၂၀၂၅ ၊ အောက်တိုဘာ ၁၆
မြန်မာ့တပ်မတော်က TNLA ခေတ္တစိုးမိုးခဲ့တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ခဲ့သည်။ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာနေထိုင်လျက်ရှိသည့် နေရာများမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး တစ်နှစ်ကျော်ကြာပိတ်ခဲ့သည့် စာသင်ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းအခြေအနေအပါအဝင် ပါတီစုံအထွေထွေရွေး ကောက်ပွဲ အလားအလာ အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP (ကျားဖြူပါတီ) ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်း၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အခင်းအကျင်းကို ဘယ်လိုပုံစံ တွေ့မြင်လာရနိုင်လဲ။ မဲစာရင်းကပ်ထားမှုအပေါ်၊ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုအခြေအနေ ဘယ်လိုရှိလဲ။
SKO ။ ။ ရွေးကောက်ပွဲက အပိုင်းလိုက်လာမယ်။ ဒီလိုအပိုင်းလိုက်လာတာ ကောင်းတဲ့သဘော ရှိပါတယ်။ တစ်ကြိမ်တည်း တစ်ပြိုင်တည်း လုပ်မယ်ဆိုရင် တချို့နေရာတွေက လုပ်လို့ မရသေးဘူးလေ။ နိုင်ငံတော်အစိုးရကလည်း သူ့စီမံချက်နဲ့သူပါ။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့စီမံချက်နဲ့သူ ဆွဲထားပြီးသား။ အပိုင်းလိုက်လုပ်တာ အကောင်းပဲ မြင်ပါတယ်၊ အောင်မြင်မှာပါ။ ရွေးကောက်ပွဲ ဖြစ်သွားမယ်၊ အောင်မြင်မယ်။ အခုအခြေအနေအရ ကြည့်ရင်တော့ အောင်မြင်မှုက ရာခိုင်နှုန်း ၉၀ ကျော်လောက် ရှိသွားမယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးပါတီတွေ စည်းရုံးရေးကာလကတော့ ခါတိုင်းလိုတော့ မလုပ်နိုင် လောက်ဘူး။ အွန်လိုင်းတွေပဲ လုပ်ကြမယ်ထင်တယ်။ အရင်တုန်းကလို ငွေရေးကြေးရေးလည်း အကုန်အကျအများကြီး မကျခံနိုင်ဘူးပေါ့။ ပါတီတွေ အားလုံးအတွက် တွက်ကြည့်တာပါ။ အားလုံး အွန်လိုင်းကနေပြီးတော့ပဲ စည်းရုံးကြမယ့်သဘော ရှိပါတယ်။ ဟိုးအရင်တုန်းကလို လူတွေ အများကြီးနဲ့ မဲဆွယ်စည်းရုံးကြတဲ့ အခင်းအကျင်းမျိုးတော့ မဖြစ်နိုင်လောက်ဘူး။ ပြီးတော့ အဲဒီလိုလုပ်လို့ မရဘူးလို့ စည်းကမ်းထုတ်ထားတယ်။ ကားတွေနဲ့ စီတန်းလှည့်လည်ပြီး လုပ်တဲ့ဟာလေ၊ ဒါကြောင့် မဲဆွယ်စည်းရုံးရေးက အရင်တုန်းကလိုတော့ မမြင်ရနိုင်ဘူးလို့ သုံးသပ်မိပါတယ်။ အွန် လိုင်းနဲ့လုပ်တာ များလိမ့်မယ်။
တချို့နေရာတွေ အန္တရာယ်ရှိတာမျိုးဆိုတော့ အွန်လိုင်းတွေ အသုံးပြုရင် အန္တရာယ်ကင်းတာပေါ့။ မြို့ပေါ်တွေမှာတော့ လုပ်သင့်တဲ့ နေရာတွေမှာ စည်းရုံးတာမျိုးတွေ လုပ်ကြမှာပေါ့။ ကျေးရွာတွေ၊ ကျေးရွာအုပ်စုတွေမှာတော့ လုပ်နိုင်ခြေ နည်းမယ်လို့ မြင်ပါတယ်။ ပြီးတော့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကလည်း မြို့ကြီးတွေမှာ ရှိပါတယ်။ လေ့လာမိသလောက် နေပြည်တော်မှာလည်း မဲစာရင်း ကပ်ထားတာ သွားကြည့်ကြတာများတယ်။ ရှမ်းပြည်နယ်မှာလည်း လူထုစိတ်ဝင်စားမှုရှိကြတယ်၊ သွားကြည့်ကြတယ်လို့ အဲဒီက ပါတီကလူတွေက ပြောပါတယ်။ ဒါကြောင့် ရှမ်းပြည်မှာလည်း လူထုစိတ်ဝင်စားမှု ရှိကြပါတယ်။ နောက် ကျွန်တော်ကလည်း လောလောဆယ် နေပြည်တော်မှာ ရှိနေတာဆို တော့ နေပြည်တော်မှာလည်း စိတ်ဝင်စားမှုရှိနေတာ တွေ့ရပါတယ်။ လူထုပါဝင်လာအောင်တော့ ဆော်သြရမှာပေါ့။ စည်းရုံးရမှာပေါ့။ အခုဆိုရင် မဲဆွယ်စည်းရုံးခွင့်ကို မြန်မာ့အသံတို့၊ MRTV တို့ကနေလုပ်ဖို့ ခွင့်ပြုထားတယ်။ အဲဒါလည်း လုပ်ကြမှာ ဖြစ်သလို အွန်လိုင်းတွေကနေလည်း ဆော်သြရမှာပါ။ TV ကနေ စည်းရုံးတာပေါ့။ နောက် မဲဆွယ်စည်းရုံးရေး ကာလကလည်း ရက်ပေါင်း ၆၀ ပေးမှာကိုး။ လူထု ပါဝင်လာအောင်တော့ စည်းရုံးရမှာပါ။
TREND ။ ။ ရွေးကောက်ပွဲပြီးရင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ သုံးသပ်ချင်လဲ။
SKO ။ ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ပေါ်လာမယ်ဗျာ။ လွှတ်တော်ပေါ်လာပြီဆိုရင် ဒီမိုကရေစီခေတ်ကို ဦးတည်သွားပြီပေါ့။ ကောင်းမယ့် အလားအလာကောင်းတွေ မြင်ပါတယ်။ အခုလက်ရှိက တပ်မတော်က အာဏာထိန်းထားတာကိုး။ လွှတ်တော်ပေါ်လာရင် အာဏာသုံးရပ်က သီးခြားစီ ဖြစ်သွားပြီလေ။အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒါတွေက သီးခြားစီဖြစ်သွားပြီလေ။ ဒါတွေက ဒီမိုကရေစီနိုင်ငံမှာရှိရမယ့် အင်္ဂါရပ်တွေပေါ့။ အဲဒီလိုရှိလာရင် ကောင်းတာပေါ့ဗျ။ အခုကာလနဲ့ နှိုင်းယှဉ်ရင် အများကြီးကောင်းသွားမှာပါ။ လွှတ်တော်ပေါ်လာရင် လူထုအသံလည်း နားထောင်လို့ရပြီလေ။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စားပြုကိုး။ ကိုယ့်မြို့နယ် ကိုယ်စားပြု၊ ကိုယ့်ဒေသကိုယ် စားပြုပြီးတော့ လွှတ်တော်မှာ ပြောကြဆိုကြ ဆွေးနွေးကြမှာကိုး၊ အသံတွေ'ပေါ်'လာမှာပေါ့။ ဒါဆိုရင် ပြည်သူလူထုအသံတွေလည်း ကြားရတော့မှာပေါ့။ တိုးတက်မှုအလားအလာ အများကြီး ရှိပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ်၊ များလာမှာပေါ့။ ရွေးကောက်ပွဲကနေ တင်မြှောက်လာတဲ့ အစိုးရဆိုတော့ အသိအမှတ်ပြုမှုတွေ ပိုများလာမှာပါ။ အခုကတော့ အရမ်းကျပ်တာပေါ့။ Sanctions လည်း လုပ်ထားခံရတော့လေ။ ဒီမိုကရေစီနိုင်ငံ ဖြစ်လာရင်တော့ ချောင် လည်သွားမှာပေါ့။ Sanctions တွေလည်း သူတို့ရုပ်သိမ်းကြမှာပေါ့။ နောက် စီးပွားရေးတွေ Investment တွေလည်း အများကြီးဝင်လာမှာပါ။ အရင် ဦးသိန်းစိန်အစိုးရလက်ထက်ကလို ဖြစ်လာမှာပေါ့။ အဲဒီတုန်းက ဆိုရင် ဦးသိန်းစိန်အစိုးရ စတက်လာချိန်မှာ နိုင်ငံခြား Investment တွေ အများကြီးဝင်လာခဲ့တာကိုး။ အဲဒီလို ဦးသိန်းစိန်အစိုးရ လက်ထက်ကာလက အပြောင်းအလဲကာလမျိုး ပြန်ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်။
