၂၀၂၅ ၊ ဇူလိုင် ၃
NLD ပါတီဝင်ဟောင်း ဒေါ်စန္ဒာမင်းကို ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်ခြင်းနှင့်အတူ မီဒီယာများပေါ်တွင် ပြန်လည်တွေ့မြင်လာရသည်။ ဒေါ်စန္ဒာမင်း ပြည်သူ့အကျိုးကို ဘာကြောင့် သယ်ပိုးချင်တာလဲ၊ ရွေးကောက်ပွဲလမ်းကြောင်းကို ဘာဖြစ်လို့ ရွေးချယ်ရတာလဲ ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ဒေါ်စန္ဒာမင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
TREND ။ ။ ပထမဆုံး ငြိမ်းချမ်းရေးဖိုရမ်မှာ ဒေါ်စန္ဒာမင်းရဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာလေး သိပါရစေ။
DSDM ။ ။ ငြိမ်းချမ်းရေးဖိုရမ် ဒုတိယရက်မှာတော့ ဆွေးနွေးရတဲ့ ခေါင်းစဉ်က 'ရွေးကောက်ပွဲအလွန်ကာလမှာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုဆောင်ရွက်မလဲ'ဆိုတဲ့အကြောင်းရယ်၊ နိုင်ငံတကာရဲ့အခန်းကဏ္ဍ ဒါကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးချက်ကတော့ ပတမဆုံး ရွေးကောက်ပွဲအလွန်ကာလမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ဘယ်လိုဆောင်ရွက်မလဲပေါ့။ ကျွန်မတို့က စပြောကတည်းကိုက ရွေးကောက်ပွဲအလွန်လို့ ပြောပေမယ့် ရွေးကောက်ပွဲက အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို စပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲက သာမန်အခြေအနေမှာလုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲကို နိုင်ငံတကာကလည်း စိတ်ဝင် စားတယ်။ စောင့်ကြည့်နေကြတာရှိတယ်။ တချို့သောနိုင်ငံတွေက ထောက်ခံကြတယ်။ တချို့သော အနောက်နိုင်ငံတွေက မထောက်ခံဘူးဆိုတာ ရှိတယ်။ ဒီလိုအခြေအနေမှာ လုပ်ရတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် လုပ်ရတဲ့ သူတွေလည်း ခက်ခဲတယ်။ ဒါပေမဲ့ ဒီကနေထွက်လာမယ့် ရလဒ်က အရမ်းအရေးကြီးတယ်။ ဘာကြောင့် လဲဆိုတော့ ရှေ့ဆက်မယ့် နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအခန်းကဏ္ဍက ဒီကနေ အစပြုရ မယ်ဆိုတာမျိုးကို ကျွန်မဆွေးနွေးခဲ့ပါတယ်။ ဒီတော့ ဒီရွေးကောက် ပွဲကိုနိုင်ငံတကာက ဘယ်လိုစောင့် ကြည့်ပြီး ဘယ်လိုတိုင်း တာမလဲဆိုတော့ သူတို့ပြောနေကြတဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရဲ့လား။ ပွင့်လင်းမြင်သာမှု ရှိရဲ့လား။ ပြည်သူလူထုက ဘယ်လောက် ပူးပေါင်းဆောင်ရွက်ခဲ့လဲ။ နောက်ပြီး ရွေးကောက်ပွဲရလဒ်က ဘယ်လိုရှိလဲ ဆိုတာတွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကို ဆုံးဖြတ်ကြမယ်ဆို တာကိုလည်း ဆွေးနွေးခဲ့ပါတယ်။
TREND ။ ။ ငြိမ်းချမ်းရေးဖိုရမ်မှာ ထွက်ပေါ်လာတဲ့ အသံအများစုကတော့ ရွေးကောက်ပွဲအသံတွေ ထွက်ကြတယ်၊ ပြောဆိုကြတယ်။ ဒါကြောင့် ဒေါ်စန္ဒာမင်းအနေနဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် ဘယ်လို မျှော်လင့်ထားပါသလဲ။
DSDM ။ ။ ဖိုရမ်မှာ လာရောက်ဆွေးနွေးကြတဲ့ အလွှာအသီးသီးဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအင်အားစုတွေပါတယ်။ နောက် နိုင်ငံတကာက လာကြတယ်။ ပြောကြတာကို လေ့လာကြည့်တဲ့အခါ သူတို့အားလုံးရဲ့ သဘောထားကြတော့ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်။ ရွေးကောက်ပွဲဖြစ် သွားတဲ့အခါကျမှသာလျှင် ပြည်သူက ရွေးချယ်ပေးတဲ့ အရပ်သားအစိုးရ ပေါ်ပေါက်လာမှာ ဖြစ်တယ်ဆိုတာမျိုး ပြောကြတယ်။ ကျွန်မပါဝင်တဲ့ ဆွေးနွေးမှုမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသွားတာက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဆိုတာ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အာဏာသုံးရပ် ကိုင်ထားတဲ့ ကာလကနေ ပြည်သူက ရွေးချယ်ပေးတဲ့ အရပ်သားအစိုးရ ဖြစ်လာတဲ့အခါမှာ ပြည်သူလိုချင်တဲ့ ကိစ္စတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အာဏာခွဲဝေမှုကို လုပ်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက မဖြစ်မနေ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ နောက်ပြီး အဖွင့်မိန့်ခွန်းမှာ နစကဥက္ကဋ္ဌကြီးက ရွေးကောက်ပွဲကျင်းပမယ့်ရက်က လွဲပြီးတော့ အချိန်ကာလကို အတိအကျ သူပြောသွားတာ ဖြစ်တယ်။ ရွေးကောက်ပွဲ လုပ်ပေးမယ့်စနစ်တွေတောင် ပြောသွားတာ တွေ့ရတယ်။ အများစုဆွေးနွေးတာမှာ တွေ့ရတာကလည်း ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အရေးကြီးတယ်။ မဖြစ်မနေ ဆောင်ရွက်ပေးရမယ်ဆိုတာ ဆွေးနွေးကြတယ်။ အဲဒီကိစ္စနဲ့ တစ်ဆက်တည်း ပါလာတာက လုံခြုံရေးပေါ့။ မတည်မငြိမ်ဒေသတွေမှာ လုံခြုံရေးအရ ရွေးကောက် ပွဲကို ဘယ်လိုလုပ်သင့်တယ် ဆိုတာမျိုး။ တည်ငြိမ်တဲ့ဒေသမှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ဆွေးနွေးကြတယ်။ အများစုကို ကြည့်လိုက်ရင် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပေးပါလို့ ပြောကြသလို၊ သက်ဆိုင်ရာ အစိုးရကလည်း မဖြစ်မနေ လုပ်ပေးမယ်ဆိုတာ တွေ့ရတယ်။ နောက်ပြီး ရွေးကောက်ပွဲနဲ့ပတ် သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးချယ်မှုကဏ္ဍ၊ ရွေးကောက်ပွဲလုပ်ပေးမယ့် စနစ်တွေ၊ ရွေးကောက်ပွဲ မှာပါဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကဏ္ဍကို ဆွေးနွေးသွားတာမျိုးကို တွေ့ချင်းအားဖြင့် ရွေးကောက်ပွဲဆိုတာ လုပ်ကိုလုပ်ရတော့မယ့် အခြေအနေကို ရောက်နေပြီလို့ ကျွန်မက သုံးသပ်ပါတယ်။

TREND ။ ။ နစကဥက္ကဋ္ဌကြီးရဲ့ ဖိုရမ်အဖွင့်မိန့်ခွန်းမှာ ထူးထူးခြားခြားပြောတာက မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကိုလုပ်ရမယ်လို့ ပြောသွားတယ်ပေါ့။ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
DSDM ။ ။ ကျွန်မကတော့ ဒီစကားရပ်ကို လက်ခံပါတယ်လို့ ပြောချင်ပါတယ်။ ဖိုရမ်ပထမရက်မှာ နိုင်ငံတကာက တာဝန်ရှိသူတွေ ဆွေးနွေးပြောတဲ့အထဲမှာ ကျွန်မတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို လုပ်မယ်ဆိုရင် အနောက်နိုင်ငံက ရွေးကောက်ပွဲတွေ၊ အနောက် နိုင်ငံက ဒီမိုကရေစီတွေကို ပုံတူကူးချစရာမလိုဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ ယဉ်ကျေးမှု၊ အယူဝါဒအားဖြင့်သော်လည်းကောင်း ကွဲပြားကြတယ်။ ဒါကြောင့်မို့လို့ သူ့နိုင်ငံ၊ သူ့အယူဝါဒ၊ သူ့ရဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသင့်တယ်ဆိုတာမျိုး သူတို့ ဆွေးနွေးသွားကြတယ်။ ဒါကြောင့် ကျွန်မက လက်ခံတယ်။ ဥပမာ ပြောရရင် အမေရိကန်မှာဆိုရင် လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ ပြောပြီးတော့ တခြားစီလုပ်ဆောင် နေတာမျိုးတွေ အခု ထရမ့်လက်ထက်မှာ တွေ့နေရတာပဲလေ။ ဒါကလည်း အခြေအနေနဲ့ အချိန်အခါအရ သူ့တိုင်းပြည်ကို ဆောင်ရွက်နေတာဖြစ်သလို ကျွန်မတို့ တိုင်းပြည်မှာလည်း ကျွန်မတို့နိုင်ငံနဲ့ကိုက်ညီတဲ့ ယဉ်ကျေးမှု၊ အယူဝါဒ၊ ဓလေ့ထုံးစံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကို ကျင့်သုံးရမှာပဲ ဖြစ်ပါတယ်။ အရှေ့ တောင်အာရှမှာလည်း ဒီလိုနိုင်ငံမျိုးတွေ ရှိတာပဲ။ ငါတို့နိုင်ငံက ဒီမို ကရက်တစ်နိုင်ငံလို့ ပြောပေမယ့် ဒီမိုကရက်တစ်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ အတူတူကျင့်သုံးတာ မရှိဘူး။ တရုတ်ဆိုရင်လည်း ကျွန်မသွား ရောက်လေ့လာတဲ့အခါမှာ သူတို့နိုင်ငံက ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးတယ်လို့ ပြောတယ်။ သို့သော်လည်း သူတို့နိုင်ငံရဲ့ ရွေးချယ်မှု အဆင့်ဆင့်က ဒီမိုကရေစီစနစ်ကိုပဲ ကျင့်သုံးတာတွေ့ရတယ်။ အဲဒီတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်နဲ့ကိုက်ညီတဲ့ ဒီမိုကရေစီကိုပဲ ကျင့်သုံးတယ်ဆိုတာ လက်ခံစရာ ဖြစ်ပါတယ်။
TREND ။ ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီအစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်စန္ဒာမင်းတို့လို ဒီမိုကရေစီ အားပေးထောက်ခံတဲ့သူတွေ နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်တက်လာတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ရှိတဲ့ကြားက ဒေါ်စန္ဒာမင်းအနေနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် ပြန်တက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ။
DSDM ။ ။ ကျွန်မ ဒီဖိုရမ်ကို ဘာကြောင့် တက်လာရသလဲဆိုရင် ကျွန်မတို့က လေးနှစ်လုံးလုံး ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ ကိုယ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဝေဖန်တိုက်ခိုက်တာ အများကြီး ခံစားရတယ်။ အထင်အမြင်တွေလွဲတာ ကြုံရတယ်။ ဒါပေမဲ့ ကျွန်မက အခုပြောရရင် တရားဝင်အားဖြင့် ကျွန်မတို့ပါတီဟာ ဥပဒေကြောင်းအရ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်မက နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်။ ပါတီမရှိသော်လည်း ကျွန်မအိမ်မှာ ငုတ်တုတ်ထိုင်နေစရာအကြောင်း မရှိဘူး။ ကျွန်မက နိုင်ငံရေးသမားဖြစ်တဲ့အတွက် ကျွန်မနိုင်ငံအတွက်ကို ဆောင်ရွက်ပေးရမယ်။ အဲဒီတော့ ဒီလိုဆောင်ရွက်ပေးဖို့ အခွင့်အလမ်း အခုချိန်မှာ ရလာတာ ဖြစ်တယ်။ ကျွန်မကို ဒီဖိုရမ်တက်ရောက် မလားလို့ ကမ်း လှမ်းတဲ့အခါမှာ ကျွန်မက တက်ရောက်ပြီး ဆွေးနွေးနိုင်ပါတယ်လို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ လေးနှစ်လုံးလုံး ကျွန်မတို့ဆွေးနွေးချင်တာတွေ၊ ပြောချင်တာတွေကို လမ်းဘေးလက်ဖက်ရည်ဆိုင်မှာပဲ ပြောခဲ့ရတယ်။ အဲဒီတော့ လမ်းဘေး လက်ဖက် ရည်ဆိုင်မှာပဲ ကိုယ့်ဘဝကို ပြီးဆုံးမလားလို့ စဉ်းစားတယ်။ ဒါက ဘာမှအရာမရောက်ဘူး၊ မထိ ရောက်တာဖြစ်တဲ့အတွက် ကျွန်မက ထိရောက်တဲ့ နေရာကို ဖိတ်ခေါ်တာ ဖြစ်တဲ့အတွက် ဒီလိုနေရာကနေ ပြောခွင့်ရတာဟာ ကျွန်မတို့ပြော ချင်တာတွေရဲ့ အားလုံး မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းဟာ သက်ဆိုင်ရာ လူကြီးတွေရဲ့ နားထဲကို ရောက်သွားမှာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒါကြောင့်မို့လို့ တကယ်သာ တိုင်းပြည်ကို ချစ်တယ်ဆို လို့ရှိရင် နိုင်ငံအတွက် ထိရောက်တဲ့ နေရာကနေ ပါဝင်ဆောင်ရွက်ပေးရမယ်။ ကျွန်မဘာကို စဉ်းစားလဲဆိုရင် ကျွန်မတို့ ၂၀၁၂ အလွန် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေးတွေ စလုပ်တော့ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်တယ်။ ဒေါ်စုလည်း ငြိမ်းချမ်းရေးဖိုရမ်မှာ ပါသင့်တယ်လို့ ပြောတော့ ဒေါ်စုက ပါသင့်တယ်ဆိုရင် သူ့ကို တရားဝင် ဖိတ်ခေါ်ရပါလိမ့်မယ်။ ဒါဆိုရင် သူလည်း ပါမယ်ဆိုတော့ တရားဝင် ဖိတ်ခေါ်ခဲ့တယ်။ အဲဒီလိုပဲ အခု ကျွန်မကို တရားဝင် ဖိတ်ခေါ်တယ်။ ဒါကြောင့် တရားဝင်လာပြီးတော့ ဆွေးနွေးခွင့်ရတာ ဖြစ်တဲ့အတွက် ကျွန်မ လာရောက်ရတာ ဖြစ်ပါတယ်။
TREND ။ ။ ဒေါ်စန္ဒာမင်းရဲ့ ဖိုရမ်ဆွေးနွေးမှုမှာ ကြားလိုက်ရတာက ကျွန်မက မိုးခါးရေ မသောက်ခဲ့ဘူးဆိုတာပေါ့လေ။ ဒီတော့ အစ်မလိုပဲ မိုးခါးရေမသောက်ခဲ့တဲ့ ပြည်တွင်းက NLD ပါတီဝင်အဟောင်းတွေအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရရဲ့ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
DSDM ။ ။ သူတို့လည်း မိုးခါးရေမသောက်တဲ့လူတွေ အားလုံးအပေါ်မှာ သူတို့အနေနဲ့ ဘာမှအရေးယူ ဆောင်ရွက်တာမျိုး မရှိဘူး။ အားလုံးက အေးအေးဆေးဆေး ကိုယ့်အိမ်မှာပဲ ကိုယ်နေတယ်။ တကယ်လို့သာ ပါတီမှတ်ပုံတင်ခွင့်ရရင် ပါတီနိုင်ငံရေးလုပ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ ခုချိန်မှာ ပါတီက ဥပဒေ ကြောင်းအရ မှတ်ပုံမတင်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီလိုအခြေအနေမှာ အေးအေးဆေးဆေး ပြည်တွင်းမှာ နေသူတွေက သူတို့ကိုဖိတ်ခေါ်ရင် တစ်ထောင့်တစ်နေရာကနေ နိုင်ငံအတွက် အဆင်သင့် ရှိနေကြပါတယ်။ သူတို့အပေါ်မှာ ဘာမှအရေးယူ ဆောင်ရွက်တာတွေ မရှိဘူးလို့ ပြောချင်ပါတယ်။
TREND ။ ။ ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်မှုကနေ လက်နက်ကိုင်ပဋိပက္ခတွေ လျော့ကျသွားနိုင်မယ်လို့ မြင်မိပါသလား။
DSDM ။ ။ ပဋိပက္ခဆိုတာကတော့ ဆက်ရှိနေဦးမှာပါပဲ။ ရွေးကောက်ပွဲဆိုတာက အသွင်ကူးပြောင်းမှု တစ်ခုပဲဖြစ်တယ်။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ဆက်လက်ပြီး လုပ်ဆောင်နေရမယ်လို့ ကျွန်မပြောချင်ပါတယ်။ ရွေးကောက်ပွဲ တစ်ခုကြောင့် အလုံးစုံ မပြောင်းလဲနိုင်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံး မဟုတ်ရင်တောင် တော်တော်များများ ပါဝင်လာနိုင်တယ်။ သူတို့ ပါဝင်လာရင် ငြိမ်းချမ်းရေးအတွက် တစ်စိတ်တစ်ဒေသ အောင်မြင်တာပါပဲ။ သူတို့ကနေတစ်ဆင့် လွှတ်တော်ထဲမှာ သူတို့နဲ့ပတ်သက်တဲ့ မူဝါဒတွေချမှတ်ပြီး သူတို့နဲ့ သက်ဆိုင်တာတွေ လွှတ်တော်ထဲမှာ ဆွေးနွေးနေရင်းနဲ့ ကျန်တဲ့သူတွေလည်း ပါလာနိုင်တယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ဖိုရမ်မှာက နိုင်ငံရေးပါတီစုံတွေရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရော ပါဝင်တာဖြစ်တဲ့အတွက် ဒီကအသံတွေကို အစိုးရကြားရတယ်ပေါ့။ ဒီတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အကြီးအကဲတွေအနေနဲ့ ဒီအသံတွေကို ဘယ်လိုများတုံ့ပြန်တာမျိုးရှိလဲဗျ။
DSDM ။ ။ ပထမအကြိမ် ငြိမ်းချမ်းရေးပွဲတုန်းကကျတော့ နိုင်ငံရေးပါတီတွေကို ဖိတ်တာနည်းခဲတယ်။ အခုတစ်ခေါက်မှာတော့ တော်တော်များများဖိတ်ပြီး ပြောဆိုဆွေးနွေးခွင့်ရတယ်ပေါ့။ ဒီတော့ နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲတွေ၊ တင်ပြချက်တွေကို သေသေချာချာ နားထောင်ပေးတာ တွေ့ရတယ်။ နောက်ပြီး မြေပြင်မှာ နိုင်ငံရေးပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ UEC က သတ်မှတ်ချက်တွေ မကိုက်ညီတာတွေ ပြောခွင့်ရတယ်။ ဦးကိုကိုကြီးပြောသလို ရွေးကောက်ပွဲကို ကျင်းပတော့မယ်လို့ တကယ်ကြေညာလိုက်ရင် သံတမန်တွေနဲ့ တွေ့ရမယ်ဆိုရင် UEC ကို အကြောင်းကြားရ မယ်ဆိုရင် သိပ်သဘာဝမကျဘူးဆိုတာတွေ၊ အရာရာကို UEC ကို တင်ပြတာထက် အကြောင်းကြားရုံလောက် အထိ ဖြေလျှော့ပေးဖို့ ပြောတာတွေ သေချာနားထောင်ပေးတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူနဲ့ ဆက်ဆံရာမှာ ဒီကာလက အခက်အခဲရှိတာကြောင့် သူတို့တွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ပေးပါလို့ တောင်းဆိုတာကို တာဝန်ရှိသူတွေက အသေအချာ နားထောင်ပေးပါတယ်။
TREND ။ ။ ဒေါ်စန္ဒာမင်းရဲ့ ရှေ့ဆက်မယ့် တရားဝင်နိုင်ငံရေးလမ်းကြောင်းကိုလည်း သိပါရစေ။
DSDM ။ ။ ကျွန်မ ပါတီနိုင်ငံရေးကို စိတ်ဝင်စားသလို လုပ်ချင်တဲ့ဆန္ဒ ရှိပါတယ်။ ကျွန်မတို့ ကိုယ်ပိုင်ပါတီမရှိတော့တဲ့အတွက် ပါတီတစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကျွန်မကတော့ တစ်သီးပုဂ္ဂလကို မဝင်ချင်ဘူး။ အဲဒီအတွက် ပါတီတစ်ခုခုကနေ ကျွန်မဝင်ရောက်ဖို့ရှိပါတယ်။ ကျွန်မက လွှတ်တော်ကိုယ်စားလှယ်ဘဝကို စိတ်ဝင်စားတာ ဖြစ်တဲ့အတွက် ဆောင်ရွက်မှာပါ။ တချို့ကတော့ ဝေဖန်တာ ရှိပါတယ်။ NLD ပါတီက မပါဘဲ ဒီရွေးကောက်ပွဲကို မပါနဲ့လို့ ပြောကြတာပေါ့။ ကျွန်မရဲ့ခံစားချက်က နိုင်ငံရေးဆိုတာ သူ့အလှည့် ကိုယ့်အလှည့်ရှိတယ်။ ကိုယ့်အလှည့်ကြီးပဲဆိုတာမျိုးကို ဘယ်လိုမှ မစဉ်းစားဘူး။ အဓိက နိုင်ငံကို ဘယ်သူက သာလွန်အောင် လုပ်ပေးနိုင်မလဲ။ ပြည်သူလူထုရဲ့အကျိုးကို အကောင်းဆုံး ဘယ်သူ လုပ်ပေးနိုင်မလဲ။ လုပ်ပေးနိုင်တဲ့ သူတွေကို ထောက်ခံပေးရမှာပဲ။ ငါမှ လုပ်ပေးနိုင်တာ၊ သူမှလုပ်ပေးနိုင်တာ မဟုတ်ဘူး။ သူ့အလှည့်၊ ကိုယ့်အလှည့်ဆိုတာ ပေးရမှာပဲ။ ဘာမှရှက်စရာလည်း မရှိဘူး။ နိုင်ငံရေးမှာ ငါလုပ်မှရမယ်ဆိုတဲ့ အာဏာရှင် နိုင်ငံရေး မဖြစ်စေချင်ဘူးလေ။ ဒါကြောင့် သူအုပ်ချုပ်တာ ကောင်းရင် သူ့ကို ပံ့ပိုးမှာရမှာပါပဲ။
TREND ။ ။ ကျင်းပပေးမယ့် ရွေးကောက်ပွဲက ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ အရမ်းအရေးကြီးတဲ့ရွေးကောက်ပွဲလို့ ယူဆမိပါတယ်။ ဒါကြောင့် ပြည်သူပါဝင်လာနိုင်ဖို့အတွက် ဒေါ်စန္ဒာမင်းအနေနဲ့ ဘာများပြောချင်ပါသလဲ။
DSDM ။ ။ ပြည်သူတွေ ပါဝင်မှသာလျှင် ရွေးကောက်ပွဲတစ်ရပ်က အောင်မြင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူတွေက ရွေးကောက်ပွဲစနစ်ကို သေချာနားမလည်ကြသေးဘူး။ ဒါကလည်း ရွေးကောက် ပွဲ ကြိုကာလ မဟုတ်သေးဘူး။ စည်းရုံးရေးကာလ မဟုတ်သေးဘူး။ ဥပဒေတွေ မထွက်သေးဘူး။ ဒါကြောင့်လည်း ပါတီတွေက စောင့်နေတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေက နားမလည်သေးတာပါ။ ဒါကို တစ်ဖက်က ရွေး ကောက်ပွဲကို ဖျက်ဆီးမယ့်သူတွေက ရွေးကောက်ပွဲကို ကန့်ကွက်ရမယ်။ မဲပေးစရာ မလိုဘူး။ ရွေးကောက်ပွဲလုပ်ရင် အကြမ်းဖက်တာတွေ ဖြစ်လာမယ်ဆိုတဲ့ ကိစ္စတွေကို သံတမန်တွေကလည်း ပြောကြတယ်။ အရင်က ပြင်းပြင်းထန်ထန် ပြောကြပေမယ်။ အခုတော့ ဝတ်ကျေ တန်းကျေ ပြောတာမျိုးတွေ ရှိလာတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲက တကယ်ဖြစ်လာတော့မယ် ဆိုတာ သူတို့သိလာကြတယ်။ နောက်ရွေးကောက်ပွဲ လိုလားသူတွေကလည်း အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ ဆန္ဒတွေ ရှိလာသလို မဟာမိတ်သံတမန်တွေဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောလာကြတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ ကျွန်မတို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုရောက်ဖို့ အရမ်းအရေး ကြီးတယ်။ ခုလို အခြေအနေနဲ့ မနေချင်ဘူးဆိုရင် လူတိုင်းထွက်ပြီး ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့သူကို မဲပေးလိုက်။ ဒါဆိုရင် ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်လာပါလိမ့်မယ်။
TREND ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက နိုင်ငံရေး တရားဝင်လမ်းကြောင်းပေါ် ပြန်ပေါ်လာတဲ့ ဒေါ်စန္ဒာမင်းအနေနဲ့ အရင်က ပါတီခေါင်းဆောင်ဟောင်းကို တွေ့ဆုံရေးကြိုးပမ်းဖို့ ရှိပါသလား။
DSDM ။ ။ ကျွန်မအနေနဲ့ကတော့ တွေ့ချင်ပါတယ်။ တွေ့ခွင့်ရဖို့ကတော့ လူကြီးတွေရဲ့ ခွင့်ပြုချက် အပေါ် မူတည်ပါတယ်။
TREND ။ ။ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )