၂၀၂၅၊ ဇူလိုင် ၅
လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓသက်တော်ထင်ရှား ရှိနေချိန်တွင် မဂဓတိုင်း၊ ရာဇဂြိုဟ်ခရိုင်၊ နာဒိက ရွာအနီး၊ ဂေါသိင်္ဂမည်သော အင်ကြင်းတော၌ အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယ၊ အရှင်ကိမိလတို့ သီတင်းသုံးနေခိုက် နာဒိကရွာ အုတ်ကျောင်းတော်ကြီးမှ မြတ်စွာဘုရားသခင်သည် ထိုအရှင်သုံးပါး သီတင်းသုံးနေရာ အရပ်သို့ ကြွရောက်တော်မူလာသည်။
ထို့နောက် ထိုအရှင်မြတ်သုံးပါးတို့အား ဗုဒ္ဓရှင်တော်က မေးခွန်းများ မေးတော်မူလေသည်။ အမေးတော်များနှင့် အရှင်မြတ်သုံးပါး ဖြေသော အဖြေများကို အစဉ်အတိုင်း ဖော်ပြရလျှင်-
(ဗုဒ္ဓ) "အနုရုဒ္ဓါတို့ ကျန်းမာ မျှတကြပါလော၊ ဆွမ်းရေ၊ ကွမ်းရေ လွယ်ကူကြပါ၏လော"
"ကျန်းမာမျှတကြပါ၏၊ ဆွမ်းရေ၊ ကွမ်းရေ လွယ်ကူကြပါ၏ အရှင်ဘုရား"
(ဗုဒ္ဓ) "အနုရုဒ္ဓါတို့ ညီညီညွတ်ညွတ်၊ ဝမ်းမြောက်ဝမ်းသာ၊ မငြင်းမခုံ၊ ရေစွက်နို့ရည်ပမာ ရောနှောစည်းလုံး၍ အချင်းချင်း အချစ်ဝင်သော မျက်လုံးများဖြင့် ကြည့်ကာ-ကြည့်ကာ-နေထိုင်ကြပါ၏လော"
"နေထိုင်ကြပါ၏ အရှင်ဘုရား"
(ဗုဒ္ဓ) "အသေးစိတ်လျှောက်ပါဦး"
"ဒီလို သီတင်းသုံးဖော်ဖက် (အတူနေအတူစား) ပုဂ္ဂိုလ်တွေနဲ့နေရတာ လာဘ်ကြီးတိုက်တာပဲ၊ အရတော် လိုက်လေ" အဲဒီလို ဆင်ခြင်တွေးတော မိပါတယ်။
"သီတင်းသုံးဖော်တွေအပေါ်မှာ အတွင်း မေတ္တာစိတ်လည်း ထားပါတယ်၊ အတွင်းမေတ္တာစိတ်ရှိရုံနဲ့ မကျေနပ်သေးဘဲ ပြောဆိုတဲ့ စကားတွေထဲမှာလည်း မေတ္တာဓာတ် သက်ဝင်စေပါတယ်။ အလုပ်သဘောလက်တွေ့မှာလည်း မေတ္တာဓာတ် သက်ဝင်စေပါတယ်။ မေတ္တာသဘောကို မျက်မြင်မှာလဲ ပေါ်လွင် စေပါတယ်၊ မျက်ကွယ်မှာလဲ ပေါ်လွင်စေပါတယ်။
"ကိုယ့်စိတ်ကြိုက်ကို အသာထားပြီး အဖော်များရဲ့ စိတ်ကြိုက်အတိုင်း လိုက်မယ်လို့လဲ အမြဲတွေးထားပါတယ်။ တွေးထားတဲ့အတိုင်း အဖော်များရဲ့ စိတ်ကြိုက်ကိုသာ လိုက်ခဲ့ပါတယ်။ တပည့်တော်တို့မှာ ကိုယ်တစ်ကိုယ်စီ ကွဲပြားပေမယ့် စိတ်တစ်စိတ်တည်းလို့ ထင်ရအောင် ညီညွတ်ကြပါတယ် အရှင်ဘုရား"
(ဗုဒ္ဓ) "အနုရုဒ္ဓါတို့၊ ကောင်းလေစွ၊ ကောင်းလေစွ၊ မေ့လျော့တက်<ကခြင်း မရှိ၊ ဇွဲကောင်းကောင်း ထားပြီး ရည်မှန်းချက်ကြီးကြီးနဲ့ နေထိုင်ကြပါ၏လော"
"နေထိုင်ကြပါ၏ အရှင်ဘုရား"
(ဗုဒ္ဓ) "အသေးစိတ် လျှောက်ပါဦး"
"တပည့်တော်တို့ ဒီအရပ်မှာနေကြစဉ် တပည့်တော်တို့ သုံးပါးအနက် ဆွမ်းခံရာမှ ပထမပြန်ရောက်သူက နေရာများ ခင်းထားနှင့်ပါတယ်။ သောက်ရေသုံးရေ တည်ထားပါတယ်။ ဆွမ်းပို တည်ခွက်ကို တည်ထားပါတယ်၊ ဆွမ်းခံရာမှ နောက်ကျပြန်ရောက်သူသည် ဆွမ်း ကျန်လည်းရှိ စားချိန်စိတ်လည်း ရှိမူ စားပါ၏။ စားချင်စိတ်မရှိမူ စိမ်းစိုသော မြက်သစ်ပင် မရှိရာ၌သော်လည်း စွန့်ပါတယ်။ ပိုးမမြင်သော ရေ၌သော်လည်း သွန်ပါတယ်။ နေရာများကို သိမ်းပါတယ်။ သောက်ရေသုံးရေများကို သိမ်းပါတယ်။ ဆွမ်းပိုတည်ခွက်ကို သိမ်းပါတယ်။ ဆွမ်းစားရာအရပ်ကို တံမြက်လှည်းပါတယ်။ မြင်သူက သောက်ရေအိုး ရေမရှိလျှင် ရေထည့်ပါတယ်။ သုံးရေအိုး ရေမရှိလျှင် ရေထည့်ပါတယ်။ သန့်သက်ရေအိုး (ရေအိမ်ရေအိုး) ရေမရှိလျှင် ရေထည့်ပါတယ်။ ကိုယ်တစ်ဦးတည်း မချီမနိုင်လျှင် အခြားတစ်ပါးအား လက်ယပ်ခေါ်၍ နှစ် ပါးလက်ချင်းဆက်ကာ ရေအိုးကို ချီမပါတယ်။ အော်လား၊ ခေါ်လား စကား မများကြပါ။ ငါးရက်တစ်ပတ် (လပြည့်၊ လကွယ်၊ ၈ ရက်နေ့များအပ) တရားစကား တွေ့ဆုံဆွေးနွေးကြပါတယ်။ နှီးနှောဖလှယ်ကြပါ တယ်"
ဤဗုဒ္ဓနှင့် အရှင်မြတ်သုံးပါးတို့၏ 'အမေးအဖြေ' တွင် 'ညီညွတ်ခြင်း' သဘောသရုပ်ကို တွေ့ကြရ သည်။
အရှင်မြတ်သုံးပါးက မြတ်စွာဘုရားရှိရာ မချဉ်းကပ်ကြဘဲ အရှင်မြတ်သုံးပါးထံ မြတ်စွာဘုရား ကြွတော်မူလာခြင်းမှာ ဆန်းသလိုလို ရှိသည်။ အစဉ်အလာမကျသလိုလို၊ ပြောင်းပြန်လိုလို ဖြစ်နေသည်။ စင်စစ်မှာမူ 'ညီညွတ်ရေး'ကို ဂုဏ်ပြုသောအားဖြင့် ဘုရားမြတ်စွာက ညီညွတ်သော အရှင်မြတ်သုံးပါထံ တမင်လာ ခြင်းဖြစ်သည်။
