တဖြည်းဖြည်းနီးလာတဲ့ ငြိမ်းချမ်းရေးခရီး

၂၀၂၅ ၊ ဇူလိုင် ၄
    Peace Forum  2025 ကို အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီ ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်အတွက်  ကောင်းမွန်တဲ့ Forum တစ်ခုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းပြည်ပက အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြတဲ့အတွက် အတွေးအမြင်ကောင်းတွေ၊ လက်တွေ့ကျကျ ဆွေးနွေးချက်တွေဟာ တိုင်းပြည်အတွက် တန်ဖိုးရှိပါတယ်။ အဓိကကျ တဲ့ အခြေအနေတစ်ခုက လွတ်လပ်စွာ ဆွေးနွေးအကြံပြုနိုင်တာပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ဆွေးနွေးအကြံပြုနိုင်တဲ့အတွက် ထွက်ပေါ်လာတဲ့ အချက်အလက်တွေဟာ Frame ချထားတဲ့ နှောင်ကြိုးက ထွက်လာတာမဟုတ်ဘဲ နှောင်ကြိုးမဲ့ ဆွေးနွေးချက်တွေ ဖြစ်တဲ့အတွက် ပကတိအရှိတရားကို ပြသရာလည်း ရောက်စေပါတယ်။ 
    ဒီ Peace Forum နဲ့ပတ်သက်ပြီး အကောင်းအဆိုး ခွဲခြားကြည့်မယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ အဆိုးဖြစ်စရာ မရှိဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အကြံပြုချက် ၁၂၀ ကျော် ရရှိခဲ့တယ်ဆိုတာ နည်းနဲ့ Result လား။ အပျော်သဘောမျိုး လုပ်နေကြမယ်၊ တာဝန်ကျေ အကြိုက်လိုက်ပြီး Follow လုပ်နေကြမယ်ဆိုရင်၊ အပေါ်ကလည်း ကန့်သတ်ထားမယ်ဆိုရင် ဒီလို Result ထွက်လာစရာအကြောင်း မရှိပါဘူး။ တက်ရောက်လာ သူတွေရဲ့ ယုံကြည်မှု၊ အုပ်ချုပ်စီမံပေးသူတွေရဲ့ ဆွေးနွေးပွဲအပေါ်တန် ဖိုးထားမှုတွေအရ အောင်မြင်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ တိုင်းပြည်ကို စနစ်တကျ ပြောင်းလဲချင်တယ်ဆိုရင် ထင်ကြေးနဲ့ စိတ်ကူးယဉ် တည်ဆောက်လို့မရပါဘူး။ ရထားတဲ့ အခြေခံကောင်းတစ်ခုကို ဖျက်ပစ်မယ့်အစား  ဘယ်လိုပြုပြင်ပြောင်း လဲကြမလဲဆိုတာက ပိုပြီးအကျိုးရှိ မှာဖြစ်ပါတယ်။ ဒီ Forum မှာ ရာနှုန်းပြည့် သဘောတူကြတာက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ မှန်းထားတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပရေးပဲ ဖြစ်ပါတယ်။  ပြည်ပပညာရှင်တွေကအစ ထောက်ခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကို အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ 
    ကျင်းပပြီးစီးခဲ့တဲ့ Peace Forum  2025 ဟာ နဝတအစိုးရလက်ထက်မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံရဲ့ အဆက်လို့တောင် ပြောလို့ရနိုင်ပါတယ်။ လက်ရှိ တည်ဆဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၉၃ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက စတင်အခြေတည်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပထမဆုံး အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌက ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်ပါ။ ၁၉၉၆ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားညီလာခံကို ခေတ္တရပ်နားခဲ့ရပါတယ်။ အဲဒီအချိန်မှာ အခြေခံမူတွေနဲ့ အခန်းလိုက်ခေါင်းစဉ်တွေ ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံအခန်းအထိ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ခေတ္တရပ်နားထားခဲ့ရတဲ့ အမျိုးသားညီလာခံကို  ၂၀၀၃ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (နောင်ဗိုလ်ချုပ်ကြီး၊ နိုင်ငံတော်သမ္မတ)ပဲ ဖြစ်ပါတယ်။ 
    အမျိုးသားညီလာခံကို အစုအဖွဲ့ရှစ်ဖွဲ့  ဖွဲ့စည်းဆွေးနွေးစေခဲ့တာပဲ ဖြစ်ပါတယ်။ အစုအဖွဲ့တွေကတော့ နိုင်ငံ့ဝန်ထမ်းအစုအဖွဲ့၊ တောင်သူလယ် သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင် အတတ်ပညာရှင်များ အစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေး ချယ်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့နဲ့ အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များအစုအဖွဲ့တို့ပဲ ဖြစ်ပါတယ်။ အခြား ဖိတ်ကြားသင့်သည့် ကိုယ်စားလှယ်များ အစုအဖွဲ့မှာ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ပါပါတယ်။ အမျိုးသားညီလာခံ ကျင်းပနေချိန်ရောက်မှ ငြိမ်းချမ်းရေး ရယူလာတဲ့ အဖွဲ့တွေကိုတော့ ကိုယ်စားလှယ်အဖြစ် မသတ်မှတ်တော့ဘဲ လေ့လာသူအဖြစ်သာ တက်ရောက်စေခဲ့ပါတယ်။ 
    ၁၉၉၆ ခုနှစ် အမျိုးသားညီလာခံက မထွက်ခွာခင်အချိန်အထိ NLD က နိုင်ငံရေးပါတီများအစု အဖွဲ့နဲ့ ရွေးချယ်ခံကိုယ်စားလှယ်များ အစုအဖွဲ့နှစ်ဖွဲ့မှာ ကိုယ်စားလှယ် စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ ကြည့်ရင် အမျိုးသားညီလာခံမှာ NLD က ကိုယ်စားလှယ် အင်အားအများဆုံးလို့ ဆိုနိုင်ပါတယ်။ NLD အနေနဲ့ အမျိုးသားညီလာခံက ထွက်သွားရတဲ့ အကြောင်းရင်းတွေအနေနဲ့ အကြောင်းပြတာတွေ အများကြီး ရှိပါတယ်။ အဓိကက အမျိုးသားညီလာခံကို အသုံးချပြီး တွေ့ဆုံဆွေးနွေးရေးဖြစ်အောင် အကျပ်ကိုင်တာပါ။ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးရေးကတစ်ဆင့် အာဏာလွှဲပြောင်းပေးရေးကိုသာ တစိုက်မတ်မတ် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။  အမျိုးသားညီလာခံကိစ္စကတော့  ပထမဆုံး ပြင်းထန်တဲ့  ပေါက်ကွဲမှုတစ်ခုအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ အမျိုးသားညီလာခံဟာ တစ်မျိုးသားလုံးအတွက် အနာဂတ်မှာ ဆက်လက်လျှောက်လှမ်းရမယ့် မူဝါဒတွေကို ချမှတ်ဆွေးနွေးနေတာ ဖြစ်တဲ့အတွက် မလုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း အမျိုးသားညီလာခံ စည်းမျဉ်းစည်းကမ်းနဲ့ အညီ NLD ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခဲ့တာပဲ ဖြစ်ပါ တယ်။ NLD အနေနဲ့ကြည့်ရင် တစ်မျိုးသားလုံးအတွက် ဆွေးနွေးနေတဲ့ အခွင့်အရေး တစ်ခု ဆုံးရှုံးသွားခဲ့ရ တာပဲဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ အမျိုးသားညီလာခံကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအထိ တောက်လျှောက် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ကဖျက်ယဖျက် လုပ်တဲ့သဘောတွေ အများကြီး ပါပါတယ်။ လက်ရှိ ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပြဿနာကစပြီး NUG လုပ်နေတဲ့ 'ဖွဲ့စည်းပုံအခြေခံဥပဒေပျက်စီးသွားပြီ၊ အသစ်ပြန်လည် ရေးဆွဲမယ်'ဆိုတာဟာ ဒီသမိုင်း ကြောင်း အခြေခံ အချက်တွေ အများကြီးပါတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 
    ဒီလိုဖြစ်တည်လာခဲ့တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်တွေ့ ကျင့်သုံးခဲ့တဲ့အခါမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးခဲ့တဲ့ တပ်မတော်ကလည်း လက်ခံတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့်လည်း Peace Talk ကတစ်ဆင့် Peace  Forum ကို ကျင်းပခဲ့တာပဲ ဖြစ်ပါ တယ်။ ဒီနေရာမှာ ယခင်က ကျင်းပသလို အမျိုးသားညီလာခံဖွဲ့စည်း ကျင်းပလို့ မရဘူးလားလို့ဆိုရင် "ရပါတယ်။ သို့သော် မလိုအပ်ဘူး"လို့ ဖြေရမှာဖြစ်ပါတယ်။ ထိုစဉ်က အမျိုးသားညီလာခံ ကျင်းပခဲ့ရတာက စနစ်အပြောင်းမှာ အသစ်ပြန်လည်ရေးဆွဲရတာဖြစ်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်း ဆောင်တာများပါတယ်။ လူအားလုံးကို ရက်အတန်ကြာ စုစည်းခေါ်ယူထားရတဲ့အတွက် စရိတ်လည်းထောင်းသလို ကိုယ်စားလှယ်တွေအတွက်လည်း အလုပ်ပျက်အကိုင်ပျက် ဖြစ်စေပါတယ်။ ယခုကျင်းပပြီးစီးခဲ့တဲ့  Forum ကိုကြည့်ရင် လက်တွေ့အခြေအနေတွေနဲ့ ထိစပ်နေတဲ့ အသိုင်းအဝိုင်း အသီးသီးထဲက လိုအပ်သလောက် အတိုင်းအတာနဲ့ လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေကို စုစည်းကျင်းပခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ငါးသိုင်းများ ဟင်းဟုန် ဆိုသလို မလိုအပ်ဘဲ ဖိတ်လို့သာ အခမ်းအနား တက်ရတယ်၊ ဘာမှအလုပ်မဖြစ်ဘဲ ပွဲလာထိုင်၊ တစ်လုံးတစ်ပါဒမှ ဆွေးနွေးခြင်းမရှိဘဲ ပြန်သွားတဲ့ ဝေလေလေ တွေမပါတာက ပိုအကျိုးရှိပါတယ်။ ဒီနေရာမှာ သတင်း သမားတစ်ဦးပြောတဲ့ တချို့လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေကလူတွေ ဘာတစ်ခုမှ ဆွေးနွေးမသွားဘဲ ပြန်သွားတဲ့ကိစ္စ။ အကြမ်းဖျင်းကြည့်ရင် ဘာမှမဆွေးနွေး သွားတာ မဖြစ်သင့်ဘူးဆိုတာ မှန်ပါတယ်။ သို့သော် ဆက်စဉ်းစားသင့်တာက သူတို့နဲ့ ဆိုင်တဲ့အပိုင်း မပါလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လက်နက်ကိုင်အဖွဲ့တွေအနေ  နဲ့ သီးခြားဆွေးနွေးထားပြီးလို့ ထပ်မဆွေးနွေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အခမ်းအနား လာတက်ပြီး သက်ဆိုင်ရာ သူတို့အကြီးအကဲ တွေကို ပြန်ပြောရင်ကို အဆင်ပြေတယ်။ ပြည်သူ့အဖွဲ့အစည်းအသီး သီးရဲ့ သဘောထား၊ ပြည်ပပညာရှင်များရဲ့ အတွေးအမြင်၊ နိုင်ငံတော်ရဲ့ သဘောထားတွေကို သိသွားစေတာကပင် အမြတ်မဟုတ်ပါလား။ ချက်ချင်းကြီး မပါလာတောင် ဖြည်းဖြည်းချင်း ပါလာအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
    ဒီ Forum မှာ သတင်းဌာနတွေကိုပါ ဖိတ်ပြီး ပါဝင်ဆွေးနွေးစေခဲ့တာ အတော်ကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ ကိုယ့်ဘက်ကပါမယ့် သူတွေကို ရွေးဖိတ်တာဆိုပြီး ပြောတဲ့သူတွေကလည်း ပြောကြပါတယ်။ VOA သတင်းဌာနက ဌာနမှူးဟောင်း သန်းလွင်ထွန်းကို ဖိတ်တာ၊ သူကိုယ်တိုင် တက်ရောက်တာကို ဘောမမို့လို့ ဖိတ်တာဆိုပြီး သတင်းသမားအချင်းချင်း ဝေဖန်တာကိုလည်း တွေ့ရ တယ်။ 
အဲဒီလို ဝေဖန်တဲ့သူတွေကို ကြည့်လိုက်ရင် တစ်ဖက်ကန်း ဒေါ်လာစပွန်ဆာ မျှော်နေကြတဲ့ သူတွေဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ သန်းလွင်ထွန်းက ၈၈ အရေးအခင်းမှာ တောခိုသွားတဲ့ ABSDF အဖွဲ့ဝင်တစ်ဦးပါ။ ABSDF မှာ သုံးနှစ်လောက်နေပြီးတော့ သတင်းသမားအဖြစ် ကူးပြောင်းခဲ့တာပါ။ အနောက်အုပ်စုကဆောင် ရွက်ခဲ့တဲ့ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး ယန္တရားအတွက် မွေးခံရတဲ့အ ထဲမှာ ပါပါတယ်။ ပထမ BBC မှာ လုပ်ပြီး နောက်မှ VOA ကို ပြောင်းခဲ့တာပါ။ သတင်းလောကထဲကို ရောက်ပြီးတဲ့အခါမှာ ဘက်အမြင်ထက် သတင်းသမားအမြင်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက်လည်း နာမည်ပျက်မရှိခဲ့ဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တိုင်းပြည်ချစ်စိတ်နဲ့ ဘယ်ဟာကအမှန်၊ ဘယ်ဟာက အမှား၊ ဘယ်ဟာက ဖြစ်သင့်တယ်၊ ဘယ်ဟာကတော့ မဖြစ်သင့်ဘူးဆိုတဲ့ အမြင် ကြီးမားလာပြီး ဘက်အမြင် နည်းသွားသူအဖြစ် တွေ့ရတယ်။ ပြောချင်တာက ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ရှိနေသူတွေကတော့ ဒီ Forum ကို သေးသိမ်အောင် ပြောဆိုဝေဖန်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အနောက် မျှော်သတင်းဌာနတွေပဲ ဖြစ်ပါတယ်။ 
    ဒီ Forum နဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနနဲ့ Myanmar Now သတင်းဌာနတွေက အတော်ဝေဖန်ထားတာ တွေ့ရတယ်။ ပုလင်းတူဘူးစို့တွေပါ။ မြန်မာနောင်း အယ်ဒီတာချုပ်ဆွေဝင်းရဲ့ နဂိုမူလ ဇာစ်မြစ်က ဧရာဝတီသတင်းဌာနကပဲ ဖြစ်ပါတယ်။ စကတည်းက အနောက်က အထောက်အပံ့တွေ မျှော်စားနေကြတဲ့  တပ်မတော်မုန်းတီးရေး ဝါဒဖြန့်သမားတွေသာ ဖြစ်ပါတယ်။ ဧရာဝတီကတစ်ခုခုကို ပက်ပက်စက်စက် ဆော်ချင်ပြီဆို အောင်ဇော်နဲ့ကျော်ခပေါင်းပြီး အယ်ဒီတာ့ စကားဝိုင်းဆိုပြီး ထုတ်လွှင့် လေ့ရှိပါတယ်။ ဒီကိစ္စမှာလည်း အယ်ဒီတာ့ စကားဝိုင်းဆိုပြီး ထုတ်လွှင့်ပါတယ်။ နိုင်ငံ့အကြီးအကဲ၊ တပ်မတော်အကြီးအကဲကို ပေါ်ပေါ်တင်တင် စော်ကားပြောဆိုထားတာ တွေ့ရပါတယ်။ သတင်းသမား တစ်ယောက်ပြောဆို သုံးနှုန်းရမယ့် ကျင့်ဝတ်ထက် အောက်တန်းစား ကလေကချေတစ်ယောက်ပြောနေတဲ့ အပြောမျိုးပဲ ဖြစ်ပါတယ်။ ဘာကိုအတော် မကျေမနပ် ဖြစ်နေသလဲမသိ။ ပါစင်နယ်ကတစ်ဆင့် Forum ကို သေးသိမ်အောင် လုပ်တဲ့သဘောလည်း ပါနေတာ သတိထားမိတယ်။ လက်ရှိ နိုင်ငံ့အကြီးအကဲ ဘာလုပ်လုပ် သေးသိမ်အောင် လုပ်မယ်ဆိုတဲ့ မူချထားပုံရတယ်။ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေပြီး ဗုံးကြဲနေတယ် ဆိုတာကလည်း သူတို့ အပြောမှာပါ ပါသေးတယ်။ ငြိမ်ငြိမ်စိမ်စိမ်နေရင်၊ မနှောင့်ယှက်ရင်၊ တပ်မတော်က ဗုံးကြဲစရာမလိုဘူး။ ဘယ်သူမှလည်း အသားလွတ်လိုက် မကြဲဘူး။ ဒါကို သိသိချည်းနဲ့ ပြောတာက ဝါဒဖြန့်တာ သက်သက်ပဲ။ 
    ဒီ Forum နဲ့ပတ်သက်ပြီး သူတို့ရဲ့ ဝေဖန်ပြောဆိုမှုတွေကိုကြည့်ရင် အထက်မှာ ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ခိုက်တဲ့ပုံစံနဲ့ အတူတူ သာဖြစ်ပါတယ်။ ဆွေးနွေးပွဲ အကြောင်းအချက်တွေရဲ့ ကောင်းကွက်ကို ချန်ပြီး မပါနိုင်တာတွေကို ပြောနေတာက ဘာသဘောလဲဆိုတာ ရှင်းပါတယ်။ တိုင်းပြည် အတွက်ထက် ကိုယ်ကျိုးနဲ့ ကိုယ်လိုလားသူတွေ အကျိုးအတွက်ဆိုတာ ပြောစရာလိုမယ် မထင်ဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းသွားပြီး မူလအခြေ အနေ ပြန်ရောက်သွားရင် သူတို့ ထမင်းငတ်မှာကိုများ ကြိုတွက်ထားနေ ကြသလားမသိ။ ဒီရွေးကောက် ပွဲက တက်လာမယ့်အစိုးရက သူတို့ကို ပြည်တွင်း အဝင်မခံမှာ မြင်နေပုံရတယ်။ ဒီလိုလူတွေ၊ ဒီလိုသတင်း ဌာနတွေကို မြန်မာနိုင်ငံဝင်ခွင့် ရာသက်ပန် ပိတ်ထားဖို့လိုမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုးမရှိ အကျိုးမဖြစ်ထွန်းနိုင်တဲ့  မီဒီယာတွေသာ ဖြစ်ပါတယ်။ 
    ဘယ်လိုပဲပြောပြော ယခု ကျင်းပပြီးစီးခဲ့တဲ့ Peace  Forum  2025 ဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ Forum တစ်ခုအဖြစ်ရှုမြင်ရမှာ ဖြစ်ပါတယ်။ တချို့အဖွဲ့တွေ မပါဝင်နိုင်သေးတဲ့အတွက် အားနည်းချက်ရှိ ကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးအကြံပြုချက်တွေဟာ သူတို့တွေအ တွက်ပါ ပါနေတာကို သူတို့တွေ သိလာရမှာ ဖြစ်ပါတယ်။ ဒီပြည်ထောင်စုအတွင်းမှာ အတူတကွ မှီတင်း နေထိုင်ကြတဲ့အတွက် ဘေးက ဝေဖန်ပြောဆိုနေကြတာတွေကပင်လျှင် သူတို့ပါဝင်နေကြတာ မဟုတ်ပါလား။ သဘောထားအမြင်ချင်း မတူညီနိုင်ကြပေမဲ့ ဘုံအကျိုးစီးပွားကို မမေ့ဖို့တော့ လိုပါတယ်။ ဒီ Forum ကနေ ဒီ့ထက် ပိုမိုပြီး ပြည့်စုံတဲ့ Forum တွေ ထပ်မံကျင်းပပေးခြင်းအားဖြင့် အများသဘောတူညီတဲ့ စနစ်တစ်ခုကို မလွဲမသွေရောက် ရှိသွားမှာပဲ ဖြစ်ပါတယ်။
 ( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( 24 ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46175

© 2022 - 2025 News. All Rights Reserved.