၂၀၂၅ ၊ ဇူလိုင် ၅
ဟုတ်မှလည်း လုပ်ကြပါ ကိုယ့်လူတို့ရာ
'မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင် ကြပါစေ'ဟု ဦးစွာ ဆုတောင်းပတ္ထနာ ပြုပါရစေ။ မောင်ရွှေထီးသည် နံနက်မိုးသောက် အလင်းရောက်၍ အိပ်ရာမှ နိုးထချိန် ဦးစွာ သရဏဂုံကို ရွတ်သည့် အလေ့အထရှိ၏။ ပြီးမှ 'သတ္တဝါအပေါင်း ကျန်းမာပါစေ'ဟု ဆုတောင်းပြီး ပြုဖွယ်ကိစ္စများ ဆောင်ရွက်လေ့ရှိပါသည်။ မင်္ဂလာနံနက်ခင်းချိန်မှစ၍ မင်္ဂလာနေ့သစ်ကို ဖြတ်သန်းမည်ဟု ယုံကြည် ဆုံးဖြတ်ထားသော ကြောင့်လည်း ဖြစ်ပါ၏။ ပြုဖွယ်ကိစ္စများဆိုရာတွင် အပေါ့၊ အလေးသွား၊ ကိုယ်လက်သန့်စင်ပြီး ဘုရားသောက်တော်ရေကပ် ဖြစ်၏။ ပြီးမှ မျက်မှန်ကလေး ကောက်တပ်ကာ မှန်ပြင်ဖုံးကို လူရွှင်တော်များ ပြောသကဲ့သို့ 'နတ်မျက်စိပုလင်းကွဲနှင့် အတင်းဖြဲကြည့်' သည်ဆိုသည့်အတိုင်း ကြည့်တော့၏။ ထိုသို့ ကြည့်ရာတွင်လည်း ဘုရားပုံတော်များ ပုံမှန်တင်လေ့ရှိသည့် Channel များကို ဦးစွာကြည့်မိပါ၏။ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်ရာအစစ်ဟု ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ယုံကြည်ထားခြင်းကြောင့် ဖြစ်ပါသည်။
ထိုကဲ့သို့ ကြည့်လေ့ကြည့်ထရှိသည့် မောင်ရွှေထီးက မည်သည့် Channel က ဘုရားပုံတင်တတ်သည်၊ မည်သည့် Channel များက အနိဋ္ဌာရုံများကို တင်တတ်သည်ကို နောကျေနေပါ၏။ ပြီးခဲ့သည့်ရက် ပိုင်းကပင် ညီအစ်ကိုကဲ့သို့ မိတ်ဆွေတစ်ဦး၏ ချန်နယ်၌ ဘုရားပုံတော်တင်ရာတွင် အမြင်မတော်သည့် ပုံအချို့ပါ၍ ဖုန်းဆက်ကာ မေတ္တာရှေ့ထား စကားဆိုဖြစ်သေး၏။ သူသည်လည်း မင်္ဂလာကို ကောင်းစွာခံ ယူ တတ်သူဖြစ်ရာ သတိလက်လွတ် ဖြစ်သွားသည်များအတွက် ဂရုစိုက်မည်ဟုဆိုရာ မင်္ဂလာပေါ် မင်္ဂလာ ဆင့်၍ သွားသည်ဟု ဆိုရမည်ဖြစ်ပါသည်။ နံနက်ခင်းတိုင်း ဗုဒ္ဓဘုရားပုံတော်ကို စနစ်တကျတင်၍ ဂရုတစိုက်ကြည့်မိသော Channel မှာ ဆရာနရီမိုး၏ Channel နှင့် PAN Channel အပြင် စောစောကပြောသည့် မိတ်ဆွေ၏ Channel ဖြစ်ပါသည်။ သူတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ရုံသာမက လေးစားသူများ ဖြစ်ကြောင်း၊ အပြင်တွင် မတွေ့ဖူးသော်လည်း ထိုခံစားချက်ဖြင့် သိပါ၏။ မောင်ရွှေထီးသည် သတင်းသမားလည်းဟုတ်၊ စာလည်းရေး ဆိုသောအခါ Channel ပေါင်းစုံက သတင်းအဖြစ်အပျက်များကို မျက်ခြည်ပြတ်၍မရသောကြောင့် ကြည့်ရှုဖြစ်၏။ ထိုသို့ကြည့် ရှုတိုင်း သတိထားမိသည်က တော်လှန်ရေး ဘက်တော် သားများ ဆိုသူတို့၏ Channel တိုင်းက နံနက်ခင်း မင်္ဂလာရှိကြောင်း ရေးလေ့ရှိသည်များ လည်းရှိ၏။ ထိုသို့ရေး လေ့ရှိတိုင်း အံ့သြစရာကောင်းသည်က မြတ်ဗုဒ္ဓ၏ ပုံတော်၊ သံဃာတော်အရှင် သူမြတ်များ၏ ပုံတော်ကို လုံး၀ အသုံးပြုခြင်း မရှိသည်ကို တွေ့ရ၏။ ကာလပေါင်းများစွာ ကြာမြင့်သည် အထိ သတိထားမိခြင်းဖြစ်ပါသည်။ သနားစရာလည်း ကောင်းလှ၏။ ဘုရား၊ တရား၊ သံဃာဆိုသည် ကို ပုံလေးတစ်ပုံကစ၍ အသုံးပြုလိုခြင်း မရှိအောင် ဖြစ်နေကြသည်။ ထိုတော်လှန်ရေးဆိုသော သူများ၏ ဘက်ခြမ်းတွင် ဘုရား၊ တရား၊ သံဃာဆိုသည့်အရာကို အလွန်ပင် အလာ့ဂျစ် ဖြစ်နေလားမသိ။ ဗုဒ္ဓဘာသာကိုပင် မယုံကြည်နိုင်သော သူများလားပင် မသိပေ။ သူတို့တင်လေ့ရှိသည့် ဓာတ်ပုံက လက်အုပ်ချီသောပုံမျှသာဖြစ်၏။ ထို့အပြင် မည်သည့်ခေတ်ကတည်းက ပြောခဲ့သည်မသိသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ် ချက်ကို တင်ကြလေသည်။ ဘုရား၊ တရား၊ သံဃာထက် ဒေါ်စုကို ကိုးကွယ်ကြကြောင်း သိသာလှ၏။ ထို့ထက်ဆိုး ရွားသည့် အရာများလည်း ရှိသေးသည်။ ဗုဒ္ဓမြတ်စွာ ဘုရား လက်အုပ်ချီနေသည့်ပုံများကိုလည်း အလျင်းသင့် သလို တင်နေကြ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်တော်မူပြီးမှ ဘုရားဖြစ်ခဲ့သည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိပါသည်။ ဘုရားဖြစ်တော်မူ ပြီးသည့်အခါ မြတ်စွာဘုရား လက်အုပ်ချီရမည့် ပုဂ္ဂိုလ်မရှိတော့ပေ။ သိ၍လော၊ မသိ၍လော တမင်တကာလားမသိ။ ထိုသူများက ထိုကဲ့သို့ ပုံတော်များကို များစွာ အသုံးပြု လာကြလေသည်။ သည်နေရာတွင် အသက်သာကြီးပြီး အသိမကြီးသူများ၊ Tiktok အသုံးပြုသူများ ကပါ မြတ်စွာဘုရား လက်အုပ်ချီသည့်ပုံများကို တွင်ကျယ်စွာ သုံးနေကြလေသည်။ များသောအားဖြင့် ဖင်လှုပ်ရင်လှုပ်ကာ လူရာဝင်ချင်သူများက Effect မျိုးစုံသုံး၍ တင်သည်ကို သတိထားမိပါ၏။ ထို့ထက်ဆိုးရွား သည့်အရာက ရှိသေးသည်။ နည်းပညာခေတ်၊ AI ခေတ်ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာ၊ ယေရှုတု့ိ ဘီယာ အတူ ခွက်ချင်းတိုက်သောက်သည့် Movie များ၊ ဂစ်တာတီးရင်း သီချင်းဆိုသည့် သဏ္ဌာန်များပါ ပြုလုပ် လာကြလေသည်။ ထိုအရာများကို မြင်ရသည့် မောင်ရွှေထီး စိတ်မကောင်းဖြစ်ရ၏။ "ဟုတ်မှလည်း လုပ်ပါကိုယ့် လူတို့ရာ"ဟု သတိပေးလျှင်လည်း နားထောင်မည်မထင်သောကြောင့် ဖုန်း Screen ကို Next One လိုက်ရတော့၏။
ကြိုဆိုရမည့်အရာများ
၂၀၂၅ က ဘာနက္ခတ်များ စီးမိုးနေသည်မသိ။ မောင်ရွှေထီးကလည်း နက္ခတ်နှင့်ပတ်သက်လျှင် မကျွမ်းကျင်၊ ကျွမ်းကျင်သည့် ဆရာသမားများ ရေးသားချက်ကိုလိုက်၍ လေ့လာရသည်။ ကမ္ဘာ့လူသားများ၏ ဒေါသကြောင့် မငြိမ်းချမ်းနိုင်ကြောင်း ဖတ်မိရသည်။ ဟုတ်လည်းဟုတ်သည်။ ပါဝါကြီးသည် ဆိုသော အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့် တက်လာချိန်ကစပြီး ပတ်ရမ်းသည့်အကြောင်းအရာ များစွာရှိ၏။ ကောင်းသည်လည်း ရှိသကဲ့သို့ ဆိုးရွားသည့် အရာများလည်း ရှိကြောင်း မိတ်ဆွေများ အသိပင် မဟုတ်ပါလား။ ရုရှား-ယူကရိန်း စစ်သည်လည်း ဖျက်အား ပြင်းလာကြ၏။ အိန္ဒိယနှင့် ပါကစ္စတန်သည်လည်း နှောင်ဂျိမ်းကြလေသည်။ အစ္စရေး-ပါလက်စတိုင်း ဇာတ်ဝင်ခန်း မပြီးခင် အစ္စရေး-အီရန်စစ်က ဤကမ္ဘာလောကကြီး၏ သတင်းတိုင်းကို လွှမ်းခြုံသွားအောင် အကြီးအကျယ် ဆော်ကြချကြသည်။ ထိုင်း-ကမ္ဘောဒီးယားကလည်း မျက်စောင်းတခဲခဲနှင့် အပြင် ထိုင်းပြည်တွင်းရေးကလည်း ဘောင် ဘင်ခတ်နေလေသည်။ သို့မို့ကြောင့် ဘာနက္ခတ်များ ဖြစ်နေသည်မသိဟု ဆိုခြင်းဖြစ်ပြီး မောင်ရွှေထီး သည်ပင်လျှင် မဒမ်နှင့် ကတောက်ကဆ ဘောက်ထနေရသေးသည်။ ဤအဖြစ်အပျက်များစွာထဲမှ ကောင်းသတင်း ဆောင်ညင်းသည့် အရာတစ်ခုကို တွေ့လိုက်ရပါ၏။ ထိုအရာက နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပသည့် သတင်းပင် ဖြစ်သည်။ ပြည်တွင်းပြည်ပ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးဖိုရမ်၏ သတင်းအကြောင်းအရာက အကျယ်လောင်ဆုံး ဖြစ်သွားသည်။ ပြောရလျှင် အလွန်အောင်မြင်သည့်ပွဲအဖြစ် ထိုသတင်းများက သက်သေခံလျက် ရှိသည်။ NUG နှင့် တော်လှန်ရေး ဘက်အခြမ်းက အသံများ လုံး၀ဆိတ်သုဉ်းသွားသည်။ လူမှုကွန်ရက်ထက် ငြိမ်းချမ်းရေးအသံများ ဖုံးလွှမ်းသွားလေသည်။ ဤဖိုရမ်ကြီးမှစ၍ မြန်မာပြည် အမြန်ငြိမ်းချမ်းပါစေ။ ထိုငြိမ်းချမ်းခြင်းကို မြန်မာ ပြည်သူများက များစွာ အလိုရှိနေပါ၏။
သတိရမိသွားသည့် တရား
ကြာနီကန်ဆရာတော်၏ တရားတစ်ပုဒ်ထဲက အကြောင်းအရာတစ်ခုကို သတိရမိသွားသည်။ 'ရှေးတုန်းကနိုင်ငံရေးစကားပြောတဲ့သူတွေကို တောကအဘိုးကြီးတွေက ဆေးလိပ်ကြီးတစ်တောင်လောက်ခဲပြီး မြေကြီးလက်ဝါးနဲ့ရိုက်တာ၊ ရှေးခေတ်နိုင်ငံရေးသမားတွေ ပြောတာ။ အခုခေတ် နိုင်ငံရေးသမား မရှိဘူး။ နိုင်ငံရေးသမားက ဟောဒီလိုခုံကြီးကို လက်သီးနဲ့ထုထုပြီး ခင်ဗျားတို့အတွက် ကျွန်တော် ကောင်း စားအောင် လုပ်နေတာ"ဟု ဟောပြီး ရယ်လေသည်။ ထပ်၍ပြောသည်က "ဘာပြောလဲ ဆေးပေါ့လိပ်ခဲတဲ့ ခေါင်းပေါင်းနဲ့ အဘိုးကြီးက မှန်တယ်ကွ"ဟုပြော၍ ထပ်မံ၍ရယ်ပြန်၏။ "ဟိုကပြောတဲ့ စကားလည်း မစဉ်းစားဘူး၊ ခင်ဗျားတို့အတွက် ကျွန်တော် ကောင်းစားအောင် လုပ်နေတာ လက်သီးလက် မောင်းတန်း ပြီးပြောတာ"ဟု ဆိုသည့်တရားကို သတိရမိပါ၏။ သည်ရက်ပိုင်း တွေ့ရသည့် Movie လေးတစ်ခုကို တွေး မိရင်း ထိုတရားကို သတိရသွားခြင်း ဖြစ်ပါသည်။ မည်သည့်အချိန်က တင်ထားသည့် Movie ဖြစ်မှန်း မသိသော်လည်း အကြောင်းတိုက်ဆိုင်သောအခါ ပြန်၍ပေါ် လာခြင်းဖြစ်မည် ထင်ပါသည်။ DVB သတင်းက ပိုင်ဖြိုး သု၏ ငိုကြီးချက်မနှင့် ပြောသည့် Movie ဖြစ်သည်။ သူပြောသည့် အကြောင်းအရာက CDM များကို မထောက်ပံ့ကြောင်း၊ လူမှုကွန်ရက်တွင် ပြောဆိုနေမှုများ တွေ့ရ ကြောင်း၊ သူတို့က ထောက်ပံ့ကြောင်းကို ငိုကြီးချက်မနှင့် ပြောခြင်းဖြစ်၏။ ကန်တော့ပါရဲ့ လူတွေဆိုသည်မှာ လဒူတွေ မဟုတ်၊ ထို Movie ၏အောက်တွင် ဝိုင်း၍ကလော်သည့် CDM အသိုင်းအဝိုင်းကို တွေ့လိုက်ရ၏။ "အိမ်နားက CDM ဆရာမနှစ်ယောက် ကတော့ ဘဝပျက်နေလေရဲ့"၊ "CDM လုပ်လို့ ဘဝပျက်တဲ့ ဝန်ထမ်းတွေများနေတာ ကိုယ်တွေ့"၊ "တော်ပါတော့"၊ "ကျောင်းဆရာမ CDM ကတော့ ခရမ်းချဉ်သီး ရောင်းနေတယ်"၊ "တော်ပါတော့ဗျာ ငတ်နေပါပြီ၊ ဘဝပျက်နေပါပြီ CDM အသံ မကြားချင်တော့ပါဘူး"၊ "သရုပ်ဆောင်ပညာနဲ့ ဝန်ထမ်းမိသားစု ဘဝတွေကို သတ်သွားတာ"ဟူ၍ မှတ်ချက်ပေါင်း ထောင်နှင့်ချီ၍ တွေ့ရလေသည်။ ငိုကြီးချက်မနှင့် ပြော သည့် ပိုင်ဖြိုးသုကို ကြည့်ပြီး "သူက ငိုနေတာကို ငါက ဘာလို့ ရယ်ချင်နေရတာလဲ"ဟု မှတ်ချက်က အရယ်ရဆုံး ဖြစ်လေသည်။ ယခုလည်း CDM ဝန်ထမ်းတစ်ဦးက ချင်းတွင်းမြစ်ကြောင်းအတွင်း အမြန်ရေ ယာဉ်အသင်းတွင် အလုပ်လုပ်လေသည်။ လမ်းကြောင်းအခြေအနေကို စုံစမ်း၍ သွားရကြောင်း ရင်ဖွင့်ထား၏။ သူရင်ဖွင့်ထားသည်က "မောင်းချင်သလို မောင်းလို့မရပေမယ့် တောင်းချင်သလို တောင်းနေကြ တဲ့လူတွေ၊ ငါတို့ကပဲ ပေးစရာရှိသလိုလို၊ မင်းတို့အပ်ထားတဲ့ ပိုက်ဆံတွေ ရှိနေသလိုလို လမ်းခရီး အဆင်ပြေချောမွေ့ဖို့အတွက် ဘာမှမပြောဘဲ ပေးသွားရတာတစ်ခုပဲ ရှိတယ်။ ငါ့လူတို့ ပြောချင်နေတာတော့ ရင်ထဲမှာ အပြည့်ပဲ"ဟု ရင်ဖွင့်ထားလေသည်။ မြစ်အတွင်း ရေယာဉ်များကို PDF က ဆက်ကြေး ကောက်နေလို့ပါတဲ့ ခင်ဗျား။
"ခင်ဗျားတို့ ကောင်းစားဖို့ ကျွန်တော်အလုပ် လုပ်နေတယ်" ဆိုသည့် ကြာနီကန်ဆရာတော်၏ တရားကိုသာ ပြန်၍ ကြားမိတော့၏။ ရွှေထီး
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )