အမြင့်ဆုံးသော နိုင်ငံရေးဂုဏ်သိက္ခာ၊ အချိုမြိန်ဆုံးသော သံခင်းတမန်ခင်း ဆက်ဆံရေး

၂၀၂၅ ၊ စက်တင်ဘာ ၁၁
    တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ SCO အစည်းအဝေးနဲ့ ပေကျင်းမှာ ကျင်းပခဲ့တဲ့ နှစ် (၈၀)ပြည့်အောင်ပွဲနေ့ အခမ်းအနားတွေကနေ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရေး တန်းဝင်မှု တစ်နေရာစာ ရခဲ့တယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်တဲ့ အင်အားကြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ အင်အားပြတွေ့ဆုံတဲ့ ဒီအခမ်းအနားက ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပထမဦးဆုံး အခြေအနေမျိုးတောင် ဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ဒီနေရာမှာ တချို့နိုင်ငံတွေက သံခင်းတမန်ခင်းအရ အလုပ်သဘောလို့ အကြောင်းပြချင် ပြနိုင်ပေမယ့် သေချာတာကတော့ အကျိုးစီးပွားနွှယ်တဲ့ ပတ်သက်မှုတွေက နောက်ကွယ်မှာ ကိုယ်စီရှိနေကြတာကိုတော့ အထင်အရှား မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်က နိုင်ငံပေါင်း ၂၇ နိုင်ငံ၊ ရုရှားနဲ့ ဘီလာရုစ်တို့လိုမျိုး အင်အားကြီးတဲ့ နိုင်ငံတွေအပြင်၊ အာဖရိက၊ အမေရိကားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တက်ရောက်ကြတာ ဖြစ်လို့ ရှန်ဟိုင်း SCO အစည်းအဝေးက အစည်းအဝေးတစ်ခုထက်ကို ပိုတယ်လို့ပဲ ညွှန်းဆိုရမှာပါ။
    ဒီနေရာမှာ သာမန်အားဖြင့် အစည်းအဝေးတစ်ခုကို ဆွေးနွေးဘက်နိုင်ငံဖြစ်လို့ တက်ရောက်တာမို့ မထူးခြားဘူးဆိုပေမယ့် ကော်ဇောနီခင်းပြီး ခရီးဦးကြိုပြုခဲ့ရတဲ့ တရုတ်ရဲ့ ဆက်ဆံရေးနဲ့ ဂရုပြုရမယ့် တရုတ်-မြန်မာကြား ဆက်ဆံရေးဟာ တခြားနိုင်ငံတွေထက် ပိုအရေးကြီးတယ်ဆိုတဲ့ အချက်ကလည်း အဓိကအခန်း ကဏ္ဍမှာ ပါဝင်နေပြန်ပါသေးတယ်။ မိုင်ပေါင်း ၁၃၀၀ ကျော်ရှည်လျားတဲ့ နယ်နိမိတ်၊ ၁၉၅၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ၂၀၁၁ ခုနှစ်လောက်ကမှ စတင်ခဲ့တဲ့ ဘက်စုံ လွှမ်းခြုံတဲ့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (Myanmar-China Compr-ehensive Strategic Cooperative Partnership) အဆင့်တွေ၊ ဒေသတွင်းနိုင်ငံတွေကို စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ လွှမ်းခြုံနိုင်ဖို့ ကြိုးစား နေကြတဲ့ Two Major Power အမေရိကန်နဲ့တရုတ်ကြားက Geopolitical နဲ့ Geoeconomy ဆိုတဲ့ အခန်းကဏ္ဍတွေမှာ မြန်မာနိုင်ငံရဲ့ Land-bridge လုပ်နိုင်တဲ့ အခင်းအကျင်းတွေကြောင့်လည်း နိုင်ငံရေးမှာ သိသိသာသာ အရေး ပါလာတဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်ဆိုတာ ငြင်းရနိုင်မှာ မဟုတ်ပါဘူး။
    ဒေသတွင်း အာဆီယံနိုင်ငံတွေတိုင်းမှာလည်း ပေါင်းစည်းရေးနဲ့ ညီညွတ်ရေးဆိုပြီး အခြေခံထားကြပေမယ့် Bilateral interest  နဲ့ Common interest တွေ ကိုယ်စီရှိထားကြတာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ရေကြောင်းကုန်သွယ်ရေးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မလက္ကာရေ လက်ကြားရဲ့ အရေးပါမှုကို ရှောင်လွှဲနိုင်ဖို့ ဒုတိယဦးစားပေး ရွေးချယ်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်လို့ စင်ကာပူလိုနိုင်ငံမျိုးတွေအတွက် သေချာပေါက် ကျေနပ်စရာမရှိတဲ့ စီမံကိန်းမျိုးအဖြစ် ရှုမြင်နေကြမှာ မလွဲပါဘူး။  ပေးထားချက်အရ ရှိနေတဲ့ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံတွေ ကြားမှာ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအခန်းကဏ္ဍမှာ အခွင့်အလမ်းတွေ အများကြီးရှိနေတာကတော့ တကယ့်ကို ကျေနပ်စရာပါပဲ။ တောင်အာရှနဲ့ အရှေ့တောင်အာ ရှတို့အတွက် Choke Point ဖြစ်နေတဲ့ အနေအထားတစ်ခုက Geopolitical အရ ကြည့်မယ်ဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်သလို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ အရှေ့ မျှော်မူဝါဒ နဲ့လည်း ကိုက်ညီနေပြန်သေးတာပါ။ 
    မကြာသေးခင်ကလည်း နိုင်ငံတကာ မြောက်ပိုင်း-တောင်ပိုင်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (INSTC) မှာ မြန်မာနိုင်ငံကို ပါဝင်ဖို့ ရုရှားဘက်က ဖိတ်ခေါ်ထားတယ်ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်ပါသေးတယ်။ နိုင်ငံတကာ မြောက်ပိုင်း-တောင်ပိုင်း သယ်ယူပို့ဆောင်ရေးစင်္ကြံ (INSTC) ဆိုတာက သွားနေကျ စူးအက်တူးမြောင်ကိုရှောင်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ပါရှန်းပင်လယ်ကွေ့ကို ကက်စပီယန်ပင်လယ်နဲ့ ချိတ်ဆက်ပြီး ဥရောပ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ဖြန့်ကြက်မယ့် လမ်းကြောင်း ပုံစံသစ်ကို ဆိုလိုတာပါ။ စူးအက်တူးမြောင်းကနေ အိန္ဒိယကိုရောက်ဖို့ သာမန်အားဖြင့် ရက်ပေါင်း ၆၀ လောက် ကြာပေမယ့် ဒီလမ်းကြောင်းသစ်အရ ရက် ၃၀ သာ ကြာနိုင်မှာဖြစ်သလို ကုန်ကျစရိတ်မှာလည်း ရာခိုင်နှုန်း ၃၀ လောက် ပိုသက်သာနိုင်တာဖြစ်လို့ မြန်မာနိုင်ငံအတွက် ကျောက်ဖြူရေ နက်ဆိပ်ကမ်းနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းတွေနဲ့သာ ချိတ်ဆက်နိုင်ရင် စီးပွားရေးမှာ အတော်လေး အားကောင်း ဦးမော့ လာနိုင်မယ့်ပုံစံမျိုး မြင်တွေ့ခွင့်ရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့ သတင်းတစ်ခုက SCO ထိပ်သီး အစည်းအဝေးမှာပဲ တရုတ်-မြန်မာ-အိန္ဒိယကို ဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီးကို ပြုပြင်ဖို့ သဘောတူညီချက် ရခဲ့တယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီလမ်းမကြီးသာ ဖြစ်ပေါ်လာခဲ့ရင် တရုတ်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းကနေ မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ကိုဖြတ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်း ယွန်းမြို့နယ် ပန်ဆောင်မြို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံ Assam ပြည်နယ်အထိ တိုက်ရိုက်ချိတ်ဆက်မှာ ဖြစ်လို့ ကုန်စည်ပို့ဆောင်ရေးမှာ အဓိက အခန်းကဏ္ဍအဖြစ် မြင်လာရဦးမှာပါ။
    အင်ဒို-ပစိဖိတ်အရေးမှာ အမေရိကန် အကောင်အထည်ဖော်နေတဲ့ IPEF နဲ့ တရုတ်ဦးဆောင်တဲ့ Global Development Initiative (GDI) တို့ရဲ့ အားပြိုင်မှုကလည်း ဒေသတွင်းနိုင်ငံတွေကြားရှိနေသလို တရုတ် ဆောင်ရွက်နေတဲ့ GDI ကို Belt and Road Initiative(BRI) ကလည်း ချိတ်ထားပြန်သေးတော့ ကမ္ဘာ့နိုင်ငံရေးဗဟိုဆွဲ ငင်အား ဗဟိုချက်က ဒေသတွင်း နိုင်ငံတွေအပေါ် သိသိသာသာ သက်ရောက်နေတဲ့အချက်ကိုလည်း လျစ်လျူရှုလို့ မရပြန်တာ တွေ့မြင်ကြရမှာပါ။ ပိုပြီးစိတ်ဝင်စား စရာဖြစ်ခဲ့တာက ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SCO ထိပ်သီးအစည်း အဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအစီအမံ (Global Governance Initiative - GGI)ကို ချပြခဲ့တာပါ။ 'ပိုမို သမာသမတ်ရှိပြီး တရားမျှတမှုရှိသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်တစ်ခုနဲ့ လူသားမျိုးနွယ်အတွက်မျှဝေသော အနာဂတ်ဘုံ အသိုက် အဝန်း တစ်ခုဆီသို့ ချီတက်ရန်အတွက် နိုင်ငံအားလုံးနဲ့အတူ လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ပါသည်'ဆိုပြီး သမ္မတရှီက ပြောကြားခဲ့တာပါ။ တကယ်တော့ သမ္မတရှီက ၂၀၁၄ မှာ ရပ်ဝန်းနဲ့ ပိုးလမ်းမ (Belt and Road Initiative - BRI) အစီအမံ၊ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအစီအမံ (Global Development Initiative - GDI)၊ ၂၀၂၂ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative - GSI) နဲ့ ၂၀၂၃ ခုနှစ် မှာ ကမ္ဘာလုံးဆိုင်ရာ ယဉ် ကျေးမှုအစီအမံ (Global Civilization Initiative - GCI) တို့ကိုအဆိုပြု ချပြခဲ့ပြီးဖြစ်လို့ SCO မှ ချပြခဲ့တဲ့ GGI က ပဉွမမြောက် အစီအမံဖြစ်တယ်ဆိုတာ တွေ့မြင်ကြရမှာပါ။ 
    တရုတ်နိုင်ငံက ဦးစီး ဆောင်ရွက်နေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ (Belt and Road Initiative - BRI) က ကုန်းလမ်းအပြင် ရေကြောင်းလမ်းဆိုတဲ့ မဏ္ဍိုင်နှစ်ရပ် ပါရှိတာကို တွေ့မြင်ကြရမှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အကျိုးများမယ့် စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာ အထင်အရှားပါပဲ။ ပထမမဏ္ဍိုင်က တရုတ်နဲ့ဥရောပနိုင်ငံ တွေကို ချိတ်ဆက်မယ့် လမ်းကြောင်းဖြစ်သလို ဒုတိယမဏ္ဍိုင်ကတော့ အရှေ့တောင်အာရှ၊ အာဖရိကနဲ့ ဥရောပနိုင်ငံတွေကို ရေကြောင်းနဲ့ ချိတ်ဆက်ပေးမယ့်လမ်းကြောင်းတွေ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီတဲ့ ဒီလိုစီးပွားရေးအရ ချိတ်ဆက်နေမှုမှာ မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်-တရုတ်၊ အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနဲ့ တရုတ်-အင်ဒို ချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတွေမှာ ပါဝင်ပတ်သက်နေတဲ့ အခွင့် အလမ်းကောင်းကြီးတစ်ရပ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယာယီသမ္မတက ကျောက်ဖြူရေနက်စီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းတွေဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး လေးလေးနက်နက် ပြောသွားခဲ့တာ တွေ့မြင်ခဲ့ကြ ရမှာပါ။ နောက်ထပ်အရေးကြီးတာကတော့ အပေါ်ကဆိုခဲ့သလို တရုတ်ဆောင်ရွက်နေတဲ့ GDI အစီအမံမှာ ပါဝင်တဲ့ ဦးစား ပေးနယ်ပယ်ရှစ်ခုဟာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ကဏ္ဍတွေ အများကြီးရှိနေလို့ နှစ်နိုင်ငံစီး ပွားရေးလုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ တိုးမြှင့်ဆောင် ရွက်သွားနိုင်ခဲ့ရင် သားရွှေအိုး ထမ်းလာတဲ့ကိန်းမျိုး မလွဲမသွေ ပိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
    ဒီခရီးစဉ်အတွင်းမှာ ယာယီသမ္မတအနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ရုရှားသမ္မတ ပူတင်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ မြောက်ကိုးရီးယားခေါင်းဆောင်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ မွန်းဂိုလီးယားသမ္မတ၊ ပါကစ္စတန်၊ မလေးရှားနဲ့ နီပေါနိုင်ငံတွေရဲ့ ဝန်ကြီးချုပ်တွေကို တစ်နေရာတည်း မှာပဲ စုံစုံညီညီ တွေ့ခွင့်ရလိုက်တာက မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့အရွေ့တစ်ခုလို့ ဆိုရမှာပါ။ ဒီတွေ့ဆုံမှုကနေ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံချက်ရရှိခဲ့သလို မြန်မာနိုင်ငံအတွက် အကျိုးရှိစေတဲ့ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့တာကတော့ အပိုဆုလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေကနေ မကြာခင် ကျင်းပ တော့မယ့် ရွေးကောက်ပွဲအတွက် ထောက်ခံကြောင်း ရပ်တည်ချက်တွေရခဲ့သလို နောင်တစ်ချိန် SCO မှာ အဖွဲ့ဝင်ဖြစ်လာနိုင်မယ့် အခင်းအကျင်းမျိုးကိုလည်း ဖန်တီးနိုင်ခဲ့ပြန်တာ တွေ့ရမှာဖြစ်ပါတယ်။ မြန် မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုက တရုတ်အတွက် အရေးကြီးသလို အိန္ဒိယနိုင်ငံအတွက်လည်း မြန်မာနိုင်ငံက အချက်အချာမဏ္ဍိုင်နိုင်ငံ ဖြစ်တယ်ဆိုတာကို သီးသန့်တွေ့ဆုံမှု ထုတ်ပြန်ချက်တွေကိုကြည့်ရင် ရှင်းရှင်းလင်း လင်း တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။
    ကမ္ဘာ့နိုင်ငံရေးနဲ့အပြိုင် မြန်မာ့နိုင်ငံရေးအတွက် ပိုအရေးကြီးတာကတော့ လက်ရှိအစိုးရကို SCO ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးအရ တန်းတူသတ် မှတ်ထားဆက်ဆံမှုက ပိုအရေးကြီးတယ်လို့ပဲ ဆိုရမှာပါ။ တစ်နည်းအားဖြင့် ၂၀၂၁ ခုနှစ်ကတည်းက အငြင်းပွားနေခဲ့တဲ့ အစိုးရရဲ့ တရားဝင်ဖြစ်မှုအပေါ် SCO ထိပ်သီး အစည်းအဝေးမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ သုံးနှုန်းဖိတ်ကြားမှုက လက်ရှိအစိုးရနဲ့ SCO တို့ကြားက ဒီအားပြိုင်မှုကို အဆုံးသတ်ပေးခဲ့ပြီလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီငါးနှစ်တာကာလအတွင်းမှာ နိုင်ငံတကာကို ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ CRPH / NUG အဖွဲ့တွေကလည်း တော်လှန်ရေးရန်ပုံငွေ ခေါင်းစဉ်ပြပြီး ကိုယ်ကျိုးအတွက် အလှူငွေတွေကို သုံးစွဲမှုတွေရှိခဲ့လို့ ထောက်ခံသူတွေ ကိုယ်တိုင် စိတ်ပျက်ရွံရှာနေခဲ့ကြတာလည်း မျက်မြင်ပါပဲ။ NUG ရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ EAO တွေရဲ့ လူမျိုးရေးကျဉ်းမြောင်းတဲ့ အခြေခံစိတ်ဓာတ်တွေကြောင့် ဒေသလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေက ကြားကမြေစာပင် ဖြစ်နေသလို NUG လမ်းစဉ်ကို မထောက်ခံလိုတဲ့ NLD ပါတီဝင်တချို့ကလည်း ရင်ခွင်ပြောင်း စွန့်ခွာပြီး ၂၀၂၅ ရွေးကောက်ပွဲမှာပါဝင်ဖို့ တခြားပါတီတွေကို ဘက်ပြောင်းခိုလှုံနေကြတာကိုလည်း ပေါ်ပေါ်ထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ သေချာတာကတော့ ၂၀၂၅ အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးမှာ အပေါင်းလက္ခဏာဆောင်တဲ့ အခင်းအကျင်းမျိုး ပိုင်ဆိုင်နိုင်ခွင့်ရှိနေပေမယ့် လက်နက်ကိုင် လမ်းစဉ်နဲ့ အကြမ်းဖက်တွေ ဆောင်ရွက်ခဲ့ကြတဲ့ NUG ကတော့ တဖြည်းဖြည်း နိုင်ငံရေးကနေ လုံးပါးပါး သွားတော့မယ့် ပုံစံရှိနေပြီလို့ပဲ သုံးသပ်ရမှာပါ။ 
    မြန်မာ့နိုင်ငံရေးမှာ ပိုပြီး သဘောတွေ့စရာ ကောင်းတဲ့အချက်ကတော့ တပ်မတော်အနေနဲ့ စစ်ရေးမှာပါ အောင်မြင်မှုအသီးအပွင့်တွေ ဆက်တိုက်ရရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) ပူးပေါင်းတပ်တွေ ထိန်းချုပ် ထားတဲ့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို စက်တင်ဘာ ၆ ရက်မှာပဲ တပ်မတော်က အလုံးစုံပြန်ပြီး ထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့တာပါ။ စင်တင်ဘာ ၃ ရက်မှာလည်း ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်း လုံခြုံမှုကို ဖန်တီးနိုင်ဖို့ အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး ကူညီပေးသွားမယ်ဆိုတဲ့ BGF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကလည်း ဒီနေရာမှာ အရေးပါခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးအရ အရေးပါတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို တပ်မတော်အနေနဲ့ ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တာက နယ်စပ်ကုန်စည်ပို့ဆောင်ရေးအတွက် အရေးကြီးသလို ရွေးကောက်ပွဲအတွက်ပါ အကျိုးသက် ရောက်မှု များလို့ အတော်လေး အောင်မြင်မှု ကြီးမားခဲ့တဲ့ အောင်ပွဲလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 
    အနှစ်ချုပ်ဆိုရရင်တော့ ကမ္ဘာ့နိုင်ငံရေးပြိုင်ဆိုင်မှု အကူးအပြောင်းကာလမှာ Geopolitical နဲ့ Geeconomy အရ မြန်မာနိုင်ငံရဲ့ အရေးပါမှုကလည်း ထိပ်တန်းရောက်လာတယ်လို့ ပြောရမှာပါ။ ဒီနေရာမှာ တရုတ်ကိုယ်တိုင် လိုလိုလားလား ဖိတ်ကြားခဲ့တဲ့ SCO ထိပ်သီးအစည်းအဝေးကနေတစ်ဆင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုပါ တစ်ပြိုင်နက်တည်း ရရှိခဲ့တာကတော့ မြန်မာအ တွက် အမြင့်ဆုံးသော နိုင်ငံရေးဂုဏ်သိက္ခာ၊ အချိုမြိန်ဆုံးသော သံခင်းတမန်ခင်း ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တယ်လို့သာ ညွှန်းဆိုရမှာဖြစ်ပါတယ်။ ဒါက ရွေးကောက်ပွဲအတွက် အာမခံချက် ဖြစ်သလို နိုင်ငံရေးအရလည်း အသိအမှတ်ပြုမှုဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ ဘယ်ဘက်ကို ပိုပိုသာသာ ရပ်လိုက်ပြီလဲဆိုတဲ့ မေးခွန်းကို အလိုလို ဖြေပြီးသားလည်း ဖြစ်သွားစေခဲ့ပါတယ်။ ဒီခရီးစဉ်ကနေ နှစ်နိုင်ငံလုံးရဲ့ ကဏ္ဍပေါင်းစုံအတွက် အကျိုးရှိအောင် စီမံဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ရသလို အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးတွေ ဖြစ်တဲ့ ဆိုလာနဲ့ ရေအားလျှပ်စစ်တွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာရင်တော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အင်အားချိန်ခွင်လျှာ အပြောင်းအလဲမှာ တရုတ်နဲ့ မြန်မာတို့ရဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးကို အမြင့်ဆုံးထား ဆက်ဆံဖို့လည်း မလွဲမသွေလိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရှိလာပေမယ့် ပြည်တွင်းနိုင်ငံရေးမှာ စိန်ခေါ်မှုတွေလည်း အထိုက်အလျောက်ရှိနေသေးတာ ငြင်းမရနိုင်ပါဘူး။ အထူးသဖြင့် ရှမ်းမြောက် ကျူးကျော်စစ်မှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကို စစ်လက် နက် ထောက်ပံ့ပေးမှုကနေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ရခဲ့တယ်ဆိုတဲ့ 'ဝ'တပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်တွင်းပြည်ပမှာ 'ဝ'တပ်ဖွဲ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန် ဒေါ်လာသန်းရှစ်သောင်း ရှိနေတယ်ဆိုတဲ့ အခြေအနေတွေကလည်း အနာဂတ်အစိုးရနဲ့ တပ်မတော် အတွက် သီးခြားစိန်ခေါ်မှုတစ်ခုအဖြစ်နဲ့ ဆက်ရှိနေဦးမှာ ဖြစ်ပါ တယ်။ ပိုဆိုးတာက အစိုးရအဆက်ဆက်အနေနဲ့ 'ဝ'ထိန်းချုပ်ဒေသတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကလည်း ၂၀၀၈ ခြေ/ဥကို စိန်ခေါ်နေသလို ဖြစ်နေခဲ့တဲ့ အခြေအနေမှာ မကြာသေးခင်ကလည်း ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ ရွေးကောက်ပွဲအတွက် လူထုစည်းရုံး ရေးဆင်းတာ၊ မဲဆွယ်စည်းရုံးရေးလုပ်တာတွေအပေါ် 'ဝ'ဘက်က ကန့်သတ်ချက်တွေ လုပ်လာတာကတော့ လက်သင့်ခံနိုင်စရာကိစ္စလို့ မမြင်မိပါဘူး။ ဒါတွေလည်း မလွဲမသွေ ဖြေရှင်းဖို့ လိုနေဦးမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ရေးမှာ အောင်မြင်မှု ရှိလာတာနဲ့တစ်ပြိုင်နက်တည်း နိုင်ငံရေးမှာပါ အကျိုးအမြတ်များလာတဲ့ နှလုံးကို မူပြီး ကျင့်သုံး ဆောင်ရွက်ရမှာကတော့ အသေ အချာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဆောင်ရွက်တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းတွေ အောင်မြင်ဖို့အတွက်ဆိုရင် ရှမ်းမြောက်တစ်ကြောလုံး တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်တာကလည်း အမှန်ပဲ ဖြစ်ပါတယ်။ ဒီလိုတည်ငြိမ်အေးချမ်းမှုရဖို့ဆိုတာကလည်း နိုင်ငံရေးလမ်းကြောင်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မလား၊ စစ်ပွဲတွေကပဲ အဆုံးအဖြတ် ဖြစ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိဘူးလို့သာ သုံးသပ်ရမှာ ဖြစ်ပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 96

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52064

© 2022 - 2025 News. All Rights Reserved.