ရန်ကုန်၊ အောက်တိုဘာ ၈
ပြည်တွင်းရှိ ကျောက်မျက်ရတနာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဝယ်ယူလာကြကြောင်း ပြည်တွင်း ကျောက်မျက်ရတနာရောင်းချသည့် ကုန်သည်တစ်ဦးက ပြောကြားသည်။
"အခုချိန်မှာ ကျောက်မျက်ရတနာ ဈေးကွက်က ရွှေဈေးတက်သလို ကျောက်ဈေးတွေလည်း တက်လာတယ်။ Time city မှာဆိုလည်း ဈေးပွဲတော် ပြုလုပ်ခဲ့တယ်။ ဈေးပွဲတော် သုံးရက်လုံး လာရောက် ဝယ်ယူအားပေးတဲ့သူတွေရှိတယ်။ အရင်နှစ်တွေကထက် အားပေးမှုကပိုများတယ်။ ဝယ်ယူတဲ့အခါမှာလည်း ဝတ်ဆင်သူထက် ပြန်ပြီးရင်း နှီးမြှုပ်နှံဖို့အတွက် ဝယ်ယူစုဆောင်းလာကြတာများတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ဘန်ကောက်ကျောက်မျက်ရတနာပြပွဲပြီးသည့်အချိန်တွင် ရန်ကုန်သို့ ရောက်ရှိလာကာ ဝယ်ယူမှုများရှိနေကြောင်း၊ ကျောက်မျက်ဈေးနှုန်းအနေဖြင့် ယခင်နှစ်ထက် သုံးဆခန့် ဈေးတက်လျက်ရှိကြောင်း သိရသည်။
"ကျောက်မျက်ဈေးက အခုဆိုရင် သုံးဆလောက်တက်တယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေကြောင့်လိုက်တက်သလို၊ မြန်မာပြည်ရဲ့ အခြေ အနေကြောင့်လည်း ဈေးတက်တာရှိတယ်။ ဈေးတက်တဲ့ အဟုန်က အရမ်း မြန်ပြီး မြင့်တယ်"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင် ကျောက်ရောင်းဝယ်ယူမည်ဆိုပါက ခေတ်စနစ်နှင့်အညီ ပြောင်းလဲလာသည့်အတွက် မသမာသည့်နည်းလမ်းဖြင့် ရောင်းချမည်ကို စိုးရိမ်စရာမရှိကြောင်း၊ AI နည်းပညာဖြင့်လည်း ကျောက်မျက်ရတနာများ၏ စစ်မှန်သော အရည်အသွေးများကို ရှာဖွေပေးသလို၊ကျောက်မျက်ရတနာဆိုင်များတွင်လည်း ကျောက်ဝယ်ယူမည်ဆိုပါက စစ်ဆေးပေးသည့် လက်မှတ်၊ စစ်ချက်ဖြင့် ရောင်းချပေး ခြင်းဖြစ်ကြောင်း သိရသည်။ သက်မှူး