TREND ။ ။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ အဓိက လက်လွှတ်ဆုံးရှုံးရမယ့် အခွင့်အလမ်းတွေက ဘာတွေဖြစ်မလဲ။
SKO ။ ။ သူတို့ကိုယ်စားလှယ်မရှိဘူးပေါ့။ အဲဒီ မကျင်းပနိုင်တဲ့နေရာက ပြည်သူ့အသံတွေ လွှတ်တော်ထဲမှာ မကြားရဘူးပေါ့။ သူတို့အတွက် အခွင့်အရေး နည်းသွားတာပေါ့၊ ဆုံးရှုံးတာပေါ့။ သူတို့ရဲ့ လိုလားချက်တွေကို မသိရဘူးပေါ့။ ဒေသဖွံ့ဖြိုးရေးတွေအတွက် ဆုံးရှုံးသွားတာပေါ့။ ရွေးကောက်ပွဲ မကျင်းပနိုင်တာ လက်နက်ကိုင်ပဋိပက္ခရှိလို့၊ အဲဒီ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ ဒေသအတွက် အခွင့်အရေး တွေ အများကြီး ဆုံးရှုံးရတာပေါ့။
TREND ။ ။ လတ်တလော အပြောင်းအလဲ တွေဖြစ်လာတဲ့ ရှမ်းမြောက်ရဲ့ အခြေအနေအပေါ် သုံးသပ်ပြပါဦး။
SKO ။ ။ တပ်မတော်က အခု ကျောက်မဲကို ပြန်သိမ်းလိုက်နိုင်ပြီ။ နောင်ချိုကို တပ်မတော်က ပြန်သိမ်းလိုက်ကတည်းက တော်တော်လေး အခြေအနေ ကောင်းသွားတာ။ နောင်ချိုကို ဒေသတည်ငြိမ်ရေး ကျောင်းတွေ၊ ဆေးရုံတွေ ဖွင့်ခဲ့တယ်။ လျှပ်စစ်မီးရရှိရေး တွေလုပ်ခဲ့တာ ဒေသခံပြည်သူလူထုအတွက် တော်တော် ကောင်းသွားတယ်။ ကျောက်မဲမှာလည်း ဒေသတည်ငြိမ် ရေးလုပ်တယ်။ ပညာရေး၊ ကျန်း မာရေး၊ လုံခြုံရေးတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့က ဆောင်ရွက်ပေးနေတယ်။ နောင်ချို၊ ကျောက်မဲပြီးတော့ သီပေါပြန်ရမယ်လို့ ယုံကြည်တယ်။ မူဆယ်-မန္တလေးလမ်း မြန်မြန်ပွင့်ဖို့ အရေးကြီးပါတယ်။ အဲဒီလမ်းပွင့်သွားမှ ကူးသန်းရေးပြန်ပြီး အဆင်ပြေကောင်းမွန်လာပြီးတော့ ပြည်သူတွေ လည်း ပိုပြီး ချောင်လည်လာမှာပါ။ အခုက ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့် နောင်ချို ပြန်ရတာကောင်းတယ်၊ ကျောက်မဲရတာကောင်းတယ်။ နောက် သီပေါ၊ သိန္နီ၊ ကွတ်ခိုင်ထပ်ရရင် ပိုကောင်းသွား မှာပါ။ အဲဒါဆိုရင် နိုင်ငံတော်ရဲ့ စီးပွားရေးလမ်းကြောင်းက ပိုပွင့်သွားတာပေါ့။
TREND ။ ။ မြန်မာ့တပ်မတော်က ကျောက်မဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ် မှတ်ချက်ပြုပေး ပါဦး။
SKO ။ ။ ကောင်းတယ်၊ ကျောက်မဲမကဘူး။ သီပေါ၊ ကွတ်ခိုင် ဒီလမ်းကြောင်းပွင့်သွားမှ နိုင်ငံရဲ့စီးပွားရေးလည်း ကောင်းလာမှာပါ။ မူဆယ်လမ်းကြောင်းဆိုတာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးက ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်။ သူက လမ်းလည်းကောင်းတယ်။ မြန်လည်းမြန်တယ်။ သင်္ဘောနဲ့ ရန်ကုန်လမ်းကြောင်းက ကြာတယ်။ ဒီလမ်းကြောင်းက မြန်တယ်။ ပြီးတော့ ဒီလမ်းကြောင်းက နိုင်ငံ့စီးပွားရေး အတွက် အသက် သွေးကြောကြီးပဲ၊ စီးပွားရေးရဲ့ အသက်သွေးကြော၊ နိုင်ငံတော်ရဲ့ အသက်သွေးကြော ကြီး ဖြစ်တယ်။
လမ်းကောင်းသွားပြီဆိုရင် ခရီးသွားလာရေးလည်း ကောင်းလာမှာပါ။ ဒါကြောင့် နိုင်ငံတော်က ဒီမိုကရေစီဦးတည်သွားရင် နိုင်ငံတော်ရဲ့ ခရီးသွားလာရေး၊ Tourism အများကြီး တိုးတက်လာတဲ့သဘော ရှိပါတယ်။ မြန်မာ့တပ်မတော်က မြို့တွေတစ်မြို့ပြီး တစ်မြို့ ပြန်လည် ထိန်းချုပ်လာနိုင်တော့ ရွေးကောက်ပွဲလုပ်ဖို့ တစ်မြို့ပြီးတစ်မြို့ တိုးလာတာပေါ့။ အဲဒီလို တိုးလာတော့ မြို့နယ်လွှတ်တော်ကိုယ်စား လှယ်တွေလည်း တိုးလာတာပေါ့။ နောင်ချိုတိုးလာမယ်၊ ကျောက်မဲ တိုးလာမယ်။ ပြည်နယ်ကိုယ်စားလှယ်တွေ တိုးလာမှာပေါ့။ ရွေးကောက် ပွဲအတွက်လည်း အခြေအနေ ပိုကောင်းလာတာပေါ့။
TREND ။ ။ မြို့တွေကို သိမ်းပြီး ပလောင်ပြည်နယ်ရရှိရေး အိပ်မက်မက်နေတဲ့ TNLA ရဲ့ လုပ်ရပ်အပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
SKO ။ ။ TNLA က မိုးကုတ်တို့၊ နမ္မတူတို့၊ နမ့်ခမ်းတို့၊ ကွတ်ခိုင်တို့ နောက် ဟိုဘက်က မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံတို့ မှာရှိနေသေးတယ်။ အမှန်ကတော့ လောဘကြီးတာပေါ့ဗျာ၊ သူတို့ရဲ့ ခေါင်းဆောင်တွေက လူငယ်တွေကိုး။ TNLA ရဲ့ လူကြီးတွေက အသက်အပိုင်း အခြားအရ လူငယ်တွေကိုး။ ဒါကြောင့် လောဘကြီးတယ်၊ တက်ကြွတာပေါ့။ ဒါက ရင့်ကျက်မှုက လိုသေးတယ်၊ လောဘကြီးကြမှာ ပေါ့။ အိပ်မက်မက်တာလည်း လောဘကြီးကြတာ။ စောစောကပြောသလို မြို့တစ်မြို့တည်ဆောက်ဖို့ ဆိုတာ မလွယ်ဘူးလေ။ အခုလည်း နမ့်ခမ်းမှာ အုပ်ချုပ်ရေး ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်ဘူးလို့ ကြားရတယ်။ ရေရှည်မရနိုင်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ ပလောင်ပြည်နယ် အိပ်မက်ဆိုတာက သိပ်ပြီးတော့ ကောင်းကျိုးသက်ရောက်မှာတော့ မဟုတ်ဘူး။ သူတို့က သူတို့အတွက် ကောင်းကျိုးဖြစ်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ လက်တွေ့အကောင်အထည် မဖော်နိုင်ဘူး။ လက်တွေ့နဲ့ အိပ်မက်က တခြားစီဖြစ်သွားတာပေါ့။ လူထုပဲ ဒုက္ခရောက်ရတာပါ။
TREND ။ ။ တပ်မတော်က တစ်မြို့ပြီးတစ် မြို့ ပြန်သိမ်းပြီး TNLA ရဲ့ ပလောင်ပြည်နယ်ရရှိရေး အိပ်မက်ကို ရိုက်ချိုးနိုင်ခဲ့တယ်။ အဲဒီအခြေအနေအပေါ် မှတ်ချက်ပြုပေးပါဦး။
SKO ။ ။ TNLA က သူတို့ မိုးကုတ်တို့၊ ကျောက်မဲတို့ ဒါတွေသိမ်းနိုင်ရင် သိမ်းနိုင်လေ သူတို့အတွက် ကောင်းလေလို့ မြင်မှာပေါ့။ သူတို့က ပလောင်နယ်ရချင်တာကိုး။ TNLA သူတို့မှာ အိပ်မက် ရှိမှာပေါ့။ ဒါပေမဲ့ အခုကတော့ ပလောင်ပြည်နယ် အိပ်မက်က ပျက်စီးသွားပြီလေ။ ဒီလို နယ်မြေရရေး အိပ်မက်က မလွယ်ပါဘူး။ ပြည်နယ်တစ်ခု ထိန်းသိမ်းဖို့ဆိုတာ ဘယ်လွယ်မလဲ၊ ခဏတော့ ရမှာပေါ့။ တိုင်းပြည်တစ်ခု၊ ပြည်နယ်တစ်ခု တည်ထောင်တယ်ဆိုတာ လွယ်မှမလွယ်တာ။ ရေရှည်ထိန်းသိမ်းဖို့လည်း မလွယ်ပါဘူး။ Human Resource က အဓိကဗျ၊ လူသားအရင်း အမြစ်က အရေးကြီးတယ်။ အဲဒါက သူတို့မှာရှိမှမရှိတာ။ သူတို့အနေနဲ့ ဥပမာ သုံး၊ လေးမြို့လောက်တော့ ထိန်းရင်ထိန်းနိုင်မှာပေါ့။ အများကြီး ထိန်းဖို့က လွယ်မှ မလွယ်တာ။ လုပ်လို့လည်း မရနိုင်ပါဘူး။ ပြည်နယ်အိပ်မက်ဆိုတာက သူတို့ကတော့ မက်ချင်မက်မှာပဲလေ။ ဒါပေမဲ့ စောစောက ပြောသလို ပြည်နယ်တစ်ခု တည်ဆောက်ဖို့က မလွယ်ပါဘူး။ ဘတ်ဂျက်က မလွယ်ဘူး။ ဒီဘတ်ဂျက်ကိုလည်း TNLA က ပြည်သူလူထုဆီက ကောက်တာ။ အများကြီး ကောက်နေတာ၊ အဲဒါက ရေရှည် မကောင်းဘူးလေ။ နိုင်ငံတော်အစိုးရကကောက်တာ ဘယ်လောက်ကောက်လို့လဲ၊ ဥပမာ ကားတစ်စီး လိုင်စင်လုပ်ရင် ဘယ်လောက်မှ မကောက်ဘူး။ သူတို့ ကောက်တာက အတင်းမတရား ကောက်တာ၊ အများကြီးကောက်တာ၊ အဲဒီအခါကျတော့ လူထုက ဘယ်ကြိုက်တော့မလဲ။ အခု နောင်ချိုပဲကြည့် တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး နောက် နောင်ချိုက အရင်လို ပြန်ဖြစ်သွားပြီ၊ နဂိုအတိုင်း ပုံမှန်ပြန် ဖြစ်သွားပြီ။ TNLA ရှိစဉ်က အခွန်တွေ တော်တော် ကောက်တယ်။ နိုင်ငံတော်အစိုးရက ကောက်ခံတဲ့ အခွန်အတုတ်ကောက်တာ များမှမများတာ။ နည်းနည်းပဲရှိတယ်။ ပြီးတော့ အစိုးရက အခွန်ကောက်ပြီးတော့ မြို့အတွက် စည်ပင်သာယာရေး ပြန်လုပ်ပေးတာပဲလေ။ TNLA က မလုပ်ဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်က အခုလို တစ်မြို့ပြီးတစ်မြို့ ပြန်သိမ်းနေတာက ဒေသခံတိုင်း ရင်းသား ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းတွေပေါ့။ ပြည်သူတွေအတွက် အခြေအနေကောင်း လာတာပေါ့။ ကျောက်မဲပြီးတော့ သီပေါလာမယ်၊ မြန်မာ့တပ်မတော်က အနီးစပ်ဆုံး သီပေါကို ပြန်သိမ်း လိမ့်မယ်၊ မိုးကုတ်လာမယ်။ မိုးကုတ်ကလည်း အရေးကြီးတယ်။ မိုးကုတ်နဲ့ သီပေါက ပြိုင်တူလည်း ဖြစ် နိုင်တယ်။ ပြီးရင် နမ္မတူ လာမယ်၊ နမ့်ခမ်းကတော့ နောက်ဆုံးမှ ဖြစ်မယ်ထင်တယ်။ နမ္မတူတို့ နမ့်ခမ်းကတော့ ဒီလမ်းကြောင်းမှာ မကျဘူး။ နမ္မတူကလည်း သယံဇာတထွက်တော့ နိုင်ငံအတွက် အရေးကြီးတဲ့ မြို့နယ်ပဲ။ သူက ဘော်တွင်းလေ။ ဘော်တွေ၊ ငွေတွေ ထွက်တယ်။ နမ္မတူပြန်ရရင် နိုင်ငံအတွက် အကျိုး ရှိတော့ ပြန်သိမ်းဖို့ လိုပါတယ်။
TREND ။ ။ သူတို့စိုးမိုးထားတဲ့ နေရာတွေမှာ TNLA က လူထုဆီကနေ ဘယ်လိုပုံစံမျိုးနဲ့ အခွန်ကောက်နေကြတာလဲ။
SKO ။ ။ နောင်ချိုတို့၊ ကျောက်မဲတို့တုန်း ကတော့ အဲဒီရဲ့အခြေအနေကို သေချာမသိဘူး။ နမ့်ခမ်းမှာတော့ TNLA က အခွန်ကောက်တဲ့ သတင်းဆိုးတွေ ကြားရတယ်။ အဲဒီမှာ သူတို့ ရှိသေးတယ်။ နမ့်ခမ်းမှာက အခွန်တွေ တိုးကောက်နေတယ်။ လမ်းဘေးဈေးသည် တောင် မချန်ဘူး၊ TNLA က အခွန် တိုးကောက်နေတာ။ အမှိုက်ခွန်လည်းဈေးကြီးတယ်။ အဲဒီလိုကြားရတယ်။ အမှိုက်ခွန်က သုံးသောင်း လောက်ကောက်တယ်။ နောက် မော်တော်ဆိုင်ကယ်နဲ့ ဈေးသည်တွေကိုလည်း တစ်သောင်းခွဲကောက် တယ်လို့ ကြားတယ်။ အခွန်ကောက်တာ ကြမ်းတာပေါ့ဗျာ။ ဒီအနေအထားကတော့ နမ့်ခမ်းကနေလည်း TNLA ရှောင်ပြေးရမယ့် သဘောရှိတယ်။ နောက်ဆုံးကျတော့ လက်လွှတ်ရမှာပါ။ အဲဒီနမ့်ခမ်းကို ပြန်သိမ်း မယ့်အစီအစဉ်က နောက်ဆုံးကျမှ ဖြစ်မယ်ထင်တယ်။ မိုးကုတ်တို့ ဖြစ်လာမှာပေါ့။ မိုးကုတ်က အဓိက တွင်းထွက်ထွက်တဲ့နေရာပဲလေ။ မိုးကုတ်တို့၊ ဖားကန့်တို့ဆိုတာ အဓိက ကျောက်ထွက်တဲ့ နေရာတွေ။ နိုင်ငံတော်အစိုးရကတော့ အမြန်ဆုံး ပြန်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်မယ့် သဘောရှိပါတယ်။ နမ့်ခမ်းကတော့ နောက်ဆုံးဖြစ်မှာ။ ပြီးတော့ နမ့်ခမ်းကို တပ်မတော်က အလျင်စလိုလုပ်ဖို့ မလိုဘူးလို့ မြင်တယ်။ မိုးကုတ်တို့၊ ကွတ်ခိုင်၊ သိန္နီလမ်းကြောင်းကို အရင်ပွင့်စေချင်တယ်။ တရုတ်ရဲ့ လိုလားချက်ကလည်း ဒါလေ။ စီးပွားရေးလမ်းကြောင်း အမြန်ပွင့်စေချင်ပါတယ်။ အခုဒီ လမ်းပိတ်နေရင်၊ လမ်းမ ပေါက်ရင် ကုန်ဈေးနှုန်းတွေက တက်ပြီပေါ့။ အဲဒီအခြေအနေကို လူထုပဲခံရတာ လူထုက နာပြီလေ။
TREND ။ ။ TNLA က ကမ္ဘာကျော်ဂုတ်ထိပ် တံတားကြီးကို ဖျက်ဆီးပစ်ခဲ့တဲ့အပေါ် ဘယ်လိုမှတ် ချက်ပြုချင်လဲ။
SKO ။ ။ အဲဒီလိုမျိုး မလုပ်သင့်ဘူးပေါ့။ မကောင်းဘူးဗျာ။ အဲဒါက လူတွေရဲ့ ထိခိုက်နစ်နာဆုံး ရှုံးမှုတွေ ဖြစ်ပေါ်စေတာပေါ့။ ဒါကြောင့် အဲဒါမျိုး မလုပ်သင့်ဘူး။ ဂုတ်ထိပ်တံတားဖျက်ဆီးတာ ဘယ် ကောင်းမလဲ၊ ရထားလမ်းဖျက်ဆီးတာ၊ ကားလမ်းဖျက်ဆီးတာ၊ တံတားတွေ ဖျက်ဆီးတာ ကောင်းကို မကောင်းတာ၊ အဲဒါက ဒေသခံပြည်သူတွေအတွက် အကျိုးယုတ်တာပေါ့။ ကုန်စည်စီးဆင်းမှုအတွက်ရော၊ သွားရေးလာရေးအတွက်ရော အကျိုးယုတ်စေပါတယ်။ ဒါကြောင့် လမ်းတွေ၊ တံတားတွေ ဖျက်ဆီးတဲ့အပေါ် ရှုတ်ချပါတယ်။
မူဆယ်ကနေ မန္တလေးလာရင် ဟိုးတောင်ကြီးဘက်ကနေ နည်းတဲ့ခရီးလား၊ လမ်းလည်း ကြမ်း လိုက်တာမပြောနဲ့၊ ဟိုဘက်လမ်းခရီးဆိုရင် ဖြောင့်ဖြူးနေတာပဲ။ အခုက တောလမ်းတွေကနေ ဖြတ်နေရတာ။ တော်တော် ဒုက္ခရောက်တယ်။ ကားခကလည်း မန္တလေးနဲ့မူဆယ်ကို ငါးသိန်း၊ အရင်တုန်းကဆိုရင် ရှစ်သောင်း၊ တစ်သိန်းပေါ့။ အခုက တော်တော်ကို ကုန်ကျစရိတ်တွေများပြီး ဒုက္ခရောက်ကြရတယ်။ ဒါကြောင့် တံတားတွေ ဖျက်ဆီးတာ မကောင်းဘူး၊ အကျိုးယုတ်စေတယ်ဗျာ။ နောက်စာသင်ကျောင်း တွေမှာနေတာ၊ ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတာ အဲဒါတွေကတော့ မကောင်းဘူးပေါ့။
TREND ။ ။ TNLA ခေတ္တ စိုးမိုးထားတဲ့ နမ့်ခမ်းအခြေအနေ သိရလောက်ပြောပြပါဦး။
SKO ။ ။ နမ့်ခမ်းမှာတော့ ဘာမှမလုပ်နိုင်ဘူး။ လမ်းတွေ၊ ဘာတွေလည်း မပြင်နိုင်ဘူး။ လမ်းတွေက အများကြီး ပျက်သွားတယ်။ ဟိုးအရင်တုန်းက သူ့အစီအစဉ်နဲ့သူ၊ သူ့ Plan နဲ့သူ စည်ပင်က ပြင်ခဲ့တာ။ အခုဟာက မပြင်နိုင်ဘူး။ လမ်းကတော့ တော်တော်ပျက်နေတယ်။ စီးပွားရေးလည်း အရင်တုန်းကလို မကောင်းဘူး။ အရောင်းအဝယ် မဖြစ်ဘူးပေါ့။ ကုန်ဈေးနှုန်းလည်း အရင်တုန်းကထက်အများ ကြီးတက်ဆိုတော့ ဒေသခံလူထုကလည်း စားဝတ်နေရေး ခက်ခဲတာပေါ့။ ပြီးတော့ TNLA ရှိနေတော့ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုပြီး နမ့်ခမ်းဒေသခံတွေကတော့ စိုးရိမ်နေကြရတယ်၊ ကျီးလန့်စာ စားဖြစ်နေရတယ်။ အမြဲတမ်းလည်း Ready ဖြစ်နေရတယ်။ ဒီအခြေအနေကို သူတို့ မလိုလားကြဘူး။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံဘူးဖြစ်နေတာပေါ့။ ဒေသခံပြည်သူတွေကတော့ အရင်ဘဝကိုပဲ ပြန်လိုနေချင်ကြတယ်။ အရင်တုန်းကလို နိုင်ငံတော်အစိုးရ အုပ်ချုပ်တာပဲ ခံချင်ကြတယ်။
အခွန်အတုတ်တွေ အများကြီးကောက်တော့ ဘယ်သူကြိုက်မလဲ။ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်မလုပ်ပေးတော့ ဘယ်သူ ကြိုက်မှာလဲ။ အခုက ကျောင်းပညာရေးအတွက်လည်း ကျောင်းဝင်ကြေးကောက်တယ်။ မူလတန်းဆိုရင် တစ်သိန်း၊ အလယ်တန်း တို့၊ အထက်တန်းတို့ဆိုရင် တစ်သိန်း ငါးသောင်းဆိုပြီး တစ်နှစ်စာကောက်တယ်။ အဲဒါက အိမ်တစ်အိမ်မှာ ကျောင်းသား လေး၊ ငါးယောက် လောက်ရှိရင် မလွယ်ဘူးလေ။ လမ်းပန်းဆက်သွယ်ရေး မကောင်းတာက လမ်းတွေကို မပြင်ဘူး၊ လမ်းတွေက အရမ်းပျက်စီးတယ်။ အရင်တုန်းက စည်ပင်ကပြင်တာကိုး၊ စီမံချက်နဲ့ လုပ်ခဲ့တာ၊ ဒီနှစ်မှာ ဘယ်လမ်းကို ဘယ်လိုခင်းမယ်၊ ဘယ်လမ်းကို ကွန်ကရစ်ခင်းမယ်။ အခုက အဲဒါမျိုးမှ မရှိတာ။ ဒါကြောင့် TNLA ကို ဒေသခံတွေက မလိုလားကြဘူး။ သူတို့က အရင်ဘဝကိုပဲ၊ လက်ရှိအစိုးရအုပ်ချုပ်တဲ့ ဘဝကိုပဲ ပြန်ရောက်ချင်နေကြတာ။