ထိုအရှင်မြတ်သုံးပါးသည် လူ့လောက၌ အထက်တန်းအကျဆုံး အဆင့်အတန်းမှ မင်းညီမင်းသား များဖြစ်ကြသည်။ အရှင်မြတ်သုံးပါးတွင် စဉ်းလဲခြင်း လည်းမရှိ၊ ပလွှာခြင်းလည်းမရှိ၊ မာန်မာန တက် ကြွခြင်းလည်းမရှိ၊ 'သူဖြူလျှင် ငါမည်းမည်' ဟူသော ဝါဒကွဲဂိုဏ်းကွဲ စိတ်ထားလည်းမရှိ။ စကားကြီး စကားကျယ်ပြောကာ အလုပ်မလုပ်ဘဲ နေမည်ဟူသော သဘောလည်း မရှိ။ အကြိုက်ချင်း ညီခဲသော လူ့အဖွဲ့အစည်းအတွင်း အသင်းအပင်း အဖော်အဖက်များနှင့် သင့်မြတ်စွာ နေထိုင်မည်ဟု စိတ်ထား၍ လက်တွေ့အားဖြင့်လည်း ကျင့်သုံးခဲ့ကြသည်။
မေတ္တာ၏သဘောကို နေရာအနှံ့ ဖြန့်ထားနိုင်သည်။ စိတ်ထဲကမေတ္တာ၊ လျှာပေါ်က မေတ္တာ၊ လက်ရောက် ကိုယ်ထိမေတ္တာ၊ မျက်မြင်မေတ္တာ၊ မျက်ကွယ်မေတ္တာ၊ အစူးအရှဆုံး၊ အသိလွယ်ဆုံးသော မျက်လုံးက မေတ္တာများဖြင့် ချစ်ကြည်ရေး ညီညွတ်ရေးကို အလုံးမပျက် အစည်းမပျက် ဖွဲ့စည်းထားနိုင်ကြသည်။ တစ်ယောက်တစ်လက် ဦးရာသူက လုပ်စရာရှိသမျှ လုပ်သွားသည်။
အရှင်မြတ်တို့ 'ဆွမ်းပိုတည်ခွက်'၊ 'ဆွမ်းဦး တည်ခွက်' ထားသောသဘောမှာ မျှတသောသဘော၊ စုပေါင်းသောသဘော၊ ဝေခြမ်းသော သဘောများမှာ စံပြသရုပ်သကန် ဖြစ်ပါသည်။ ဆွမ်းပိုရသူက ပိုသော ဆွမ်းကို 'ဆွမ်းပိုတည်ခွက်'ထဲမှာ ထည့်ထားသည်။ ဆွမ်းရနည်းသူအတွက် အလွန်အထောက်အကူ ပြုသောနည်းဖြစ်သည်။
အရှင်မြတ်တို့သည် အလွတ်အနေအားဖြင့် စကားဖောင်ဖွဲ့ မနေကြသော်လည်း လပြည့်လကွယ် ရှစ်ရက်ဥပုသ်နေ့များတွင် 'တရားဟော တရားနာ' ပြုကြသည့်ပြင် ငါးရက်တစ်ကြိမ် ဆွေးနွေး တွေ့ဆုံကြသည်။ အယူအဆ နှီးနှောဖလှယ်ကြသည်။ 'နှီးနှောဖလှယ်ခြင်းသည် ညီညွတ်ခြင်း၏ အဆီအစေးဖြစ် သည်' စည်းသည်-လုံးသည်ဟူသော အရာမျိုး၌ စည်းစေတတ်၊ လုံးစေတတ်သော အဆီအစေးလိုသည်။
ဆွမ်းကျန်ကို စိမ်းရှင်သော မြက်ပေါ်မသွန်ခြင်း၊ ပိုးကောင် မြင်ရသောရေထဲ မသွန်ခြင်းသည်လည်း ကိုယ့်ဒဏ်ကို သူများမခံရအောင် ထိန်းသိမ်းသော၊ သက်ညှာသော လမ်းစဉ်ပင် ဖြစ်ပါသည်။ တစ်ယောက်အားနှင့် မတတ်နိုင်သော် ကျန်တစ်ဦး၏ အားနှင့် ပူးပေါင်း၍ လုပ်ဆောင်ခြင်းမျိုးမှာလည်း အတုယူစရာ ကောင်းလှပါ သည်။ ( ခင်ဉာဏ )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )