၂၀၂၅ ၊ ဇူလိုင် ၂၅
တပ်မတော်ရဲ့ထိုးစစ် ဘယ်တော့စလိမ့်မလဲဆိုပြီး မျှော်လင့်တောင့်တနေတဲ့ ပြည်သူတွေအတွက်တော့ နောင်ချိုကို ရလိုက်တာက သူတို့ရဲ့မျှော်လင့်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ တောင်ခမ်းကနေ အစပြုလိုက်တဲ့ တပ်မတော်ရဲ့ တပ်မတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်မှာတော့ နောင်ချိုမြို့တစ်မြို့လုံးကို အလုံးစုံ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တယ်။ တကယ်တော့ နောင်ချိုမြို့ဟာ ဒုဋ္ဌဝတီကို ကျော်လွန်ပြီး အင်တော-ကျောက်ဂူကတစ်ဆင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကိုဝင်နိုင်တဲ့ မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သလို စစ်တက္ကသိုလ်တည်ရှိတဲ့ ပြင်ဦးလွင်ကိုလည်း အချိန်မရွေး ခြိမ်းခြောက်နိုင်တဲ့ အချက်အချာမြေတစ်ခု ဖြစ်နေပြန်တယ်။ ပိုဆိုးတာက နောင်ချိုရဲ့ အနောက်ဘက်မှာရှိတဲ့ မိုးကုတ်မြို့ကို ဆက်သွယ်နိုင်သလို ခရိုင်ချင်းဆက် လမ်းမတွေကတစ်ဆင့် မတ္တရာ ဘက်ကိုလည်း ဆက်သွယ်နိုင်တဲ့ မြို့တစ်မြို့ ဖြစ်နေလို့ တပ်မတော်အတွက်တော့ နောင်ချိုကို ရလိုက်တာက စစ်ရေးဘက်က ကြည့်ရင် အတော်လေး အကျိုးအမြတ်ရှိတာ တွေ့ရလိမ့်မယ်။
နောင်ချိုမြို့ကို တပ်မတော်က သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံပြည်သူတွေရဲ့ ထူးခြားတဲ့တုံ့ပြန်မှုတွေကို လူမှုကွန်ရက်တွေသာမကဘဲ မြေပြင်မှာလည်း သောင်းသောင်းဖြဖြ မြင်တွေ့ခဲ့လိုက်ရတယ်။ နောင်ချိုမြို့ကို တပ်မတော်က သိမ်းပိုက်ပြီးတဲ့အချိန်မှာ ]သူပုန်လက်ထဲမှာ ဘာလို့အကြာကြီး ပစ်ထားခဲ့ရက်တာလဲ ဆိုတဲ့စကားလုံးနဲ့ ပုန်းနေရတဲ့ ဘဝက လွတ်ပြီဆိုတဲ့ စကားလုံးတွေက မြင်ရ၊ ကြားရတဲ့သူတွေအတွက်တော့ အတော်လေး စိတ်ထိခိုက်စေရတဲ့ မြင်ကွင်းတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ဒီလိုခံစားချက်မျိုးကို စစ်ဒဏ်သင့်ခဲ့ကြရတဲ့ ဒေသခံပြည်သူတွေကသာ အသိဆုံးဖြစ်လိမ့်မယ်။ အကြမ်းဖက် TNLA ရဲ့ ကျူးကျော်စစ်ကြောင့် မိသားစုတွေ အကြောင်းမဲ့ သေကျေခဲ့ကြရသလို စစ်ရှောင်ဘဝနဲ့ တခြားဒေသတွေကို အသက်လုပြီး ပြေးခဲ့ကြရတယ်။ သက်မဲ့အဆောက်အအုံတွေဖြစ်တဲ့ ဘာသာရေးအဆောက်အအုံ၊ ပြည်သူ့ဆေးရုံနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့ကြရတယ်။ စစ်ရှောင်လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲပြီး လူသစ်စုသလို၊ ယာယီစစ်နိုင်ထားတဲ့ အခြေအနေမှာ မင်းမဲ့ဒေသဆန်ဆန် ပြည်သူပိုင်ပစ္စည်းတွေကို ဦးရာလူယူဆိုတဲ့ အခြေအနေဆိုးကြီးအောက်မှာ ပြည်သူတွေ ခါးစည်းခံခဲ့ကြရတော့တယ်။ ဒီလို အခြေအနေဆိုးကြီး အောက်မှာ တစ်နှစ်လောက် ကျောကော့အောင် ခံစားခဲ့ကြရတဲ့ ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့ အေးမြတဲ့ အရိပ်အာဝါသ အောက်ကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာ ဝမ်းပန်းတသာ ကြိုဆိုနေကြတာက အထူးအဆန်းတော့ မဟုတ်ဘူး။
လက်ရှိအချိန်မှာ နောင်ချိုမြို့ကိုTNLA အနေနဲ့ ဘာကြောင့် လက်လွှတ်ခဲ့ရသလဲလို့ အဖြေရှာကြည့်ရင်]အကြမ်းဖက် TNLA ရဲ့လုပ်ရပ်ဟာ ၂၀၁၅ နောက်ပိုင်း အာဏာရလာတဲ့ NLD ရဲ့ ပုံစံနဲ့ အလားသဏ္ဌာန်သွားတူတာမျိုး တွေ့ရလိမ့်မယ်။ နိုင်ငံတော်မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရှိနေပါရက်နဲ့ စစ်နိုင်ရင် အရာရာအဆင် ပြေလိမ့်မယ်လို့TNLA ဘက်က တွက်ဆခဲ့ဟန်ရှိတယ်။ ဒါကြောင့်လည်း နိုင်ငံရေးနည်းလမ်းအရ သွားလို့ရနိုင်တဲ့ အခြေအနေမျိုး ရှိပါရက်နဲ့ မြောက်ပိုင်းမဟာမိတ်ဆိုတဲ့ အခင်းအကျင်း အောက်ကနေ စစ်ရေးအရ မြို့တွေကို သိမ်းပိုက်ပြီး ပြည်နယ်ဖွဲ့စည်းနိုင်ဖို့ ကြိုးစားခဲ့ကြတာ တွေ့ရလိမ့်မယ်။ တကယ်တော့TNLA ပြောဆိုနေတဲ့ ပြည်နယ်ဆိုတာကလည်း မျောက်ပြပြီး ဆန်တောင်းလို့ ကောင်းအောင်ကြွေးကြော်တဲ့ စကားလုံးပါပဲ။ အဓိက ရင်းမြစ်ကတော့ မိုးကုတ်လိုမျိုး စီးပွားရေးအရ အချက်အချာဖြစ်တဲ့ မြို့တွေကို သိမ်းပိုက်လိုတာ၊ အနာဂတ်မှာ တရုတ်ဖန်တီးမယ့် BRI စီးပွားရေးစင်္ကြံမှာ အကျိုးအမြတ် ရယူလိုမှုအတွက် ပြည်ထောင်စုလမ်းမပေါ်က နောင်ချို၊ ကျောက်မဲနဲ့ သီပေါတို့လို မြို့တွေကို သိမ်းပိုက်လိုတာက အဓိက ပိုကျလိမ့်မယ်။ ဒါကြောင့်လည်း ရှမ်းမြောက်ကျူးကျော်စစ်ရဲ့ ဒုတိယပိုင်း အခင်းအကျင်းပြီးလို့ မြို့တော် တော်များများကို သိမ်းပိုက်နိုင်ပြီးခဲ့ချိန်မှာတော့ TNLA ရဲ့နိုင်ငံရေးလောဘဟာ တပ်မတော်တစ်ခုတည်း ရန်သူလို့ သတ်မှတ်တာမျိုး မဟုတ်တော့ဘဲ FPNCC အဖွဲ့ ဝင်ဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ MNDAA နှင့် SSPP တို့နဲ့ပါ နယ်မြေ ပိုင်ဆိုင်မှုအရ အငြင်းပွားမှုတွေ ခပ်စိတ်စိတ် ဖြစ်လာတာ တွေ့ရတယ်။ ခြုံကြည့်လိုက်ရင် TNLA အနေနဲ့ ပြည်နယ်ဖွဲ့စည်းနိုင်ဖို့ နယ်မြေတွေကို သိမ်းပိုက်ထားတယ် ဆိုပေမယ့် ယာယီသိမ်းပိုက်ထားတဲ့ အချိန်မှာတောင် အခြားတိုင်းရင်းသားတွေရဲ့ နိုင်ငံရေး အခွင့်အရေးနဲ့ သမိုင်းဆိုင်ရာ ဝိသေသလက္ခဏာတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတာ တွေ့ခဲ့ရတယ်။
တကယ်တော့ အကြမ်းဖက်TNLA ရဲ့ လုပ်ရပ်ကို အနုစိတ်ပြီး သတိထားစောင့်ကြည့်ရင် ၂၀၂၀ ရွေး ကောက်ပွဲ မတိုင်ခင် NLD လျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေး ပုံစံနဲ့သွားတူတာ တွေ့ရလိမ့်မယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD အနေနဲ့ တခြားတိုင်းရင်းသားပါတီတွေကို မဟာမိတ်ဖွဲ့ဖို့ အစီအစဉ် မရှိဘူးဆိုပြီး တရားလွတ် ပြောဆိုခဲ့တာတွေ၊ တိုင်းရင်းသားပါတီတွေအနေနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေကို လုပ်ချင်ရင် NLD ပါတီ အောက်ကနေ လုပ်လို့ရတယ်ဆိုပြီး ပြောဆိုခဲ့တာတွေက တခြားတိုင်းရင်းသားပါတီတွေနဲ့NLD ကြားက ယုံကြည်မှုကို ပျက်ပြားစေခဲ့တာ တွေ့ရလိမ့်မယ်။ ပိုဆိုးတာက ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးအခြေပြုပါတီက မဲအများစု အနိုင်ရပေမယ့် ပြည်နယ်ဝန်ကြီးချုပ်လို နေရာမျိုးမှာ NLD ပါတီက နေရာမပေးခဲ့တာကြည့်ရင် NLD ပါတီရဲ့ နိုင်ငံရေး အောက်ခြေလွတ်ပြီး ဘဝင်မြင့်တဲ့ရောဂါ စွဲကပ်မှုကို ထင်ထင်ရှားရှား မြင်တွေ့ကြရလိမ့်မယ်။