TREND ။ ။ နောင်ချို၊ ကျောက်မဲ အပါအဝင် မြို့တွေကို ခေတ္တပဲထိန်းနိုင်ခဲ့ပြီး TNLA ဘာကြောင့် မြို့တွေကို ပြန်လက်လွှတ်နေရလဲ၊ TNLA ဘာကြောင့် အရေးနိမ့်နေရလဲ။
SKO ။ ။ အမှန်ကတော့ အင်အားပေါ့။ သူတို့မှာ အင်အားမရှိလို့ပေါ့။ လက်နက်ခဲယမ်းဆိုတာလဲ မရဘူးဆိုရင် ဘယ်ရေရှည်တောင့်ခံနိုင်မလဲ။ လက်နက်ခဲယမ်း အင်အားမရှိဘူး။ ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိဘူးပေါ့။ ဒါကြောင့် TNLA ကျရှုံးနေရတာက အင်အားမရှိတာအပြင် လူထုထောက်ခံမှုမရှိတာ အဓိကပဲလို့ သုံးသပ်တယ်။ ပြီးတော့ သူက ရှမ်းအဖွဲ့၊ ကိုးကန့်အဖွဲ့တို့နဲ့လည်း မတည့်ဘူး။ သူတို့က စည်းလုံးညီညွတ်မှု မရှိဘူး။ တခြားအဖွဲ့တွေနဲ့လည်း မတည့်ဘူး။ ရှမ်းအဖွဲ့နဲ့လည်း မတည့်ဘူး၊ ကိုးကန့် အဖွဲ့နဲ့လည်း မတည့်ဘူး၊ ကချင်အဖွဲ့နဲ့လည်း မတည့်ဘူး၊ လက်နက်ကိုင်အချင်းချင်းလည်း မတည့်ဘူး၊ စည်းရုံးရေးလည်း မရှိဘူး၊ ကိုးကန့်နဲ့လည်း မတည့်ဘူး ရန်ဖြစ်တယ်။ KIA နဲ့လည်း ဖြစ်တယ်။ SSPP နဲ့လည်း ရန်ဖြစ်တယ်။ အဲဒါက စည်း ရုံးရေးအင်အား မရှိတာပေါ့။ နမ့်ခမ်းဆိုတာ SSPP နေလာခဲ့တာ ကြာနေပြီ၊ အဲဒါကို TNLA က SSPP ကို နှင်ထုတ်ခဲ့တယ်။
TREND ။ ။ ရှမ်းမြောက်မှာ လက်နက်ကိုင်အဖွဲ့တွေ ခေတ္တစိုးမိုးထားတဲ့ မြို့တွေကို မြန်မာ့တပ်မတော် စစ်ကြောင်းတွေ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်လာပြီ၊ အောင်ပွဲတွေလည်း အလီလီ ဆင်နွှဲနိုင်ခဲ့ပါပြီ။ ဒီအခြေ အနေအပေါ်ဘာများ ဖြည့်စွက်ပြောကြားလိုပါလဲ။
SKO ။ ။ သူတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှမ်းမြောက်မှာ စစ်ရေး ဖော်ဆောင်ခဲ့လို့ လူထုက တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ ပြည်သူအတွက် အကျိုးယုတ်စေခဲ့ပါတယ်။ အခုလို တပ်မတော်က ပြန်ပြီး တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ထိန်းချုပ်လာပြီဆိုတော့ အလား အလာကောင်းပါ တယ်။ ရှမ်းမြောက်ရဲ့ အနာဂတ်က ကောင်းလာမှာပါ။ အကုန်လုံး သိမ်းလိုက်နိုင်ရင် ပိုပြီးကောင်းလာ ပြီပေါ့။ နဂိုလို ပြန်ဖြစ်သွားမှာပေါ့။ ပြည်သူအတွက် ပိုကောင်းလာမှာပါ။
ပြည်သူအတွက် နိုင်ငံအတွက်ကောင်းတယ်။ ကောင်းပါတယ်လို့ပဲ အကောင်းမြင်ပါတယ်။ ဒေသအတွက်ရော အကုန်လုံးကောင်းကျိုးတွေ ဖြစ်ထွန်းစေမှာပါ။ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး ကောင်းလာမယ်။ လမ်းပန်းဆက် သွယ်ရေးကောင်းလာရင် စီးပွားရေးလည်း ကောင်းလာမှာလေ။ နောက် လုံခြုံရေးလည်း ကောင်းလာမှာပေါ့။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )