လက်နက်ကိုင်တိုက်ပွဲတွေ ရပ်သွားပေမယ့် စကားလုံးစစ်ပွဲတွေ ဆက်နွှဲနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား

၂၀၂၅၊ ဩဂုတ်  ၃၀
    ငါးရက်ဆက်တိုက် ဝုန်းဒိုင်းကြဲခဲ့တဲ့ သေနတ်သံတွေ၊ အမြောက်သံတွေ တိတ်ဆိတ်သွားတာ အခုဆိုရင် တစ်လလောက် ရှိခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီအစား စကားလုံးတွေနဲ့ ထိုးနှက်တဲ့၊ ဝေဖန်တဲ့၊ ပြစ်တင်တဲ့၊ ရှုတ်ချတဲ့ အသံတွေကတော့ ဆက်ပြီး ဆူဆူညံညံ ထွက်ပေါ်နေတုန်းပါပဲ။
    ဒီအခြေအနေဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကြားက ပြောင်းလဲဖြစ်ပျက်မှုတွေကို ရည်ညွှန်းတာပါ။ ဇူလိုင်လကုန်ပိုင်းက နယ်စပ်အရေး တင်းမာမှုတွေကို အကြောင်းပြုပြီး စစ်ခင်း တိုက်ခိုက်ခဲ့ဖူးတဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံဟာ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်ကို လေးလေးစားစား ဆက်လက် ထိန်းသိမ်းထားပေမယ့် ပါးစပ်သေနတ်တွေပစ်နေတာကိုတော့ မရပ်ကြပါဘူး။ အတိအကျ ပြောရ ရင်တော့ မရပ်ရုံသာမကဘဲ ပိုပြီးတော့တောင် အရှိန်မြှင့်နေကြပါတယ်။
    ဒီနေရာမှာ ထိုင်းနဲ့ကမ္ဘောဒီးယား အစိုးရတွေက အပြန်အလှန်စကားလုံးတိုက်ပွဲ ဆင်နွှဲနေတာဟာ ကိုယ့်ပြည်သူတွေကို စည်းရုံးဖို့ရော၊ နိုင်ငံတကာ ထောက်ခံမှုတွေကိုပါ ရရှိနိုင်ဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရရဲ့ အဆင့်အမြင့်ဆုံး အရာရှိကြီးတွေက တိုက်ရိုက်ပြောဆိုတဲ့ စကားတွေရော၊ မီဒီယာတွေကနေတစ်ဆင့် ဝါဒဖြန့်တဲ့ နည်းလမ်းတွေကိုပါ အပြိုင်အဆိုင် အသုံးချနေကြပါတယ်။
    ထိုင်းပြည်သူ တော်တော်များများက ဇူလိုင် ၂၄ ရက်ကနေ ၂၈ ရက်ထိ ကြာမြင့်ခဲ့တဲ့ စစ်ရေး ပဋိပက္ခမှာ သူတို့နိုင်ငံစစ်တပ်က အသာစီးရခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ စစ်ပွဲနောက်ပိုင်း ဆက်ဖြစ်နေတဲ့ သတင်းအချက်အလက် တိုက်ပွဲ၊ တစ်နည်းအားဖြင့် စကားလုံးတိုက်ပွဲတွေမှာတော့ ထိုင်းက ရှုံးနိမ့်စ ပြုနေပြီလို့ ပြည်သူတွေက ယူဆလာကြပါတယ်။
    စစ်ပွဲရဲ့ နောက်ဆက်တွဲအခြေအနေတွေကို စောင့်ကြည့်လေ့လာနေသူတွေက ကမ္ဘောဒီးယားအစိုးရဟာ သတင်းအချက်အလက် စစ်ပွဲကိုဆင်နွှဲရာမှာ ပိုပြီး ခြေသွက်လက်သွက် ရှိသလို ယုံကြည်ချက်လည်း ပြည့်၀နေတယ်လို့ သုံးသပ်ကြပါတယ်။ ပြီးတော့ မီဒီယာတွေကို ပါးပါးနပ်နပ် ကိုင်တွယ်နိုင်စွမ်းလည်း ရှိတယ်။ ထိုင်းကတော့ အဲဒီအပိုင်းမှာ ပြိုင်ဘက်ထက် ခြေတစ်လှမ်း နောက်ကျနေဆဲလို့ လေ့လာ သူတွေက ယူဆကြပါတယ်။
    ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်အဖြစ် ဟွန်မန်နတ်က ဦးဆောင်နေပေမယ့် တကယ်တမ်း နိုင်ငံကို မောင်းနှင်နေသူဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်ဆိုတာ အားလုံး သိထားကြပြီးသားပါ။ ဒီတော့ ထိုင်းနဲ့ သတင်းအချက်အလက် စစ်ပွဲဆက်နွှဲနေတဲ့ ကမ္ဘောဒီးယားရဲ့ အခင်းအကျင်းတွေကိုလည်း ဟွန်ဆန်ကပဲ အဓိက ကြိုးကိုင်နေတာ ဖြစ်ပါလိမ့်မယ်။ ထိုင်းမှာတော့ အစိုးရနဲ့ စစ်တပ်ကြားမှာကိုက ပြဿနာတချို့ရှိနေပြီး အဲဒီအခြေအနေက ကမ္ဘောဒီးယားနဲ့ယှဉ်ရင် အားနည်းချက် တစ်ခုလို့ ယူဆလို့လည်း ရပါတယ်။ 
    စစ်ပွဲကာလမှာကတည်းက ကမ္ဘောဒီးယားဟာ မီဒီယာစစ်ပွဲကို ထိထိရောက်ရောက် ဆင်နွှဲခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ လူမှုကွန်ရက်တွေကိုလည်း ကောင်းကောင်း အသုံးချတတ်တယ်။ ဒီနေရာမှာ ကမ္ဘောဒီးယားရဲ့မူက အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုတဲ့ သဘောတရားကို ကိုင်စွဲပါတယ်။ ရိုးသားဖို့၊ မှန်ကန်နေဖို့ မလိုဘဲ သတင်းအချက်အလက် စစ်ပွဲမှာ ထိုင်းအပေါ် အသာစီးရဖို့ကိုပဲ တစိုက်မတ်မတ် ဦးတည်ခဲ့ပါတယ်။ 
    စစ်ပွဲစတင်ချိန်မှာ ကမ္ဘောဒီးယားဘက်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ကြောင်း ထိုင်းက စွပ်စွဲပြီး F-16 တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလက်တုံ့ပြန်စေခဲ့ပါတယ်။ ကမ္ဘောဒီးယားကတော့ ဒေသတွင်း ပဋိပက္ခ တစ်ခုမှာ ထိုင်းဟာ လေတပ်အပါအဝင် လွန်လွန်ကဲကဲ အင်အားသုံးနေပါတယ်ဆိုတဲ့ ပုံရိပ်မျိုးကို ထင်းနေအောင် ပေါ်လွင်လာစေဖို့ စူးစူးစိုက်စိုက် ပုံဖော်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ မြောက်မြားလှ စွာသော ကမ္ဘောဒီးယား လိုလားတဲ့ လူမှုကွန်ရက် မီဒီယာအကောင့်တွေက ထိုင်းရဲ့ F-16 တိုက်လေ ယာဉ်တွေ ပစ်ချခံရတယ် ဆိုတာမျိုး၊ ထိုင်းက အဆိပ်ဓာတ်ငွေ့တွေ အသုံးပြုပြီး ယုတ်မာတဲ့ နည်းတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတာမျိုး သတင်းအမှားတွေကို အုံနဲ့ကျင်းနဲ့ ဖြန့်ဝေခဲ့ပါတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ ဒီနည်းတွေဟာ မရိုးသားပါဘူး။ ဒါပေမဲ့ သတင်းအချက်အလက်စစ်ပွဲကို အပြိုင်နွှဲကြတဲ့ နေ ရာမှာတော့ ပြိုင်ဘက်ကို ေ၀ဝါးသွားစေဖို့ အများကြီး အလုပ်ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီလို အချက်အလက်အမှားတွေ၊ စွပ်စွဲတဲ့ပို့စ်တွေက ယူကရိန်းစစ်ပွဲနဲ့ တခြားမဆီမဆိုင် ကိစ္စတွေဆီက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ် ယူလာတာမျိုးတွေ ဖြစ်နေပါတယ်။
    ထိုင်းဘက်ကတော့ ကမ္ဘောဒီးယားရဲ့ မှားယွင်းစွပ်စွဲမှုတွေကို လိုက်ဖြေရှင်းရင်း အတော်လေး အချိန်ကုန်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခုကို ဖြေရှင်းနေတုန်းမှာပဲ နောက်ထပ် စွပ်စွဲချက်တစ်ခုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပြီးသား ဖြစ်နေပါတယ်။ ထိုင်းက နယ်စပ်စစ်ပွဲဟာ ကမ္ဘောဒီးယားဘက်က ဒုံးကျည်တွေနဲ့ ပစ်ပြီး ထိုင်းပြည်သူတွေ သေကျေလို့ စတင်လာရပါတယ်ဆိုတဲ့ တန်ပြန်စွပ်စွဲချက်ကို ကမ္ဘာက စာနာ လက်ခံလာဖို့ ကြိုးစားခဲ့ပေမယ့် သိပ်တော့ အောင်မြင်ပုံမရပါဘူး။ 
    ဒီကြားထဲ ထိုင်းမှာရှိနေတဲ့ နိုင်ငံရေးတင်းမာမှုတွေကလည်း ကမ္ဘောဒီးယားရဲ့ မီဒီယာစစ်ပွဲကို တုံ့ပြန်ရာမှာ အားနည်းချက်တွေ ဖြစ်လာစေတယ်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝတ်ထရာဟာ ဟွန်ဆန်နဲ့ အလွတ်သဘော ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှုကို အကြောင်းပြုပြီး ပြဿနာတွေ တက်ရာက ရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတယ်။ အဲဒီအသံဖိုင်ထဲမှာ သူကကိုယ့် နိုင်ငံရဲ့စစ်တပ်ကို အတင်း ပြောတဲ့သဘောမျိုး ပုတ်ခတ်ထားမိတာကြောင့် အစိုးရနဲ့ စစ်တပ်ကြားက အက်ကြောင်းဟာလည်း လူသိရှင်ကြား ဖြစ်လာတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယားဟာ စစ်အင်အားအရ ထိုင်းကို မယှဉ်သာပေမယ့် မီဒီယာစစ်ပွဲအတွက်တော့ တစ်နိုင်ငံလုံးရဲ့ ကွဲပြားတဲ့ အရင်းအမြစ်၊ အင်အားစု အားလုံးဟာ ဟွန်ဆန်ရဲ့ ခေါင်းဆောင်မှုနောက်မှာ တစ်သားတည်း ရှိနေခဲ့ပါတယ်။
    ဟွန်ဆန်ဟာ သူနဲ့ခေတ်ပြိုင် နိုင်ငံခေါင်းဆောင်တွေထဲမှာတော့ လူမှုကွန်ရက်ကို အပါးနပ်ဆုံး အသုံးချတတ်သူ တစ်ယောက်လို့ သတ်မှတ်ရပါမယ်။ သူက ထိုင်းအစိုးရကို ရိတဲ့၊ ခနဲ့တဲ့၊ ထိုးနှက်တဲ့ စကား လုံးတွေက အားပါပြီး အများစုရဲ့ အာရုံကိုလည်း ဆွဲဆောင်နိုင်လေ့ရှိတယ်။ ထိုင်းမှာ စစ်တပ်နဲ့ အစိုးရကြား မညီမညွတ်ဖြစ်နေတာမျိုးကို သူက သရော်လေ့ရှိပြီး အဲဒါကို ထိုင်းဘက်က အလူးအလဲ ဖြေရှင်းကာကွယ် ဖုံးဖိရင်း ဗျာများရလေ့ ရှိတယ်။
    နောက်ပိုင်းမှာတော့ ထိုင်းအစိုးရကလည်း ဗျူဟာပြောင်းပြီး နယ်စပ်မှာ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်းတွေထောင်ပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုတာမျိုး၊ အရပ်သားတွေ သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တိုင်ကြားဖို့ ထိုင်းဘက်က စီစဉ်နေတယ်ဆိုတာမျိုး တန်ပြန် ထိုးနှက်တာတွေကို ထိုင်းအစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ကိုယ်တိုင် ထုတ်ပြောရင်း မီဒီယာတန်ပြန်ထိုးစစ်ကို ခင်းကျင်းလာတယ်။ ဒါပေမဲ့ ဟွန်ဆန်ရဲ့ အကွက်တွေကိုတော့ မမီသေးဘူးလို့ လေ့လာသူအများစုက လက်သင့်ခံထား ကြတယ်။
    ဟွန်ဆန်ဟာ သိပ်ကိုပါးနပ်ပြီး ထိုင်းနိုင်ငံရေးရဲ့ ရှိနှင့်ပြီးသား ပပ်ကြားအက်တွေထဲမှာ ကောင်းကောင်း သပ်လျှိုပြခဲ့ပါတယ်။ ဒါ့အပြင် ဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခမှာ ကမ္ဘောဒီးယားဟာ နစ်နာသူ၊ ဖိနှိပ်ခံရ သူဆိုတဲ့ ပုံရိပ်မျိုးကို နိုင်ငံတကာရှေ့မှာ ကောင်းကောင်း ပုံဖော်နိုင်ခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား ပြဿနာမှာ ဘယ်သူမှားပြီး ဘယ်သူမှန်သလဲဆိုတာကို ဝင်ပြီး ကောက်ချက်ချလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီပြဿနာကို အခြေပြုပြီး နိုင်ငံရေးအရ အကျိုးအမြတ်ရှာတဲ့အပိုင်းမှာတော့ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားက အများကြီး ပိုသာနေပါတယ်။ တချို့ထိုင်းအစိုးရ အရာရှိတွေဆိုရင် မီဒီယာစစ်ပွဲမှာတော့ ကမ္ဘောဒီးယားကို မယှဉ်သာဘူးဖြစ်နေပါ တယ်လို့တောင် ဝန်ခံကြပါတယ်။
    ကမ္ဘောဒီးယားဟာ စစ်အင်အားချင်း ယှဉ်တိုက်ရင် ထိုင်းကိုနိုင်ဖို့ မဖြစ်နိုင်ကြောင်း ဓမ္မဓိဋ္ဌာန်ကျ ကျ နားလည်ထားပြီးသားပါ။ ဒီတော့ နယ်စပ်ပိုင်ဆိုင်မှုကိစ္စ အငြင်းပွားတဲ့ ပြဿနာမျိုးတွေမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) လို အဖွဲ့အစည်းတွေရဲ့ ကြားဝင်ဆုံး ဖြတ်ချက်ကိုခံယူပြီး တရားရေးအရ ထိုင်းအပေါ် အသာစီးယူနိုင်ဖို့ ပိုပြီး အလေးထားပါတယ်။ အတိတ်တုန်းကလည်း အဲဒီလို အားသာချက် မျိုးကို ကမ္ဘောဒီးယားက ယူပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို လျှောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဟွန်ဆန်က ကမ္ဘောဒီးယားကို နိုင်ငံတကာ စာနာထောက်ခံမှုတွေ ပိုရအောင် မီဒီယာစစ်ပွဲကို အားထည့်ပြီး ဆင်နွှဲနေတာပါ။ 
    နောက်ပြီး ဟွန်ဆန်ဟာ စစ်ရေးပဋိပက္ခကို အကြောင်းပြုပြီး သူ့ရဲ့ နိုင်ငံရေးသြဇာကို ပိုခိုင်မာအောင် ဖန်တီးယူနိုင်ခဲ့တယ်။ ဒါကလည်း တကယ့်ကို နိုင်ငံရေးအတွေ့အကြုံ ကြွယ်ဝလွန်းတဲ့ နောက်ထပ် အရည်အသွေးတစ်ခုပါပဲ။ ထိုင်းနဲ့ဖြစ်ပွားတဲ့ စစ်ပွဲကြောင့် အရင်က ဟွန်ဆန်ကို အမြင်မကြည်တဲ့၊ မထောက်ခံချင်တဲ့ ကမ္ဘောဒီးယားနိုင်ငံသား အများအပြားကပါ သူ့ကိုအား ကိုးယုံကြည်တဲ့ သဘောထားမျိုးတွေ ပြောင်းလဲလာပါတယ်။ ကမ္ဘောဒီးယားမှာ အမျိုးသားရေးဝါဒ ထွန်းကားလာလေလေ၊ အားကောင်းလာလေလေ၊ ဟွန်ဆန်ရဲ့ပုံရိပ်ကလည်း ကြီးမားလာလေ ဖြစ်မှာပါ။ ထိုင်းမှာအလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားအများအပြားက နေရပ်ပြန်ကုန်ကြပြီး နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအရ ထိခိုက်မှုတွေလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒါပေမဲ့ ဟွန်ဆန်အတွက်တော့ ဒါဟာ အကျိုးအမြတ်များတဲ့ အရင်းအနှီး ဖြစ်ခဲ့ပါတယ်။
    ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်အငြင်းအခုံ ကိစ္စတွေကတော့ ဆက်ဖြစ်နေဦးမှာပါ။ နှစ်ဖက်လုံးအတွက်လည်း ဒီပြဿနာဟာ နယ်စပ်အရေးသက် သက်မဟုတ်ဘဲ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စိန်ခေါ်မှုမျိုး ဖြစ်နေတယ်။ ဒီတော့ ဘယ်ဘက်ကမှလည်း အလျှော့ပေးမှာ မဟုတ်ပါဘူး။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ယှဉ်လုနေတာဟာ မြေနေရာ သက်သက်မဟုတ်ဘဲ အစိုးရ အသီးသီးနဲ့ နိုင်ငံရဲ့ ဂုဏ်သရေ၊ သိက္ခာ တရားတွေ ဖြစ်ပါတယ်။
    လောလောဆယ်မှာတော့ နယ်စပ်က သေ နတ်သံတွေ တိတ်ဆိတ်ပြီး အခြေအနေတွေက ပုံမှန် အနေအထားဆီ ပြန်လည် ဦးတည်လာနေပါပြီ။ ဒါပေမဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက မီဒီယာစစ်ပွဲ ကတော့ နည်းနည်းလေးမှ အရှိန်လျော့မသွားဘဲ ဆူဆူညံညံနဲ့ဆက်ပြီး အသက်ဝင်နေတုန်းပဲ ဖြစ်ပါ တယ်။
(ညိုစိမ်း)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 102

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53817

© 2022 - 2025 News. All Rights Reserved.