လက်ရှိ နောင်ချိုကို လက်လွှတ်လိုက်ရအပြီး တာဘုန်းကျော်ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ခဲ့တဲ့ စာသားတွေကိုကြည့်ရင်TNLA နဲ့ မဟာမိတ်တပ်ပေါင်းစုကြားမှာ မပြေလည်မှုနဲ့ မယုံကြည်မှုတွေ ဘယ်လောက်တောင် များနေပြီလဲဆိုတာ တွေ့နိုင်တယ်။ ရှမ်းမြောက် ကျူးကျော်စစ် ဒုတိယပိုင်းကာလအပြီး ရှမ်းမြောက်ဒေသ နမ္မတူနဲ့ မန်တုံဘက်မှာ KIA နဲ့ ဖြစ်ခဲ့တဲ့ စစ်ရေးတင်းမာမှုတွေ၊ သီပေါဘက်မှာ ဒေသခံ ရှမ်းလူထုတွေရဲ့ ယဉ်ကျေးမှုသမိုင်း နောက်ခံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုမှုတွေကTNLA နဲ့ တခြားတိုင်းရင်းသားလက် နက်ကိုင်ကြားမှာ ဆိုးရွားတဲ့ ဆက်ဆံရေးတွေ ဖြစ်လာစေဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါကြောင့်လည်း ဒီကနေ့ နောင်ချိုကို တပ်မတော်က ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့ အချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ တပ်မတော်ကို လိုလိုလားလား ဝမ်းပမ်းတသာ ကြိုဆိုနေကြတာ တွေ့ရတယ်။TNLA အနေနဲ့ နောင်ချိုမြို့ကို တစ်နှစ်လောက် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကြိုးစားနေပါတယ်ဆိုပြီး လူထုကို လိမ်လည်လှည့်ဖြားခဲ့ပေမယ့် တကယ်တမ်း တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးချိန်မှာ ပြည်သူ့ဆေးရုံကို ရစရာမရှိအောင် ဖျက်ဆီးထားသလို၊ ထရန်စဖော်မာကအစ အကုန်လုံး ပြန်သယ်သွားတာကို ကြည့်ရင်TNLA အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆိုပြီး အမည်ခံထားပေမယ့် ရာဇဝတ်မှု ကျူးလွန်သူတွေနဲ့ မခြား မြို့'ရွာတွေ ဖျက်ဆီးရုံထက် မပိုဘူးဆိုတာ တွေ့ရလိမ့်မယ်။ TNLA အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ခိုးယူလုယက်မှုတွေ လုပ်ခဲ့သလဲဆိုရင် နောင်ချိုမြို့မှာရှိတဲ့ သဖန်းကိုင်းပရဟိတဆိုတဲ့ ဘုန်းတော်ကြီး ပညာရေးကျောင်းရဲ့ ကျောင်းတိုက်ပိုင် ကားရှစ်စီးကို လုယူခဲ့တဲ့အထိ မင်းမဲ့ စရိုက်ဆန်ဆန် ကျူးလွန်ခဲ့ကြတာ တွေ့ရတယ်။
ဒီကာလတွေမှာတော့ စစ်ရေးဘက်မှာ တပ်မတော်အနေနဲ့ သိသိသာသာ အသာစီးရလာတာ တွေ့ရတယ်။ အထူးသဖြင့် ဖယ်ခုံ၊ မိုးဗြဲ၊ ဖားကန့်နဲ့ သပိတ်ကျင်း ၄ မိုင်တိုက်ပွဲတွေမှာ အောင်မြင်မှုတွေ ရလာတာ တွေ့ရတယ်။ စစ်ရေးဘက်မှာ ဒီလိုမျိုး အောင်မြင်မှုရှိလာတာက ရွေးကောက်ပွဲ မျှော်မှန်းချက်နဲ့ နစက တည်ဆောက်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ပြည့်မီအောင် တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးတာ ဖြစ်သလို တပ်မ တော်ရဲ့ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှု သတင်းတွေက တပ်မတော်နဲ့ ပြည်သူတွေကြားက ယုံကြည်မှုကိုပါ အလိုလို တည်ဆောက်ပြီးသား ဖြစ်သွားစေခဲ့တယ်။ တပ်မတော်ရဲ့ အောင်ပွဲ သတင်းသံတွေ တစ်စနဲ့တစ်စ ပျံ့လွင့်လာတာနဲ့အမျှ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ သတင်းထဲကလို ဥပဒေဘောင်ထဲကို ဝင်လာကြတဲ့သူတွေလည်း ဝင်လာမစဲ တသဲသဲ ဖြစ်လာခဲ့တယ်။ တပ်မတော်ရဲ့ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအ ကျိုးဆက်က ဘယ်လောက်တောင် ကြီးမားသလဲဆိုရင် နောင်ချိုကို သိမ်းပိုက်အပြီး သုံးရက်အတွင်းမှာတင် TNLA , MDY-PDF နဲ့ DPLA အဖွဲ့တို့ကနေ လက်နက်ကိုင်အယောက် ၄၁ ဦးအထိ အလင်းဝင်လာခဲ့တာ တွေ့ ရတယ်။ တကယ်လို့သာ တပ်မတော်အနေနဲ့ မိုးကုတ်၊ မိုးမိတ် အပါအဝင် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်း မပေါ်က ကျောက်မဲနဲ့ သီပေါတို့လို မြို့ကြီးတွေသာ ထပ်မံသိမ်းပိုက်နိုင်ခဲ့ရင် ဒီအကျိုးဆက်ကို ထပ်ပြီးခံစားရ နိုင်လိမ့်မှာ မြေကြီး လက်ခတ်မလွဲလောက်ဘူး။
နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ဇူလိုင် ၈ ရက်နေ့ရက်စွဲနဲ့ စစ်မှုထမ်းတာဝန်ကျေ>ပန်စွာ ထမ်းဆောင်ခဲ့တဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ စီမံခန့်ခွဲ မှုကော်မတီ ဖွဲ့စည်းလိုက်ပြီဆိုတဲ့ သတင်းဖြစ်တယ်။ ဒီကော်မတီကို ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူမှာဖြစ်သလို စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့သူတွေကို အလုပ်အကိုင် ရရှိစေဖို့အတွက် ထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန် ရှစ်ချက်ကိုလည်း ထည့်သွင်း ထားတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကော်မတီ ဖွဲ့စည်းလိုက်တာဟာ ဒီမိုကရေစီအစိုးရနှစ် ဆက်လုံး ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တဲ့ မသန်စွမ်းစစ်သည်တွေရဲ့ ဘဝနေရေးကို အတော်လေး အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ယူဆရတယ်။ ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ပြည်သူ့စစ်မှုထမ်းတွေအပြင် ရန်သူကြောင့် မသန်စွမ်းဖြစ်ခဲ့ရင်တောင် အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားနိုင်ဖို့၊ အသိအမှတ်ပြု Certificate တွေ ထုတ်ပေးဖို့၊ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ တာဝန်ပေးအပ်နိုင်ဖို့အထိ ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာ တွေ့ရတာကတော့ ပြည်သူ့စစ်မှုထမ်းတွေအတွက် နောက်ကျောအေးတဲ့ စီမံချက်တစ်ခုအဖြစ် မြင်မိတယ်။
အနှစ်ချုပ်ရရင်တော့ တောင်ခမ်းကနေ အစပြုလိုက်တဲ့ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဟာ နောင်ချိုကို သိမ်းပိုက်နိုင်လိုက်ခြင်းနဲ့အတူ အကြမ်းဖက် TNLA လက်အောက်မှာ မြို့ပျက်သဖွယ် အရုပ်ဆိုးအကျည်းတန်နေခဲ့ရတဲ့ နောင်ချိုမြို့ကြီးလည်း အလုံးစုံ အေးချမ်းစေခဲ့ ပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာဆိုရင် ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် နောင်ချိုမြို့ကို လာရောက်ပြီး အောင်ပွဲရစစ်သည်တွေကို စစ်မြေပြင် အဆင့်တိုးတွေ တိုက်ရိုက် ချီးမြှင့်ခဲ့တာရှိသလို နောင်ချို မြို့ရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ပတ်သက်ပြီး အစိုးရ ယန္တရားတွေ အမြန်ဆုံး လည်ပတ်နိုင်ဖို့ အင်တိုက်အားတိုက် လာရောက်အားပေးခဲ့တာကိုကြည့်ရင် နောင်ချို မြို့ဟာ အရင်လိုမျိုး စည်စည်ကားကားနဲ့ ပုံမှန်လည်ပတ် နိုင်ဖို့ အချိန်အကြာကြီး စောင့်ရမယ်မထင်ဘူး။ ခုလိုအခြေအနေမှာ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကိုရဖို့ အခွင့် ကောင်းလို့ပဲ ဆိုရမယ်။ နောက်ထပ်လည်း နောင်ချိုလိုမျိုး မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနိုင်ဖို့ ကြိုးစားရလိမ့်မယ်။ သိမ်းပြီးသား မြို့တွေမှာလည်း ပြည်သူတွေရဲ့ ယုံကြည်မှုကိုရဖို့ မြို့ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး အကောင်အထည်ဖော်ရမှာဖြစ်လို ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အခင်းအကျင်းတွေကိုလည်း ပုံဖော်ရမှာ ဖြစ်တယ်။ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ရောက်လာတဲ့ နောင်ချိုမြို့ ပြန်လည်ထူထောင်ရေး အခင်းအကျင်းဟာ တိုက်ပွဲဝင် စစ်သည်တွေအတွက် အားတက်စေသလို ပြည်သူတွေဘက်က ကြည့်ရင်လည်း ပီတိဖြစ်စေတဲ့ မြင်ကွင်းမျိုးပါပဲ။ နောင်ချိုကို တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တဲ့ ရလဒ်ဟာ အကြမ်းဖက်နဲ့ တပ်မတော် ဘယ်လိုမျိုး ကွဲပြားသလဲဆိုတာ ပြသနိုင်ခဲ့တယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူကြားက ပေါက ဖွားတဲ့ တပ်မတော်ကသာ ပြည်သူလူထုရဲ့ အသက်အိုး အိမ် စည်းစိမ်နဲ့ လူမှုစီးပွားဘဝတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်စွမ်း ရှိတယ်ဆိုတာ နောင်ချိုဖြစ်စဉ်က သက်သေပြလိုက်သလိုပါပဲ။TNLA အပါအဝင် တိုင်းရင်းသား အမည်ခံထားကြတဲ့ လက်နက်ကိုင်တွေ အားလုံးဟာ နိုင်ငံရေးနဲ့ လူမျိုးရေးအခြေပြု သွေးထိုးလှုံ့ဆော်မှုအရ စိတ်ခံစားမှုနောက်ကို လိုက်ရင်းနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုအကျိုးစီးပွားဘဝတွေကို ပျက်စီးအောင် ဖျက်ဆီးနေကြသူတွေသာ ဖြစ်တယ်ဆို တာ နောင်ချိုဖြစ်ရပ်က ပြည်သူတစ်ရပ်လုံးကို သက်သေပြခဲ့ပြီ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ တောင်ခမ်းကနေ အစပြုလိုက်တဲ့ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဟာ အကြမ်းဖက်TNLA ကို စစ်ဦးကျိုးစေခဲ့တဲ့အပြင် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပါ တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တဲ့၊ တပ်မတော်သမိုင်း မရိုင်းစေခဲ့တဲ့ စစ်ပွဲတစ်ပွဲလို့သာ ညွှန်းဆိုချင်မိပါတော့တယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )