ရွေးကောက်ပွဲဆိုတာ နိုင်ငံအပြောင်းအလဲ အရွေ့တစ်ခု ဖြစ်ဖို့အတွက် လမ်းစပါ . . . နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဇူလိုင် ၁၇
    ရွေးကောက်ပွဲအလားအလာ ငြိမ်းချမ်းရေးအခင်းအကျင်းတို့နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) တက်ရောက်ခဲ့သူ နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ ငြိမ်းချမ်းရေးဖိုရမ် သုံးရက်တာ တက်ရောက်ခဲ့ရမှု အတွေ့အကြုံအရ တိုင်းပြည်အကျိုးအတွက် ဘယ်လိုရလဒ်တွေရခဲ့လဲ။
USM    ။    ။
ဖိုရမ်ကို တက်ရောက်လာတဲ့သူတွေ ပါဝင်‌ဆွေးနွေးသူတွေက ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲအတွက်ပဲဖြစ်ဖြစ် ၊ Geopolitics Regional politics ၊ Global Politics အဲဒါတွေ အားလုံးအပေါ်မှာ မြန်မာ့နိုင်ငံရေး လက်ရှိဖြစ်နေတဲ့ အနေအထားအပေါ်မှာ ကျွန်တော်တို့ ဘာကိုရွေးချယ်သင့်လဲ၊ ဘယ်လိုဗျူဟာတွေ၊ ဘယ်လို Diplomacy နဲ့ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်လို ချိန်ခွင်လျှာညှိမလဲ ဆွေးနွေး ခဲ့ကြပါတယ်။ နောက်ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုရဖို့ ကိစ္စတွေအပါအဝင် ရွေးကောက်ပွဲဆိုတဲ့အရာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဘယ်လို ဆက်လုပ်ကြမယ်ဆိုတဲ့အရာတွေကို ဆွေး‌နွေးခဲ့ကြတာပါ။ အဲဒီအပေါ်မှာ ဝိုင်းဝန်းဆွေးနွေးပြီးရလာတဲ့ အကြံပြုချက်တွေကလည်း အသီးသီး ထွက်လာတယ်။ ထွက်လာတဲ့ဟာ တွေကလည်း ဆွေး‌နွေးချက်ရလဒ် ခေါင်းစဉ်ပေါ့။ ဆွေးနွေးချက်ရလဒ်က အချက်ပေါင်း ၁၅၀ ကျော် လောက် ရှိမယ်ထင်တယ်။ အဲဒါကြောင့်လည်း ဖိုရမ်လို့ခေါ်တာပေါ့။ ဖိုရမ်ဆိုတာက ဆွေးနွေးပွဲတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီမှာအဖြေရှာဖို့ တစ်ခါတည်း၊ တစ်ထိုင်တည်း ဒါလုပ်မယ်၊ ဒါလုပ်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူး။ အဲဒီလို မဟုတ်ပေမယ့် ဖိုရမ်ဖြစ်တဲ့အတွက်ကြောင့် Dialogue တွေ လုပ်မယ်။ ပြီးရင် အဲဒီအပေါ်မှာ ဖြစ်နိုင်တဲ့ Policy တွေ၊ Strategy တွေ ဆွဲနိုင်ဖို့ပေါ့။ ဒါကတော့ သက်ဆိုင်ရာ အပိုင်းက ဆောင်ရွက်မယ်လို့ မြင်တယ်။ ရွေးကောက်ပွဲ‌ဆိုရင်လည်း ရွေးကောက်ပွဲနဲ့ဆိုင်တဲ့အပိုင်း၊ ငြိမ်းချမ်းရေးဆိုလည်း ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ အပိုင်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးချက် အားလုံးအပေါ်မှာ အခြေခံပြီး အစိုးရဘက်က Strategy လုပ်မယ်လို့ မြင်တယ်။ တချို့ဟာ‌တွေက ရွေးကောက်ပွဲမတိုင်ခင် ဒီကြားမှာ လုပ်ရမယ့်အချက်တွေပါသလို တချို့အချက်တွေကျတော့လည်း ရေရှည်သဘောဆောင်တဲ့ ဆွေးနွေးချက်ရလဒ်တွေ ပါတယ်။ ဒီလို ရေရှည်သဘောဆောင်တဲ့  ရလဒ်တွေကတော့ နစကအစိုးရက မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ်ဖြစ်လာပြီဆိုရင် အဲဒီကနေ ဆက်လက် လုပ်ဆောင်ရမယ့် အချက်‌တွေလို့ ပြောရမှာပါ။
    ဥပမာအားဖြင့် Geopolitics နဲ ဆိုင်တာမျိုး တရုတ်၊ အိန္ဒိယ၊ အမေရိကန်တို့နဲ့ဆိုင်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး သွားရမယ့် ကိစ္စတွေပေါ့၊ ဒါတွေ ကကျတော့ ရေရှည်သဘောဆောင်တဲ့ ဆွေးနွေးချက်တွေလို့ သုံးသပ်ပါတယ်။ အဲဒါကတော့ နောင်ရွေးကောက်ပွဲကနေ ပေါ် ပေါက်လာမယ့် အစိုးရတွေက ဘယ်လိုလုပ်ကြမလဲဆိုတဲ့ Strategy ကို ရေးဆွဲရမယ်လို့ မြင်ပါတယ်။

TREND ။        ။ ဒီဆွေး‌နွေးချက် ရလဒ်တွေက ရွေးကောက်ပွဲအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လို အထောက်အပံ့ဖြစ်စေမယ်လို့ သုံးသပ်ချင်လဲ။
USM    ။    ။
ဆွေး‌နွေးချက်‌တွေကိုတော့ တစ်ချက်ချင်းစီကိုတော့ အသေးစိတ်မမှတ်မိတော့ဘူး။ ဒါပေမဲ့လည်း ယေဘုယျအနေနဲ့ ပြောရရင် ဆွေး‌နွေးချက်တွေ၊ အကြံပြုချက်တွေက အပြုသဘော ဆောင်ပါတယ်။တကယ်အကျိုးပြုနိုင်မလား၊ အကောင်အထည်ဖော်မှုနဲ့ လက်တွေ့မှာ ထိရောက်မှု ဆိုတာကတော့ သက်ဆိုင်ရာ လုပ်ဆောင်လာတဲ့ အခြေအနေအပေါ်နဲ့ နိုင်ငံရေးအခင်းအကျင်း၊ နောက်ကာယကံရှင်တွေရဲ့ နိုင်ငံရေးစိတ်စေတနာ‌တွေအပေါ် မူတည်မယ်။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတာက တစ်‌ယောက်တည်း ငြိမ်းချမ်းရေးလုပ်လို့မရဘူး။ တစ်ဖက်မှာ လက်နက် ကိုင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ အဲဒီနှစ်ခုကြားက အပေးအယူမျှမှု၊ မမျှမှုဆိုတဲ့ အပေါ်တွေမှာလည်း မူ တည်ပြီးတော့ လက်တွေ့ ထိရောက်မှု ရှိ၊ မရှိ၊ ဖြစ်နိုင်၊ မဖြစ်နိုင်တိုင်းတာလို့ ရမယ်ထင်ပါတယ်။ ရွေးကောက်ပွဲ ကိစ္စကတော့ လက်ရှိအစိုးရနဲ့ဆိုင်တဲ့ အပိုင်းပေါ့။ ရွေးကောက်ပွဲပြီးသွားရင် အခင်းအကျင်း ပုံစံတစ်မျိုး ဖြစ်သွားပြီ။ အဲဒီမှာ ရွေးကောက်ပွဲမတိုင်ခင်မှာ ဘယ်လိုလုပ် ရမယ်၊ ကိုင်ရမယ်ဆိုတဲ့ ဆွေးနွေးအကြံပြုချက်တွေကတော့ ရွေးကောက်ပွဲမတိုင်ခင် အကျုံးဝင်နေပြီးတော့  ရွေးကောက်ပွဲပြီးသွားရင်တော့ အဲဒီအချက်‌တွေက အကျုံးမဝင်တော့ဘူး။ ငြိမ်းချမ်းရေးလို ကိစ္စမျိုး၊ Geopolitics နဲ့ သက်ဆိုင်တဲ့ကိစ္စ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စ‌တွေကျတော့ ရွေးကောက်ပွဲမတိုင်ခင် အပါအဝင် ရွေး ကောက်ပွဲပြီးသွားတဲ့အလွန်ကာလတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့အခက်အခဲ ကျွန်တော်တို့တိုင်းပြည် ရင်ဆိုင်ကြုံတွေ့ရမယ့် Super Power တွေရဲ့ အားပြိုင်မှု၊ ဒါတွေကြားထဲ ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အနေအထားကတော့ ကျွန်တော်ထင်တယ် ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် အစိုးရတစ်ရပ်အတွက်လည်း ဒါက အများကြီး ထည့်သွင်းစဉ်းစားရမယ့် အရာတွေလို့ မြင်ပါတယ်။ 

TREND ။        ။ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်တွေကနေ လက်တွေ့ အကောင်အထည်ဖော်မှုနဲ့ တိုင်းပြည်အတွက် အကျိုးပြုနိုင်မှုတို့အပေါ် ဘယ်လို သုံးသပ်ချင်လဲ။
USM    ။    ။
ငြိမ်းချမ်းရေး ဖိုရမ်ဆိုပေမယ့် ဖိုရမ်ကနေ အဖြေချက်ချင်း ထွက်လာမယ့် ဆွေးနွေးဝိုင်းမျိုးတော့ မဟုတ်ဘူး။ သို့သော် ဘယ်လိုအဖြေရှာကြရင် ကောင်းမလဲဆိုတဲ့အရာကို ဆွေးနွေးကြတာမို့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဝိုင်းပြီးတော့ အစိုးရကိုယ်စားလှယ်တွေပါတယ်။ နိုင်ငံတကာက သံအမတ်တွေလာတယ်။ အိန္ဒိယ၊ တရုတ်၊ ရုရှားက ကိုယ်စားလှယ်တွေပါတယ်။ အဲဒီလို အနေအထားတစ်ခု ပါဝင်တယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းထဲမှာ ရှိနေတဲ့ Stakeholders တွေ  တော်တော်များများပေါ့၊ အားလုံးတော့ မဟုတ်ဘူး။ သို့သော် ဒါက ပထမဆုံးအကြိမ် ဖြစ်တဲ့အခါမှာ အားလုံးပါဝင်ဖို့ အဆင်သင့် မဖြစ်သေး တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလို Stakeholders တွေ တော်တော်များများ စုံပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ရွေးကောက် ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆက်စပ်ပြီးတော့ ဆွေး‌နွေးကြတဲ့ ဆွေးနွေးပွဲ စကားဝိုင်းတွေရှိနေခြင်း ကိုယ်က ကောင်းတဲ့အချက်၊ ကောင်းတဲ့ လက္ခဏာပါ။ အဲဒီလို တွေ့ကြဆုံကြပြီး ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်းလည်း ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ ဒါက ကျွန်တော်ကိုယ်တိုင် တက်ရောက်ခဲ့တာမို့ သိရတာပါ။ အဲဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်။ အဲဒီအပေါ်မှာ ရလာတဲ့ ရလဒ်တွေက အကျိုးပြုနိုင်တယ်၊ မပြုနိုင်ဘူးဆိုတဲ့ အနေအထားကတော့ အချိန်ကာလနဲ့ လုပ်ရမယ့်ကိုင်ရမယ့် အခင်းအကျင်းအပေါ်မှာ အများကြီး မူတည်မယ်လို့ မြင်ပါတယ်။ သေချာတာကတော့ ဆွေးနွေးချက်တွေကတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ပါတယ်လို့ ပြောရမှာပါ။ ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်တဲ့ ရလဒ်တွေပဲ ထွက်လာတယ် ဆိုတာမျိုးတော့ ဟုတ်ချင်မှဟုတ်မယ်။ ဒါပေမဲ့လည်း တချို့သော အရာတွေကျတော့လည်း Sensitive ဖြစ်တဲ့အရာတွေ ပါကောင်းပါနိုင်တယ်။ Sensitive ဖြစ်တဲ့ကိစ္စတွေကတော့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ ကနစက အစိုးရအနေနဲ့လည်းကောင်း၊ ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်ဖို့ အများကြီး ချင့်ချိန်ရမယ်လို့ မြင်တယ်။ နောက်ပြီး ဆွေးနွေးပွဲတွေ အများကြီး ဖြတ်သန်းပြီးမှ လုပ်လို့ကိုင်လို့ရမယ့် အကြံပြုချက်တွေလည်း ပါတယ်လို့ သုံးသပ်မိပါတယ်။

TREND ။        ။ အရင်တုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးဖိုရမ်တို့မှာ ပြန်ပါလာခြင်းက ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အထောက်အပံ့ဖြစ် မယ်လို့ မြင်လဲ။
USM    ။    ။
အရင်တုန်းက NCA ရေးထိုးထားတဲ့အဖွဲ့တွေကတော့ သူ့ရဲ့ နဂိုငြိမ်းချမ်းရေးထိုးထားတဲ့ သူ့ရဲ့ Agreement ရှိထားတဲ့အတိုင်း ဆက်ပါနေတယ်။ဘာလို့လဲဆိုတေ့ာ NCA က တည်ရှိနေတယ်။ အရင်က သူတို့ထိုးထားတဲ့ NCA က မပျက်ပြယ်သေးတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တိုင်းမှာ NCA ရဲ့ Protocol အရ ဆက်ပါနေတယ်လို့ မြင်ပါတယ်။ ပြီးတော့ အရင်တုန်းက ငြိမ်းချမ်းရေးလုပ်ငန်း တွေမှာ ပါဝင် ခဲ့တဲ့ ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ သေချာတော့ မသုံးသပ်နိုင်သေးဘူး။ ဒါပေမဲ့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြန်ပါလာတာ ကောင်းပါတယ်။ ဒါပေမဲ့ အောင်မြင်မလား၊ အထောက်အကူဖြစ်မလားဆို တာကတော့ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေးကိစ္စကို Timming ရှိပါတယ်။ အရင်တုန်းက လုပ်ခဲ့တုန်းက အောင်မြင်တာတွေ ရှိမယ်။ မအောင်မြင်တာလည်း ရှိကောင်း ရှိပါမယ်။ အဲဒီတုန်းက အောင်မြင်ပေမယ့် အခုအောင် မြင်တာမျိုး၊ ဒါမှမဟုတ် အရင်တုန်းက မအောင်မြင်ပေမယ့် အခုအောင်မြင်တာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီအပေါ်မှာတော့ သီးခြားမှတ်ချက် မပြုလိုတော့ပါဘူး။

TREND ။        ။ ငြိမ်းချမ်းရေးဖိုရမ် ငြိမ်းချမ်းရေး စကားဝိုင်းတွေကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအကျိုးတရားတွေ သက်ရောက်မှုဖြစ်နိုင်မလဲ။
USM    ။    ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေဆိုတာက အဓိကကတော့ အစိုးရရယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ အပစ်အခတ်ရပ်စဲဖို့ကိစ္စတွေ အပါအဝင် တခြားနိုင်ငံရေး လိုအပ်ချက်တွေ နိုင်ငံရေးစိုးရိမ်ပူပန်မှုတွေ နိုင်ငံရေးတောင်း ဆိုချင်တဲ့အရာတွေ အဲဒါတွေအားလုံး ညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ ပလက်ဖောင်းတစ်ခုလို့ ပြောရမှာပါ။ အဓိကကတော့ နိုင်ငံတော်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဘယ်လို ပေါင်းစပ်ညှိနှိုင်းရမလဲဆိုတဲ့ဟာ တစ်ခုကို ညှိနှိုင်း‌ဆွေးနွေးကြတယ်။ အဲဒီမှာ ညှိနှိုင်းလို့ရလား၊ မရဘူးလားပေါ့။ မရဘူးဆိုရင် ဘာဆက်လုပ်မလဲ။ ညှိ နှိုင်းလို့ရတယ် ဆိုရင် ဒီဘက်က ဘာလုပ်နိုင်တယ်ဆိုတဲ့ ပေါင်းစပ်ညှိနှိုင်းရတဲ့ဟာ တစ်ခုလို့ မြင်ပါတယ်။ ဘာအကျိုးသက်ရောက်မှု ရှိမယ်၊ မရှိဘူးဆိုတာက သူတို့တစ်တွေ တွေ့ကြဆုံကြပြီး ပြောကြဆိုကြတဲ့ အခြေအနေတွေ အပေါ်မှာ မူတည်တယ်။ အဲဒီအပေါ် မူတည်ပြီးတော့လည်း အဖြေက ထွက်လာမယ်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဆိုတာက ရွေးကောက်ပွဲလည်း မရှိသေးဘူး၊ အစိုးရ တစ်ရပ်လည်း မပေါ်ပေါက်သေးဘူးဆိုတဲ့ လက်ရှိအချိန်မှာ Third Party အဆင့်ပဲ ရှိသေးတယ်လို့ပြောရမှာပါ။ Third Party ဖြစ်နေတဲ့ အနေအထားတစ်ခုမှာဆိုတော့ ကျွန်တော်တို့က ဘာမှပြောနိုင်မှာ မဟုတ်ဘူးပေါ့။ ပြီးတော့  Supporting Role တစ်ခုမှာလည်း ကောင်းကောင်းနေလို့မရတဲ့ အနေအထားမှာ ရှိနေသေးတယ်။ အဲဒီလိုအနေအထားမျိုးမှာတော့  တိုက်ရိုက် Stakeholder တွေအနေနဲ့ တေ့တေ့ဆိုင်ဆိုင်ပြောကြတဲ့ ပလက်ဖောင်းမှာ ကျွန်တော်တို့ နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်လိုပေါင်းစပ် ညှိနှိုင်းကြမလဲ ဆိုတာ မျိုးပဲရှိမယ်လို့ မြင်ပါတယ်။

TREND ။        ။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမယ့် အပေါ်ဘယ်လိုရှုမြင်သုံးသပ်ချင်လဲ။ 
USM    ။    ။
ရွေးကောက်ပွဲတွေရှိတာဟာ ဒီမိုကရေစီရဲ့ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲရှိတာဟာ နိုင်ငံရေးအပြောင်း အလဲတွေရှိလာဖို့ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဘာမှပြောစရာ မရှိဘူး။ ရွေးကောက်ပွဲရှိတာ ကောင်းတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရ ရွေးကောက်ပွဲဆိုတာ နိုင်ငံအပြောင်းအလဲ အရွေ့တစ်ခု ဖြစ်ဖို့အတွက် လမ်းစပါ။ အားလုံးပြောင်းလဲသွားဖို့ ဟုတ်ချင်မှတော့ ဟုတ်ပါမယ်။ ဒါပေမဲ့ လမ်းစတစ်ခုအနေနဲ့ ရွေးကောက် ပွဲဆိုတာကတော့ အလုပ်လုပ်လို့ကိုင်လို့ရမယ့် အခြေအနေတစ်ခုအတွက် လမ်းပွင့်စရာ တစ်ခုဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်တော့ အားလုံးမှာ ရှိကြပါတယ်။

TREND ။        ။ အားလုံးရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့နဲ့ ရွေးကောက်ပွဲ အခင်းအကျင်းအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။ 
USM    ။    ။
တိုင်းပြည်က ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ အဓိကçကတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အဲဒီဟာကို အခြေခံတဲ့ နိုင်ငံရေးမူဘောင်တွေ။ နိုင်ငံရေးမူဘောင်ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုလိုတာ။ အဲဒီတော့ နိုင်ငံရေးမူဘောင်တွေကို သေချာပြန် လုပ်မယ်။ လုပ်ပြီးတော့ အဲဒီအပေါ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ လိုလားတဲ့ပုံစံက ဘာလဲ၊ အားလုံးက ရွေးကောက်ပွဲ ပြီးသွားတဲ့အချိန်မှာ ပေါ်ထွက်လာတဲ့ အစိုးရတစ်ရပ်ဟာ အားလုံးရဲ့အဖြေတော့ မဖြစ်နိုင်ပေမယ့်လည်း အဲဒီအချိန်ကျမှ တကယ့်ငြိမ်းချမ်းရေးဆိုတဲ့ ပုံစံတစ်ခုက ငြိမ်းချမ်းရေးဖိုရမ်တွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ အကျေအလည်ပြောကြရမယ်လို့ မြင်တယ်။ အဲဒီအချိန်ကျမှလည်း ဘယ် လို ဖက်ဒရယ်ပုံစံ သွားမှာလဲဆိုတာ ဆွေးနွေးရမယ်လို့ မြင်တယ်။ 
    အခု တွေ့ဆုံဆွေးနွေးနေကြတဲ့ သူတွေချည်းပဲ ထိုင်ပြီးတော့ ဖက်ဒရယ်ကို ဘယ်လိုပုံစံသွားမယ်၊ ဘယ်လိုတည်ဆောက်ကြမယ်ဆိုတာမျိုး ပြောလို့မရလောက် သေးဘူးလို့လည်း မြင်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ သွားလို့ရမလဲဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေက အစုံရှိတယ်၊ အမျိုးမျိုးရှိနေကြတယ်။ အကုန်လုံး အားလုံးလက်ခံနိုင်တဲ့ ငြိမ်းချမ်းရေး ပလက်ဖောင်းတစ်ခုမှာ ဘယ်သူက ဘာကိုလိုချင်လဲ၊ သူတို့လိုချင်တဲ့ ဖက်ဒရယ်က ဘယ်လို၊ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်က ဘယ်လို၊ နိုင်ငံတော်အစိုးရက လုပ်ပေးနိုင်တဲ့ ပုံစံက ဘယ်လိုဆိုတာတွေက ဒါတွေ အားလုံး ညှိရမယ့်အချိန် တစ်ခုတော့ ရောက်လာမယ်လို့ မြင်ပါတယ်။ အဲဒီအချိန်ဟာ ဘယ်လိုအချိန်လဲဆိုတာ မပြောနိုင်သေးပေမယ့် ဒါက  အားလုံး ဝိုင်းညှိရကြရမယ်ဆိုတာ သေချာပါတယ်။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတို့၊ ဖိုရမ်တို့ဆိုတာကလည်း အဲဒီအချိန်၊ အဲဒီနေ့အတွက် လိုအပ်မယ့် ဟာတစ်ခုအတွက် အစပျိုးတဲ့ ဆွေးနွေးပွဲတွေလို့ ယူဆမိပါတယ်။ နောင်တစ်ချိန်မှာ ပေါ်ပေါက်လာမယ့် အခင်းအကျင်းအတွက် ပြင်ဆင်နေကြတယ်လို့ မြင်ပါတယ်။အခုအစိုးရက ရွေးကောက်ပွဲ လုပ်ပေးမယ်။ ရွေးကောက် ပွဲလုပ်ပြီးရင် ပေါ်ထွက်လာမယ့် ပုဂ္ဂိုလ်တွေက ဆက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေက ဆက်သွားရမှာ။ အဲဒီအချိန်မှာ အားလုံးပါဝင်နိုင်တဲ့ ပုံစံတစ်ခုနဲ့ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဆိုတာ ဘယ်လိုပုံစံသွားမလဲဆိုတာ အဲဒီအချိန်မှာ ညှိနှိုင်းဆောင်ရွက်ကြရမှာပါ။ ပြီးတော့ အဲဒီအချိန်မှာလည်း ငြိမ်းချမ်းရေးကိစ္စတွေ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောကြရမှာပါ။ အဲ့ဒီအချိန်ကာလတွေအတွက် အခုကတည်းက သူ့ရဲ့ Timming အရ လုပ်နေတာဖြစ်တယ်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲ အခင်းအကျင်း။ ရွေးကောက်ပွဲဆိုတာ  နိုင်ငံတည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲ တကယ် အောင်မြင်အောင် လုပ်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့လိုတယ်။ အခု တိုင်းပြည်မှာ ဖြစ်နေတဲ့ အနေအထားအရကလည်း ရွေးကောက်ပွဲဆိုတာ ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်နေတယ်။ ပြီးတော့လည်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေအရပ်ရပ်ကလည်း  ရွေးကောက်ပွဲက လိုအပ်နေတယ်။ တစ်ချိန်တည်းမှာလည်း ငြိမ်း ချမ်းရေး ကိစ္စကရှိနေတော့ ဒီနှစ်ခုလုံးဟာ တစ်ပြိုင်နက်တည်း သွားနိုင်ဖို့လိုပါတယ်။ ဒါကို ဘယ်လိုလုပ်ကြမယ်၊ ကိုင်ကြမလဲဆိုတာ တိုင်ပင်ဆွေးနွေးနေကြရတယ်လို့ ယူဆပါတယ်။ ငြိမ်းချမ်းရေးဖိုရမ်တွေမှာ စကားဝိုင်းတွေမှာ ဆွေးနွေးချက်တွေ ဆိုတာကလည်း အဖြေရှာတာ မဟုတ်သေးဘူး။ ဒါပေမဲ့ ရွေးကောက် ပွဲဖြစ်အောင်  ဘယ်လိုလုပ်မလဲ၊ ရွေးကောက်ပွဲကို မတည်ငြိမ်တဲ့နေရာ မလုပ်ဘူး။ တည်ငြိမ်တဲ့နေရာမှာပဲ လုပ်သွားမလား၊ ဒါမှမဟုတ် မတည်ငြိမ်တဲ့နေရာကို တည်ငြိမ်အောင်လုပ်မယ် ဆိုတာက ငြိမ်းချမ်းရေး ကိစ္စဖြစ်တယ်။ ရွေးကောက်ကို မဖြစ်မနေ ကျင်းပမယ်ဆိုတာက ရွေးကောက်ပွဲ ကိစ္စဖြစ်တဲ့အတွက် Election နဲ့ Peace Process က တစ်ပြိုင်တည်း ဘယ်လိုလုပ်မလဲပေါ့။ ဒါကြောင့်လည်း ရွေးကောက်ပွဲကိစ္စကို  ငြိမ်းချမ်းရေးဖိုရမ်မှာ ဆွေးနွေးခဲ့ကြတာလို့ မြင်ပါတယ်။ 

TREND ။        ။ နိုင်ငံရဲ့ လက်ရှိအခြေအနေအရ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတာဝန်ရှိသူ တစ်ဦးအနေနဲ့ ဘာပြောချင်လဲ။
USM    ။    ။
လက်ရှိ တိုင်းပြည်ရဲ့အခြေအနေကတော့ နိုင်ငံရေးအခက်အခဲအကျပ်အတည်းကို ဖြေရှင်းဖို့ အဖြေတစ်ခု အမြန်ဆုံးရှာဖို့ လိုအပ်နေတဲ့ အချိန်ကာလတစ်ခုလို့ သုံးသပ်မိပါတယ်။ အဲဒီအဖြေက ဘယ်လိုအဖြေဖြစ်မလဲ‌၊ တိုင်းပြည်မှာ လိုအပ်နေတာက ကျွန်တော်တို့အားလုံး ပြည်သူတွေရဲ့ အခက်အခဲ သော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုလည်း သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ လိုလားမှုတွေ၊ သူတို့ဖြစ်စေချင်တဲ့ ပုံစံတစ်ခုနဲ့ ဒီအခင်းအကျင်းတွေအားလုံးကို အဖြေတစ်ခုရဖို့ပါ။ ဒါကို ဘယ်လို အမြန်ဆုံး ရှာဖွေရမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲဆိုတဲ့ လိုအပ်နေတဲ့အဖြေတစ်ခုကို ရှာမှ တိုင်းပြည်က အဆင်ပြေမယ်၊ ပြေလည် ငြိမ်းချမ်းသွားမယ်လို့ မြင်ပါတယ်။ ရွေးကောက်ပွဲလမ်းစဉ်က လက်ရှိအကျပ်အတည်း အရာအားလုံးကို ကုစားနိုင်တဲ့အဖြေမဟုတ်ပေမယ့် ဒီလမ်းကြောင်းကနေ စလုပ်ရမယ်လို့ မြင်ပါတယ်။ ပြည်သူတွေကလည်း အဲဒီလိုမျိုး ယူဆတယ်ဆိုရင် ရွေးကောက်ပွဲလမ်းစဉ်မှာ သေချာပူး ပေါင်းပါဝင်သင့်ပါတယ်လို့ သုံးသပ်မိပါတယ်။

TREND ။        ။ PDF အမည်ခံတွေနဲ့ လက်နက်ကိုင်အုပ်စုတွေကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ဖို့၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးအတွက် ဥပဒေဘောင်အတွင်းကနေ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲပြီး ဖော်ဆောင်မယ်ဆိုရင်  ကြိုဆိုလက်ခံမယ်လို့ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ ဒီဖိတ်ခေါ်ချက်အပေါ် အမြင် လေးသိပါရစေ။
USM    ။    ။
အဲဒီလို အားလုံးလာကြပါ။ ဒါကို ဝိုင်းလုပ်ကြရအောင် ခေါ်တာက လက်ခံတာ၊ လက်မခံတာ တစ်ပိုင်းပေါ့။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူးဆိုတာက တစ်ပိုင်းပေါ့။ တိုင်းပြည်ကောင်းကျိုးအတွက် ဝိုင်းလုပ်ကြရအောင်လို့ ဖိတ်ခေါ်တာ ကောင်းတဲ့ကိစ္စပါ။ နံပါတ်တစ်အနေနဲ့ ကြို‌ဆိုပါတယ်။ ကောင်းတဲ့ အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဖိတ်ခေါ်ပြီးတော့ ပြီးသွားမှာတော့ မဟုတ်ဘူးပေါ့။ ကဲ ဟုတ်ပြီ ပြန်လာတော့မယ်။ အစိုးရက ဖိတ်ခေါ်ထားသလို လက်တွဲပြီး လုပ်ကိုင်ချင် တယ်ဆိုတဲ့ အနေအထား တစ်ခုမှာ နောက်ထပ် အခင်းအကျင်းတစ်ခုက ဘယ်လိုဖြစ်လာမလဲ‌ဆိုတာကတော့ တစ်ပိုင်းရှိနေဦးမယ်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ ဖြည့်စွက်ပြောရမယ်ဆိုရင်၊ ဒါကို ဖော်ဆောင်ဖို့ကိုလည်း ပြောနေတာတွေ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်နိုင်ငံကို တည်‌ထောင်မယ်၊ တည်ထောင်ဖို့အတွက်လည်း အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်၊ တရုတ်၊ ရုရှားရဲ့အနေအထား၊ ဥရောပနိုင်ငံတွေရဲ့ ဖက်ဒရယ်စသဖြင့် လေ့လာထားတာတွေ အများကြီး ရှိတယ်။ ပြည်ထောင်စုသမ္မတ နိုင်ငံကို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် တကယ် တည် ဆောက်မယ်‌ဆိုရင် အာဏာခွဲဝေမှုကိစ္စ‌တွေ ပါလာမယ်။ နောက် ပြည်နယ်သတ်မှတ်တဲ့ကိစ္စတွေ ပြည်နယ်သစ်တွေ ပေါ်ထွန်းလာနိုင်တာ‌တွေလည်းရှိ လာနိုင်တယ်။ ဒါကြောင့် ဒီကိစ္စက တော်တော်လေး ကြီး တယ်။
    ကြီးတော့ Peace Forum မတိုင်ခင်တုန်းကလည်း ဆွေးနွေးကြတာရှိတယ်။ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ ဖက်ဒရယ်ကို တကယ်သွားမယ်ဆိုရင် အခုရှိနေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စုပြီးတော့ မြန်မာ့နိုင်ငံရေးရဲ့ ဖက်ဒရယ်ကို မူကြမ်း ရေးဆွဲကြမယ်ဆိုရင် ဖြစ်အောင်တော့ လုပ်သွားလို့ ရနိုင်တယ်။ သို့သော်လည်း ရေရှည်တည်တံ့တဲ့ အကျိုးရလဒ်တစ်ခုကို စဉ်းစားမယ်ဆိုရင် အခု လက်နက်ကိုင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NCA ထိုးတဲ့ အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေရော၊ အခြားသော အင်အားစုတွေ အားလုံးကိုလည်း ကျွန်တော်တို့က သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေက ဘာတွေလဲ၊ ဒါတွေအားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့လိုမယ်လို့ မြင်တယ်။ ဒါကိုလည်း ကြားခံအင်အားစုတွေကို အသုံးပြုတာမျိုး‌သော်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မတီအနေနဲ့လည်းကောင်း ဝိုင်းဆွေးနွေးဖို့ အရင်ဆုံးဖိတ်ခေါ်ရမယ်။ ပြီးတော့မှ သူတို့ရဲ့ လိုချင်တဲ့ ပုံစံတစ်ခုနဲ့ အပေးအယူကိစ္စတွေ Peace Framework ကို သေသေချာချာလေးပေါ့၊ Union Accord ကို ပြောတာမဟုတ်ဘဲနဲ့ အခြားသော သူတို့ဖြစ်ချင်တဲ့ပုံစံ၊ သူတို့ လိုချင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုပုံစံက ဘယ်လိုလဲဆိုတဲ့ အရာကိုလည်း တိုက်ရိုက်သော်လည်း‌ကောင်း၊ သွယ်ဝိုက်သော နည်းနဲ့သော်လည်းကောင်း သေသေချာချာလေး စေ့စပ်ညှိနှိုင်းပြီးတော့ Peace Forum လိုမျိုး‌ နောက် ထပ်အကြိမ်ကြိမ် လုပ်လာမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာကလည်း လမ်းကြောင်းတစ်ခုအပေါ်ကို ရောက်လာမလားပေါ့။ ဖက်ဒရယ်အကြောင်းကို ပြောတာတော့ ရွေးကောက်ပွဲဆိုင်ရာကိစ္စထက် ပိုကြီး သွားတာပေါ့။ ရွေး‌ကောက်ပွဲဆိုတာကတော့ အစိုးရတစ်ရပ် ပေါ်ပေါက်ရေးကိုပဲ စဉ်းစားရတာဖြစ်တယ်။ ဖက်ဒရယ် Constitution ရေးမယ်၊ ဖက်ဒရယ်ရဲ့ အာဏာခွဲဝေရေး ကိစ္စတွေကတော့ ပိုကြီးသွားတာပေါ့။ ပိုကြီးတော့ အများကြီး တွေ့ဆုံပေါင်းစပ် ညှိနှိုင်းရမှာတွေ ရှိနေပါတယ်။ အများကြီး လျှော့ချပေး ရပေးရမယ့် အရာတွေရှိသလို တွေ့ဆုံညှိနှိုင်း ပေါင်းစပ်ရမယ့်အရာတွေလည်း အများကြီးရှိနေပါတယ်။
TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46994

© 2022 - 2025 News. All Rights Reserved.