စုံစီနဖာ တော်လှန်ရေး

၂၀၂၅ ၊ ဇူလိုင် ၄
    တော်လှန်ရေးကြီးကတော့ အားရစရာကောင်းတာမှ တော်တော်လေးကို အားရစရာကောင်းနေသည်။ မြန်မာပြည်ပြန်လာတဲ့ ဆရာကြီးကလည်း ဂူထဲကဓာတ်ပုံ တစ်ပုံကို ထုတ်ပြပြီး သူတို့သိမ်းထားတဲ့ နယ်မြေတွေကမလေးရှားနိုင်ငံလောက်ရှိကြောင်း ထုတ်ကြွားလာသည်။ ဒါနဲ့များ ဆရာကြီးတို့ကလည်း သိမ်းထားတဲ့ မလေးရှား နိုင်ငံလောက် မြေတွေကို နိုင်ငံ ထူထောင်လိုက်ရင်ရတာကို ရှည်ရှည်ဝေးဝေးတွေ စဉ်းစားနေကြသည်။ ခုလည်း ဆရာကြီးတစ်ယောက် မြေအောက်မှာ လိုဏ်ဂူတွေတူးပြီး ဆေးရုံဆောက်ဖို့ အလှူခံတာ ဒေါ်လာတွေ တော်တော်များများ ရသွားသည်ဟု ထုတ်ဖော်ပြောလာသည်။ ဒီတော့ ဆရာကြီး အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အချိန်ကျလာပြီ ဖြစ်သည်။ ခုတလောက ငလျင်တွေ ခဏခဏ လုပ်နေတာကြောင့် ဆရာကြီး ဂူတွေတူးရင် ငလျင်ကြောကို သတိပြုစေလိုသည်။ ဒီလိုမှဟုတ်ရင် ဂူတွေ ဟိုလိုက်တူး၊ ဒီလိုက်တူးရင်း နေရာတွေ ရွှေ့နေရရင် ဂူရွှေ့ဆရာကြီးလို့ အခေါ်ခံရနိုင်သည်။ ဒါကြောင့် သတိပြုစေလိုသည်။ နောက်ပြီး ဆရာကြီးက သူတို့သိမ်းထားတဲ့နေရာတွေမှာ ဝေဟင်ရန်ကိုသာ ကြောက်ရသည်ဟု ပြောလေသည်။ ဆရာကြီးတို့မှာ လေယာဉ်ပစ်ကြီးတွေ ရှိနေတာပဲ ဘာကြောက်စရာ ရှိလို့လဲဟု မေးခွန်းထုတ် ရမည်။
    ဒါတင်မကသေး တော်လှန်ဆရာကြီးက သူကိုယ်တိုင် တော်လှန်ရေးကို တစ်ပြားတစ်ချပ်မှ အမြတ်မတင်ဘူးဟု ပြောလေသည်။ ဒီလို ရိုးသားကြိုးစားတဲ့ ဆရာကြီးတို့ ဦးဆောင်နေသည့် တော်လှန်ရေးကြီးက မအောင်စရာ ဘာအကြောင်းမှ မရှိဘူးဟု ပြောချင်သည်။ ဆရာကြီးကိုယ်တိုင် ငါးကြော်ရောင်း ပြီး ဘဝကိုရပ်တည်လာတာဆိုတော့ အမြတ်မတင်ဘူးဆိုတာ ယုံမိသည်။ ခုဆိုရင် ဆရာကြီးတစ်ယောက် တည်း ပြည်တော်ဝင်လာတော့ အမေရိကားက ဆရာကြီးမိသားစုတွေ စားဝတ်နေရေး အဆင်ပြေပါ့မလား စိတ်ပူမိသေးသည်။ သားသမီးတွေ ဆူရှီလေးလိပ်ရင်း ကျောင်းတက်ကြ၊ အချိန်ပိုင်း အလုပ်လေးတွေ လုပ်ရင်း ဝမ်းရေးဖြေရှင်းနေရတယ် ကြားရပြန်တော့လည်း ဆရာကြီးတို့၏ အနစ်နာခံမှုကို မျက်ရည်လေးတောင် ဝဲမိသေးသည်။
    အမေရိကားမှာနေတဲ့ သတင်းသမားဘိုးတော် ကြီးတစ်ယောက်ကလည်း ဒီမိုကရေစီရဖို့ ငွေလို ကြောင်းပြောကာ တစ်ယောက် ဆယ်ဒေါ်လာ ထည့်ကြဖို့ လှုံ့ဆော်နေပြန်သည်။ သြော်...မြန်မာပြည်သူတွေများ အရင်ဘဝက အကြွေးရှိခဲ့ပုံရသည်။ မအုံ ထီဆုငွေတွေ လိုက်တောင်းသလို တစာစာ တောင်း တာခံရတာ ခုဆိုရင် လေးနှစ်ကျော်၊ ငါးနှစ်ရှိလာပြီ ဖြစ်သည်။ မအုံဆိုတာက အခြားမဟုတ် သီပေါမင်း ပါတော်မူချိန်မှာ ဝမ်းနည်းပက်လက် အဖြစ်ရဆုံး အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အကြောင်းက သီပေါမင်း ပါတော်မမူခင်က အနောက်တိုင်း လော်ထရီစနစ် ထီဖွင့်တော့ မအုံက အမြင့်ဆုံးဆု ငါးသောင်းဆု ပေါက်သည်။ ဆုငွေထဲက ၁၄၁၈၉ ကျပ်ပဲရပြီး ကျန်ငွေကို နိုင်ငံတော်က ချေးငှားသည်ဆိုပြီး မပေးဘဲ အရှင်နှစ်ပါး ပါတော်မူရှာသည်။ ဒီတော့ ကျန်ငွေတွေကို မအုံတစ်ယောက် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့၊ ဖက်ဆစ်ဂျပန်တို့ထံ ဆက်တောင်းခဲ့သည်။ တော်တော် အတောင်းအရမ်း ထူသော မအုံ ဝင်စားကြသူများကြောင့် တော်လှန်ရေးကြီး စကတည်းက ပြည်သူက သူတို့ထံ အကြွေးယူထားသလို တစာစာ တောင်းတာ ခံရပြန်သည်။
    တော်လှန်အဆိုတော်တစ်ယောက် တော်လှန် ရှိုးပွဲကျင်းပပြီး တော်လှန်ရာခိုင်နှုန်းတွေ ယူသလို တော်လှန်ဘောက်ဆူးတွေ မçသွားတာကြောင့် တော်လှန်ရုပ်ရှင်မင်းသားတစ်ယောက် ပေါက်ကွဲနေပြန်သည်။ တော်လှန်အဆိုတော်ကလည်း အင်မတန်ရှင်းသော စာရင်းရှင်းလင်းနည်းကို ချပြလေသည်။ အနုပညာကြေးမယူ သော်လည်း ပရိသတ်က ချစ်လို့၊ ခင်လို့ပေးတာတော့ ယူသည်ဟု ဆိုသည်။ ယူတာ တော်တော်များသွားတာ ကြောင့် တော်လှန်မင်းသားကြီးကလည်း "ငါ့တုန်းက မယူဘူး၊ နင်တို့ကျတော့ ယူတယ်"ဆိုတာကနေ အစပြုကာ တော်လှန်ရေးငွေတွေက ဟိုယခင်က ပရောဂျက် များအတိုင်း အစအန ပျောက်ကာ နိဋ္ဌိတံသွားလေတော့သည်။ တော်လှန်ရေးမှာ ကြားပွဲစား မရှိကြောင်း၊ ကြေးဖြတ်ခွင့် မရှိကြောင်း ပြောဆိုကြသော်လည်း ရာခိုင်နှုန်းစားကာ ရာခိုင်နှုန်းစား တော်လှန်ရေးကတော့ တော်တော်လေး အလုပ်ဖြစ်နေကြသည်။ ပိုက်ဆံလည်းရ ဝမ်းလည်း၀ တော်လှန်ရေးလည်း လုပ်လို့ရသည့် စီးပွားရေးစနစ်ကြီးက မဲဆောက်၊ အမေရိကားတို့မှာ အလုပ်ဖြစ်နေကြသည်။
    မြန်မာပြည်နဲ့ အနေဝေးနေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို သနားမိသည်။ ပြည်ပတိုင်းပြည်များ၏ မြို့ကြီးပြကြီးများတွင် နေထိုင်ကြတာကြောင့် အင်မတန် ဉာဏ်ရည် ထက်မြက်ပုံရသည်။ မြန်မာတွေအချင်းချင်း ဆုံကြဖို့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေက စေတနာ ရှေ့ထားပြီး ဘာပွဲလုပ်လုပ် ရှေ့မှာ တော်လှန်လေး ထည့်လိုက်တာနဲ့ အုံလိုက်ကျင်းလိုက် ရောက်လာကြပြီး လှူကြ တန်းကြ၊ စားကြသောက်ကြ အလုပ်ဖြစ်သွားကြသည်။ ဒါကြောင့်လည်း တော်လှန်အဆိုတော်တွေ၊ တော်လှန်မင်းသားတွေ တတိယနိုင်ငံကို ရောက်ပြီဆိုတာနဲ့ အရင်ဆုံးလုပ်ကြတာက တော်လှန်ရှိုး ပွဲများပင်ဖြစ်သည်။ ရှိုးပွဲတွေ လုပ်ပြီဆိုရင်လည်း ရာခိုင်နှုန်းလေးတွေက ပြဿနာတက်ကြပြန်သည်။ တစ် ယောက်နဲ့တစ်ယောက် အဖုအထစ်လေးတွေ ဖြစ်ကြပြီး ဖေ့စ်ဘုတ်ပေါ်မှာ တက်တက် ရေးကြပြန်သည်။ ဒီလို ပြဿနာတွေ ကင်းဝေးအောင် တော်လှန်အနုပညာရှင်တွေစုပြီး အမေရိကားတစ်ခွင်မှာ ၁၂ ပွဲဈေး သည်တွေနဲ့ပေါင်းပြီး တော်လှန်သဘင်ဟု အမည်ပေးကာ မိုးလင်းပေါက်တွေ လိုက်ကပြ၊ ဖျော်ဖြေကြရင်း ပြဿနာ ပြေလည်သွားနိုင်သည်။ ရာခိုင်နှုန်း ခွဲယူကြပြီး ဆုကြေးကတော့ ကိုယ်ရကိုယ်ယူဆိုရင် ပြဿနာနည်းသွားနိုင်သည်။
    ခုတစ်လော တော်လှန်ရေးခေါင်းဆောင်မကြီး အလှူခံတာ မတွေ့ရဘဲ အွန်လိုင်းကနေ ရွှေ၊ ငွေ၊ ရတနာတွေ ထိုင်ရောင်းနေသည်။ အမေရိကားမှာ နိုင်ငံရေး အရှုပ်အထွေး ဖြစ်နေတော့ နေတတ် ထိုင်တတ်ကြဖို့လိုသည်။ တော်လှန်ရေးခေါင်းဆောင်မကြီးဆိုရင် ခုတစ်လော လက်ဝတ်ရတနာတွေကို ဖေ့စ်ဘုတ်ကနေ ဈေးထိုင်ရောင်းတာကလွဲပြီး နိုင်ငံရေးနဲ့ပတ်သက်ပြီး မိန့်ခွန်းခြွေတာတွေ၊ ဆဲရေးတိုင်း ထွာတာတွေ သိပ်မလုပ်တော့ပေ။ တိုက်နဲ့၊ ကားနဲ့၊ စတိုးဆိုင်နဲ့ဆိုတော့ တည်တည်ငြိမ်ငြိမ် ထိုင်တော်လှန်လို့ ရသွားပြီဖြစ်သည်။ တော်လှန်ရေးကို စနစ်တကျ လုပ်တတ်သူတွေကတော့ သာယာသော တော် လှန်ရေးကို ခံစားနိုင်ပြီး စည်းမဲ့ကမ်းမဲ့ တော်လှန်နေကြသူတွေကတော့ ခွက်ကလေးတွေဝယ်ပြီး အတို အစရဖို့ ခေါက်နေလေတော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 20

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46188

© 2022 - 2025 News. All Rights Reserved.