တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်

၂၀၂၅၊ ဩဂုတ် ၂၉

    ကျွန်တော်တို့နိုင်ငံမှာ 'နိုင်ငံရေးလုပ်တာမကောင်းဘူး။ နိုင်ငံရေးမလုပ်ကြနဲ့။ နိုင်ငံရေးက ရှုပ်ထွေးတယ်။ မရိုးသားဘူး' စသဖြင့် ပြောကြတာ တွေ့ဖူး ကြား ဖူးကြမှာပါ။ အဲဒီစကား အသုံးအနှုန်း အယူအဆ မှန်သလား၊ မှားသလား သေချာဆန်းစစ်ကြည့်ရင် အတော်လေးမှန်နေတာ တွေ့ရပါတယ်။ အမှန်ကတော့ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးရဲ့ အဓိကအကျဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ သူ့အပေါ်မှာ အခြေခံပြီးသာ တစ်ပါတီစနစ်၊ ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူ နစ်စနစ် စသဖြင့် ကွဲပြားစွာ ကျင့်သုံးကြရတာပဲ ဖြစ်ပါ တယ်။ ဘယ်လိုစနစ်ပဲဖြစ်ဖြစ် နိုင်ငံရေးဆိုတာ အထူးသဖြင့် အာဏာအတွက် အပြိုင်အဆိုင်ဖြစ်တဲ့ သဘာ၀ရှိပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက်ထက်နိမ့်နေရင် ကလိမ်ကကျစ် နည်းလမ်းတွေ ထုတ်သုံးကြတော့တာပါပဲ။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အတော်နည်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ နိုင်ငံရေးကလိမ်က ကျစ်ကြတဲ့နေရာမှာစူပါပါ။ နိုင်ငံရေးကလိမ်ကကျစ်ကို ဘယ်နေရာမှာ ပိုသုံးကြသလဲဆိုရင် ရန်သူသဖွယ် တစ်ဖက်နဲ့တစ်ဖက် အားပြိုင်တဲ့အခါမျိုးမှာ သုံးကြတာ တွေ့ရပါတယ်။ 
    မြန်မာနိုင်ငံမှာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာအတွက် ရွေးကောက်ပွဲကတစ်ဆင့် ရွေးချယ်တဲ့ဓလေ့ စတင်အသက်ဝင်ခဲ့တာက လွတ်လပ်ရေးမရခင် အင်္ဂလိပ်ခေတ်ကလို့ ဆိုရမှာပါ။ အင်္ဂလိပ်ခေတ်မတိုင်မီက သက်ဦးဆံပိုင် ဘုရင်စနစ်ဆိုတော့ ရွေးကောက်ပွဲဓလေ့ မရှိခဲ့ဘဲ ဘုရင်ကသာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုလွှတ်တော်အတွက် တိုက်ရိုက်ခန့်ပါတယ်။ သီပေါမင်းလက်ထက်မှာ ကင်းဝန်မင်းကြီးဦးကောင်းက စည်းမျဉ်းခံဘုရင်စနစ်အရ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာကို ရွေးကောက်ပွဲကတစ်ဆင့် ဆောင်ရွက်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဥရောပနိုင်ငံတွေသွားပြီး အဲဒီနိုင်ငံတွေမှာ ကျင့်သုံးတဲ့ 'ဘုရင်က တိုင်းပြည်ဦးသျှောင်၊ ရွေးချယ်ခံ နန်းရင်းဝန်က တိုင်းပြည်ကိုအုပ်ချုပ်'ဆိုတဲ့ သဘာဝကို သူကိုယ်တိုင်တွေ့ခဲ့ပြီး နှစ်ခြိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ ဘယ်လိုရှိတယ် မသိရပေမယ့် သူ့အာဏာအတွက် လုပ်တာလား၊ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းလိုတာလား ဆိုတာ သမိုင်းဆရာတွေ အတော်ဝေခွဲရခက်ခဲခဲ့ကြပါတယ်။ Evolution အရ အနောက်နိုင်ငံတွေမှာ ပြောင်းလဲလာ တဲ့အပေါ် မြန်မာနိုင်ငံမှာ Revolution အရ ပြောင်းလဲဖို့ ကြိုးစားလိုပုံရပါတယ်။ ဒီအကြောင်းအချက် အရလည်း အင်္ဂလိပ်တို့ အလွယ်တကူ သိမ်းပိုက်သွားနိုင်တာလို့လည်း ယူဆနိုင်ပါတယ်။ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုသိမ်းတော့ ဘုရင်သီပေါသာ ပါတော်မူသွားခဲ့ပေမယ့် ကင်းဝန်မင်းကြီးကတော့ ရာထူး လစာနဲ့ အေးဆေးပါ။ နောက်ပိုင်း အသုံးချပြီးနောက်မှာတော့ ကင်းဝန်လည်းဂျောင်းရတာပါပဲ။ ဘာကို ပြောချင်တာလဲဆိုရင် ဒါလည်း နိုင်ငံရေးပါလို့သာ။ 
    ခေတ်စနစ်အရ အင်္ဂလိပ်က  တိုက်ရိုက်အုပ် ချုပ်လွှမ်းမိုးလာနိုင်တဲ့အခါမှာ သူ့အာဏာ၊ သူ့စနစ် တည်မြဲဖို့အတွက် မြန်မာနိုင်ငံကို ဒေသအလိုက်ခွဲခြားပြီး ဥပဒေလေးမျိုးနဲ့ အုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာပြည် မမှာ ဘုရင်ခံစနစ်နဲ့ သူ့ကို အထောက်အကူပြုဖို့ ရွေးကောက်ပွဲကခန့်တဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုအဖွဲ့ ထားရှိပေမယ့် တောင်တန်းဒေသတွေမှာ ဘာရွေးကောက်ပွဲမှ မလုပ်ဘဲ ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်ခဲ့ပြီး စော်ဘွားတွေ၊ တောင်ပိုင်တွေ၊ တောင်အုပ်တွေ၊ ဒူဝါတွေကို အာ ဏာပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဓလေ့အရ ပြည်မမှာ ရွေးကောက်ပွဲကတစ်ဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကို အသားကျခဲ့ပေမယ့် တောင်တန်းဒေသတွေမှာ သက်ဦးဆံပိုင် သဏ္ဌာန်သာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခွဲထွက်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ဖြစ်လာခဲ့တာ၊ အခုချိန်ထိ ညှိမရဘဲ ပိုဆိုးလာနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အုပ်ချုပ်ရေးစနစ် လွယ်ကူစေ ဖို့၊ အာဏာတည်မြဲစေဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးပဲ ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ အင်္ဂလိပ်အတွက် အကျိုး ရှိတဲ့နိုင်ငံရေး ဖြစ်ပေမယ့် မြန်မာတွေအတွက်ကတော့ အကျိုးယုတ်တဲ့ နိုင်ငံရေးပါ။ သူ့ကို ပြန်တော်လှန်မယ့် ဗမာတွေကို နှိပ်ကွပ်ပြီး တိုင်းရင်း သားတွေကို ပစားပေးထားတာ၊ ဗမာတွေထဲမှာ အာဏာမက်ပြီး သူ့နောက် လိုက်မယ့်သူတွေကို အခွင့်အရေးပေး စည်းရုံးထားတာတွေက နိုင်ငံရေးအရ ကောက်ကျစ်ယုတ်မာတာပဲ ဖြစ် ပါတယ်။ ဆိုလိုချင်တာက မြန်မာတိုင်းရင်းသားတွေကိုသွေးခွဲပြီး စည်းလုံးညီညွတ်ခိုင်မာတဲ့ နိုင်ငံရေးစနစ်အကောင် အထည်ဖော်ပေးခဲ့တာ မရှိဘူးဆိုတာပါပဲ။ 
    လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ ရွေးကောက်ပွဲအတွက် အပြိုင်အဆိုင် အတော် ကြီး မားကြပါတယ်။ ဖဆပလသာ အနိုင်ရတာ များပေမယ့် ဖဆပလချည်း သီးသန့် မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက်မှာတော့ ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုက ပိုမို ကြီးထွားလာခဲ့ကြပါ တယ်။ အဲဒီကာလမှာ သတင်းမီဒီယာကဏ္ဍကလည်း အတန်သင့် စီးပွားဖြစ်အောင်မြင်နေတဲ့အချိန်လို့ ဆိုလို့ရပါတယ်။ အဲဒီခေတ်က ရွေးကောက်ပွဲကာလနီးရင် သတင်းစာတွေမှာ ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေ ပွထနေအောင် ရေးကြ၊ ဖော်ပြကြတာ တွေ့ရမှာဖြစ်ပါတယ်။ ပါတီအလိုက်၊ သူ့အဖွဲ့အလိုက်၊ ပုဂ္ဂိုလ်ရေးအလိုက် သတင်းစာတိုက်တွေ ရှိကြ တဲ့အတွက် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေချည်းသာ သတင်းဖြစ်နေကြတာပါ။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ လူမှုရေးနဲ့ အညှီအဟောက်ဇာတ် လမ်းတွေ ဖော်ပြကြတာကိုလည်း ကောက်ကျစ်တဲ့နိုင်ငံရေးလို့ မသတ်မှတ်ကြဘဲ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာခဲ့ကြ တာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ 'စကတည်းက ယဉ်သကို' လို့ဆိုရပါလိမ့်မယ်။ တိုင်းရင်း သား အချင်းချင်း လည်းကွဲ၊ ဗမာနဲ့ ကျန်တိုင်းရင်းသားလဲကွဲ၊ ဗမာဗမာချင်းလည်း ကွဲပါတယ်။ 
    အထူး သင်ခန်းစာယူသင့်တဲ့ အကွဲအပြဲကတော့ နု-တင်နဲ့ ဆွေ-ငြိမ်း အကွဲအပြဲ သင်ခန်းစာပါ။ ဦးနုနဲ့ သခင်တင်၊ နောင်မှာ သန့်ရှင်း ဖဆပလ ကနေ ပထစ ပါတီပြောင်းလဲခဲ့တာက တစ်ဖက်၊ ဦးဘဆွေနဲ့ဦးကျော်ငြိမ်းက တည်မြဲဖဆပလအဖြစ်တစ်ဖက်။ ကွဲတဲ့အကွဲက အာဏာကို တောက်လျှောက် ရထားတဲ့ ပါတီအတွင်းက အာဏာလု ကွဲတဲ့အကွဲလို့ ဆိုရမှာဖြစ်ပါတယ်။ တိုင်းပြည်အကျိုးအတွက် မပါပါဘူး။ သူတို့သာ ရန်သူလို မကွဲကြရင်၊ အာဏာအတွက် တိုင်းပြည်ကို ချနင်းဖို့အထိ မပြိုင်ဆိုင်ခဲ့ကြ ရင် တိုင်းပြည်အခြေအနေ အခုလောက်ထိ ဆိုးလာစရာ ရှိလိမ့်မယ်မထင်ဘူး။ မြန်မာ့နိုင်ငံရေးမှာ အားပြိုင်ကြရင် အပြုတ်တိုက်ကြတဲ့သဘာ ဝဟာ ဖဆပလ ကနေ ဗကပ ခွဲထွက်သွားကတည်းကလို့ ဆိုရမယ်ထင်တယ်။ ဖဆပလ အကွဲအပြဲမှာ အပြန်အလှန် ဆော်ကြတာ ကြည့်မကောင်းဘူး။ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ အပြန်အလှန်ပေးစာတွေကို ဖတ်ကြည့်ရင် အဓိပ္ပာယ်တွေ အများကြီးတွေ့ရလိမ့်မယ်။ လူကြီးလူကောင်းလို၊ ခေတ်ပြိုင်ရင်းနှီးတဲ့ သူငယ်ချင်းလို ရေးထားကြပေမယ့် ထေ့လုံးရိလုံးလေးတွေက အပြတ်ဆော်ကြတော့ မယ့်သဘော ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်အကျိုးထက် ပါစင်နယ်အာဏာပြိုင်ဆိုင်မှုက ပိုနေတဲ့အတွက် ဖဆပလဟာ စိမရအောင် ကွဲသွားတာ ပဲဖြစ်ပါတယ်။ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွားကို  ပိုကြည့်ကြတယ်လို့ မြင်ပါတယ်။ ဒီအကျိုးဆက်အရ မလို လားအပ်တာတွေ ပိုပိုဆိုးလာတဲ့အတွက် အိမ်စောင့် အစိုးရပေါ်လာတာ။ ကိုယ်မဲရဖို့ ပြည်ထောင်စုပြိုကွဲ နိုင်တဲ့အထိ အပြန်အလှန် မဲဆွယ်စည်းရုံး ကြိုးစားလာ ခဲ့ကြတာတွေကြောင့် တပ်မတော်က အာဏာသိမ်း ရတဲ့အထိ ဖြစ်လာတာကို သင်ခန်းစာ ယူသင့်တယ်။ 
    ခေတ်တွေ ပြောင်းလဲလာတဲ့အခါမှာ ဒီလိုအမှားတွေ ကျူးလွန်လာခဲ့သူတွေ၊ သူတို့ရဲ့မျိုးဆက်တွေ က တစ်ပြန်သူတို့ကမှန်ပြီး တပ်မတော်က မတရားအာဏာ ရယူထားသလိုမျိုး ဖန်တီးလာကြတာ။ ဖဆပလကို မကြိုက်လို့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ကြသူတွေက ဖဆပလ ပျောက်သွားပြီး နောက်တပ်မတော်ကို ရန်သူလို သဘောထားလာကြတာ၊ ဆိုရှယ်လစ်စနစ်နဲ့ အစိုးရကို တိုက်ခိုက်ခဲ့ကြတဲ့ လက်ဝဲ၊ လက်ယာ အုပ်စုတွေက ဆိုရှယ်လစ်စနစ်နဲ့ အစိုးရပြုတ်ကျသွားတဲ့အခါ တပ်မတော်ကိုသာ ဘုံရန်သူအဖြစ် သဘောထားလာခဲ့ ကြတာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ အခြေအနေမှန်ပါ။ ဒါကို မှန်မှန်ကန်ကန်မြင်ပြီး ပြုပြင်နိုင်မှသာ မြန်မာ့နိုင်ငံရေး ကောင်းပါလိမ့်မယ်။ အထူးသဖြင့် ပြည်သူတွေ မှန်မှန်ကန်ကန် မြင်ဖို့လိုပါတယ်။ တပ်မတော်ဆိုတာ အမျိုးသားလုံခြုံရေးအတွက် မြန်မာ့နိုင်ငံရေးမှာ တန်ဖိုးအရှိဆုံး အဖွဲ့အစည်းပါ။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ပါ။
       သို့သော် ခေတ်အဆက်ဆက်က အခြေအနေတွေအရ အခုချိန်ထိ နိုင်ငံရေး မတည်ငြိမ်နိုင်သေးတဲ့ အချိန်မှာ တပ်မတော်က နိုင်ငံရေးမှာပါနေရဦးမှာပဲ ဖြစ်ပါတယ်။ အပြုတ်တိုက်မယ် ပြောလည်းပါနေမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စွပ်စွဲပြောဆိုနေတဲ့ ဗမာစစ်တပ်၊ နောက်ပိုင်း PDF တွေ ဖွဲ့လာလို့ စစ်အာဏာရှင်တပ်လို့ စွပ်စွဲပြောဆိုနေလည်း ပြည်ထောင်စုအတွက်၊ ပြည်ထောင်စုကို လိုလားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာနေကြတဲ့ တိုင်းရင်းသားတွေအတွက် ပြည် ထောင်စု မပြိုကွဲအောင်၊ ပြည်ထောင်စုအတွင်းမှာ လက်နက်နဲ့ အာဏာတည်ဆောက်နေတာတွေ ပျောက်သွားအောင် နိုင်ငံရေးမှာ ပါနေရဦးမှာပဲဖြစ်ပါ တယ်။ ဘယ်အချိန်အထိ ပါနေဦးမှာလည်းဆိုရင် လက် နက်ကိုင်လမ်းစဉ်ပျောက်ပြီး နိုင်ငံရေး တည်ငြိမ်အေး ချမ်းတဲ့အထိ ပါနေမှာပဲ ဖြစ်ပါတယ်။ 
    တပ်မတော်ကတော့ သူ့သဘာဝအရ သူလုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ကို လုပ်လေ့ရှိပါတယ်။ သူ့မှာ ဟိုလူမပါလို့၊ ဒီလူမပါလို့ဆိုတာ မရှိပါဘူး။ သူ့ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရင် တိုင်းပြည်အကျိုးကိုသာ အဓိကထားတာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည် စတင်ခဲ့ရာမှာ အခုဆိုရင် ရွေးကောက်ပွဲကတစ်ဆင့် အစိုးရသက်တမ်း နှစ်ကြိမ်နဲ့ အရေးပေါ်ကာလ လေးနှစ်ကျော် စုစုပေါင်း သက်တမ်း ကာလ ၁၅ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအ ခင်းအကျင်းတိုင်းမှာ တပ်မတော်က ပါဝင်ခဲ့တာ တွေ့ ရမှာဖြစ်ပါတယ်။ ဒီ ၁၅ နှစ်ကာလ အတွင်းမှာ အဆင်ပြေတာရော၊ မပြေတာတွေပါ ရှိနေပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကပေး ထားတဲ့ သူ့တာဝန်ကိုတော့ သူကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၂၁ ခုနှစ် ဖြစ်စဉ်ကို ပြန် ကြည့်ရင် သူ့ကိုပေးထားတဲ့ တာဝန်နဲ့သူ စောင့်ရှောက်ရမယ့် အခြေခံဥပဒေရဲ့အသက်ဖြစ်တဲ့ ဒီမိုကရေ စီအရ ပြည်သူတစ်ဦးချင်းရဲ့ အခွင့်အရေးကိုစောင့်ရှောက်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ သူတာဝန်ယူထား တဲ့ကာလမှာ ၁၅ နှစ်တာ ကြုံတွေ့ရတဲ့ အခြေအနေတွေ ကိုခြုံပြီး နိုင်သလောက် တည့်မတ်ပေးခဲ့တာ၊ ပြောင်းလဲသင့်တာ ပြောင်းလဲပေးခဲ့တာတွေ ဆောင်ရွက်ပြီးနောက် အခုအချိန်မှာ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်ရောက် ဖို့ ကြိုးစားပေးနေတာပဲ ဖြစ်ပါတယ်။  
    ရွေးကောက်ပွဲမတိုင်မီ အချိန်မှာကတည်းက ပါတီတွေသူ့အတိုင်းအတာနဲ့သူ အင်အားကောင်းအောင်  ဥပဒေထုတ်ပြန်ခဲ့ပြီး တစ်ပြေးညီ ပြန်လည်မှတ်ပုံတင်စေခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း လုံလောက်တဲ့အချိန် ပေးထားခဲ့တာ မျက်မြင်ပဲဖြစ်ပါတယ်။ သူ့လောဘနဲ့သူ၊ သူ့ဒေါသနဲ့သူ မတင်တာ ကိုတော့ လိုက်ချော့နေစရာမလိုဘူးလို့ ထင်ပါတယ်။ NLD ပြန်လည်မှတ် ပုံမတင်တာက သူ့ကိစ္စနဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည် မရှိလို့၊ အမိန့်မရလို့၊ လူမစုံလို့ဆိုတာတွေဟာ လက်ခံလို့မရတဲ့ အကြောင်းပြ ချက်တွေပါ။ အမှန်အတိုင်းမြင်ကြည့် ရင် မတင်ချင်လို့မတင်တာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မသမာတဲ့ မဲရလဒ်ကို အသေစွဲကိုင်ပြီး လက်နက်ကိုင် လမ်းစဉ်နောက်ကို လိုက်သွားကြတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ ပြည်ပကိုထွက်ခွာပြီး NLD အမည်နဲ့ ဗဟိုအလုပ်ကော်မတီဖွဲ့ပြီး နိုင်ငံတော်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုက်ခိုက်နေတာတွေဟာ နိုင်ငံရေးအရ မဆိုသာ ချင်ရင်တောင် ဥပဒေအရ မတရားအသင်း အဖြစ် ကြေညာရမှာပါ။ ဒါကို မသိကျိုးကျွန်ပြုပေးထားတာကိုကပင် ကျေးဇူးတင်စရာ ကောင်းနေပါပြီ။ ပြဿနာက ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ပြဿနာကို ပုံကြီးချဲ့လွန်းခဲ့တာပဲ ဖြစ်ပါတယ်။ အာဏာကို ကိုင်တွယ်ထားပြီးနောက်  ရထားတဲ့ရလဒ်ကို မစွန့်လွှတ်ချင်တော့ မဲမသမာမှုကို လည်း ပြန်မဖြေရှင်းပေး ချင်၊ တည့်မတ်ပေးဖို့ ကိုင်တွယ်တဲ့အခါကြတော့လည်း နဂိုအခံနဲ့ ရန်သူလို့မြင်နေ။ ဒါကြောင့်လည်း တပ်မတော်ပြုတ်ကျရေးကို အတင်းအကျပ်စီမံခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလည်း တိုင်းပြည်အတွက် ပြန်လည် တည့်မတ်ဖို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမှာကို အတုအယောင်လို့ ဆိုနေကြပြန်ပါတယ်။ ဘယ်ဟာက၊ ဘယ်အချက်က အတုအယောင်လဲ။ ကိုယ်မပါရလို့ ရထားတဲ့ရလဒ် ဆုံးရှုံးသွားမှာကြောက် လို့ အတင်းတွန်းပြောနေကြတာ အရမ်းထင်ရှားလွန်းနေပါတယ်။ 
    ဒီရွေးကောက်ပွဲအောင်မြင်သွားမှာ NLD အုပ်စုတွေ အရမ်းပူပန်နေပုံရပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ NLD ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင်၊ ၂၄ ရက်မှာ NUG က ကြေညာချက် တစ်စောင် ထွက်ပါတယ်။ သူတို့ရဲ့ ကြေညာချက်နှစ်ခုကိုကြည့်ရင် ရွေးကောက်ပွဲ အောင်မြင်ပြီး သူတို့ ဘေးရောက်သွားမှာ အတော်ကြောက်နေပုံ တွေ့ရတယ်။ တော်လှန်ရေးကလည်း မအောင်မြင်၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ သြဇာကလည်း မညောင်းတော့ အတော် အကြံ အိုက်နေပုံရပါတယ်။ ဗဟိုအလုပ်ကော်မတီက အခုမှထပြီး ဒေါ်အောင်ဆန်းစုကြည်ကို တမ်းတတာ ကလည်း အတော်အံ့သြစရာပါ။ NUG ရဲ့ ကြေညာချက်က အတော်လေး ကိုယ်ကျိုးကြည့်တဲ့ ကြေညာ ချက်လို့ဆို နိုင်ပါတယ်။ '၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ တရားဝင် ရှိနေဆဲဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ အခိုင်အမာရှိနေပြီး ဖြစ်တယ်'လို့ ပြောထားပြီး " CRPHက ၂၀၀၈ အခြေခံဥပဒေကို ပယ်ဖျက်ထားပြီးဖြစ်လို့ ဒီအခြေခံဥပဒေအောက်က လုပ်ဆောင်မှုဟာ တရားမဝင်ဘူး"လို့ ဆိုထားတာ တွေ့ရမှာဖြစ်ပါတယ်။ မေးလိုတာက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘယ်ဥပဒေအရ လုပ်တာလဲ။ အဖြေက ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရဆိုတာ ရှင်းရှင်းလေး။ ရထားတဲ့ရလဒ်ကျ အသေဆုပ်ကိုင် ထားတယ်။ သူတို့လုပ်ချင်တာ လုပ်ဖို့အတွက်ကျ ဖျက်ပစ်လိုက်ပြီဆိုတာ သဘာဝကျရဲ့လား။ ဖျက်ချင်း ဖျက်အကုန်ဖျက်ပစ်ရမှာ မဟုတ်ဘူးလား။ သူတို့ကျ Legitim-acy။ ပြည်သူ့ထောက်ခံမှုအပြည့်။ ကျန်သူတွေ က အာပလာ။ ဒီလိုလား။ သူတို့ကြေညာချက်က ၂၀၁၆ ခုနှစ် NLD အာဏာရလာတဲ့အချိန်မှာ အခြေခံဥပဒေကို လိုသုံးသုံးခဲ့တာနဲ့ အတူတူပဲ။ သူတို့အတွက်အသုံးတည့်ရင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ အရဆိုပြီး အသုံးချ။ သူတို့လုပ်ချင်တာနဲ့ မကိုက်ရင်တော့ အခြေခံဥပဒေကို မျက်ကွယ်ပြုထားတာပဲ မဟုတ်ပါလား။ 
    ပြည်သူတွေ မအကြပါနဲ့။ တိုင်းပြည်အတွက် ဒီအချိန်က အရမ်း အရေးကြီးပါတယ်။ ပထမအဆင့် စနစ်အပေါ် ပြန်ရောက်ဖို့ လိုပါတယ်။ တော်လှန်ရေးအောင်မြင်အောင်သာ စောင့်နေရင် နောင်ဘဝရောက် တဲ့အထိ ဒီမိုကရေစီရဖို့ လမ်းမမြင်ဘူး။ 
(ဇော်နိုင်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50149

© 2022 - 2025 News. All Rights Reserved.