ကမ္ဘာကျော်ဂုတ်ထိပ်တံတား ရထားလမ်းပိုင်း မကြာမီ ပြန်လည်ဖွင့်တော့မည်

နေပြည်တော်၊ အောက်တိုဘာ ၈
    ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သလို ခရီးသွားကဏ္ဍနှင့် ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည့် ကမ္ဘာ‌ကျော်ဂုတ်ထိပ်တံတား ရထားလမ်းပိုင်း မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ 
    နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်-ဂုတ်ထိပ်-နောင်ပိန် ရထားလမ်းပိုင်း၌ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။
    အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံ တား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ ရထားလမ်းပိုင်းများ အလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာတွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊ ရထားလမ်းအတွက် လိုအပ်သည့် ကျောက်များကိုလည်း သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်၊ ရထားလမ်းပိုင်းတစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည်စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်၊ ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ရထား များ အဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လည်း ယာယီသမ္မတကြီးက လမ်းညွှန်မှာ ကြားထားသည်။
    အဆိုပါ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့မီးရထားအပါအဝင် သက်ဆိုင်ရာဌာ နများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး သမိုင်းဝင်ဂုတ်ထိပ်တံတား ရထားလမ်းပိုင်း ဖွင့်လှစ်မည်ဆိုလျှင် Tour Train (RGC) ဖြင့် ဂုတ်ထိပ်အပျော်စီးရထားခရီးစဉ်များ ပြေးဆွဲရန် အစီအ စဉ်ရှိသလို ကျောက်မီးသွေးသုံး မီးရထားစက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆိုပါသတင်းကြောင့် ကျောက်မဲ၊ နောင်ချိုဒေသခံများက ဝမ်းသာပျော်ရွှင်နေကြသည်။
    "ဂုတ်ထိပ်တံတားရထားလမ်း ပြန်ဖွင့်မယ်ဆိုတော့ ဝမ်းသာမိပါတယ်။ ရထားလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဆိုရင် ရထားကကုန်စည်တွေ အများကြီးသယ်နိုင်မယ်။ ခရီးသွားတွေကိုလည်း အများကြီး သယ်ပို့နိုင်တယ်။ ကုန်ကျစရိတ်လည်း သက်သာတယ်ဆိုတော့ ခရီးသွားလုပ်ငန်းတို့၊ ဒေသတစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှု၊ ကုန်စည်စီးဆင်းမှုတွေက ပိုလွယ်သွားမယ်၊ ပိုမြန်သွားမယ်။ ခရီးသွားလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာမယ်၊ ဒေသခံပြည်သူအတွက် အကျိုးကျေးဇူးများမယ်လို့ မျှော်မှန်း ပါတယ်"ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။
    ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင် ချိုမြို့နှင့်  ကျောက်မဲမြို့ကို ဆက်သွယ်ထားသော ကမ္ဘာ‌ကျော် ဂုတ်ထိပ်တံတားကြီးကို TNLA အကြမ်းဖက်အဖွဲ့က သြဂုတ် ၂၄ရက်တွင် မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်အတွက် လက်ရှိတွင် ဂုတ်ထိပ်တံ တားကြီးကို ရှေးမူလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည် ပြင်ဆင်တည်ဆောက်နေခြင်း ဖြစ်သည်။ ဂုတ်ထိပ်တံတားပျက်စီးသွားသော သံပေါင်အား ဖယ်ရှား၍ သံပေါင်အသစ်တစ်စုံ အစားထိုးတပ်ဆင်ခြင်းကို လုပ်ငန်းစဉ် ၁၁ ရပ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယင်းအစီအစဉ်များတွင် လုပ်ငန်းခွင်သုံး ပစ္စည်းများအား မန္တလေးမှ နောင်ချိုဘူတာသို့ သယ်ယူ စုဆောင်းခြင်းလုပ်ငန်း (သစ်သားဇလီဖား L.S.T ဒေါက်တိုင်၊ Way Beam)၊ ဂုတ်ထိပ်တံတားသံပေါင်များနှင့် တံတား၏ လက်ရှိအခြေများကို Total Station ဖြင့် Survey တိုင်းတာ စစ်ဆေးခြင်း၊ နောင်ချိုဘူတာမှ ဂုတ်ထိပ်တံတားသို့ လုပ်ငန်းခွင် သုံးပစ္စည်းများ သယ်ပို့ခြင်း၊ တင်ချခြင်းနှင့် လုပ်ငန်းခွင်အတွင်း သယ်ရွှေ့ခြင်း၊ P16 နှင့် AB2 ကြား L.S.T ဒေါက်တိုင်များ တပ်ဆင်နိုင်ရန်အတွက် အောက်ခြေ မြေနေရာ ညှိခြင်း၊ ပြုပြင်ခြင်းနှင့် ဖားထပ်ခွေပြုလုပ်ခြင်း၊ P16 နှင့် AB2 အလယ် (Mid Span) ၌ L.S.T(D-Type) ပုံစံအား လိုအပ်သည့်အမြင့်အတိုင်း ထည့်သွင်းဆောင်ရွက်ခြင်း၊ ပျက်စီး သွားသော တံတားသံပေါင်အဆက်နေရာမှ ပေ ၃၀ ဖျက်ထုတ်ဖယ် ရှားခြင်း၊ Way Beam သံပေါင်အား ထည့်သွင်းတပ်ဆင်ခြင်းနှင့် ယာယီသံလမ်းခင်းခြင်း စသည့် လုပ်ငန်းများ အောက်တိုဘာ ၄ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။
    "ရှေးမူမပျက် ပြန်လည်ပြင်ဆင်တဲ့နေရာမှာ အချက် ၁၁ချက်နဲ့ ဆောင်ရွက်ပါတယ်။ အဲဒီအထဲက ခြောက်ချက်အထိအောင် ပြီးသွားပါပြီ။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအ နေနဲ့ကတော့ လုပ်ငန်းတစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၆၀ ပြီးသွားပါပြီ။ ၄၀ လောက်ပဲ ကျန်တော့တာပေါ့။ ကျွန်တော်တို့ ရည်မှန်းထားတာက အဆင့်နှစ်ဆင့်ရှိပါတယ်။ တံတားကြီးပေါ်မှာ RGC ရထားတွေ မူလပုံစံအတိုင်း ရထားသွားလာနိုင်ရေး ပထမအဆင့်အနေနဲ့ လုပ်နေပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ သံပေါင်အသစ်၊ နဂိုမူလအသစ်ကို  ပြန်လည် အစားထိုးပြီးတော့ ရထားလမ်းပိုင်း ပြန်ဖွင့်ဖို့အတွက်ဆိုပြီး အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပထမအဆင့် လျာထားချက်က အောက်တိုဘာ ၁၅ ရက်မှာ ပြီးစီးရမယ်လို့ လျာထားသော်လည်းပဲ ၄ ရက်မှာ ပြီးသွားတယ်၊ ၁၀ ရက်လောက် စောပြီးသွားတာပေါ့။ တစ်ခုလုံး ရထားလမ်း ပိုင်း ပြန်ဖွင့်ဖို့ဆိုရင် နိုဝင်ဘာ ဒုတိယအပတ်မှာ ရထားလမ်း မူလပုံစံအတိုင်း ပြန်ဖြစ်ပြီးတော့ ရထားတွေ ပုံမှန်အတိုင်း ပြန်သွားလို့ရပြီဆိုတဲ့ အဆင့်နှစ်ဆင့်ပါ။ ကျွန်တော်တို့က နောက်တစ်လလောက်ဆိုရင် အားလုံး ပြီးသွားပါပြီ"ဟု မြန်မာ့မီးရထား တာဝန်ရှိ သူက ရှင်းပြသည်။
    ထို့အပြင် သံပေါင် အသစ်တစ်စုံ အစားထိုးတပ်ဆင်အစီအစဉ်တွင် ပေ ၃၀ သံပေါင်အသစ် အစိတ်အပိုင်းများအား တံတားအလုပ်ရုံ(မလွှကုန်း)တွင် ကြိုတင်ထုတ်လုပ်ခြင်းနှင့် ဂုတ်ထိပ်ဘူတာသို့ သယ်ပို့ခြင်း၊ ထုတ်လုပ်ပြီးစီးသော ပေ ၃၀ သံပေါင်အသစ်အား လုပ်ငန်းခွင်အတွင်း ထည့်သွင်းဆောင်ရွက်ခြင်း၊ တံတားပေါ်ရထားလမ်းအ သစ်ပြန်လည်ခင်းခြင်း၊ ယာယီအစီစဉ်များ ပြန်လည်ဖြုတ်သိမ်းခြင်း (L.S.T = တစ်စုံ၊ Way Beam = တစ်စုံ)၊ အချောသတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆက်လက်‌ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများနှင့်ဆက်စပ်၍ ထုံးဖို-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ် လမ်းပိုင်းပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သလို ဂုတ်ထိပ်-ကျောက်မဲလမ်းပိုင်းတွင် တောချုံ ခုတ်ခြင်း၊ ရထားလမ်းပြုပြင်ခြင်း လုပ်ငန်းများလည်း စတင်နေပြီဟု မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။ 
    "ရထားလမ်းကို ကျောက်မဲအထိဖွင့်ဖို့ နိုင်ငံတော်အကြီးအကဲများက ညွှန် ကြားထားတယ်။ ကျောက်မဲအထိ ဖွင့်ဖို့ဆိုရင် မန္တလေးမြို့ဟောင်းနဲ့ ထုံးဘိုကတော့ လက်ရှိ ရထားလမ်းရှိပြီးသား၊ ရထား တွေလည်း ပြေးနေတယ်ဆိုတော့ ထုံးဖိုအထိအောင် ပြင်စရာမလိုဘူး။ ထုံးဘိုကနေ ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်ထိပ်အထိအောင်က မိုင် ၇၀ ကျော်ရှိတယ်၊ အဲဒီလမ်းပိုင်းမှာ တောချုံတွေရှင်းတာ၊ မိုင်းရှင်းတာ၊ ရထားလမ်းတွေ ပြုပြင်တာ၊ သံလမ်းဆက်ပစ္စည်း မူလီ‌တွေ၊ ကလစ်တွေ ပျောက်တာတွေကို ပြန်ဖြည့်တင်းတာ အဲဒါတွေ လုပ်ပြီးသွားပါပြီ။ အဲဒီမိုင် ၇၀ လုံးက အောက် တိုဘာ ၄ ရက်ကတည်းက ပြီးသွားပါပြီ။ နောက် ဂုတ်ထိပ်ရောက်တဲ့အခါ ဂုတ်ထိပ်ကနေ ကျောက်မဲက ၂၇ မိုင်ရှိပါတယ်။ အဲဒီလမ်းပိုင်းမှာ စက်ယန္တရား‌တွေနဲ့၊ လူအင်အားနဲ့ ချုံရှင်းဖို့၊ တောရှင်းဖို့ စီစဉ်‌နေပါတယ်။ အဲဒါကလည်း  နိုဝင်ဘာလလယ်မှာ ပြီးအောင်လုပ်ဖို့ လျာထားပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
    ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မြောက်ပိုင်းတို့ရှိ ရေမြေတောတောင် သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ဒေသန္တရဗဟု သုတများရရှိစေရန်ရည်ရွယ်ကာ နယ်မြေ တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်ကာ ပြည်တွင်း ပြည်ပခရီးသွားများအတွက် Tour Train(RGC) ရထားခရီး စဉ်များ ပြေးဆွဲပေးရန် စီစဉ်နေခြင်းဖြစ်သည်။
    ကမ္ဘာလှည့် ခရီးသွားများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ လာရောက်လည်ပတ်ရာတွင် ပထမ ဦးစားပေးအနေဖြင့် ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်လေ့ရှိကြသလို ကျောက်မဲနှင့် သီပေါဒေသသို့လည်း အများဆုံးသွားရောက်လည်ပတ်လေ့ရှိသည်။ ဂုတ်ထိပ်တံတား အပါ အဝင် ရှမ်းမြောက်ဒေ သသည် နောင်လာမည့် အနာဂတ်တွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများစွာ ရှိသည့်နေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် နယ်မြေဖြစ်ကြောင်း သိရသည်။ နဒီ

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53841

© 2022 - 2025 News. All Rights Reserved.