို့ သတင်းကြားလို့ တပည့် အကြံလာတောင်းတာ"ဟု စကား စလေသည်။ တောင်းရမ်းစား သောက်သူ သူတောင်းစားက ဆရာတင်ခြင်းခံရသဖြင့် မျက်နှာတစ်ချက် တင်းမာသွားလေရာ "ဒတောင်း ချားက ဆရာတင်တာ မဟုတ်ပါဘူး ဆရာရယ်...အကြံဉာဏ်တောင်းတာပါ"ဟု ဖင်ခုထိုင်ထားသော ရော်ဘာပြားလေးကို နေရာရွှေ့ရင်း အနားသို့ ကပ်လာသည်။ "ပြော"ဟု အင်မတန် ခံ့ညားသောလေသံ ထွက်ပေါ်လာပြီးနောက် သူတောင်းစား ဇော်ကြီးတစ်ယောက် မျက်နှာ ဝင်းလက်သွားပြီး စကားစလေ တော့သည်။
    "တပည့်တို့ လူတွေစုပြီး နိုင်ငံလုံးဆိုင်ရာ သူတောင်းစားများ မဟာမိတ်တပ်ပေါင်းစု (NBA) ဖွဲ့ချင်လို့ ဆရာ အင်းဒလိတ်လိုတော့ Nationwide Beggars Alliance ပေါ့ဆရာ"
    "ဖွီ အဟွတ် ဟွတ်" ဆြာထူး တစ်ယောက် သောက်လက်စရေနွေးကြမ်း သီးသွားလေတော့သည်။ လမ်းဘေးမှာ တောင်းရမ်းစားသောက်သူတွေက မဟာမိတ်တပ်ပေါင်းစုကြီး ဖွဲ့မည်ဆိုခြင်းကြောင့် ရုတ်တရက် သီးသွားရခြင်း ဖြစ်သည်။ ပြောမယ့်သာ ပြောရတာ ပန်းဆိုးတန်း ဇော်ကြီးဆိုသူက အရင်ကလည်း အမျိုးသားညီညွတ်ရေး ဂျလေဗီများအဖွဲ့ NUJ ဆိုတာ ဖွဲ့ဖူးတာကြောင့် အထင်သေး၍ မရချေ။ ရုပ်တည်ကြီးနဲ့ လာပြောနေတာကြောင့် သူတောင်းစား ဇော်ကြီးတစ်ယောက်ကို အထင်သေးလို့ မရတော့ဘဲ ဆြာထူးတစ်ယောက် သောက်လက်စ စီးကရက်ကို ဖိချေရင်း။
    "ဟိုတစ်ခေါက်က မင်းတို့ဖွဲ့တဲ့ NUJ ဆိုတဲ့ အဖွဲ့ကရော"ဟု မေးကြည့်မိသည်။
    "ဒီလိုဆရာရဲ့ ဟိုတစ်ခေါက်က ဖွဲ့တဲ့အဖွဲ့က ကျွန်တော်တို့လို တောင်းရမ်းစားသောက်တဲ့ လူတွေချည်းပဲ မဟုတ်ဘူးလေ။ သူခိုးလည်း ပါတယ်၊ ခါးပိုက်နှိုက်လည်း ပါတယ်၊ အိမ်ခြေရာမဲ့လည်း ပါတယ်။ ယုတ်စွအဆုံး ဂျလေဗီတွေပဲ စုဖွဲ့ထားတော့ ခေါင်းဆောင်မှုအားနည်းပြီး ဖွဲ့စည်းပုံပျက်၊ ကိုယ်တောင်းလို့ရတာ ကိုယ်ယူဆိုတာမျိုးတွေ ဖြစ်လာတော့ မန္တလေးတိုင်းက အဖွဲ့ဝင် သူတောင်းစား 'ငတေ' ဆိုတဲ့ကောင်က NUJ ကို ပြောင်းလဲမယ်၊ ပြောင်းလဲရမယ် ခဏခဏ ထအော်တာကြောင့် ကျွန်တော် အဲ့ဒီအဖွဲ့က နုတ်ထွက်လိုက်ပြီး တပ်ပေါင်းစုဖွဲ့ဖို့ စီစဉ်ရတာပဲ ဆရာ"
    ဂျလေဗီလောကသားအချင်းချင်း မညီညွတ်ဘဲ သူတစ်လူငါတစ်မင်း ဖြစ်လာတော့ သူတောင်းစားတွေက ခွဲထွက်ဖို့ တပ်ပေါင်းစုဖွဲ့မည်ဆိုသည့်အကြံကို ဆြာထူးတစ်ယောက် သေချာစဉ်းစားပေးရတော့ သည်။ ရန်ကုန်လို မြို့ကြီးပြကြီး ဆိုတာကလည်း လူတကာနဲ့ ဆက်ဆံနေရတာကြောင့် လူ့အဆင့်အတန်း ခွဲခြားနေလို့မရ တောင်းစားသူပဲဖြစ်ဖြစ်၊ ကုမ္ပဏီမန်နေဂျာပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် YBS ပေါ် တက်စီးလျှင် တစ်သားတည်း ခရီးသည်ဖြစ်ကြရသည်။ ဒီတော့လည်း ပန်းဆိုးတန်းဇော်ကြီး အကြံဉာဏ်တောင်းမှုကို သေသေချာချာ စဉ်းစားရလေတော့သည်။
    "ကဲ...ဟုတ်ပါပြီ မင်းတို့ တပ်ပေါင်းစု (NBA) ဖွဲ့စည်းတာ ဘယ်နှယောက်စုပြီးပလဲ"
    "လောလောဆယ်တော့ ဗိုလ်တထောင်ကမ်းနားမှာ လမ်းဘေးခွေးတွေနဲ့ အတူတူနေတဲ့ 'ခွေးကျော် မြတ်'ရယ်၊ လိုင်းကားတွေပေါ်မှာ လိုက်တောင်းနေတဲ့   'ငါးဆယ်တန်သိမ်း'ရယ်၊ ကျွန်တော် ရယ် သုံးယောက်ပေါ့ ဆရာ"
    ဟိုက်ရှာလပတ်ရည် အလုပ်အကိုင် မယ်မယ်ရရမရှိ တောင်းရမ်းစားသောက်သူ သုံးယောက် စုပြီး တစ်နိုင်ငံလုံးက တောင်းစားသူတွေကိုစုကာ တပ်ပေါင်းစုကြီး လုပ်မည်ဟူသော ရည်မှန်းချက်ကြီးက အင်မတန် မျက်နှာပြောင် တိုက်လှသည်ဟု ဆိုနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအရ လူ့အခွင့်အရေးက ရှိနေပြန်တော့ သူတို့ အခွင့်အရေးအရ သူတို့ လူမှုအဖွဲ့အစည်း တည်ထောင်တာ အပြစ်တော့ မဟုတ်ချေ။
    "မင်းတို့က ခွဲခြားခွဲခြား ထလုပ်တော့ မင်းတို့ ရဲ့ မူရင်းအဖွဲ့ကြီး NUJ က ကြိုက်ပါ့မလားကွ"
    "ဒါတော့ စိတ်မပူနဲ့ဆရာ သူတို့တောင် ခေတ်ပျက်နေပြီ၊ သုဘရာဇာလုပ် ကျင်းတူးပြီး တောင်းစားနေတဲ့လူကလည်း မီးသင်္ဂြိုဟ်စက်တွေပေါ်လာလို့ တိုင်ပတ်နေတယ်။ အရက်ဖိုးမရှိလို့ လိုက်တောင်းနေတဲ့ သူကလည်း အသည်းခြောက်ပြီး အခြေအနေမကောင်းတော့ဘူး။ နောက်ပြီး သူတို့ကိုလည်း သူတောင်းစား အသိုက်အဝန်းက ထောက်ခံမှုကျလာတော့ ကျွန်တော်တို့က အသာအယာလေး ဖျာဝင်ခင်း တဲ့ သဘောပေါ့ ဆရာရယ်"
    "ဟိုက်"ဟု အာမေဋိတ်အသံထွက်သွားသည်။ သူတို့လောကမှာကလည်း ထောက်ခံမှု ကျဆင်းသွားတာကြောင့် ဖျာဝင်ခင်းသည့် အဖွဲ့ကလည်း အဆင်သင့်ရှိ သေးသည်။ "မအံ့သြနဲ့ဆရာ ခုဆိုရင် တောင်းရမ်းသူတွေက အရင်လို ခေတ်မကောင်းတော့ဘူး။ နိုင်ငံတကာအဆင့် တောင်းရမ်းသူတွေ များလာတဲ့ အချိန်မှာ ပြည်တွင်း တောင်းရမ်းသူတွေမှာ ထိခိုက်လာတယ်။ ဆရာပဲ စဉ်းစားကြည့်လေ ကျုပ်တို့ တောင်းတော့ကြတော့ ခြေကောင်း လက်ကောင်းကြီးတွေ အလုပ်လုပ်ချင်စိတ်မရှိအောင် မလှူကြနဲ့တဲ့၊ နိုင်ငံခြားကလူတွေကြတော့ လှူကြပါဦးရှင်ဆိုတာနဲ့ ဝိုင်းလှူလိုက်ကြတာများ အတော် ချမ်းသာကုန်ပြီ နိုင်ငံရေးအကြောင်း မပြောချင်ပါဘူး ဆရာရယ်"
    အောင်မာ နိုင်ငံတကာရေးရာတွေပါ ထည့်ပြောပြီး ပန်းဆိုးတန်းဇော်ကြီးတစ်ယောက် နိုင်ငံရပ်ခြားထိ ခွက်စောင်းလိုက်ခုတ်နေသေးသည်။ သူတောင်းစား ဇော်ကြီးတစ်ယောက် ဆြာထူးမျက်နှာ စေ့စေ့ ကြည့်ရင်း
    "ဆရာ့ကို လာတိုင်ပင်တာ ကျွန်တော်ကတော့ သူတောင်းစား တော်လှန်ရေးအတွက် မဟာမိတ် တပ်ပေါင်းစုကိုဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပြီဆရာ။ ခုဆိုရင် မြေပြင်ထိဆင်းပြီး လာတောင်းတဲ့ ပြိုင်ဘက်တွေ ပေါ်လာပြီ ဒါပဲဆရာ။ တပည့်အချိန်ရှိတုန်း လိုက်တောင်းလိုက်ဦးမယ်"ဟုဆိုကာ ဖင်တရွတ်ဆွဲပြီး လမ်းမ အတိုင်းသီချင်းလေး တကြော်ကြော်ဆိုကာ ထွက်သွားလေတော့သည်။
    "ထောင့်ငါးရာ ရရင်ရ မရသေးရင် အဆုံးထိ သွားမှာပါ"
    "ဒန်ဖလားတွေ ရှေ့မှာချ ခွက်ခေါက်ပြီး တောင်းရမ်းရမှာပါ"
    "ငွေကြွေတွေ ကန့်ကွက်ရမယ် အလိုမရှိ၊ အလိုမရှိ၊ တစ်ထောင်တန် အနည်းဆုံး ထည့်ပါ အာစရိ အာစရိ"ဟု သံစဉ်ကြားဖူးနားဝရှိသော သီချင်းသံလေးက ပျံ့လွင့်သွားလေတော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 188

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53829

© 2022 - 2025 News. All Rights Reserved.