မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဓမ္မောဝါဒ လမ်းပြကထာ

၂၀၂၅၊ ဩဂုတ် ၃၀
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ ကျမ်းစာအမှတ်-၁ (လက်ဦးကျမ်းစာ) မှာ 'ဓမ္မောဝါဒကထာ' ဖြစ်ပါတယ်။ ဒီ ကျမ်းစာအုပ်ရေးသားပြုစု ပုံနှိပ်ထုတ်ဝေချိန်မှာ 'မဟာဗောဓိမြိုင် ဆရာတော်'လို့ အမည်မတွင်သေးပါဘူး။ ဒီကျမ်းစာအုပ်ကို မူဟောင်းနဲ့ မူသစ်ဆိုပြီး နှစ်ကြိမ်ထုတ်ဝေခဲ့ရာ နှစ်ကြိမ်လုံးမှာ 'ဝနဝါသီ ဉေယျဓမ္မသာမိထေရ်'ဆိုတဲ့အမည်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ရှေ့မှာ (မြန်မာပြည် အရပ်ရပ်၌ အရညဝါဒီ တောရပ်မှီလျက် နေလေ့ရှိသော ရွှေကျောင်းကုန်းဆရာတော်)ဆိုတဲ့ ဝိသေသ အထူးပြုချက်ကိုလည်း ဖော်ပြထားပါတယ်။ မူဟောင်းထဲက စာအကျအပေါက် သတ်ပုံအမှားတွေကိုပြင်ပြီး အချို့နေရာတွေမှာ ဖြည့်စွက်ရေးသားပြီး 'ဓမ္မောဝါဒကထာ(မူသစ်)'ကို ၁၉၉၈ ဒီဇင်ဘာမှာ သာ စည်မြို့ စာပေထိန်းသိမ်းရေးကော်မတီမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီကျမ်းစာအုပ်နဲ့ ပတ် သက်ပြီး ရာဇဝင်ခင်းနေရတာ အကြောင်းရှိလို့ပါ။
    ဓမ္မောဝါဒကထာ ကျမ်းစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးတင်ဖို့ လက်နှိပ်စက် ရိုက်ထားတဲ့ စာမူမိတ္တူတစ်စောင်ကို ဓမ္မဒါနစာပေအငှား ဌာနတစ်ခုကနေ ကျွန်တော် ရရှိခဲ့ပါတယ်။ လက်နှိပ်စက်မူ ဓမ္မောဝါဒကထာကို မြည်းစမ်းကြည့်ရုံမျှနဲ့ လက်ကမချ နိုင်အောင် ဖြစ်ခဲ့ကာ တစ်ညလုံး မိုးလင်းလုတဲ့အထိ ဖတ်မှတ်ခဲ့ပါတယ်။ နောက်တစ်နေ့တစ်ကြိမ်ထပ်ဖတ်ပြီး မှတ်စုထုတ်ရေးမှတ်တာတွေ ဆက်လုပ်ပါတယ်။ ဆရာတော်ကြီးကို ဖူးခွင့်မရမီ ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ တရားစုကို ဓမ္မစာပေအသွင်ဖြင့် ဖတ်မှတ်ပူဇော်ဖူးမြော်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
    ကျွန်တော်ဟာ ရှမ်းပြည်နယ် ရွှေညောင်မြို့ကလေးကနေ ဇာတိမြေသာစည်သို့ ပြန်ရောက်တာနဲ့ ဆရာတော်ကြီးကို ဖူးခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက ဆရာတော်ကြီးဟာ ရှမ်းရိုးမတောင်တန်းကြီးတွေရဲ့ အခြေအစ သာစည်မြို့နယ်ထဲက ရွှေကျောင်းကုန်းတောင်မှာ ဒုတိယအကြိမ် သီတင်းသုံးအားထုတ်နေချိန် ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ရန်ကုန်သာသနာ့ဗိမာန်ကျောင်းက တောထွက်လာ တာဖြစ်ပြီး ၁၃၄၁ ခုနှစ် (၁၉၇၉-၈၀)မှာ ရွှေကျောင်းကုန်းတောင်မှာ ပထမအကြိမ် တစ်ဝါသီတင်းသုံးခဲ့ပါ တယ်။ အဲဒီနောက် ဇင်းကျိုက်မှာ သုံးဝါ၊ ဖူးကြီး သံသုမာရတောင်မှာ နှစ်ဝါ၊ စစ်ကိုင်းတောင် အရှေ့ပရတ္တမ ချောင်ဂူထဲမှာ နှစ်ဝါလှည့်လည်အားထုတ်ခဲ့ပြီး ပါရမီချက်မြှုပ်လို့ခေါ်တဲ့ ရွှေကျောင်းကုန်းတောင်ကို ဒုတိယအကြိမ် ပြန်ကျော့အားထုတ် တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
    ရေရှားတဲ့ ရွှေကျောင်းကုန်းတောင်မှာ ဆရာတော်ကြီးက တောင်နှစ်လုံးကြားမှာ ဆည်ကြီးတစ်ခု ကိုယ်တိုင်စီမံ တည်ဆောက်ပေးနေချိန် ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ဂူထဲကထွက်ပြီး ဆည်တည်ဆောက်ရေး ကိုယ်တိုင်ကြီးကြပ် လုပ်ဆောင်နေတယ်လို့ သတင်းကြားရတဲ့အခါ ဆရာတော်ကြီးကိုလည်း ဖူးခွင့်ရဆည်တည်ဆောက်ရေးမှာလည်း လုပ်အားပေးကုသိုလ်ပါဝင်ပြီးသားဖြစ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုပြီး လုပ်အားပေးဖို့ စာရင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ ရွှေကျောင်းကုန်းတောင်သွားမည့် လယ်ထွန်စက်နောက်တွဲမှာ နေရာပြည့်နေပြီဆိုပြီး ကျွန်တော်တစ်ယောက်တည်းကို ထားခဲ့ကြပါတယ်။ (ကျွန်တော့်ကိုချန်ထားခဲ့ဖို့ စီစဉ်ဆုံးဖြတ်ခဲ့သူဟာ ကျွန်တော်နဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းပါ၊ မျက်နှာပြောင်တိုက်ပြီး ဒီလိုလုပ်သွားတာ အလွန်အံ့သြခဲ့ရပါတယ်။ ကျန်ခဲ့တဲ့ ကျွန်တော်ဟာ အဝေးတစ်နေရာကနေ မှန်းရည်ကန်တော့ရင်း ဆရာတော်ကြီးထံတော်ပါးတရား စကားတွေ လျှောက်ထားခွင့်ရပါစေလို့ အဓိဋ္ဌာန်ပြုခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်အဓိဋ္ဌာန်အောင် မြင်ခဲ့ပါတယ်။ ဆရာတော်ဘုရား သာစည်မြို့ပေါ် ဆွမ်းခံကြွမည်၊ တရားဟောမည်ဆိုတဲ့ သတင်းကြောင့် တစ်မြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပါတယ်။ မှန်ပါတယ်။ ဓမ္မအကျိုးတော်ဆောင်အဖွဲ့ဟာ ဟိုင်းလပ်ကားအမိုးပေါ် အော်လံကြီးတင်ပြီး တစ်မြို့လုံးအနှံ့ ကြေညာမောင်းခတ် နှိုးဆော်နေပါပြီ။ ကံကောင်းချင်တော့ ကျွန်တော်တို့ရပ် ကွက်မှာ ပထမဦးဆုံး ပထမရက် ပထမနံနက်မှာ ဆွမ်းခံကြွမယ်။ မွန်းလွဲ ၂နာရီတွင် ဘုရားကြီးကျောင်းတိုက်မှာ ဆရာတော်ကြီး အဖူးခံမယ်လို့ သိလိုက်ရတော့ ဝမ်း သာခဲ့ရပုံများ ပြောမပြနိုင်အောင်ပါဘဲ။
    ကျွန်တော်တို့ တစ်မိသားစုလုံး တက်ကြွနေတယ်။ ဆန်နှစ်ပြည်လောက် ဆွမ်းချက်တယ်။ အိမ်ရှိလူကုန် ဆွမ်းလောင်းကြမှာ၊ ဆွမ်းပန်းကန်လေးတွေ ကိုယ်စီနဲ့ လမ်းပေါ်ထွက်စောင့်နေတယ်။ ကျွန်တော်က ဇလုံကြီးထဲ ဆွမ်းတွေ အပြည့်အမောက်ထည့်၊ သံဃာ့ဂုဏ်တော်ကိုးပါး ရွတ်ပွားပူဇော်ရင်း ဆရာတော်ဘုရား ကြွတော်မူလာမည့် ဆွမ်းခံလမ်းဆီ မှန်းရည်မျှော်ငေးနေမိ တယ်။ ယခင်က အမှိုက်တွေ၊ သစ်ရွက်ေကြွတွေနဲ့ ညစ်ပတ်နေလေ့ရှိတဲ့ ရပ်ကွက်လမ်းဟာ ဒီနေ့မှာ ထူးထူးခြားခြား သန့်ရှင်းနေတယ်။ လမ်းတစ်လျှောက် စောင်တွေ၊ တဘတ်တွေ စီတန်းပြီး ခင်းထားတာလည်း တမျှော်တခေါ်ကြီး။
    'ဆရာတော်ဘုရား ကြွလာပါပြီခင်ဗျာ ... ဆွမ်းလောင်းပြီးတဲ့အခါ ဆရာတော်ကို ထိခြင်း၊ ကိုင်ခြင်းမပြုရန် မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်။'
    ရှေ့ကပွိုင့်ထွက်လာတဲ့ ကားပေါ်က သတိပေးသံ၊ မကြာခင်မှာပဲ ဝင်းပတဲ့ နေရောင်အောက်မှာ ဆရာတော် သပိတ်ပိုက်လျက် ကြွတော်မူလာတာကို လှမ်းမြင်နေရပြီ။ ဆွမ်းလောင်းပရိသတ်တွေကလည်း လမ်းလုံးပြည့်၊ ဆွမ်းလောင်းပြီး ပြန်တော့ ဆွမ်းအုပ်၊ ဆွမ်းခွက်တွေ ဘေးချပြီး ရှိခိုးကန်တော့ကြ ပြန်တယ်။ ဆရာတော်ဘုရားအနီးမှာ ခြံရံလိုက်ပါလာတဲ့ ကပ္ပိယလူငယ်များက သပိတ်ထဲ ဆွမ်းတွေ ပြည့်သွားချိန်မှာ သပိတ်ကိုယူပြီး ဆွမ်းတောင်းကြီးထဲ ပြောင်းထည့်ကြတယ်။ ကားပေါ်မှာ ဧရာမ ဆွမ်းတောင်းကြီးတွေ နှစ်လုံး၊ သုံးလုံး တွေ့ရတယ်။ 
    'ဆရာတော်ဘုရားသည် တရားထူးဧကန် အမှန်ရထားသူဖြစ်ပါက ဘုရားတပည့်တော်ရှေ့မှာ တစ်မိနစ် ရပ်တော်မူပါဘုရား'
    'တပည့်တော်သည် ဆရာတော်ဘုရားရဲ့ သာသနာမှာ ပါဝင်ထမ်းဆောင်ခွင့်ရထိုက်သူ ဖြစ်ပါလျှင် နောက်ထပ် တစ်မိနစ်ရပ်တန့်၍ အကန်တော့ခံတော်မူပါဘုရား'
    ကျွန်တော် အဓိဋ္ဌာန်ပြုလျက် ဆရာတော်ဘုရားရဲ့ ရူပကာယတော်ကို မျက်တောင်မခတ် ဖူးမြော်နေမိပါတယ်။ နေရောင် နွေးနွေးအောက်မှာ ချွေးကလေး စိုစိုဖြင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကျွန်တော့် အနားသို့ ရောက်လာခဲ့ပေပြီ။ ကျွန်တော်ဟာ သပိတ်ထဲသို့ ဆွမ်းဆောင်းလှူပြီးနောက် ဆွမ်းဇလုံကြီးကို အနီးက စားပွဲခုံပေါ်တင်ကာ ဆရာတော်ဘုရား၏ ခြေတော်အစုံပေါ် မျက်နှာအပ်လျက် အားပါးတရ ကန်တော့ခွင့်ရခဲ့ပါတယ်။ ကျွန်တော် အဓိဋ္ဌာန်ထားတဲ့အတိုင်း ဆရာတော်ဘုရားဟာ နှစ်မိနစ်တိတိ ရပ်တော်မူ၍ အကန်တော့ခံတော်မူလေရာ ကျွန်တော်ဟာ လက်ပန်းပေါက်ထခတ် မိမတတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။
    အဲဒီနောက် အခြားလမ်းသို့ကူးကာ ဆရာတော်ဘုရား ကြွအလာကိုစောင့်၍ ဆွမ်းလောင်းခဲ့ရာ အဲဒီနေ့က သုံးနေရာက သုံးကြိမ်တိတိ ဆွမ်းလောင်းခွင့် ရခဲ့ပါတယ်။ ဆရာတော်ဘုရားရဲ့ သပိတ်ထဲက လှယ်ယူထားသော ဆွမ်းတောင်းကြီးများကို မြို့ပေါ်ရှိ ဘုန်းကြီကျောင်းများသို့ ဆက်ကပ်လှူဒါန်းစေခဲ့ကြောင်းလည်း သိရပါတယ်။ ဘဝမှာ မကြုံဖူးတဲ့ အလှူဒါနမျိုးတွေ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရခြင်းပါပဲ။
    ဆရာတော်ဘုရား နားနေရာက ကျွန်တော်တို့ ငယ်စဉ်က ကိုရင်ဝတ်ခဲ့တဲ့ ဘုရားကြီးကျောင်း တိုက်မှာပါ။ဘုရားကြီးကျောင်းတိုက်မှာ မွန်းလွဲ ၂ နာရီမှာ အဖူးခံမယ်ဆိုတော့ ကျွန်တော်ဟာ မွန်းလွဲ တစ်နာ ရီလောက်ကတည်းက ဂနာမငြိမ်ဖြစ်နေပါပြီ။ ဆရာတော်ဘုရားကို အမွန်အမြတ်ထားပြီး လှူဒါန်းစရာဆိုလို့ ပန်းရိုးမဒိုင်ယာရီ စာအုပ်အသစ်ကလေးပဲ ရှိပါတယ်။ (သင်္ကန်းပရိက္ခရာ စသည်တို့ ကိုလည်း မဝယ်နိုင်ပါဘူး) ဒီလိုနဲ့ ကျွန်တော့်ရဲ့ စာပေမိတ်ဆွေ ကိုပေါက်ကို အဖော်ညှိပြီး ဘုရားကြီး ကျောင်းဆီ ထွက်လာခဲ့ကြပါတယ်။ ကိုပေါက်မှာ မုန့်ပုံးနဲ့ ဖျော်ရည်ဘူးတွေ လှူစရာပါလာလို့ တော် ပါသေးရဲ့။ ကိုပေါက်က ကျွန်တော့်ထက် သုံး၊ လေးနှစ် ငယ်ပါတယ်။ ဗီဒီယိုရုံတည်ထောင်ထားပြီး သူ့ဗီဒီ ယိုရုံက ကျွန်တော်တို့ စာသမား သုံး၊ လေးယောက်ရဲ့ စုရပ်ဖြစ်နေ တတ်ပါတယ်။ (ကျွန်တော်တိုက် တွန်းတာနဲ့ ကိုပေါက်ဟာ 'မင်းထက်သာ' ကလောင်အမည်နဲ့ ဗီဒီယိုဝေဖန်ရေး ဆောင်းပါးတွေ ဟန်သစ် မဂ္ဂဇင်းမှာ လစဉ် ရေးဖြစ်သွား ခဲ့ပါတယ်။)
    မနက်က ဆွမ်းလောင်းစဉ်က တမျှော်တခေါ် လူတန်းရှည်ကြီးနဲ့ ကြိတ်ကြိတ်တိုး စည်ကားခဲ့သ လောက် ယခုနေ့လယ် သီးခြား အဖူးခံချိန်မှာတော့ ဘယ်သူမှ ရောက်မလာသေးဘဲ ကျွန်တော်နှင့် ကိုပေါက်တို့သာ ကျောင်းတံခါးရှေ့ မဝံ့မရဲ ရောက်လာကြပါတယ်။ လူသံ ကြားတာနဲ့ ကပ္ပိယ ကိုသီဟ (အမည်လွှဲ) ထွက်လာပါတယ်။ တစ်မြို့တည်းသားတွေမို့ ရင်းနှီးပြီးသား ငယ် ပေါင်းကြီးဖော်တွေလို့ ဆိုနိုင်ပါတယ်။
    'ကျွန်တော်တို့ ဆရာတော်ကြီး လာဖူးတာ}လို့ အသိပေးလိုက်တော့ ]နေဦးဗျ ဆရာတော်ကြီးကို မေး လျှောက်ကြည့်လိုက်ဦးမယ်'
    တံခါးပြန်ပိတ်သွားပါတယ်။ ကျွန်တော်တို့က တံခါးရှေ့မှာ ရပ်လျက်ကျန်ခဲ့တယ်။ ကျောင်းခန်း ထဲက အသံတွေကို အတိုင်းသား ကြားနေရပါတယ်။
    'ဆရာတော်ဘုရားကြီး ဖူးမယ့်သူ နှစ်ယောက်တော့ ရောက်နေပြီဘုရား ...ဒါပေမဲ့'
    'ဘာ ဒါပေမဲ့လဲ'
    'ဒါပေမဲ့ တစ်ယောက်က မထောက်တခေါက် စာရေးဆရာ၊ ထောင်လည်းကျဖူးတယ်။ အဲဒါ အဖူးခံ လို့ ဖြစ်ပါ့မလားဘုရား'
    ကပ္ပိယက သူ့ကိုယ်သူ အကြံပေးအရာရှိလေသံနဲ့ လျှောက်တင်နေတယ်။ ဆရာတော်ကြီးက 'ဖူးချင်တဲ့သူ ဖူးပါစေ၊ မဆိုင်တာတွေ မပြောပါနဲ့'လို့ ဟန့်လိုက်တယ်။ ကပ္ပိယ လျှောက်တင်နေသမျှကို ဒေါသထွက်မိပေမယ့် ဆရာတော်ကြီးရဲ့ အသံကြားရတဲ့အခါ ဒေါသတွေ ချက်ချင်းပြေပြီး ဝမ်းသာပီတိ ဖြစ်ရပြန်တယ်။ မကြာခင် ကျောင်းတံခါးကြီး ဂျောင်းခနဲပွင့်သွားပြီး ကျွန်တော်တို့လည်း ဆရာတော်ဘုရားရဲ့ ခြေတော်ရင်းကို ရောက်လာခဲ့ကြတယ်။
    'သြ ...ခင်ဗျားကိုး။ ဆွမ်းဇလုံးကြီးကိုင်ပြီး ကျုပ်နောက်လိုက်နေတာ'
    ဆရာတော်ဘုရား မှတ်မိသွားတာမို့ ပိုပြီးအားတက်ရွှင်လန်းလာပါတယ်။
ကျွန်တော်က ကိုပေါက်နဲ့ပါ မိတ်ဆက်ပေးပြီး ပါလာတဲ့ လှူဖွယ်အနည်းငယ်ကို ဆက်ကပ်ပါတယ်။ ကျွန်တော့်လှူဖွယ်က ဒိုင်ယာရီမှတ်စုစာအုပ် ဖြစ်နေပါတယ်။ ရှေ့ဆုံးစာမျက်နှာမှာ ကျွန်တော့်ရဲ့ သံသရာ ဆုတောင်းကို ရေးထားပါတယ်။ ဆရာတော်ဘုရားက စာအုပ်ကို လှန်ကြည့်ရင်း ကျွန်တော့်ဆုတောင်းကို ဖတ်မိသွားတော့ ...။
    'လူမိုက် ဆုတောင်းလား၊ လူစွမ်းကောင်း ဆုတောင်းလားဗျ'လို့ မေးပါတယ်။
    'လူမိုက်ကနေ လူစွမ်းကောင်းဖြစ်အောင် ကြိုးစားရမှာပါဘုရား၊ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဥတ္တမပုရိသဒီပနီ ကျမ်းစာအုပ်ကိုဖတ်ပြီးချိန်မှာ ဒီဆုတောင်းကို ချရေးဖြစ်ခဲ့ပါတယ်ဘုရား။ ဆုတောင်းနဲ့အညီဖြစ်အောင် နောင်တမရစတမ်း ကြိုးပမ်းအားထုတ်သွားရမှာပါဘုရား။ ဘယ်လိုအားထုတ်ရမယ်ဆိုတာကိုတော့ ဆရာတော်ဘုရား ရေးသားစီရင်တဲ့ ဓမ္မောဝါဒကထာ ကျမ်းစာအုပ်မှာ အဖြေရှာတွေ့ခဲ့ပါပြီ ဘုရား'အားပါးတရ လျှောက်ထားပြီး ဆရာတော်ဘုရားအား နောက် တစ်ကြိမ်ကန်တော့လိုက်ပြန်ပါတယ်။ 
    ဆရာတော်ဘုရားက ...'ဟဲ့ ...ဓမ္မောဝါဒ ကထာက စာအုပ်ဖြစ်ပြီလား'လို့ ဝမ်းမြောက်အံ့သြခြင်းဖြင့် အမေးတော် ရှိလာပါတယ်။
    'တပည့်တော်ဖတ်ခဲ့ရတာ လက်နှိပ်စက်ရိုက်ထားတဲ့ စာမူပါဘုရား'လို့ လျှောက်တင်လိုက်ပါတယ်။
    ကပ္ပိယက 'စာအုပ်မဖြစ်သေးပါဘူး ဘုရား။ စာပေစိစစ်ရေးက ခွင့်ပြုချက်မကျသေးပါ ဘုရား'လို့ ဝင် လျှောက်ပါတယ်။ တော်ကြီးက 'စာအုပ်မဖြစ်ခင် တို့စာတွေဖတ်တဲ့သူ ရှိနေပြီကိုးဗျ၊ တို့က ရေးတတ် လို့ ရေးတာမဟုတ်ဘူးရယ်၊ တို့နဲ့ သာသနာပြုချင်ပါတယ်ဆိုတဲ့သူတွေ သိသင့်သိထိုက်တာတွေ ရေးထားတာဗျ'လို့ အမိန့်ရှိပါတယ်။ ကျွန်တော်က 'သိရုံနဲ့မပြီး၊ ကျင့်ရမယ့် လမ်းညွှန်တရားတွေပါဘုရား၊ ကိလေ သာတွေ ထကြွဖြစ်ပေါ်တဲ့ အပိုင်း၊ ကိလေသာ ပယ်သတ်ခန်း၊ ပြီးတော့ ဉာဏ်စဉ်လမ်း၊ သမထမှ ဝိပဿနာ၊ ဝိပဿနာမှ မဂ်ဆိုက်ဖိုလ်ဝင်ပုံအထိ မဂ္ဂင်ရှစ်ပါး ဘယ်လိုအလုပ်လုပ်သွားတယ်ဆိုတာ တွေ တအံ့တသြ ဖတ်မှတ်ခဲ့ရပါတယ်ဘုရား။'
    'ပြီးတော့ ဆရာတော်ဘုရားရဲ့ရေးသားပုံ စကားလုံးတွေကလည်း ထိမိပြောင်မြောက်လွန်းပါတယ်ဘုရား၊ သာသနာပြုဆိုတာ အလွန်တာဝန်ကြီးပုံကိုလည်း နားလည်သွားပါပြီဘုရား။ ဓမ္မောဝါဒကထာက ဆရာတော်ဘုရားရဲ့ ကိုယ်ပိုင်ကျင့်ကြံအားထုတ်မှု ကိုယ်တွေ့ဉာဏ်မြင်ကို ရေးထားတာဖြစ်လို့ အလွန်ပဲ အဖိုးတန်ပါတယ် ဘုရား ...' စသည်ဖြင့် လျှောက်ထားခဲ့လေရာ ဆရာတော်ဘုရားကလည်း ပြန်လည်ရှင်းပြ မိန့်ကြားချက်များဖြင့် ဘယ်လိုမှ မေ့လို့မရနိုင်သော ဖူးမြော်ခြင်း ဖြစ်ခဲ့ရပါတယ်။
    ဆရာတော်ဘုရားရဲ့ လက်ဦးကျမ်းစာ 'ဓမ္မော ဝါဒကထာ'ဟာ ဆရာတော်ဘုရားကြီးရဲ့ ခြေတော်ရင်းသို့ အရောက်ပို့ဆောင်ပေးခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးထံတော်သို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပို့ဆောင်ခေါ်ယူသွားလို့ ရောက်ခဲ့ရတာမဟုတ်ဘဲ ကိုယ့်အဓိဋ္ဌာန်နှင့်ကိုယ် ဓမ္မောဝါဒကထာရဲ့ ပို့ဆောင်ပေးမှုကြောင့် ရောက်ခဲ့ရ၊ ဖူးခဲ့ရတာ ဖြစ်ပါတယ်။ နောင်အခါမှာတော့ ကျွန်တော်က အခြားသော ဓမ္မမိတ်ဆွေများကို ဆရာတော်ကြီးထံမှောက် အရောက်ပို့ဆောင်ပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။
    အထူးသဖြင့်ကား ဆရာတော်ဘုရားကြီးရဲ့ ဟောစဉ်တရားတော်များ၊ ရေးသားပြုစုသော ကျမ်းစာအုပ်များကို အများပြည်သူတို့ထံ ဓမ္မတမန်တော်အဖြစ် ရေးသားပူဇော် ဖြန့်ဝေခွင့်ရခဲ့ခြင်းဟာ တစ်သက် တာရဲ့ ဂုဏ်ယူစရာအကောင်းဆုံး မြတ်ကုသိုလ်ဖြစ်တယ်လို့ ဆို နိုင်ကြောင်းပါဗျာ။
မောင်သွေးချွန်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50642

© 2022 - 2025 News. All Rights Reserved.