ကိုယ်စီအားထုတ်မှုအပေါ် တည်မှီနေတဲ့ ငလျင်အလွန် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

၂၀၂၅ ၊ ဇူလိုင် ၂၆
    ပြည်တွင်းဈေးကွက်တွင် အချင်းချင်း ပြိုင်ဆိုင်နေကြခြင်းမှာ အကျိုးအမြတ် နည်းပါးနိုင်သည့်အတွက် ယခုထက်ပို၍ ဈေးပေးနိုင်သည့် ဈေးကွက်သို့ ထိုးဖောက်သင့်သည်ဟု MSME လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။ သယံဇာတ ပစ္စည်းများနှင့် စိုက်ပျိုးမွေး မြူရေးထုတ်ကုန်များကို ကုန်ကြမ်းရောင်းချခြင်းထက် ကုန်ချောပြုလုပ်၍ ပြည်ပသို့ တင်ပို့နိုင်လျှင် တိုင်းပြည်အတွက်၊ လုပ်ငန်းများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် အခြေအနေအပေါ် မှတ်ချက်ပြုခဲ့ခြင်းလည်း ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ပဈေးကွက် တင်ပို့နိုင်အောင် ကြိုးပမ်းရမည်ဖြစ်ပြီး တင်ပို့ထုတ်ကုန်အတွက် Food Safety မှာ အဓိက လိုအပ်ချက်ဖြစ်ပြီး အမှန်တကယ်စိတ်ချ လုံခြုံသည့် တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်ရန် လိုအပ်သည်ဟုလည်း အကြံပြုထားသည်။ လုပ်ငန်းရှင်တိုင်းကလည်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတိုးတက်ဆုံး နေရာ၊ ဈေးအရဆုံး နေရာများသို့ ပို့ချင်ကြသည့် အခြေအနေရှိနေပြီး ယင်းသို့  ပြည်ပတင်ပို့နိုင်ရေး  နိုင်ငံတော်ကလည်း မက်လုံး (Incentive) ပေးကာ အားပေးမြှင့် တင်သင့်သည်ဟု ဆက်ပြောသည်။ အခက်အခဲတချို့ ရှိ နေသော်လည်း Pilot Project ပုံစံမျိုး စံပြလုပ်ပေးသွားမည်ဆိုလျှင် ပိုမို ကောင်းမွန်လာမည်ဟုလည်း ၎င်းက အကြံ ပြု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံသည် ပြည်ပမှ မှာယူတင်သွင်းသည့် ပစ္စည်းများပြားနေသည့်အတွက် ယင်းနေရာတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်ရန် ၂၀၂၂ ခုနှစ်ခန့်ကတည်းက MSME လုပ်ငန်းများကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို အထောက် အကူပြုနိုင်မည့် MSME ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ် နိုင်ရေး၊ ပြည်ပသို့  ကုန်ကြမ်းရောင်းချ ခြင်းထက် ကုန်ချော ပြုလုပ်၍ တင်ပို့ရေး ၂၀၂၂ ခုနှစ်ခန့်ကတည်းကပင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  လမ်းညွှန်ခဲ့ပြီး ဖြစ်ပါသည်။ လုပ်ငန်းကိုယ်စီတိုင်းက ကိုယ်တိုင် ကြိုးစားအား ထုတ်မှုဖြင့် လိုက်နာကြိုး ပမ်းလုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။
    မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည်မှာ ယခု ဆိုလျှင် လေးလအတွင်း ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မတ်လ ၂၈ ရက်က ငလျင်ကြီး ဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတွင်ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာ အုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇၊ လူဦး ရေ စုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ပြီး လူသေဆုံးမှု၊ ပျောက်ဆုံးမှု၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။ နေအိမ်၊ အဆောက်အအုံများ၊ လမ်းတံတားများ၊ ဌာနအဆောက်အအုံ၊ စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဘာသာရေး အဆောက်အအုံများ၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံများ အပါအဝင် တိရစ္ဆာန်များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုမှာ ငွေကျပ်  ဘီလီယံ ၃၈၀၀ ကျော် ရှိခဲ့ကြောင်း မေလအတွင်းက ပြုလုပ်ခဲ့သည့် မန္တလေးငလျင် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ သတင်းထုတ်ပြန်မှုအရ သိရှိရသည်။
    အကျဉ်းချုပ်တင်ပြရမည်ဆိုလျှင် နိုင်ငံတော် အစိုးရက သဘာဝဘေး ဖြစ်စဉ်အတွင်း နိုင်ငံ၏ ထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ အစီအမံများချမှတ်၍ တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  နိုင်ငံတကာမှ အစိုးရများနှင့် အဖွဲ့အစည်းများ၏ အကူအညီ၊ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့သည်။ လူတစ်ဦးအတွက် စား၊ ဝတ်၊ နေရေး၊ အရေးသုံးပါး အရေးကြီးသလို ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့သည်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်ချက်များတွင် ပါဝင်နေပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ငလျင်ကြောင့် လမ်းပိုင်းအချို့ ထိခိုက် ပျက်စီးခဲ့ရသည်။ ငလျင်ဖြစ်သည့်နေ့မှာပင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံး ကောင်းမွန်ချောမွေ့အောင် လုပ်ဆောင်ကြရန် လမ်းညွှန်ခဲ့သည်။ သက်ဆိုင်ရာ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများကလည်း အင်ဂျင်နီယာများ၊ ဝန်ထမ်း အင်အား၊ စက်ယန္တရားတို့ဖြင့် ချက်ချင်းဆောင်ရွက်ခဲ့သည်။ ယခုဆိုလျှင် ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် ခရီးသည်တင်ကားများ၊ အိမ်စီးကားများ အခက်အခဲမရှိ အဆင်ပြေစွာ သွားလာနိုင်ကြပြီလည်းဖြစ်သည်။ ဝန်ထမ်းအိမ်ရာများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ငလျင်ဒဏ်သင့် အဆောက်အအုံများအဆင့် သတ်မှတ်ကာ ပြန်လည်ပြုပြင်ခြင်း၊ ဖြိုချအသစ်ပြန်ဆောက်လျက်ရှိနေသည်။ အချို့ အိမ်ရာများတွင် ဝန်ထမ်းများ နေထိုင်လျက် ရှိနေပြီး ဆက်လက်၍လည်း ငလျင်ဒဏ်သင့် အဆောက် အအုံများကို စစ်ဆေးဆောင်ရွက်လျက် ရှိနေသည်။ ထိုသို့ အဆင့်လိုက် စနစ်တကျ စီမံကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စီမံဆောင်ရွက်ခဲ့သလို ဆောင်ရွက်နေဆဲလည်း ဖြစ်ပါသည်။ လက်ရှိတွင် အတိုင်းအတာတစ်ခုအထိလည်း ငလျင်ဒဏ်သင့်မှုမှ လွန်မြောက်ခဲ့ ပြီဟု ဆိုရပါမည်။ 
    မန္တလေးငလျင်ကြီး ဖြစ်စဉ်ကြောင့် အခြားသော ထိခိုက်ပျက်စီးမှုများနည်းတူ MSME ဟု အတိုကောက် သုံးနှုန်းခေါ်ဝေါ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်မှု ဖြစ်ခဲ့ရသည်။ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင်ရှိသည့် MSME များ ထိခိုက် ပျက်စီးခဲ့ရပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSME ထိ ခိုက်ပျက်စီးမှုမှာ အများဆုံး ဖြစ်ခဲ့ရသည်။
    နိုင်ငံတော်အစိုးရက MSME ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး အား‌ပေးမြှင့်တင်လျက်ရှိပြီး ယခုကဲ့သို့ ထိခိုက်မှုအတွက် အခြားသော ပျက်စီးမှုများနည်းတူ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ကုစားရေး စီမံဆောင်ရွက်လျက် ရှိနေကြောင်းကိုလည်း MSME လုပ်ငန်းရှင်များ အားလုံး အသိဖြစ် သည်။
    လက်ရှိ MSME လုပ်ငန်းတချို့၏ ရပ်တည် လည်ပတ်နေမှု အခြေအနေများကို လေ့လာမိသည်။ မြတ်ဆွမ်းအုပ်-ကျန်းမာရေး အထောက်အကူပြု စားသောက်ကုန်လုပ်ငန်းမှာ ငလျင်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် အဓိက ကုန်ကြမ်းဖြစ်သည့် ပျားရည် ပုံမှန်မရရှိခြင်း၊ ဈေးနှုန်းအဆမတန်ကြီးမြင့်၍  ပေးဝယ်နေရခြင်း၊ Packaging ဖန်ပုလင်းများ ပုံမှန်မရောက်ရှိခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်။ လက်ရှိတွင်လည်း လုပ်ငန်းမှ အမြတ်မရှိသလောက် အ‌နေအထားဖြစ်နေပြီး လုပ်ငန်းပုံမှန်လည်ပတ်မှုတော့ ရှိနေသည်။
    MSME လုပ်ငန်းရှင်များ၏ အဓိက လိုအပ်ချက်များတွင် စိုက်ပျိုးမြေ၊ စက်ရုံမြေနေရာ၊ နည်းပညာ၊ ဈေးကွက်တို့ဖြစ်ပြီး ယင်းအခြေအနေများမရှိလျှင် လုပ်ငန်းကြီးထွားဖို့ မလွယ်ကူဟု မြတ်ဆွမ်းအုပ်- ကျန်းမာရေး အထောက်အကူပြု စားသောက်ကုန်လုပ်ငန်း တည်ထောင်သူ ဒေါ်သီသီဝင်းက ပြောသည်။ ငွေကြေး၊ နည်းပညာ၊ ဈေးကွက်နှင့် Stable Codition ရှိရန် လိုအပ်နေ၍ ထိုအခြေအနေဖြစ်အောင် လုပ်ပေးနိုင်မည်ဆိုလျှင် MSME လုပ်ငန်းများများစွာ ဖွံ့ဖြိုး တိုးတက်လာမည်ဟူ ၍လည်း ၎င်းက ယုံကြည်နေသည်။
    "မန္တလေးငလျင်ကြီးကြောင့် MSME လုပ်ငန်းတွေ အနည်းနဲ့အများ ထိခိုက်ခဲ့ကြရပါတယ်။ မန္တလေးမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေက ပိုပြီး ထိခိုက်ကြရတာပါ။ မန္တလေးက လုပ်ငန်းလုပ်နေတဲ့ မိတ်ဆွေတစ်ဦးကတော့ ပျက်စီးဆုံးရှုံးတာတွေ ရှိပေမယ့် သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ ရန်ကုန်မှာ ပြန်လည် လည် ပတ်နိုင်အောင် ကြိုးစားတာ တွေ့ရပါတယ်။ ရန်ကုန်က လုပ်ငန်းတွေက တိုက်ရိုက်ထိခိုက်ပျက်စီးတာမျိုး မရှိပေမယ့် ငလျင် ဖြစ်ပွားရာဒေသက ထွက်ရှိတဲ့ ကုန်ကြမ်း မရတာ၊ ပြတ်လပ်တာ မျိုးတွေ၊ ဖြန့်ဖြူးရေးအပိုင်းတွေမှာ  ထိခိုက်တာမျိုးတွေ ကြုံခဲ့ရပါတယ်။ ယခု ငလျင်ဖြစ်ပြီးတာ လေးလထဲ ရောက်လာပြီဆိုတော့ အလုံးစုံ ပြေလည်သွားတာမျိုး မဟုတ်ပေမယ့် ကြိုးစား ဖြေရှင်းပြီး  လုပ်ငန်းလည်ပတ်နေပါတယ်"ဟူ၍လည်း ဒေါ်သီသီဝင်းက ဆက်ပြောသည်။
    မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံ၊ စက်ရုံများစွာ ထိခိုက်ပြိုကျခဲ့ရ၍ လည်ပတ်နိုင်ခြင်း မရှိသည့် လုပ်ငန်းများစွာ ရှိနေသည်။ အဆောက်အအုံအချို့ ပြန်မဆောက်နိုင်ကြသေးသည့် လုပ်ငန်းရှင်များ ရှိနေသည်ဟု မန္တလေးမြို့ရှိ စက်မှုလက်မှု လုပ်ငန်းတည်‌ ထောင်သူ ဦးသန့်ဇင်က ငလျင် ဏ်ထိ MSME လုပ်ငန်းများ အခြေအနေတချို့ကို  ပြောပြသည်။ "ဥပမာ တိုက်ငါးလုံးလောက်ရှိတဲ့ သူဌေးက ငွေကလည်း ပေါတော့ ကုမ္ပဏီတွေမှာ ရှယ်ယာဝင်တာ၊ ဆိုင်ဖွင့်လှစ် တာတွေ လုပ်ခဲ့တာပေါ့။ သူဆိုရင် ငလျင်ကြောင့် သူ့ရဲ့  တိုက်ငါးလုံးထဲက လေးလုံးလောက်က လုံး၀ဖျက်ပစ်ရမယ်၊ တစ်လုံးလောက်ပဲကျန်တဲ့ အခြေအနေ ကြုံခဲ့တာ။ အမှန်က စိုက်ပျိုးရေးတို့၊ စက်မှုလက်မှုကဏ္ဍထဲတို့မှာ သူတို့ ရင်းနှီးထားလို့သာ ကျွန်တော်တို့က လည်ပတ်နေရတာ။ သူတို့က မရင်းနှီးတော့ ကျွန်တော်တို့လည်း မလည်ပတ်နိုင် တော့ဘူးပေါ့။ တချို့ဆိုရင် စက်ရုံက ငါးရုံလောက်ရှိတယ်။ ငါးရုံလုံးက လည်လို့မရတော့ဘူး။ ငါးရုံလုံး ရပ်သွားတော့ ငွေမဝင်တဲ့အပြင် ထွက်ငွေတွေချည်း ပဲဆိုတော့ ငါးရုံတစ်ရုံ ပေါင်းပြီးမှ လုပ်ငန်းကို လည်ပတ်၊ အဲဒီထွက်လာတဲ့ ငွေနဲ့မှ တစ်ရုံချင်းစီ ပြန်ပြီးတည်ဆောက် ကြရတာ။ ဒါတွေက  လုံး၀ လက်တွေ့ပဲ"ဟူ၍ ၎င်းက ပြောပြသည်။
    လုပ်ငန်းရှင် အားလုံးလိုလို အခက်အခဲ ဖြစ်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံဖို့ပင် အဆင်မပြေဖြစ်ခဲ့ရသည် ဟုဆိုသည်။ MSME လုပ်ငန်းများ၏ ကြိုးစား အားထုတ်မှု အခြေအနေ တချို့နှင့်ပတ်သက်၍လည်း ဦးသန့်ဇင်က ၎င်းလေ့လာ သိရှိထားခဲ့ရမှုကို ပြောပြခဲ့သည်။ "အမရပူရမှာ မြန်မာနိုင်ငံမှာ ပထမဆုံးဆိုတဲ့ ဆေးဆိုးပန်းရိုက် လုပ်ငန်းတစ်ခုဆိုရင်လည်း ထိခဲ့တာ။ သိန်းလေး၊ ငါး ထောင်တန်တဲ့ ဒီဂျစ်တယ်စက် နှစ်လုံး ပိသွားခဲ့တာ။ ပိသွားတော့ ရှိတဲ့ကားတွေရောင်းပြီး စက်ကို  တရုတ်နိုင်ငံကို အစောဆုံးလှမ်းမှာတော့ တစ်လုံးရောက်လာတယ်။ အဲဒီ အသစ်တစ်လုံးနဲ့ လည်နေရင်းနဲ့ ငွေကိုဖော်ရတယ်။ပြီးတော့ ပျက်သွားတဲ့ အလုံးတွေကို ပြန်ပြင်တယ်။ အခုတော့ စက်နှစ်လုံးလုံး ပြန်ကောင်းသွားပြီဆိုတော့ ဝါတွင်း လည်းဖြစ်တော့ အလုပ်က နိုင်သွားတယ်။ အဲဒီလို ကြိုးစားအားထုတ်ပြီး ပြန်ပြင်ထားတဲ့စက်ကိုသုံး၊ အသစ်ကိုပြန်ရောင်း အဲဒီလို လှည့်လုပ်နေတော့ သူလည်း အဆင်ပြေလာတယ်။ လုပ်ငန်းရှင်တစ်ဦး ဆိုရင်လည်း သံရည်ကျိုစက်ရုံရှစ်ရုံနဲ့ သံကြိတ်စက်ရုံတစ်ရုံ ပေါင်းကိုးရုံရှိတာ ခြောက်ရုံလောက်က ရပ်သွားတော့ အမြန်လည် ပတ်နိုင်အောင် လုပ်ခဲ့တယ်။ ဝင်နေတဲ့ ငွေလမ်းကြောင်း ရပ်သွားတော့ သူတို့လည်း တုန်ခါသွားတယ်။ တချို့ရုံတွေက အများကြီး ပျက်တာရှိသလို၊ တချို့ရုံတွေက နည်းနည်းပါးပါး ပျက်တာဆိုတော့ တဖြည်းဖြည်း လည်ပတ်နိုင်အောင် ကြိုးပမ်းခဲ့ရတာ။ အခုတော့ ကိုးရုံလုံး ပြန်လည် နေပါပြီ"ဟူ၍ ၎င်းက ဆက်ပြောသည်။
    MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ စိုက်ပျိုးမြေ၊  စက်ရုံမြေနေရာ၊ နည်းပညာ၊ ပြည်တွင်းပြည်ပ ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ လုပ်ငန်းများအတွက် လိုအပ်သော သင်တန်းများ စဉ်ဆက်မပြတ် ပေးနေခြင်းများ လုပ်ဆောင်သင့်ပြီး ထိုနည်းလမ်းများဖြင့် ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်း မြတ်ဆွမ်းအုပ်လုပ်ငန်း တည်ထောင်သူ ဒေါ်သီသီဝင်းက အကြုံပြုခဲ့ပြီး စိတ်ဓာတ်မကျဖို့၊ တစိုက်မတ်မတ် ကြိုးစားကြဖို့နှင့် မိမိလုပ်ငန်း၏ လိုအပ်ချက်ကိုလည်း အမြဲတမ်း ဖြည့်ဆည်းနေကြဖို့ အားပေးစကား ပြောကြားခဲ့သည်။ စစ်ကိုင်းမြို့တွင်  ရိုးရာငွေထည်လုပ်ငန်းများ၊ ပိုးထည်လုပ်ငန်းလေးများ၊ လက်ရက်ကန်းစင်များ၊ မုန့် လုပ်ငန်းများနှင့် စိုက်ပျိုးရေးထွက်သီးနှံများ ကြိတ်ခွဲလုပ် ငန်းများစွာရှိသည်။ မြို့ပေါ်ရှိ ထို MSME လုပ်ငန်း များ အားလုံးလိုလိုပင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွား ခဲ့ရသည်။ စစ်ကိုင်းမြို့တွင် ယခင်ရှိပြီး သားမြေတွင် လုပ်ကိုင်ဆောင်ရွက်နိုင်၍ မြေနေရာမရှိကြ၊ သို့သော် အများစုမှာ လုပ်ငန်းနှင့် ပတ်သက်သည့် အဆောက်အအုံ၊ ပစ္စည်းကိရိယာပိုင်း၊ ကုန်ကြမ်းအခက်အခဲများ ရှိနေကြသည်ဟု သိရသည်။ ရက်ကန်းလုပ်ငန်းများတွင်လည်း  ရက်ကန်းစင်ကဲ့သို့ အရင်းအနှီး ရက်ကန်းစင်ထားသည့် အဆောက်အ အုံမရှိခြင်း စသည့် လုပ်ငန်းဘက်ပိုင်းနှင့် သက်ဆိုင်သည့် အခက်အခဲများ ရှိနေကြသည်။
    "စစ်ကိုင်းမှာရှိတဲ့ လုပ်ငန်းတွေကအများစုက  မန္တလေးဘက်ကို ပြန်မှီခိုကြရတာ။ ရက်ကန်းဆိုရင်လည်း စစ်ကိုင်းက တံဆိပ်က သူတို့တံဆိပ်နဲ့ ရောင်းတာ နည်းသေးတယ်လေ။ မန္တလေးဘက်က တံဆိပ်တွေကိုပဲ မှီခိုကြတာ။ လက်ရှိလုပ်ငန်းရဲ့ ရာခိုင်နှုန်း ၆၀ လောက်က ငလျင်ကြောင့် ထိသွားတာပေါ့။  ရာခိုင်နှုန်း ၄၀ လောက်ကတော့ နည်းနည်းလေး လှုပ်သာလှည့်သာတော့ ဖြစ်လာပါတယ်။ နောက်ပြီးတော့ ကျောက်သွေး တာတွေကတော့ အဲဒီလုပ်ငန်းတွေက လမ်းလည်းပိတ် ထားတော့ ရပ်နေကြတယ်။ တူရိယာလုပ်ငန်းလေးတွေရှိတယ်။ စစ်ကိုင်းမှာဆိုရင် ဂီတာလုပ်ငန်းလေး တွေရှိတယ်။ ဂီတာထုတ်လုပ် တဲ့လုပ်ငန်းပေါ့။ ဒါမျိုးတွေကျတော့ အဲဒီလုပ်ငန်းတွေက သစ်မရတာ။ သူတို့ရဲ့ အထပ်သားကတော့ တော်တော်လေး အရည်အသွေးကောင်းတဲ့ အထပ်သားကို သုံးရတာကိုး။ နောက်တစ်ခါ ရက်ကန်းသမား ကျတော့လည်း စင်ပိုင်းဆိုင်ရာပေါ့။ စစ်ကိုင်းမှာက အဆောက်အအုံတွေပါ ငလျင်ထိတဲ့အထဲ အကုန်ပါတာကိုး။ အဲဒီလိုပါတော့ တချို့ ဝယ်ဆောက်တဲ့ သူကလည်း ပြန်ဆောက်ပေါ့။ ြှနြ အသင်းနဲ့ ချိတ်ဆက်ပြီးတော့လည်း လောလောဆယ် လုပ်ငန်းလုပ်လို့ ရအောင် လုပ်ပေးနေတယ်။ အဓိကကတော့ နေဖို့ နေရာ၊ လုပ်ငန်းအတွက် ကုန်ကြမ်းနဲ့ ပံ့ပိုးတာတွေ လုပ်ပေးနေပါတယ်"ဟု မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်ကြည်စိုးက ရှင်းပြသည်။ 
    ငွေထည်လုပ်ငန်းများနှင့်ပတ်သက်လျှင်လည်း ငွေထည်လုပ်ငန်းရှင်များမှာ စစ်ကိုင်းမြို့တွင် အများဆုံးရှိနေပြီး မန္တလေးမြို့သို့ ငွေထည်လုပ်ငန်းသွားရောက်လုပ် ကိုင်သူများမှာလည်း စစ်ကိုင်းဒေသခံ များဖြစ်သည်ဟု သိရသည်။ ထိုငွေထည်လုပ်ငန်းများမှာ ရက်ကန်းလုပ်ငန်းများနှင့် နှိုင်းစာလျှင် လတ်တလော အခြေအနေ ပိုကောင်းနေသည်ဟု ဦးအောင်ကြည်စိုးက ရှင်းပြသည်။ "ငွေထည်လုပ်ငန်းတွေက လက်မှုဆိုတော့ ငွေကလည်း စစ်ကိုင်းမှာပဲ နဂိုကတည်းက ရှိတယ်။ အဲဒါကို လိုချင်တဲ့ပုံစံကို ရိုက်တာ၊ လူ့ရဲ့ စွမ်းရည်က အဓိကပေါ့၊ စက်အပေါ်မှာ၊ ကုန်ကြမ်းအပေါ်မှာ အရမ်းကြီး မှီခိုတာမဟုတ်တော့ အဲဒီ လုပ်ငန်းတွေကတော့ အခြေအနေကောင်း ပါတယ်။ ငလျင်ထိတာကတော့ ထိတာပေါ့လေ။ ဒါပေမဲ့  ကျန်တဲ့လုပ်ငန်းတွေထက်စာရင် သူကနည်းတယ်။ ဒါကြောင့် လောလောဆယ်မှာ သူတို့က အခြေအနေလေး ပိုကောင်းပါတယ်။ ပြီးတော့ မုန့်လုပ်ငန်းတွေကလည်း အထိုက်အလျောက်တော့ မဆိုးကြပါဘူး" ဟူ၍ ၎င်းက ဆက်ပြောသည်။

MSME ကဏ္ဍ
    တိုးတက်ရေးမှာ ဈေးကွက်ရရှိ‌ရေးသည် အဓိကအရေးအကြီးသည့် အချက်ဖြစ်သည်။ ဈေးကွက်အတွက် ပြပွဲများလုပ်ပေးခြင်း၊ ပြည်ပဈေးကွက်ရရှိရေး၊ နိုင်ငံတကာပြပွဲများသို့ စေလွှတ်ပေးနိုင်ခြင်း အများအပြား လုပ်ဆောင်ပေးမည်ဆိုလျှင် ဖွံ့ဖြိုး တိုးတက်မည်ဟု သုံးသပ်ကြသည်။ နိုင်ငံတော်က MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေများထုတ်ပေးပြီး အားပေးမြှင့်တင်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များ အပါအဝင် ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသော အစီအစဉ်များကို  ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိက ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကိုလည်း လမ်းညွှန်အားပေး ဆောင်ရွက်လျက်ရှိ သည်။လက်ရှိတွင်လည်း ချေးငွေနှင့် ဈေးကွက်ဖန်တီးရေးအပါအဝင် မူဝါဒပိုင်း ဆိုင်ရာများ ယခုထက် ပိုမိုချမှတ်လုပ်ဆောင်ပေးရန် စီစဉ်နေသည်ဟုလည်း သိရှိရသည်။ 
    သို့သော် မူ‌ဝါဒဘယ်လောက်ပဲကောင်းကောင်း လက်တွေ့ တကယ်ဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်လုပ်ဆောင်ဖို့လည်း လိုအပ်သည်ဟု ဦးအောင်ကြည်စိုးက အကြံပြုသည်။ " Policy Maker တွေ က ရှေ့ကတော့ ပြောသွားပြီ၊ အကောင်အထည်ဖော်တဲ့ အခါမှာကျတော့ အဲဒီဟာကို တကယ် နည်းလမ်းပေါင်းစုံနဲ့ ကောင်းသထက် ကောင်းအောင်၊ ထိရောက်နိုင်အောင်၊ ပံ့ပိုးနိုင်အောင် ဒါကိုလည်း တစ်ဦးတစ် ယောက်တည်းနဲ့ မဟုတ်ဘဲ အားလုံးအဖွဲ့အစည်း Level အဆင့်ဆင့်မှာ လိုအပ်ပါတယ်။ ရွာတစ်ရွာ ထွက်ကုန်တစ်ခုဆိုတာကတော့ ဂျပန်ကတော့ ဒါနဲ့ပဲ တိုင်းပြည်ကို တည်ဆောက် သွားခဲ့တာကိုး။ ထိုင်းမှာ လည်း ဒါမျိုးတွေ အများကြီးပါပဲ။ အဓိက ပြောချင်တာက Policy ကောင်းရုံနဲ့ မရသေးဘူး၊ အကောင် အထည်ဖော်တဲ့ အပိုင်းမှာ ထိရောက်မှ Level အဆင့်ဆင့်က သက်ဆိုင်ရာ Level အလိုက် ကျွန်တော် တို့အသင်းတွေ အပါအဝင်ပေါ့လေ၊ ပံ့ပိုးပေးနိုင်ဖို့ လိုပါ တယ်"ဟု ၎င်းက အကြံပြုသည်။
     MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ လည်း ကောင်းရမည်ဖြစ်သလို လုပ်ငန်းရှင်များ၏ အားထုတ်မှု၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အဆင့်ဆင့်သော ပံ့ပိုးမှု၊ အားထုတ်မှုများ လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် MSME ကဏ္ဍ ပြန်လည်ကုစားရေး ဆောင်ရွက်နေသည့် အစီအစဉ်တွင် နိုင်ငံတော်ဘက်မှ  ပံ့ပိုးအားပေး မြှင့်တင်မှုများ ပြုလုပ်ပေးနေလျက်ရှိသလို  မူဝါဒချမှတ်  ပံ့ပိုးပေးခဲ့၍လည်း လုပ်ငန်းတချို့ အဆင်ပြေမှုရှိလာပြီး  လုပ်သာကိုင်သာရှိလာကာ တိုးတက်လာမှုများ ရှိနေသည်။ အချို့ လုပ်ငန်းများကလည်း ကိုယ်ထူကိုယ်ထ ရုန်းကန်ကြိုးစားခဲ့ကြ၍ တိုးတက်လာကြသည်။ ချေးငွေရရှိလာမည့် အခြေအနေတွင် ယခုထက်ပို၍  လုပ်သာကိုင်သာ ရှိသွားနိုင်ပါသည်။
    သို့သော် နိုင်ငံတော်က မည်မျှပင် ပံ့ပိုးအားပေး လုပ်ဆောင်ပေးနေပါစေ လုပ်ငန်း‌ရှင်များဘက်မှလည်း လိုအပ်ချက်များနေသည့် အခြေအနေ ဖြစ်နေသည်။ နေရာတိုင်းတွင် လုပ်ငန်းများ သဘောသဘာဝအရ လုပ်အပ်ချက်များ ရှိနေကြစမြဲဖြစ်၍ လက်ရှိ MSME ကဏ္ဍမှာ ပြန်လည်ကုစားနေဆဲ အခြေအနေတွင်  ရှိနေပါသေးသည်ဟု ဦးအောင်ကြည်စိုးက ပြောပြသည်။ ငလျင်အလွန် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကုစားရေးအစီအစဉ်များမှာ မည်သည့်ကာလတွင် ရာနှုန်းပြည့် တိုးတက်အောင်မြင်လဲ ခန့်မှန်းရ ခက်ခဲပါသည်။ အထူးသဖြင့် လုပ်ငန်းများတွင် Level-A? B ? C စသည်ဖြင့် အမျိုးအစားများ ရှိနေ၍ လုပ်ငန်း A ? B ? C အဆင့်အလိုက် အဆင့်ဆင့်သော Stakeholders များ၏ ကြိုးစားအားထုတ်မှုအပေါ် မူတည် နေပါ သည်။ MSME အသင်း ဒုဥက္ကဋ္ဌ ဦးအောင်ကြည်စိုး၏ ပြောကြားမှုဖြင့် အဆုံးသတ်လိုပါသည်။
    "လုပ်ငန်းရှင်ထဲမှာ လုပ်ငန်းရှင် အမျိုးမျိုး Level ရှိတယ်။ Level-A လည်းရှိတယ်၊ B လည်းရှိတယ်၊ C လည်းရှိတယ်။ Level A တွေကတော့ ကိုယ်ထူကိုယ်ထနဲ့ ဖြစ်သွားတာပေါ့။ Level B တွေကျတော့လည်း တစ်ဖက်က နည်းနည်းလေးရလာတာနဲ့ တက်ချသွားတာပေါ့။ Level-C  တွေကျတော့ နဂိုကတည်းက သူကိုယ်တိုင် သာမန်ပဲ ကြိုးစားအားထုတ်တယ်ဆိုရင်တော့ C က C ပဲ ဖြစ်‌နေမှာပေါ့။ တကယ်တမ်းက Level-C က B ဖြစ်သွားမယ်။ Level-B တွေက A ဖြစ်သွားမယ်၊ ဒါကလည်း လုပ်ငန်းရှင်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုတွေလည်း လိုပါတယ်။ နိုင်ငံတော်နဲ့ ဘေးအကူအညီ တွေချည်းပဲ လိုက်ပြောနေ လို့ရှိရင် မရပြန်ဘူးလေ။ ချန်ပီယံဆိုတာ လူတိုင်းက ချန်ပီယံမှ မဖြစ်တာကိုး။ ချန်ပီ ယံဆိုတာ ချန်ပီယံ သက်သက်ကို ရှိတယ်။ သူကိုယ်တိုင်ရဲ့ ကြိုးစားမှုက  သူများနဲ့မတူတဲ့ လူတွေပေါ့ဗျာ"ဟူ၍ ၎င်းက မှတ်ချက်ပြုခဲ့သည်။

 ( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48076

© 2022 - 2025 News. All Rights Reserved.