ပြည်တွင်းခြံလုပ်ငန်းတွေမှာ လုပ်ကိုင်မယ့်သူ နည်းသွားတဲ့အတွက် ပြည်တွင်းက အသီးအနှံထွက်ရှိမှု အားနည်းပါတယ် . . .  ထွန်းလင်းဟိန်း ရှမ်းပြည်ထွက်ကုန်မျိုးစုံ သစ်သီးပွဲရုံနှင့် မုန့်မျိုးစုံလုပ်ငန်းပိုင်ရှင် ဦးဇော်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း . . .

၂၀၂၅ ၊ ဇူလိုင် ၁၁
    ပြည်တွင်းမှ အရည်အသွေးမြင့်မားသော သစ်သီးဝလံများကို ပြည်ပသို့ တင်ပို့လျက်ရှိသော်လည်း ပြည်တွင်းတွင် သစ်သီးဝလံများ စိုက်ပျိုးထွက်ရှိမှု နည်းပါးလာသည့်အတွက် ပြည်ပမှ ပြန်လည်တင်သွင်း ရောင်းချ ပေးလာရသည်။ ထိုသို့ရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာမှုများရှိသည့်အတွက် ကုန်ကျစရိတ်များ အနေဖြင့် ပိုမို မြင့်မားလျက်ရှိသည်။ ထို့ကြောင့် လက်ရှိဈေးကွက်တွင် ပြည်တွင်းပြည်ပ တင်ပို့သည့် အခြေအနေများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို ထွန်းလင်းဟိန်း ရှမ်းပြည်ထွက်ကုန်မျိုးစုံ သစ်သီးပွဲရုံနှင့် မုန့်မျိုးစုံ လုပ်ငန်းပိုင်ရှင် ဦးဇော်ဇော်နှင့် တွေ့ဆုံမေးမြန်းထားမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။


TREND    ။    ။ ပြည်တွင်းမှာ လက်ရှိထွက်ရှိနေတဲ့ သစ်သီးဈေးကွက် အခြေအနေလေး ပြောပြပေးပါဦး။
UZZ    ။    ။
ပြည်တွင်း ဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တင်ပို့တာကတော့ ဖရဲသီးကို အဓိကထား တင်ပို့တာပေါ့။ ပြည်တွင်းမှာရောင်းရင် တစ်လုံးကို ၂၅၀၀၊ ၃၀၀၀ ရောင်းမယ်။ တရုတ်ကို ရောင်းမယ်ဆိုရင် ဖရဲသီးတစ်လုံးကို ၈၀၀၀ ကနေ ၁၂၀၀၀ ထိ ရဖူးတယ်။ ပြည်ပကို အဓိက တင်ပို့တာကတော့ ဖရဲသီးပါ။ ပြည်တွင်းဈေးကွက်မှာ အမြင့်ဆုံးက ၆၀၀၀၊ ၇၀၀၀ ဆိုတာက အမြင့်ဆုံးပဲ။ ပြည်ပဈေးကွက်မှာဆိုရင် တစ်သောင်းကနေ နှစ်သောင်းကြား ငွေကြေးပေါ်မှာ မူတည်ပြီးတော့ ရောင်းချရတာပေါ့။ အသီးအနှံဈေးကွက်က မနှစ်ကထက်စာရင် လေးဆလောက် တက်သွားတယ်။ အရင်တုန်းက ပန်းသစ်တော်တစ်လုံးကို ၁၅၀၀၊ ၂၀၀၀ ကနေ အခု ၅၀၀၀၊ ၆၀၀၀၊ အရည်အသွေးကောင်းတဲ့ အလုံးဆိုရင် ၈၀၀၀ ထိ ရောင်းရပါတယ်။ ဝယ်ရတဲ့နေရာမှာလည်း အဆင့်ဆင့် သယ်ယူစရိတ် တွေကများတော့ လမ်းခရီးမှာ ကြန့်ကြာသွားတဲ့အတွက် အရည်အသွေးနိမ့်သွားတဲ့ အလုံးတွေရှိတယ်။ တချို့ဆို လွှင့်ပစ်ရတဲ့အလုံး တွေပါတယ်။ ထောပတ်သီးကျတော့ ပြည်တွင်းဈေးကွက်မှာက ကျန်တဲ့ အသီးတွေပဲ ဈေးကောင်းတာပါ။ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းကထွက်တဲ့ အသီးအနှံတွေဆိုရင် ထောပတ်သီးဈေး မကောင်းပါဘူး။ နောက်ဝင်လာတဲ့ အလုံးတွေက ကီလိုနဲ့ရောင်းချရတာ ရှိတော့ ဈေးကောင်းရပါတယ်။ အလုံးလိုက် ရောင်းရင်တော့ ဈေးက အရမ်းမကောင်းပါဘူး။ အသီးအနှံနဲ့ပတ်သက်လို့ ရောင်းချတဲ့ နေရာမှာလည်း မြေသြဇာကျွေးတယ်။ ဆေးကျွေးတယ်။ အသီးအနှံကို အရည်အသွေးကောင်းမွန်အောင် ထိန်းသိမ်းခဲ့တာဖြစ်တဲ့အတွက် အရည်အသွေးကောင်းတယ်။ အခုကျတော့ အခြေအနေ အကြောင်းကြောင်းကြောင့် ရွာတွေ၊ အိမ်တွေ စွန့်ပစ်ပြေးရတဲ့အခါကျတော့ အရည်အသွေးကောင်းမွန်အောင် မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်နိုင်တာဖြစ်တဲ့အတွက် အရည်အသွေးနိမ့်ကျတဲ့ အသီးဆိုရင် ဈေးကောင်းမရဘူး။ အရည်အသွေးကောင်းတဲ့ အသီးကျတော့လည်း သယ်ယူပို့ဆောင်ရတဲ့ စရိတ်တွေ၊ မြေသြဇာ၊ ဆေးကျွေးရတာရော၊ ထိန်းသိမ်းရတာရော၊ အလုပ်သမားခတွေရော မြင့်တက်သွားလို့ ဈေးက မြင့်တက်သွားတာပါ။

TREND    ။    ။ ပြည်ပဈေးကွက်ကနေ ပြည်တွင်းဈေးကွက်ကို သစ်သီးဝလံတင်ပို့မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
UZZ    ။    ။
ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတာကတော့ ရာခိုင်နှုန်း ၃၀ လောက်ပဲရှိပြီး ပြည်ပ ဈေးကွက်ဝင်တာကတော့ ရာခိုင်နှုန်း ၇၀ လောက်ရှိတယ်။ ပြည်ပဆိုတဲ့နေရာမှာလည်း ထိုင်း၊ တရုတ်ဘက်ကို အားပြုရတယ်။ အသီးအနှံ အများအပြားရတယ်ဆိုတဲ့နေရာမှာလည်း ထိုင်းဆိုရင် ဒူးရင်းသီး၊ ကြက်မောက်သီး၊ ကျန်တဲ့ စတော်ဘယ်ရီသီး၊ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးဆိုရင်လည်း တရုတ်ကိုပဲ အားထားရတယ်။ လက်ရှိအခြေအနေ ပြည်တွင်းခြံလုပ်ငန်းတွေမှာ လုပ်ကိုင်မယ့်သူ မရှိတဲ့အခါကျတော့ ပြည်တွင်းက အသီးအနှံထွက်ရှိမှု အားနည်းပါတယ်။ အရင်တုန်းက ဆိုရင်တော့ ပြည်ပက တင်သွင်း မှုနည်းပြီးတော့ ပြည်တွင်းက အသီးအနှံထွက်ရှိမှုက မြင့်မားပါတယ်။ ကိုယ့်ခြံ၊ ကိုယ့်လယ်၊ ကိုယ့်မြေ နေရာမှာ စိုက်ပျိုးနိုင်တယ်။ အသီးအနှံ အောင်မြင်တယ်။ ပွင့်ချိန်တန်ပြီဆိုရင်လည်း အပွင့်သေး၊ အပွင့်ကြီး၊ အသီးအနှံတွေဆိုရင်လည်း သေချာစောင့်ရှောက်ကြတာဆိုတော့ ပြည်ပတင်သွင်းမှုကို အရမ်း အားကိုးစရာမလိုဘူး။ အခုချိန်မှာတော့ ပြည်ပဈေးကွက်ကို အားထားနေရပါတယ်။ သူများနိုင်ငံတွေမှာဆို ဒူးရင်းသီးကို အခြောက်ခံပြီးတော့ ထုတ်နိုင်တဲ့ အဆင့်ရောက်နေပြီ။ ကျွန်တော်တို့ နိုင်ငံမှာက နည်းပညာ နည်းနည်း လိုနေသေးတယ်။ မထုတ်နိုင်သေးတဲ့အခါကျတော့ အစားထိုးရောင်းပေးနေရတာပေါ့။ နောင် တစ်ချိန် ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ စွမ်းအားရှိတယ်ဆိုရင် ပြည်ပကို မှာစရာအကြောင်း မရှိဘူး။ ပြည်တွင်းမှာက ထုပ်ပိုးမှုလည်း အဲဒီလောက်ကြီး မြန်မြန်ဆန်ဆန် မလုပ်နိုင်သေးဘူး။

TREND    ။    ။ အခုချိန်မှာ ရှမ်းပြည်ဘက်ကနေ ဈေးတန်းဝင်တဲ့ ဘယ်လိုသစ်သီးဝလံတွေ ထွက်ရှိနေပါ သလဲ။
UZZ    ။    ။
ရှမ်းပြည်နယ်(တောင်ပိုင်း)ဆိုရင် လိမ္မော်၊ ထောပတ်၊ စတော်ဘယ်ရီအသီးတွေ ထွက်တယ်။ ကုန်စိမ်းမှာဆိုရင် ဂေါ်ဖီက ပင်လောင်း၊ ရပ်စောက်ဘက်မှာ ထွက်တယ်။ အခုချိန်မှာ ပေါ်နေတဲ့ သရက်သီးက ရှမ်းသီးတွေပါ။ မြန်မာနိုင်ငံက မန္တလေးသီး၊ ကျောက်ဆည်သီးတို့က ဒီအချိန်မှာ သုဉ်းသွား ပြီ။ သရက်သီးတွေက ပင်းတယ၊ ရပ်စောက်ဘက်က ထွက်တဲ့အသီးတွေပါ။ ပြင်ဦးလွင်မှာဆိုရင်လည်း အသီးခြောက်အနေနဲ့ ချဉ်စော်ကားသီးခြောက်၊ ဆီးသီးခြောက်၊ မရမ်းသီးခြောက် ထွက်ပါတယ်။

TREND    ။    ။ လက်ရှိအချိန်မှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ ဘယ်လိုရှိပါလဲ။
UZZ    ။    ။
လက်ရှိမှာကတော့ အခြေအနေ အမျိုးမျိုးကြောင့် စိုက်ခင်း‌ဧကတွေ တော်တော်များများ မစိုက်ပျိုးနိုင်ကြဘူး။ စိုက်ခင်းတွေကိုပစ်ပြီး ရှောင်ထွက်သွားကြတာတွေလည်း ရှိတယ်။ မျိုးစေ့မှာဆိုရင် လည်း အတုတွေမိတယ်။ အတုဆိုတာက အပင်မပေါက်တဲ့ဟာကို အတုလို့ပြောတာ။ အစေ့အဆန် မအောင်တဲ့အခါကျတော့ အဆင်မပြေဘူး။ အစေ့အဆန် အောင်တဲ့ဟာ ဝယ်စိုက်မှသာ ကောင်းကောင်း ပေါက်နိုင်မှာပါ။ အစေ့ထုပ်မှာဆိုရင်လည်း တချို့ဝယ်တဲ့ဟာတွေက မျိုးအောင်တာက ရာခိုင်နှုန်း ၂၀၊ မျိုးမအောင်တာက ရာခိုင်နှုန်း ၈၀ ဆိုရင် တောင်သူတွေက အဆင်မပြေဘူး။ ဓာတ်မြေသြဇာမှာဆိုရင်လည်း တစ်အိတ်ဝယ်တယ်။ အဲဒီမှာလည်း အရည်အသွေး ပြည့်မီတဲ့ဟာနဲ့ မပြည့်မီတဲ့ဟာနဲ့ ရောထားတဲ့ အခါကျတော့ အရည်အသွေးပြည့်မီတဲ့ဟာက တစ်အိတ်သုံးရင် အများကြီး အာနိသင်ရှိတယ်။ ဒါပေမဲ့ တစ်အိတ်တည်းမှာ အရည်အသွေးပြည့်တာ နည်းနည်းလေး ပါတယ်ဆိုရင် အပင်တွေမှာ မအောင်မြင် မဖြစ်ထွန်းဘူး ဆိုတာက ဓာတ်မြေသြဇာတွေနဲ့လည်း သက်ဆိုင်ပါတယ်။

TREND    ။    ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါ။
UZZ    ။    ။
စီးပွားရေး လုပ်ငန်းရှင်တွေက ဘာတွေခက်ခဲမှု ရှိလဲဆိုတော့ တစ်နှစ်ထက်တစ်နှစ် မတူဘူး။ အဓိကတော့ ရေဘေးဖြစ်သွားတယ်။ ငလျင် ဘေးဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတော့ ပစ္စည်းတွေက လိုချင်သလောက်မရဘူး။ စိုက်ပျိုးရေး မလုပ်နိုင်တဲ့ တောင်သူတွေလည်းအများကြီး၊ အရင်တုန်းက တစ်ဧက စိုက်တဲ့သူက ဒီနှစ်မှာ လုံး၀ မစိုက်ပျိုးနိုင်တော့ဘူး။ ဧကများများ စိုက်တဲ့သူက အနည်းငယ်ပဲ စိုက်ပျိုးနိုင်တော့တယ်။ အဲဒီအတွက်ကြောင့် ထွက်ရှိမှုအားကနည်းတယ်။ ပြောမယ်ဆို ထုတ်လုပ်မှုအားနဲ့ ပြည်တွင်းဝယ်လိုအားက မမျှတနိုင်တော့ဘူး။ အဲဒါကြောင့် ပြည်ပကို အဓိကထား မှာပြန်တော့လည်း လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အတွက်ကြောင့် အခုဆိုရင် ပန်းသီးတစ်လုံးကို အနိမ့်ဆုံး ၃၀၀၀ အထက်ကိုပဲ ရောင်းနေရတယ်။ လမ်းမှာလည်း အဆင့်ဆင့်တွေ ဟိုက တောင်းလို့ပေးရ၊ ဒီက တောင်းလို့ပေးရတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

TREND    ။    ။ သစ်သီးဈေးနှုန်းတွေက ပြောမယ်ဆို မထင်မှတ်လောက်အောင် ဈေးတွေအရမ်းတက် သွားတယ်။ အရင်တုန်းကထက် သုံး၊ လေးဆလောက် ဈေးတက်သွားတယ်။ ဒီအချိန်မှာ အရင်တုန်းကအတိုင်း ဈေးနှုန်း ပြန်ကျနိုင်ပါတော့မလား။
UZZ    ။    ။
ကျွန်တော်တို့ အဓိကပြောချင်တာက နိုင်ငံရေးတည်ငြိမ်စေချင်တယ်။ နိုင်ငံရေးတည် ငြိမ်မှ လမ်းပန်းဆက်သွယ်ရေးကောင်းမှာ၊ လမ်းပန်းဆက်သွယ် ရေးကောင်းမှ မြန်မြန်ဆန်ဆန် ချောချော မွေ့မွေ့နဲ့ရောက်ရင် ကုန်ပစ္စည်းက ဈေးတက်လာ စရာမလိုဘူး။ ဈေးကျသွားမယ်။ လမ်းမှာအရင်တုန်းက တစ်ဂိတ်ဆိုရင် အခုဆို ၁၀ ဂိတ်ဖြစ်သွားတယ်။ တစ်ရက်ကြာမယ့် ခရီးက သုံးရက်ကြာတယ်။ ဒီကိုရောက် လာရင် အသီးတွေက မလတ်တော့ဘူး။ အဲဒီလိုမျိုးဆိုတော့ လမ်းပန်း ဆက်သွယ်ရေးက အဓိကပါ။။ 

TREND    ။    ။ တောင်းဆိုချင်တာကတော့ ဘာတွေတောင်းဆိုချင်လဲ။
UZZ    ။    ။ တောင်း
ဆိုချင်တာကတော့ လက်ရှိ နယ်မြေအေးချမ်းမှုအတွက် တောင်းဆိုချင်တယ်။ ကျွန်တော်တို့ တောသူတောင်သားတွေက မိမိရဲ့အရပ်ဒေသမှာ မိမိနေချင်တယ်။ မိမိဘိုးဘွားစဉ်ဆက် စိုက်ပျိုးလာတဲ့ လယ်ယာမြေကို သီးနှံတွေ စိုက်ပျိုးချင်တယ်။ ကောက်ပဲသီးနှံတွေရမှပဲ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးဖြစ်ထွန်းမယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးကို တည်ထောင်ထားတဲ့ နိုင်ငံဖြစ်နေတယ်။ စိုက်ပျိုးရေးအောင်မြင်မှ သီးနှံတွေ ဖွံ့ဖြိုးမယ်။ အဲဒီလိုမှ စားသုံးသူ လက်ထဲကို တိုက်ရိုက်ရောက်၏မယ်။ ဈေးနှုန်းလည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးလို့ ရမယ်။ အခုကြတော့ ကိုယ့်မြေကို စွန့်ခွာပြီးတော့နေကြရတော့ ဒီလုပ်ငန်းတွေကို မလုပ်နိုင်ဘူး။ မိမိအိမ်၊ မိမိရွာ ပြန်ချင်ကြတယ်။ ပြန်လို့မ ရဘူး။ မငြိမ်းချမ်းတဲ့အခါကြတော့ တောင်ယာ၊ လယ်၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို မလုပ်နိုင်တော့ဘူး။ ဥပမာ ကျွန်တော်တို့ စတော်ဘယ်ရီစိုက်တဲ့နေရာ ပြင်ဦးလွင်၊ နောင်ချိုဒေသမှာ စိုက်တယ်။ အခုကြတော့ အများကြီး မစိုက်ပျိုးနိုင်ဘူး။ အခုချိန် နောင်ချိုမှာ နဂါးမောက်သီး ပေါ်နေတယ်။ ဒါပေမဲ့ ရန်ကုန်ဈေး ကွက်ကို မရောက်နိုင်တဲ့အတွက် နဂါးမောက်သီး မရောင်းနိုင်ဘူး။ အဲဒီလိုဆိုတော့ စိုက်ပျိုးတောင် သူတွေလည်း မစိုက်ရဘူး။ သီးနှံတွေကလည်း တစ်ရာတန်တဲ့အသီးကို နှစ်ရာပေးစားနေရတယ်။

TREND    ။    ။ ဖြည့်စွက်ဖြေကြားချင်တာလေး ရှိရင် ဖြေကြားပေးပါဦး။
UZZ    ။    ။
အဓိကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းစေချင်တယ်။ အခြေခံပြည်သူတွေ စားသုံးနိုင်တဲ့ဈေးနဲ့ ရောင်းချပေးချင်တဲ့အတွက် အခက်အခဲလေးတွေ အကုန်လုံးကို သက်ဆိုင်ရာ လူကြီးမင်းများကနေမှ စဉ်းစားပြီး အကောင်းဆုံးနည်းလမ်းတွေ ရွေးချယ်ပြီး ပြည်သူလူထုတွေ အခက်အခဲ မရှိစေရန်၊ ချောမွေ့စေရန် အားလုံးကို ဆောင်ရွက်ပေးစေချင်ပါတယ်။
သက်မှူး

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46613

© 2022 - 2025 News. All Rights Reserved.