၂၀၂၅ ၊ ဇူလိုင် ၂၇
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကြားမှာ လုပ်ပိုင်ခွင့်ဆိုင်ရာ သဘောထား မတူညီမှုတွေက ပိုပြီး ထင်သာမြင်သာ ရှိလာတယ်လို့ ယုံကြည်ရပါတယ်။ ရှီဟာ တရုတ်နိုင်ငံသမိုင်းမှာတော့ ခေါင်းဆောင်ကြီး မော်စီတုံး နောက်ပိုင်း သြဇာအကြီးမားဆုံး ခေါင်းဆောင်အဖြစ် ညွှန်းဆိုခြင်း ခံထားရသူပါ။ သူဟာ CCP ရဲ့ အတွင်းရေးမှူးချုပ်နဲ့ သမ္မတနေရာတွေကို ငါးနှစ်သက်တမ်း နှစ်ကြိမ် အကန့် အသတ်နဲ့သာ တာဝန်ယူလေ့ရှိတဲ့ အစဉ်အလာကိုလည်း ပြောင်းလဲပစ်စေခဲ့ပြီး နိုင်ငံရေး သြဇာကို အမြင့်ဆုံး အခြေအနေမျိုးထိ ထူထောင်ယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ သမ္မတရှီဟာ လုပ်ပိုင်ခွင့် အာဏာတချို့ကို တခြားအစိုးရ ထိပ်တန်းအရာ ရှိတွေဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေပြီလို့ ခိုင်ခိုင်မာမာ ယုံကြည်ရပါတယ်။ ဒါဟာ သမ္မတရှီက CCP နဲ့ သဘောထားကွဲလွဲမှုတွေ အပြီးမှာ ဗဟိုချုပ်ကိုင်မှုကို အထိုက်အလျောက် လျှော့ချပေးဖို့ လက်ခံလိုက်တဲ့ အဓိပ္ပာယ်လို့လည်း ယုံကြည်ရပါတယ်။
ရှီဟာ CCP မှာ သြဇာအလွှမ်းခြုံနိုင်ဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဆိုတာကိုတော့ သံသယရှိဖို့ မလိုပါဘူး။ သူရဲ့ အစိုးရအဖွဲ့ထဲမှာလည်း သူ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားယုံကြည်တဲ့ အရာရှိတွေ အများအပြားကို ခန့်အပ်ထားပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်ပေါင်းစုံ ချုပ်ကိုင်မှုဟာ နှစ်ဖက်သွားဓားလိုပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ထိတဲ့အပိုင်းတွေလည်း ရှိပါတယ်။ လုပ်ပိုင်ခွင့် ပါဝါများများယူထားရင် တာဝန်ခံမှုများများရှိရတာ ဓမ္မတာပါပဲ။ လက်ရှိမှာ သမ္မတရှီနဲ့ CCP ခေါင်း ဆောင်တွေကြားက သဘောထားကွဲလွဲမှုဟာ ၂၀၂၁ လောက်တုန်းက တရုတ်ရဲ့ အိမ်ခြံမြေဈေးကွက် ကသောင်းကနင်း ဖြစ်ခဲ့ချိန်ကတည်းက စတင်လာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ CCP ဟာ ရှီရဲ့ ခေါင်းဆောင်မှုကို ထိပ်တိုက် မေးခွန်းထုတ်တာမျိုးတော့ မရှိခဲ့ပါဘူး။ အဲဒီအစား ပါတီထဲမှာ ရှီကို ထောက်ခံတဲ့ အစုအဖွဲ့နဲ့ သိပ်သဘောမကျတဲ့ အစုအဖွဲ့တွေကြား မူဝါဒရေးရာ ကွဲလွဲမှုတွေပဲ တဖြည်းဖြည်း ပိုပြီး ထင်ရှားလာနေခဲ့ပါတယ်။ နောက်တော့ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်း တရုတ်ရဲ့ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေကလည်း ရှီရဲ့ အရှိန်အဝါကို ထိခိုက်လာစေခဲ့ပါတယ်။ ပိုပြီး ဆိုးသထက်ဆိုးစေမယ့် အခြေအနေအဖြစ် အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတဖြစ်လာပြီး တရုတ်ကို ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေကို စတင်ကျင့်သုံးလာခြင်းပဲ ဖြစ်ပါ တယ်။
CCP ရဲ့ မူဝါဒရေးရာ အဆင့်အမြင့်ဆုံးအစု အဖွဲ့ဖြစ်တဲ့ ပေါ်လစ်ဗျူရိုထဲမှာတော့ လက်ရှိ တရုတ် နိုင်ငံဖြတ်သန်းထားရတဲ့ ထိခိုက်မှုတွေကို ကုစားနိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ့် ယူဆမှုတွေ အားကောင်းလာ နေပါတယ်။ အဲဒီအခြေအနေက ရှီရဲ့ လုပ်ပိုင်ခွင့်နဲ့ သြဇာကို ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ တရုတ်ရဲ့ သြဇာအကြီးမားဆုံး ခေါင်းဆောင်တွေ စုဖွဲ့ထားတဲ့ ပေါ်လစ်ဗျူရိုဟာ မေ ၃၀ ရက်က တွေ့ဆုံခဲ့ကြပြီး ရှီရဲ့လုပ်ပိုင်ခွင့် ချုပ်ကိုင်မှုကိုလျှော့ချဖို့ တောင်းဆိုခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ နောက်ပြီး ဇူလိုင်လထဲမှာ ရှီဟာ လူမြင်ကွင်းကနေ သီတင်းနှစ်ပတ်လောက် ပျောက်ကွယ်နေခဲ့သလို ဘရာဇီးမှာ ကျင်းပခဲ့တဲ့ BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီ လာခံကို လည်း မတက်ရောက်ခဲ့တာကြောင့် သို့လောသို့လော ထင်ကြေးပေါင်းစုံ ထွက်ပေါ်ခဲ့ပါသေးတယ်။
တရုတ်ရဲ့ ဒေသတွင်း မဟာဗျူဟာ ပြိုင်ဘက် အိန္ဒိယမှာတော့ သတင်းဌာနတချို့က CCP ခေါင်းဆောင်တွေဟာ ရှီကိုဖြုတ်ချဖို့ စီစဉ်နေပြီ ဆိုတာမျိုးတွေတောင် ခန့်မှန်းရေးသားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှီဟာ လူအများရှေ့မှောက် ပြန်ရောက်လာပါတယ်။ ပြီးတော့ ရှီဟာ အစိုးရရဲ့ တခြားထိပ်ပိုင်း အရာရှိတွေဆီ လုပ်ပိုင်ခွင့် အာဏာတချို့ ခွဲဝေပေးဖို့ CCP တောင်းဆိုမှုကို လက်ခံခဲ့ကြောင်း သတင်းတွေလည်း စတင်ပျံ့နှံ့လာပါတယ်။ တရုတ်မှာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထိန်းချုပ်မှုတွေ ရှိနေတာကြောင့် ဒီကိစ္စကို တရားဝင် အတည်ပြုပေးမယ့်သူမျိုး မရှိနိုင်ပါဘူး။ ဒါပေမဲ့ ပါတီနဲ့ အစိုးရအဖွဲ့ထဲက အကြောင်းသိ ပုဂ္ဂိုလ်တွေကတော့ ရှီဟာ သူတစ်ဦးတည်း ထိန်းချုပ်ထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေထဲက တချို့ကို လက်လျှော့ ပေးတော့မယ်ဆိုတာကို အတည်ပြုပေးထားပါတယ်။
တရုတ် နိုင်ငံရေးအခင်းအကျင်းနဲ့ နည်းနည်း အလှမ်းဝေးတဲ့သူတွေ အမြင်မှာတော့ ရှီဟာ သမ္မတအဖြစ်၊ CCP ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ရှိနေဆဲ ဖြစ်တာကြောင့် လက်အောက်က အစိုးရအရာရှိ တချို့ဆီ လုပ်ပိုင်ခွင့်တွေ အနည်းအကျဉ်း ခွဲပေးလိုက်ရုံနဲ့ ဘာပြဿနာမှ မရှိဘူးလို့ပဲ ယူဆကြမှာပါ။ ဒါပေမဲ့ နားလည်ထားရမယ့်တစ်ချက်က သမ္မတရှီဟာ အစောပိုင်းမှာ ပြောခဲ့သလိုပဲ တရုတ်မှာ ဖြတ်သန်းဖူးတဲ့ သမ္မတအဆက် ဆက်လက်ထက်မှာ မကြုံဖူးလောက်အောင် သြဇာကြီး မားလာခဲ့ပါတယ်။ အဲဒီ အာဏာစက်ကိုလည်း သူကိုယ်တိုင် တည်ဆောက်ယူခဲ့တာပါ။ CCP ဟာ ပါတီရဲ့ အင်အားကြီးမှုကိုသာ ဦးစားပေး လိုလားလေ့ ရှိတာကြောင့် ရှီတစ်ဦးတည်းက လုပ်ပိုင်ခွင့်တွေ အများကြီး ကိုင်ထား တာမျိုးကို သဘောမကျပါဘူး။ ဒါပေမဲ့ ရှီကို လွန်ဆန်ဖို့ ခက်ခဲလွန်းတဲ့ ကာလတွေမှာတော့ ပါတီဘက်က နောက်ဆုတ်ပေးထားခဲ့ပုံပါပဲ။
ဒီတော့ ရှီရဲ့ လုပ်ပိုင်ခွင့်တချို့ကို လျှော့ချ ပေးဖို့၊ လွှဲပြောင်းပေးဖို့ CCP က တောင်းဆိုလာတယ် ဆိုတာဟာ ပိုပြီး ကြီးမားတဲ့၊ ထင်ရှားမြင်သာ ဖြစ်စေမယ့် အရွေ့တွေရဲ့ ကနဦးခြေလှမ်းအဖြစ် တွေးလို့လည်း ရကောင်းရနိုင်ပါတယ်။
CCP မှာ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ရင် စကားအသုံးအနှုန်းကို အရမ်း သတိထားလေ့ ရှိပါတယ်။ ဘာတွေဖြစ်ပျက် ပြောင်းလဲနေသလဲဆိုတာကို ပြသရာမှာလည်း တိုက်ရိုက် ဘွင်းဘွင်းရှင်းရှင်း ကြေညာတာမျိုး မရှိပါဘူး။ ဒါပေမဲ့ CCP ရဲ့ ကြေညာချက်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေတဲ့ သုတေသီတွေ ဆိုရင်တော့ စကားတစ်လုံးချင်းစီဟာ ဘယ်ကို ဦးတည်နေသလဲ ဆိုတာကို ဆန်းစစ် အဖြေထုတ်ကြည့်လို့ ရနိုင်ပါတယ်။ ပေါ်လစ်ဗျူရိုရဲ့ ကြေညာချက်ထဲမှာတော့ မူဝါဒရေးရာ ညှိနှိုင်းလုပ်ဆောင်မှုတွေကို လက်ရှိထက် ပိုမိုမြှင့်တင်သွားမယ်ဆိုတာမျိုး ပါဝင်ခဲ့ပါတယ်။ ပြီးတော့ အရေးပါတဲ့ အထင်ကရ လုပ်ငန်းစဉ်တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဘေဂျင်းမှာရှိတဲ့ ဗဟို အစိုးရတို့ကြား သဘောထားညီမျှမှုရှိတာ သေချာလား ဆိုတာကို ပြန်လည်ဆန်းစစ်တဲ့ လုပ်ငန်းစဉ် အဆင့်တွေ ကိုလည်း အကောင်အထည်ဖော်သွားမယ်လို့ ပါရှိခဲ့ပါတယ်။ သမ္မတရှီရဲ့ အမာခံမဟာမိတ်တွေ အဓိကနေရာ ယူထားတဲ့ CCP ဗဟိုကော်မတီအနေနဲ့ အဓိက မူဝါဒခြေလှမ်းတွေအပေါ်မှာပဲ အာရုံစိုက်ထားသင့်ပြီး တခြား ဌာနတွေရဲ့ လုပ်ငန်းတွေမှာ ဝင်စွက်ဖက်တာ၊ ဘောင်ကျော်တာတွေ မရှိသင့်ဘူး ဆိုတာမျိုး ပေါ်လစ်ဗျူရိုဘက်က သဘောထား မှတ်ချက်ပေးလာခဲ့ပါတယ်။
အဲဒီအချက်တွေကို ကြည့်ပြီး တရုတ်အရေး စောင့်ကြည့် လေ့လာသူတွေက CCP ရဲ့ ပေါ်လစ်ဗျူရိုဟာ သမ္မတရှီလက်ထဲမှာ အရမ်း လွန်လွန်ကဲကဲ ပိုင်ဆိုင်ထားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေအပေါ် တိုက်ရိုက်ကျကျ စတင် စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တချို့ကတော့ CCP ဟာ ရှီရဲ့လက်ထဲမှာ လုပ်ပိုင်ခွင့် အာဏာတွေ အရမ်းစုစည်းထားတာမျိုးကို ဆက်ပြီး မလိုလားတော့ ကြောင်း ပွင့်ပွင့်လင်းလင်း အသိပေး လိုက်ခြင်းဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ထိပ်ဆုံးအဆင့် နိုင်ငံရေးနယ်ပယ်ထဲက အပြောင်းအလဲတွေဟာ နားလည်ဖို့ အင်မတန် ခက်ပါတယ်။ ကိစ္စ တော်တော်များများက လူသိမခံဘဲ ဖုံးဖုံးဖိဖိနဲ့ တံခါးပိတ် လုပ်ဆောင်လေ့ ရှိကြတာကြောင့်ပါ။
ဘာပဲဖြစ်ဖြစ် ဘေဂျင်းက ထိပ်ဆုံးအဆင့် ပုဂ္ဂိုလ်တွေကြားမှာ လုပ်ပိုင်ခွင့် လွန်ဆွဲမှုတွေ ပိုမို အားကောင်းလာနေတယ် ဆိုတာကတော့ မြင်သာတဲ့ သဲလွန်စတွေ ရှိနေပါတယ်။ ရှီဟာ သမ္မတ ဖြစ်လာပြီး တဲ့နောက် ပိုင်း ၂၀၁၂ ကစလို့ အဂတိတိုက်ဖျက်ရေး စီမံကိန်းတစ်ရပ်ကို အင်တိုက် အားတိုက် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီ လှုပ်ရှားမှုကို အကြောင်းပြုပြီး အစိုးရနဲ့ စစ်ဘက် အရာရှိတွေ၊ CCP ခေါင်းဆောင် တွေ အများအပြားကို ရှီက ဖယ်ရှားပစ်ခဲ့တယ်။ ပါတီတွင်း ပြိုင်ဘက်တွေကို ရှင်းထုတ်ခြင်းဟာ ရှီအတွက် ပိုပြီး တန်ခိုးထွားလာစေတာ မှန်ပေမယ့် အဲဒီအခြေအနေကို အကြောင်းပြုပြီး ရန်သူလည်း တိုးလာ တယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။
တရုတ်အရေး အကဲခတ်တချို့က ရှီဟာ ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့အတွက် အဂတိ တိုက်ဖျက်ရေးကို ခေါင်းစဉ်တပ်ခဲ့တယ် ဆိုတာမျိုးတောင် စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီခေါင်းစဉ် အောက်မှာပဲ ရှီရဲ့ မဟာမိတ်တွေ၊ သစ္စာတော်ခံတွေတောင် ဖယ်ရှားခံ လာရပါတယ်။ ရှီကို အမာခံ အား ပေးထောက်ခံသူလို့ ထင်ရှားတဲ့ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ရုတ် တရက် ထုတ်ပယ်ခံခဲ့ ရပါတယ်။ အဲဒီနောက်ပိုင်း ရှီရဲ့ မဟာမိတ်တွေ ဆက်တိုက် ထုတ်ပယ်ခံရမှုတွေလည်း ရှိခဲ့ပြန်ပါတယ်။ ရှီနဲ့ အရမ်းနီးကပ်ပြီး တရုတ်စစ်တပ်ထဲမှာ မူဝါဒရေးရာ အကြီးအကဲအဖြစ် တာဝန်ယူထားသူ သေနာပတိ မုန့်ဟွားဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ရာထူးကနေ ဆိုင်းငံ့ခံခဲ့ပြီး ပြီးခဲ့တဲ့လတုန်းကတော့ အပြီးတိုင်ထုတ် ပယ်ခံခဲ့ရပါတယ်။ ရှီဟာ ပြိုင်ဘက်တွေရဲ့ အားကောင်းလာတဲ့ အခြေအနေမှာ မဟာမိတ်တွေ ဆုံးရှုံးနေမှုကိုပါ ကြုံခဲ့ရတဲ့သဘောပါ။
အခုအခါမှာ ရှီဟာ တရုတ်နိုင်ငံရေး နယ်ပယ်မှာ တစ်ကိုယ်တော် ကြီးစိုးထားရာကနေ နည်းနည်းလေး နောက်ပြန်ဆုတ်ပေးလိုက်ဟန် တူပါတယ်။ BRICS လို ထိပ်သီးညီလာခံတွေမှာ သူ့အစားဝန်ကြီးချုပ် လီကျန်းက တာဝန်ယူ တက်ရောက်ခဲ့တာမျိုးဟာ ရှီက သူ့ရဲ့ အခန်းကဏ္ဍတချို့ကို စတင် လျှော့ချပေး လိုက်ခြင်းရဲ့ နိမိတ်ပုံလည်း ဖြစ်နိုင်ပါတယ်။ ရှီရဲ့ လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးမှုမှာ အဓိက အကျိုးအများဆုံး ပုဂ္ဂိုလ်ဟာ လီဖြစ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနှင့်ပြီးသားပါ။ အထူးသဖြင့် လီဟာ နိုင်ငံတကာ ရေးရာနဲ့ စီးပွားရေးမူ ဝါဒဆိုင်ရာ ကဏ္ဍတွေမှာ ပိုပြီး သြဇာရှိလာမယ်လို့ ယူဆရပါတယ်။ တရုတ်မှာ ရှီရဲ့ ကြီးစိုးမှုကို တိုက်ရိုက်စိန် ခေါ်နိုင်မယ့် လူပုဂ္ဂိုလ်၊ အင်အားစုတစ်ခုခုတော့ ပေါ်ထွက်မလာသေးပါဘူး။ ဒါပေမဲ့သမ္မတနဲ့ CCP ကြားက သဘောထား မတိုက်ဆိုင်မှုတွေ ပိုမို နက်ရှိုင်းလာတဲ့ အခြေအနေကတော့ စိတ်ဝင်စားစရာဖြစ်လာတာ အမှန်ပါပဲ။ ( ညိုစိမ်း )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )