ရန်ကုန်၊ သြဂုတ် ၂၇
ပြည်သူ့ပါတီ၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအနက် ငြိမ်းချမ်းရေးကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။
ပြည်သူ့ပါတီတည်ထောင်ခြင်း(၇) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်၌ ပြုလုပ်ခဲ့စဉ် ပါတီဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြား ခဲ့သည်။
"ကျွန်တော့်ခေါင်းထဲမှာ လေးလေးနက်နက် လွှမ်းမိုးနေတဲ့ကိစ္စက ငြိမ်းချမ်းရေးကိစ္စပါ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူ့ပါတီဟာလည်း (၇)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကနေ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စထဲမှာ ဦးစားပေးအဖြစ်က ကျွန်တော်တို့ ငြိမ်းချမ်းရေးကိစ္စပါ။ အဲဒီတော့ ငြိမ်းချမ်း ရေးမရှိဘဲနဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေအားလုံး မဆောင်ရွက် နိုင်ပါဘူး။ ဒါဟာ ပကတိအခြေအနေပဲ"ဟု ၎င်းက ပြောသည်။ ထို့အပြင် ပြည်သူ့ပါတီက တန်းတူညီမျှ ပူးပေါင်းဆောင်ရွက်ကြမည့် ဖက်ဒရယ်ဖြစ်ရေး၊ ငြိမ်းချမ်းသည့် နိုင်ငံတော်ဖြစ်ရေး အဓိကဦးစားပေး လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆက်ပြောသည်။
"ဖက်ဒရယ်နဲ့ပတ်သက်ရင် အစဉ်အလာအယူအဆတွေ ကိုယ်၌က ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်။ အစရှိသဖြင့် စိုးရိမ်ကြောင့်ကြမှုဖြစ်နေတဲ့အချိန်မှာ ဖက်ထားတဲ့ ဖက်ဒရယ်၊ တန်းတူညီမျှ ပူးပေါင်း ဆောင်ရွက်ကြမယ့် ဖက်ဒရယ်ဖြစ်ဖို့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ဖြစ်ဖို့ ကျွန်တော်တို့ ပြည်သူ့ပါတီက အဓိကဦးစားပေးလုပ်ငန်းအဖြစ်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ပြည်သူ့ပါတီတည်ထောင်ခြင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခုနစ်ဖွဲ့ (7 EAOs) ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဦးစီးအဖွဲ့ဝင် ဗိုလ်မှူးကြီး စောမောင်မောင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဦးဆောင်ပုဂ္ဂိုလ် ဦးလှမောင်ရွှေ အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ပြည်သူ့ပါတီအဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားတွင် ပါတီဥက္ကဋ္ဌ နှုတ်ခွန်းဆက် အမှတ်တရစကား ပြောကြားမှုအပြီးတွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ ဒေါ်ခင်စောနွဲ့နှင့် KNU/KNLA-PC ဦးစီးအဖွဲ့ဝင် ဗိုလ်မှူးကြီး စောမောင်မောင်တို့မှလည်း မုဒိတာစကားများ ပြောကြားခဲ့သည်။
"ဦးကိုကိုကြီး ပြောသွားတဲ့အထဲမှာ ငြိမ်းချမ်းရေးအကြောင်းတွေ ပါလာတော့ အောက်မှာ နားထောင်ရင်းနဲ့ တော်တော်လေး အားရမိတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကို လိုချင်တာ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေပါပဲ။ တစ်ချိန်တုန်းက ကျွန်တော်တို ကရင်ပြည်နယ်က တော် တော်ကို ပျော်စရာကောင်းခဲ့တယ်၊ သာယာခဲ့တယ်။ ခရီးသွားတွေလည်း ကရင်ပြည်နယ်ကို လာရောက် ကြတာ အများကြီးရှိခဲ့တယ်။ အခုဆိုရင် ဒီကနေပြီးတော့ စစ်တောင်းမြစ် လောက်ကျော်တာနဲ့ လမ်းကြောင်းက အခြေအနေ မကောင်းတော့ဘူး။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ပါတီဝင်တွေရော၊ တချို့သောပါတီ အဖွဲ့ဝင်တွေရော တက်ရောက်ကြတဲ့ ကိုယ်စားလှယ်အားလုံးကို ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်စေလိုတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ ကရင်ပြည်နယ်ဆိုရင် အခုဆို တော်တော်ကို ပျက်စီးနေပြီ။ ဒါတွေကို ပြန်ပြီးတော့ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးဖို့က ကျွန်တော်တို့တစ်တွေ ဒီမှာရှိနေတဲ့ ပါတီဝင် ကိုယ်စားလှယ်တွေ ပြည်သူလူထု အကုန်လုံး ပဲ ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီး စောမောင်မောင်က ပြောကြားခဲ့သည်။
လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ ဒေါ်ခင်စောနွဲ့ကလည်း ထာဝရငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးစားနေကြချိန်တွင် ပါတီများအနေဖြင့် နိုင်ငံရေးနည်းလမ်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တွေ့ဆုံဆွေးနွေးရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ညီသစ်