နိုင်ငံရေးခရီးလမ်းနှင့် ရဲစွမ်းသတ္တိ

၂၀၂၊ ဩဂုတ် ၃၀
    အမေရိကန်သမ္မတတွေထဲမှာ အထင်ရှားဆုံး သမ္မတတစ်ဦးဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီ (John F.Kennedy) ရေးခဲ့တဲ့ Profiles in Courage စာအုပ်ကို ဆရာ သိပ္ပံစိုးလှက 'ခေါင်းဆောင်နှင့်သတ္တိ' အမည်နဲ့ ဘာသာပြန်ခဲ့ပြီး ၁၉၆၂ ဇွန်လက ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နိုင်ငံရေးမှာ ခေါင်းဆောင်လုပ်ချင်သူတွေအဖို့ အလိုအပ်ဆုံး အရည်အချင်းဟာ 'သတ္တိ'ဖြစ်ကြောင်းကို အမေရိကန်ဆီနိတ်တာ (အထက် လွှတ်တော်အမတ်) ရှစ်ဦးကို သက်သေထူပြီး ရေးပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေ အကြောင်းဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကာလ လွှတ်တော်များပေါ် ပေါက်လာချိန် ၂၀၁၂ ဖေဖော်ဝါရီမှာ ဒီစာအုပ်ကို ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲအကြို သြဂုတ်လမှာ Wisdom House စာပေက တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
    ဒီစာအုပ်ကို ဘာသာပြန်တဲ့ ဆရာသိပ္ပံစိုးလှဆိုတာ ဝါရင့်ကလောင်တစ်ချောင်း ဖြစ်ပေမယ့် စာအုပ်အထွက်ကျဲလို့ လူသိနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာကြီးသိပ္ပံစိုးလှဟာ ကိုလိုနီခေတ် ၁၉၃၃ မှာ ဆယ်တန်းအောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့စဉ် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာသိပ္ပံမောင်ဝတို့နဲ့အတူ ခေတ်စမ်းစာပေကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၂ မှာ စာပေဗိမာန် မဂ္ဂဇင်းအယ်ဒီတာ၊ ၁၉၇၆ မှာ စာပေဗိမာန် တွဲဖက်ညွှန်ကြားရေးမှူး၊ ၁၉၇၆ မှ ၁၉၈၈ အထိ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၈ မှာ 'ပါးလ်စ်ဘတ် ၏ ဘဝအထွေထွေ' စာအုပ်ဖြင့် ဘာသာ ပြန်စာပေဆုရခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။
    သမ္မတကနေဒီရဲ့သမီး 'ကယ်ရိုလိုင်းကနေဒီ}ရဲ့ နိဒါန်းစကားမှာ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဂျွန်အက်ဖ်ကနေဒီ ပြောခဲ့တဲ့စကားကို ပဲ့တင်ထားပါတယ်။ 'တိုင်းပြည်က ခင်ဗျားအတွက် ဘာလုပ်ပေးနိုင်သလဲလို့ မမေးပါနဲ့၊ တိုင်းပြည်အတွက် ခင်ဗျားဘက်က ဘာလုပ်ပေးနိုင်သလဲဆိုတာသာပြောပါ' တဲ့။ သူကိုယ်တိုင် တိုင်းပြည်အတွက် ရဲစွမ်းသတ္တိအပြည့်နဲ့ အမှုထမ်းခဲ့ပုံကိုလည်း မှတ်မှတ်ရရ တင်ပြထားပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်က ဂျွန်အက်ဖ်ကနေဒီဟာ အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
    'ဂျွန်အက်ဖ်ကနေဒီ လိုက်ပါရသည့် ရေယာဉ်အမှတ်မှာ PT-109 ဖြစ်သည်။ တစ်ည (၁၉၄၃ သြဂုတ် လ ၂ရက်) ကင်းလှည့်နေစဉ် ဂျပန်ဖျက်သင်္ဘောတစ်စင်းနှင့် ရုတ်တရက် ဝင်ဆောင့်မိရာက PT-109 မှာ ရစရာမရှိအောင် ပေါက်ကွဲသွားသည်။ ပျက်စီးနစ်မြုပ်သွားသော သင်္ဘောနှင့်အတူ ရေပြင်တစ်ခုလုံး မီးလောင်နေပြီး သင်္ဘောသားများမှာလည်း အသက်လုပြေးကြရသည်။ ယင်းတို့အနက် နှစ်ယောက်မှာ နစ်မြုပ်သေဆုံးသွားပြီး တစ်ယောက်သော ရဲဘော်မှာမူ ဒဏ်ရာအကြီးအကျယ်ရပြီး ဆက်လက်ကူးခတ်နိုင်ခြင်း မရှိတော့။ ဤမှာပင် ကနေဒီက အဆိုပါ ရဲဘော်၏ ပုခုံးသိုင်းကြိုးကို သူ၏သွားဖြင့် ကျစ်ကျစ်ပါအောင်ကိုက်ချီကာ သုံးမိုင်ဝေးသော ကမ်းသို့ ကူးခတ်ဆွဲယူလာခဲ့သည်။'(စာ-၁၈)
    အသက်ရှင်ဖို့ ခက်ခဲတဲ့ကျွန်းတစ်ကျွန်းပေါ် ရောက်သွားပြီး သူနဲ့အားလုံး ရဲဘော်ခြောက်ယောက်အတွက် ဗိုလ်ကြီးကနေဒီကပဲ ဦးဆောင်ပြီး ရှင်သန်လွတ်မြောက်အရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။
    'ငါးမန်းများကျက်စားရာ ရေပြင်ကိုဖြတ်ရင်း အနီးအနားမှ ကျွန်းစုများဆီသို့ နေ့စဉ်သွားသည်။ တစ်နေ့သော် ဆော်လမွန်ကျွန်းသားနှစ်ဦးနှင့် တွေ့ဆုံပြီး မဟာမိတ်တပ်နှင့် အဆက်အသွယ်ရအောင် ကြံစည်နိုင်ခဲ့သည်။ အုန်းသီးတစ်လုံးပေါ်တွင် ဓားဖြင့်ထွင်း၍ စာရေးပြီး သြစတြေးလျကမ်းခြေစောင့်တပ်များဆီ အဆိုပါကျွန်းသားနှစ်ဦးမှတစ်ဆင့် ပေးပို့စေခဲ့သည်။ နောက်ဆုံး ကမ်းခြေစောင့်တပ်များက ကယ်ဆယ်နိုင်ခဲ့သည်။' (စာ-၁၈)
    ဒါပေမဲ့ ဂျပန်ဖျက်သင်္ဘောနဲ့တိုက်မိစဉ် ကျောရိုးမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ ဒီဒဏ်ရာက မကြာခဏ ဒုက္ခပေးတယ်။ ဒါကြောင့် ၁၉၅၅ မှာ ခွဲစိတ်ကုသခဲ့ရပြီး ခြောက်လအနားယူခဲ့စဉ် စာရေး၊ စာဖတ်ခြင်းဖြင့် အချိန်ကုန်ခဲ့ပါတယ်။
    'ရလဒ်အနေနှင့်မူ ယခု Profiles in Courage စာအုပ်ထွက်ပေါ်လာပါတော့သည်။ အမှန်အားဖြင့် သမိုင်းနှင့် သမိုင်းကို ဖန်တီးခဲ့သူ သူရဲကောင်းတို့ အကြောင်းကို ကနေဒီ စိတ်ဝင်စားခဲ့သည်မှာ ယခုမှမဟုတ်ပါ။ လူ့သမိုင်းဟူသည် သူ့အတွက် ထာဝရရင်ခုန်စရာ ပြဇာတ်ကြီးတစ်ပုဒ် ဖြစ်ပါသည်။ အဆိုပါ ပြဇာတ်အတွင်း သူရဲကောင်းတို့ ဘဝအထွေထွေနှင့် ကြီးကျယ်မြင့်မြတ်သော လုပ်ရပ်များ သက်ဝင်လှုပ် ရှားနေကြသည်။' (စာ-၁၉)
    သူကိုယ်တိုင် ဆီနိတ်တာ (အထက်လွှတ်တော် အမတ်)ဖြစ်ခဲ့ပြီး သမ္မတမဖြစ်မီကပင် 'ခေါင်းဆောင်နှင့်သတ္တိ' စာအုပ်ထဲက ဆီနိတ်တာရှစ်ဦးအကြောင်း ရေးခဲ့တာပါ။ လွှတ်တော်အမတ်တို့ရဲ့ သဘောသဘာဝကို ဒီလိုဖော်ပြထားပါတယ်။
    'ဥပဒေပြုလွှတ်တော်(ကွန်ဂရက်)၏ ညှို့ဓာတ်သည် အလွန်ကြီးလေသည်။ တစ်ကြိမ်အရွေးခံရ၍ လွှတ်တော်ထဲသို့ ရောက်လာပြီးလျှင် ထပ်ကာတလဲလဲသာ အရွေးခံလိုကြ၏။ ထို့ကြောင့် မိမိ အလိုအ လျောက် အမတ်အဖြစ်မှ အငြိမ်းစားယူသွားသော ဆီနိတ်တာ ဦးရေမှာ အလွန်နည်းသည်ကို တွေ့ရပေ သည်။' (စာ-၂၉)
    ဒါကြောင့် လွှတ်တော်အမတ် အများစုဟာအများနဲ့ ဆန့်ကျင်ဘက် မပြုရဲ၊ အများညီ ဤကျွဲဖတ် နေလေ့ရှိတယ်လို့ဆိုပါတယ်။ ကနေဒီကိုယ်တိုင် အမတ်ဖြစ်ခါစက ...'အလိုက်အထိုက် အလုပ်လုပ်နေတာ အကောင်းဆုံးပဲဗျ'ဆိုတဲ့ သြဝါဒစကား နာကြားခဲ့ရတယ်ဆိုပါတယ်။
    'လွှတ်တော်အမတ်များ၏ နိုင်ငံရေးသတ္တိနည်း ပါးရခြင်းတွင် အခြားအကြောင်းတစ်ခု ရှိသေး သည်။ ထိုအကြောင်းမှာလည်း အလွန်အရေးကြီးပေ၏။ လွှတ်တော်အမတ်များအဖို့ မိမိတို့၏ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များနှင့် အဖွဲ့အစည်းအုပ်စုများ (စီးပွားရေးအုပ်စု စသည်)ကို အလွန် လေးစားရလေသည်။ သူတို့ ကို ဆန့်ကျင်ပြုရမည့်လုပ်ငန်းမှာ လွယ်ကူသော အလုပ်မဟုတ်ချေ။' (စာ-၃၀)
    မဲဆန္ဒရှင်၊ စီးပွားရေးသမားနှင့် မိမိပါတီရဲ့မျက်နှာကိုထောက်ပြီး မပြောရဲ၊ မလုပ်ရဲ သူရဲပေါကြောင်တဲ့ လွှတ်တော်အမတ်တွေ များလာတယ်လို့ဆိုပါတယ်။ နိုင်ငံရေးသတ္တိပျောက်ဆုံးသွားတဲ့ လွှတ်တော်အမတ်တွေကြားထဲမှာ အမှန်တရားကို ဖက်တွယ်ပြီး မိမိကိုယ်ကျိုးစီးပွားကို မငဲ့ဘဲ (မည်သည့် ပြစ်တင်ဝေဖန်မှုမျိုးကိုမှ မကြောက်ဘဲ နိုင်ငံနှင့် လူမျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်ခဲ့သော ဆီနိတ်တာကြီး ရှစ်ဦးအကြောင်းကို ဖော်ပြထားသည်။ ထိုပုဂ္ဂိုလ်တို့သည် ဒီမိုကရေစီစနစ်ကို တကယ်ယုံကြည် သူများဖြစ်၏။ ဆီနိတ်လွှတ်တော်သည် ရုပ်သေးရုပ်များဖြင့် ပြည့်သည့်နေရာမဟုတ်ဟု သာဓကတင် ခဲ့သူများဖြစ်၏။ မိမိတို့တာဝန်ကို မိမိတို့ သစ္စာရှိရှိဖြင့် ဆောင်ရွက်ခဲ့သူများဖြစ်၏။ ဤပုဂ္ဂိုလ်များအနက် အချို့မှာ နိုင်ငံရေးသက်တမ်းတစ်လျှောက်လုံးတွင် သတ္တိရှိခဲ့၏။ အချို့မှာလည်း အချိန်အခါကျမှ သတ္တိကို ဖော်ခဲ့သူ များဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ တကယ့်သတ္တိကောင်းများ ဖြစ်ကြပါပေ၏)လို့ ကနေဒီက အမွှမ်းတင်ဂုဏ်ပြုထားပါတယ်။ (စာ-၃၆)
    ကနေဒီ တင်ပြတဲ့ ဆီနိတ်တာရှစ်ဦးထဲက 'လူးရှပ်လားမား'ဆိုတဲ့ အမတ်အကြောင်းကို စံနမူနာပြ အဖြစ် ထုတ်နုတ်တင်ပြလိုက်ပါတယ်။
    အမေရိကန်ပြည်တွင်းစစ် (တောင်ပိုင်းနှင့် မြောက်ပိုင်း)တို့ တိုက်ကြရာမှာ တောင်ပိုင်းက ရှုံးနိမ့် သွားခဲ့တယ်။ အမေရိကန်ပြည်ထောင်စုထဲမှာ ပါဝင်နေသော်လည်း တောင်ပိုင်းသား(အချို့က) ခွဲထွက်ချင်နေတယ်။ မက်ဆာချူးဆက်နယ် အထက်လွှတ်တော်အမတ် ချားလ်ဆမ္ဗနားဆိုသူဟာ ခွဲထွက်မယ် တကဲကဲလုပ်နေတဲ့ တောင်ပိုင်းပြည်နယ်တွေအပေါ် မျက်မုန်းကျိုးနေသူဖြစ်တယ်။ ဆီနိတ်တာ ဒင်နီယက်ဝက်ဘ်စတာက တောင်ပိုင်းနယ်များ ပြည်ထောင်စုက မထွက်အောင် အားထုတ်ဆောင်ရွက်တာကို ဆမ္ဗနားက သဘောမတူကျဘူး။ ဝက်ဘ်စတာကို 'သစ္စာဖောက်'လို့တောင် ဆဲရေးခဲ့တယ်။
    'ထို့နောက် ဆမ္ဗနားအား တောင်ပိုင်းကာရို လိုင်းနားနယ်အမတ် မစ္စတာဘရွတ်က ဆီနိတ်လွှတ် တော်ထဲ၌ တုတ်နှင့်ရိုက်လေရာ ထိုအရိုက်ခံရသောဒဏ်ကြောင့် နောင်တွင်ဆမ္ဗနားသည် သေဆုံးသွားခဲ့လေသည်။ သူ့ကိုရိုက်သော မစ္စတာဘရွတ်သည်လည်း တောင်ပိုင်းပြည်နယ်များ၏ သူရဲကောင်းအဖြစ်သို့ ရောက်ရှိခဲ့လေသည်။' (စာ-၁၃၂)
    အမေရိကန်ပြည်တွင်းစစ်က အပြင်မှာ ပြီးဆုံးသွားပြီဖြစ်ပေမယ့် လွှတ်တော်ထဲမှာ ဆက်ဖြစ်နေတယ်။ တောင်ပိုင်းသားအမတ်က မြောက်ပိုင်းသားအမတ်ကို လွှတ်တော်ထဲမှာ တုတ်နှင့်ရိုက်တယ်။ အရိုက်ခံရတဲ့ဒဏ်ရာနဲ့ ဆမ္ဗနားဆိုသူ သေသွားတယ်။ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ပြီး အမှိုက်ကစ ပြသာဒ်မီးလောင်တော့မယ်။ အဲဒီမှာ အခြားသော တောင်ပိုင်းသားတွေ အောင်ပွဲခံနေချိန်မှာ မစ္စတာလားမားက ဆမ္ဗနားအတွက် ဝမ်းနည်းစကားဆိုရင်း ဆမ္ဗနားရဲ့ ဂုဏ်အရည်အချင်းတွေကို လွှတ်တော်ထဲမှာ တဖွဲ့တနွဲ့ ချီးကျူးပြောဆိုခြင်း ပြုလေတော့တယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်းပြည်နယ်များ စိတ်ဝမ်းမ ကွဲပြားဘဲ ချစ်ကြည်စွာ ပူးတွဲနေထိုင်ရေးကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
    မစ္စတာလားမား ဘယ်လောက်ထိ အပြောကောင်းသလဲဆိုရင် နိုင်ငံရေးမှာ ဝါရင့်လှပါတယ်ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး မစ္စတာဂျိမ်းစ်ဘလိန်းတောင်မှ လွှတ်တော်စင်မြင့် ဥက္ကဋ္ဌထိုင်ခုံပေါ်မှာ လားမားရဲ့မိန့်ခွန်းကို နားထောင်ရင်း မျက်ရည်တွေတွေ စီးကျလာတော့တယ်။ အခြားသော လွှတ်တော်အမတ်များလည်း ဣန္ဒြေမတည်နိုင်တော့ဘဲ ငိုပွဲဆင်ကြလေတော့တယ်။
    'လွှတ်တော်တစ်ခုလုံး ယခုလို မျက်ရည်မဆည် နိုင်ဖြစ်နေခြင်းကား မိန့်ခွန်းပြောကြားနေသော အမတ်မင်း၏ ပြောပုံဆိုပုံသည် ကြားရသူတို့၏ နှလုံးကို သိမ်းကျုံးဆွဲငင်လှုပ်ရှားလိုက်သကဲ့သို့ ထိလှမိလှ သောကြောင့် ဖြစ်လေသည်။ လွှတ်တော်ထဲသို့ ရောက်နေကြသော အမတ်ကြီးများမှာ တော်ရုံတန်ရုံနှင့် စိတ်လှုပ်ရှားမည့် သူများမဟုတ်ပေ။ အမေရိကန်ပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသော စစ်ပြန်လူ ကြမ်းကြီးများနှင့် နိုင်ငံရေး၌ အရေထူပြီး နိုင်ငံရေးသမားကြီးများ ဖြစ်လေသည်။ ထိုလူကြမ်းလူသွမ်း ကြီးများကိုပင် တရှုပ်ရှုပ်ငိုရအောင် အပြောကောင်းသည့်အမတ်မှာ မစ်စစ်ဆီပီနယ်မှ တက်ရောက်လာသော အမတ်သစ် မစ္စတာလူးရှပ်လားမားဖြစ်လေသည်။' (စာ-၁၃၂)
    မစ္စတာလားမားဟာ ပြည်တွင်းစစ်မှာတုန်းက တောင်ပိုင်းသားတစ်ယောက်အနေနဲ့ ပါဝင်တိုက် ခိုက်ခဲ့သူဖြစ်တယ်။ စစ်ရှုံးတောင်ပိုင်းသား အမတ်တစ်ယောက်က စစ်နိုင်လို့ ဆောင့်ကြွားကြွားဖြစ်နေတဲ့ မြောက်ပိုင်းသား အမတ်တစ်ယောက်သေတာကို ဝမ်းမသာဘဲ ဝမ်းနည်းစကား ပြောရုံမက တောင်ပိုင်း မြောက်ပိုင်း သင်ပုန်းချေပေါင်းစည်းရေး ရွှေပြည်အေးတရားဟောလေရာ သိသာထင်ရှားတဲ့ တုံ့ပြန်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ တောင်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များအကြား တင်းမာမှုတွေ ပြေလျော့လာတယ်။ မြောက်ပိုင်းခေါင်းဆောင်များက လူထုအစည်း အဝေးပွဲများကျင်းပပြီး လားမားရဲ့ မိန့်ခွန်းကို ချီးကျူးထောက်ခံပွဲတွေ လုပ်လာတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဘော့စတွန်မြို့ထုတ် သတင်းစာကြီး နှစ်စောင်ကလည်း 'စစ်ပြီးသည့်နောက် တောင်ပိုင်းနယ် ခေါင်းဆောင်များဘက်မှ အလွန်အမြော်အမြင် ပြည့်စုံသည့် မိန့်ခွန်းဖြစ်သည်'လို့ ဂုဏ်ပြုရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ လားမားရဲ့ မိန့်ခွန်းကို ဆန့်ကျင်ကန့်ကွက်သူအချို့ တောင်ပိုင်းမှာရော မြောက်ပိုင်းမှာပါ ရှိခဲ့ပါတယ်။
    'လားမားမှာမြောက်ပိုင်းဆန့်ကျင်ရေး တောင်ပိုင်းသား စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ပါလျက် ယခုကဲ့သို့ ညီညွတ်ရေးကို ဟောပြောသောအခါ သူ၏စေတနာကို လူအများက ယုံကြည်ကြသည်။ အဟောအပြောကောင်း လှသဖြင့်လည်း နားဝင်ကြသည်။ ထိုအခါမှစ၍ တောင်ပိုင်းပြည်နယ်သား တို့အနက်မှ လူတော်လူကောင်းတစ်ယောက်အနေနှင့် ထင်ရှားလာလေသည်။' (စာ-၁၃၈)
    ဒါပေမဲ့ နောက်တစ်ပွဲမှာတော့ လားမားဟာ ပြိုကွဲသွားလုလု။ မစ်ဇိုရီနယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဗလင်းက ငွေဒင်္ဂါးသွန်းလုပ်ရေး ဥပဒေကြမ်းကို တင်သွင်းလာတဲ့အခါ လားမားမနေ သာတော့။ ငွေကြေးပမာဏ ဖောင်းပွပြီး ငွေတန်ဖိုး လျော့ကျသွားမှာ လုံး၀ သေချာနေတယ်။ ဒါပေမဲ့ ဥပဒေကြမ်းကို မစ်စစ်ဆီပီနယ်မှာ အလွန်လူကြိုက်များလျက်ရှိတယ်။ ပြည်တွင်းစစ်အပြီး စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန် ငွေဒင်္ဂါးတွေ ပေါ်ပေါက်လာရင် စီးပွားရေး ချောင်လည်လာမယ်လို့ လူပြိန်းတွေအများစုက တွေးထင်ယူဆပြီး ငွေဒင်္ဂါးသွန်း လုပ်ရေးဥပဒေကို တောင်ပိုင်းမှာပါဝင်တဲ့ မစ်စစ်ဆီပီနယ်က အထူးကြိုဆို ထောက်ခံလျက်ရှိတယ်။
    လားမားကိုယ်တိုင်ဟာ မစ်စစ်ဆီပီနယ်က တက်လာတဲ့ ဆီးနိတ်တာဖြစ်တယ်။ ဒင်္ဂါးသွန်းဥပဒေကြမ်း အတည်ဖြစ်သွားရင် တစ်ကမ္ဘာလုံးက ကန့်ကွက်ရှုတ်ချလိမ့်မယ်။ အမေရိကန်မှာလည်း ငွေဖောင်း ပွမှုဒဏ်ခံရပြီး စီးပွားရေးကမောက်ကမ ဖြစ်မယ်။ ဒါကြောင့် ဒီဥပဒေကို သူကန့်ကွက်တယ်။ တောင်ပိုင်း ပြည်နယ်သား ဒီမိုကရက်တစ် ပါတီဝင်တို့အနက်မှ လားမားတစ်ယောက် သာကန့်ကွက်သူရှိခဲ့တယ်။ သူ့ပြည်နယ်ကလည်း ထောက် ခံမဲပေးဖို့ ညွှန်ကြားလွှာထုတ်တယ်။ လားမားက သူ့ယုံကြည်ချက်အတွက် အသက်ပင်သေသေဆိုသော လူစား၊ နိုင်ငံရေးသတ္တိပြင်းထန်လွန်းသူ၊ ပြည်နယ်ညွှန်ကြားချက်ကို မလိုက်နာဘဲ ဆက်လက်ကန့်ကွက်ခဲ့ပါတယ်။
    နောက်ဆုံးတော့ ငွေဒင်္ဂါးဥပဒေကြမ်းအတည် ဖြစ်သွားပါတယ်။ သမ္မတကြီးဟေးစ်က ဗီတိုအာဏာနှင့် ပယ်ဖျက်ခဲ့ပေမယ့် ဆီနိတ်လွှတ်တော်က အတည်ဖြစ်အောင် ဗီတိုအာဏာကို လွှမ်းမိုး ဆုံးဖြတ် ခဲ့ပါတယ်။ လားမားဘက်က ရှုံးနိမ့်ခဲ့ပေမယ့် သူ့သတ္တိကိုတော့ အများက ချီးကျူးကြတယ်။
    'နေရှင်းသတင်းစာကြီးကလည်း လားမားသည် ဤကဲ့သို့ ပြည်နယ်လွှတ်တော်၏ ဆန္ဒနှင့်ဆန့် ကျင်ဆောင်ရွက်ခဲ့သည့်အတွက် အမတ်ရာထူးက ပြုတ်ကောင်းပြုတ်ပေးမည်။ သို့သော် သူ၏ သူရသတ္တိ ကို မချီးကျူးဘဲ မနေနိုင်ပါ'ဟု ရေးသားလေသည်။' (စာ-၁၄၅)
    ဒါပေမဲ့ မိမိပြည်နယ်နှင့် မဲဆန္ဒရှင်တို့အပေါ် စော်ကားတာပဲဆိုပြီး အပြင်းအထန် ရှုတ်ချခံရပါတယ်။ လူထုစည်းဝေးပွဲကြီးတွေ ကျင်းပပြီးတော့တောင် လားမားကို ရှုတ်ချခဲ့ကြပါတယ်။ လားမားက အညံ့မခံပါ။ မစ်စစ်ဆီပီနယ်အနှံ့ခြေဆန့်ပြီး သူ့လုပ်ရပ်မှန်ကန်ကြောင်း ရှင်းလင်းဟောပြောပါတယ်။ တိုင်းပြည်အပေါ်ထားတဲ့ သူ့စေတနာကို အများနားလည်အောင် သေသေချာချာ ရှင်းပြပါတယ်။ လူတွေ စိတ်ပြောင်းသွားကာ လားမား ဘက်က ရပ်တည်လာခဲ့ကြပါတယ်။
    'ထို့ကြောင့် သူ၏ နိုင်ငံရေးသက်တမ်းတစ် လျှောက်လုံး ပြည်နယ်လူထုသည် သူ့ကိုပင် ဆီနိတ် တာအဖြစ် ဆက်ကာ ဆက်ကာ ရွေးကောက်တင်မြှောက်ကြ၏။ နောက်ဆုံး၌ လားမားသည် ပြည်ထဲရေး ဌာနဝန်ကြီး အဖြစ်လည်းကောင်း၊ နိုင်ငံတော်တရားလွှတ်တော်ချုပ် ဝန်ကြီးအဖြစ်လည်းကောင်း ခန့်ထား ခြင်းခံရလေသည်။ အမေရိကန်ပြည်တွင်းစစ်ပြီးသည့် အချိန်မှစ၍ ၁၉ ရာစု ကုန်သည်အထိ တောင် ပိုင်းပြည်နယ်တို့မှ ထွက်ခဲ့သမျှ ခေါင်းဆောင်များတွင် နှလုံးရည်လက်ရုံးရည်ဖြင့် အပြည့်၀ဆုံး ခေါင်း ဆောင်တစ်ယောက်ဖြစ်သည်။' (စာ-၁၄၈)
    မြန်မာနိုင်ငံကိုလည်း ဒီစာအုပ်ဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်လို့ ကနေဒီက ဆိုထားပါတယ်။
    'ကြီးကျယ်ထင်ရှားသည့် ဘာသာရေးနှင့်နိုင်ငံ ရေးအမွေအနှစ်တို့ကို ဆက်ခံထားသော မြန်မာနိုင်ငံတွင် နိုင်ငံရေး၌ ရဲစွမ်းသတ္တိထူးခြားစွာဖြင့် ဆောင်ရွက်ခဲ့သူ  အမြောက်အမြား ပေါ်ထွက်ခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များတွင် မိမိနိုင်ငံ၏ လွတ်လပ်ရေးအတွက် အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံးနိုင်ငံ၏ အာဇာနည်အဖြစ် ကျဆုံးသွားရှာသော ဗိုလ်ချုပ်အောင်ဆန်းလည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြား မြန်မာမျိုးချစ် အာဇာနည်ခေါင်းဆောင်အား ဤ'ခေါင်းဆောင်နှင့်သတ္တိ}အမည်ရှိ စာအုပ်ဖြင့် လေးစားစွာ ဂုဏ်ပြုအပ်ပါသည်}လို့ စာအုပ်အဖွင့်မှာ ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။
    ဂျွန်အက်ဖ်ကနေဒီဟာ ၁၉၆၀ ပြည့်နှစ်မှာ အမေရိကန်ရဲ့ ၃၅ ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သမ္မတဖြစ်ချိန်က အသက်(၄၃)နှစ် သာရှိသေးတဲ့အတွက် အမေရိကန်ရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်လာခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ရက်ပေါင်းတစ်ထောင်မျှသာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၆၃ ခု နိုဝင်ဘာ ၂၁ ရက်တွင် တက္ကဆက်ပြည်နယ် ဒါးလပ်စ်မြို့မှာ လုပ်ကြံခံလိုက်ရပါတယ်။ အမေရိကန်ရဲ့ သူရသတ္တိ နှင့်ပြည့်စုံတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် မှတ်တမ်း တင်ခြင်းခံရပါတယ်။
မြတ်ဘုန်းသစ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 29

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50697

© 2022 - 2025 News. All Rights Reserved.