တောင်ခမ်းမှသည် နောင်ချိုဆီသို့

၂၀၂၅ ၊ ဇူလိုင် ၃၁
    နောင်ချိုမြို့ကို တပ်မတော်က အပြည့်အ၀ ထိန်းချုပ်ခဲ့ပြီးနောက် မြို့ခံပြည်သူများ အလုံးအရင်း ပြန်လည်ဝင်ရောက်လာကာ ရက်ပိုင်းအတွင်း မြို့ပြစည်ကား မှုကို ပြန်လည် တွေ့မြင်ခဲ့ရသည်။ လက်နက်ကိုင် သောင်းကျန်းသူတို့၏ ထိန်းချုပ်မှုအောက်တွင် အချိန် ၁၁ လကျော် ကြာနေခဲ့ရသည့် နောင်ချိုမြို့နယ်၏ ဒဏ်ရာဒဏ်ချက်တွေကို အထင်းသား မြင်နိုင်ဖို့ နောင်ချိုခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ၏ မိုးစက်များအောက် အေးချမ်းလှသည့် ပြင်ဦးလွင်မြို့မှတစ်ဆင့် နောင်ချိုမြို့ကို သွားရောက်ခဲ့သည့် ခရီးစဉ်က ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့သည်။ နောင်ချိုမြို့ကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့မှုတွင် အရေးပါလှသည့် တောင်ခမ်းဒေသကို ခရီးဆက်ခဲ့ပြီးနောက် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက် ရရှိစေရန် တပ်မတော်၏ အချိန်ယူ ကြိုးပမ်းခဲ့ရမှုကို ထင်သာမြင်သာ ပိုရှိစေခဲ့သည်။
    နောင်ချိုမြို့သို့ လက်နက်ကိုင်သောင်းကျန်းသူများ စတင်တိုက်ခိုက်ခဲ့သည့် သတင်းမှတ်တမ်းများကို ဖော်ပြရလျှင် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက် မှစတင်၍ နောင်ချိုမြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက် ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားအောင် လုပ်ဆောင်ခဲ့ကြသည်။ အင်အား အလွန်အကျွံသုံးကာ တိုက်ခိုက်လာမှု ကြောင့် မြို့ခံလူထုများ အိုးအိမ်များကို စွန့်ခွာကာ တိုက်ပွဲနှင့် ဘေးလွတ်ရာ များသို့ တိမ်းရှောင်ခဲ့ရသည်။
    သာလွန်အင်အားဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ တပ်ရင်း^တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်စစ်ကြောင်းများ ခုခံကာကွယ်ခဲ့သော်လည်း ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းတို့ကြောင့် ကြားခံစစ် အဆင့်ဆင့်ဖြင့် ခံစစ်ဆင်ဆုတ်ခွာခဲ့ကာ တောင်ခမ်းတပ်နယ်နှင့် ပြင်ဦးလွင် တပ်နယ်တို့ရှိ နယ်မြေခံတပ် များနှင့် ပူးပေါင်း၍ တောင်ခမ်းနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် ထိစပ်နေသည့်ဒေသတို့၌ ယာယီခံစစ် ဆင်ကာ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို ပြန်လည် ခုခံခဲ့ရသည်။ နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားရှိပြီး စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာသည့် TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ သည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက်မှ စတင်၍ တောင်ခမ်းတပ်နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်နေရာယူပြီး ရွာသူရွာသားများအား လူသားတံတိုင်းသဖွယ် အသုံးပြု၍ တပ်မတော်စစ်ကြောင်း များနှင့် တပ်စခန်းများအား အင်အား အလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြသည်။


    ထိုကဲ့သို့ အင်အားအလုံးအရင်း ထိုးစစ်ကို ကာကွယ်ရန် တပ်မတော်က စစ်ဗျူဟာ အရေးကြီး မြေများတွင် ဖြန့်ခွဲ၍ အသင့်ခံစစ်ပြင်ဆင် ခုခံတိုက်ခိုက်မှုများကြောင့် အလွယ်တကူ ထိုးဖောက် တိုက်ခိုက် နိုင်ခြင်း မရှိဘဲ Drone များ၊ လက်နက်ကြီးများအသုံးပြု၍ တပ်ရင်းဌာနချုပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ငယ်များခွဲကာ အလစ်အငိုက် တိုက်ခိုက်ခြင်းများ၊ အဓိက အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်နေသည့် နောင်လင်း-မဲပုတ်-ဈေးကုန်းလမ်း၊ နားရှိုး-ဈေးကုန်း လမ်းဆုံတို့အား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ ယာပြင်-အင်းဖို-တောင်ရှည် လမ်းကြောင်းအား ထိုးဖောက် ဝင်ရောက်၍ တောင်ခမ်းရွာ နေရာများကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခြင်း၊ နောင်လင်း-မဲပုတ်-မကျည်းရေလမ်းကြောင်းမှတစ် ဆင့် တပ်မတော်စခန်းများအား  တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ တစ်ပြိုင်နက်အဖြစ် ပြင်ဦးလွင်-နောင် ချို ဆက်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကျောက်ကြမ်း၊ အုမ္မခါး၊ ရေမောင်းတန်း၊ အုမ္မသီး၊ ဘန့်ဘွေးဒေသနှင့် ပြင်ဦးလွင်-မိုးကုတ်လမ်းကြောင်းပေါ်ရှိ ဟိုခို၊ သံဘို၊ ကျောက်မဲ လေးဒေသအထိ တိုးချဲ့ တိုက်ခိုက်လာ ခဲ့သည်။
    လက်နက်ကိုင်သောင်းကျန်းသူများ တောင်ခမ်းဒေသသို့ စိမ့်ဝင်လာမှုနှင့်ပတ်သက်၍ တောင်ခမ်းဒေသတွင် တာဝန်ကျနေသည့် တပ်မတော်အရာရှိကြီးတစ်ဦးက "မှတ်မှတ်ရရ ဒီကောင်တွေ ဒီထဲကို ဝင်လာတာ ၈ ရက် ၈ လ ၂၀၂၄ ခုနှစ်မှာ စတင် ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ၉ ရက်မှာ ယာပြင်ဘက်ကနေ ဝင်လာတာကို လိုင်းပေါ်ကနေ ကြိုတင် သတင်းရတယ်။ စဖြစ်တာက ၁၀ ရက် ၈ လ ၂၀၂၄ ကျွန်တော်တို့ ကာကင်းကို စပစ်ရာကနေ တိုက်ပွဲစဖြစ်တယ်။ ကာကင်းက လူနည်းပြီး ဒီကောင်တွေ ဘက်ကလူများတော့ ပစ်ခတ်တိုက်ခိုက်ပြီး ပြန်ဆုတ်လာကြတယ်။ ဒီကောင်တွေက မဲပုတ်တောင်ကြား တွေကတစ်ဆင့် ဈေးကုန်းရွာဘက်ကို ဝင်လာကြတယ်။ ဒါကို တပ်မတော်ဘက်ကနေ ဇေတဝန်ကုန်း ဘက်ကနေ အကဲကြည့်ပြီး ပစ်ကူပေးဖို့လုပ်နေတဲ့အချိန် ဒီကောင်တွေ ရိပ်မိပြီး ကုန်းပေါ်တက်လာကြတယ်။ တက်လာတော့ တပ်မတော်က ပြန်ဆင်းပြီး သက်ဆိုင်ရာ တပ်တွေကို ပြန်ကြတယ်။ ကုန်းကို အခြေပြုပြီးတော့ တပ်တွေကို ခါးလယ်က ဖြတ်ထုတ်လိုက်တယ်ပေါ့။ခါးလယ် ဆိုတာက ၉၀၂ နဲ့ ၃၅၄ တပ်နှစ်တပ်ကြားကို ဝင်လာတယ်ပေါ့ဗျာ။ အင်အား အလုံးအရင်းနဲ့ ကမ္ဘောဇဘုန်းတော်ကြီးကျောင်းကို ဝင်ရောက် နေရာယူလိုက်ကြတယ်။
    အဲ့ဒီမှာ စတိုက်တော့ ကျွန်တော်တို့ ခံချကြတာပေါ့ဗျာ။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တာပေါ့။ တပ်တွေအချင်းချင်း လက်ချင်းချိတ်နိုင်ဖို့ ကြိုးစားကြတာပေါ့ဗျာ။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ လမ်းတွေ ပြန်ပွင့်သွားပြီး ဒီကောင်တွေ စတင်ဆုတ်ခွာတဲ့ အနေအထား ဖြစ်လာပါတယ်"ဟု ကနဦး တောင်ခမ်းဒေသစိုးမိုးရေး တပ်မတော်၏ ကြိုးပမ်းမှုကို ပြောကြားခဲ့သည်။
    "ဒီတိုက်ပွဲမှာ ကျွန်တော်တို့က နယ်မြေပိုကျွမ်းတယ်။ နောက် အမြောက်က အဖွဲ့တွေကလည်း နယ်မြေခံတွေများတယ်။ နယ်မြေကျွမ်းတော့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာနဲ့ အိမ်ကအစ သိတော့တာပဲ။


    အဓိကçကတော့ နယ်မြေကျွမ်းကျင်မှုနဲ့ ဒီမှာရှိတဲ့ စစ်သည်တွေအားလုံး လက်ရုံးပေါင်းစုံက စိတ်ဓာတ် ကောင်းကောင်းနဲ့ တိုက်ခိုက်ခဲ့ကြတာပါပဲ။ နည်းနည်း ကြာတာတော့ရှိပေမယ့် အချိန်တန်တော့ အောင်မြင်သွားတာပါပဲ။ တိုက်ပွဲမှာ ရိက္ခာအတွက်ကလည်း လေယာဉ်ကနေ လာချတယ်။ ရတာလေးနဲ့ ဆွဲဆန့်စားလိုက်။ စိတ်ဓာတ် ကောင်းကောင်းနဲ့ တိုက်ခိုက်ကြတာပေါ့။ ရန်သူကလည်း အင်အား တော်တော်များတယ်။ စစ်စကားနဲ့ ပြောရရင် သူတို့ရဲ့ စစ်ဦးဘီလူးအချိန်ပေါ့။ နောင်ချိုကိုထိန်းပြီး စိတ်ဓာတ်တွေ တက်နေတဲ့အချိန်ပေါ့။ တောင်ခမ်းကိုလည်း အလွယ်တကူသိမ်းလို့ ရမယ်ဆိုပြီးလာတဲ့ အချိန်ပေါ့။ ကုန်းတွေပေါ်တက် နေရာယူဆိုတော့ တပ်မတော်ဘက်က အချိန်ယူပြီး သိမ်းရတာပေါ့။ အဓိက အခက်အခဲကတော့ သာသနိက အဆောက်အအုံတွေကို ခြေကုပ်ယူကြတာပါပဲ။ ဘုန်းကြီး ကျောင်းတွေကို ဝင်ရောက် နေရာယူပြီဆိုရင် ဒီနေရာကိုရဖို့အတွက် ဒါတွေကို မဖြစ်မနေ ပစ်မှရတော့မယ်လေ။ အထိအခိုက်အနည်း ဆုံးဖြစ်အောင် အချိန်ယူဆောင်ရွက်ရတာ ဒါတွေကြောင့် ဖြစ်ပါတယ်။ ကမ္ဘောဇကျောင်းဆိုရင် ရန်သူတွေက အခိုင်အမာကို နေရာယူထားခဲ့ကြတာပါ။ ဒါကြောင့်လည်း မပျက်စီးသင့်ဘဲ ထိခိုက်မှုရှိခဲ့တာပါ။ အဲဒီကျောင်း ဆောင်ကြီးဆိုရင် ၂၀၂၄ ခုနှစ် မတ်လကမှ ရေစက်ချလှူ ဒါန်းထားတာပါ။ တပ်မတော်သားတွေရော၊ ဒေသခံတွေရော၊ ရပ်ဝေးရပ်နီး အလှူရှင်တွေရော လှူဒါန်းခဲ့တာပါ"ဟု တိုက်ပွဲအခက်အခဲကို ဆက်လက်ပြောကြားသည်။
    အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ခြင်းများကြောင့် တောင်ခမ်းဒေသသို့ တပ်မတော်မှ ကွန်မန်ဒိုအဖွဲ့များ၊ စစ်ကူစစ်ကြောင်းများနှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများအား အမြန်ဆုံး ဖြည့်တင်း ဆောင်ရွက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပူးပေါင်းကာ မြေပြင်၊ ဝေဟင်ဟန်ချက်ညီပေါင်းစပ်ပြီး မြေပြင်သတင်း ဖော်ထုတ်၍ ၂၀၂၄ ခုနှစ် သြ ဂုတ်လ ၂၅ ရက်မှစ၍ အကြမ်းဖက် သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး (Counter Terrorism Operation) ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့် တိုက်ခိုက်ခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် မကျည်းရေမှ တစ်ဆင့်တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်း ကြောင်းများအား ပြန် လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ အလားတူ ကျောက်မဲလေးဒေသမှ သံဘိုကျေးရွာအနီးနှင့် ဘန့်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီး လမ်းခွဲတို့အား တန်ပြန်တိုက်စစ်ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့အပြင် တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူး တစ်ဝိုက်အား၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တွင်လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင်လ ၁၂ ရက်တွင်လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ အုမ္မသီး လမ်းခွဲမှ အုမ္မခါး ကျေးရွာအထိအား ဇွန် ၂၅ ရက်တွင်လည်း ကောင်း၊ ကျောက်ကြမ်းနေရာတစ်ဝိုက်အား ဇူလိုင်လ ၁၅ ရက်တွင်လည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    တောင်ခမ်းဒေသတစ်ဝိုက် ဖြစ်ပွားခဲ့သော ထင်ရှားသည့် တိုက်ပွဲများမှာ ငုံးမင်းစေတီတိုက်ပွဲ၊ ပွိုင့်  (၁၁၃၀) တိုက်ပွဲ၊ ဇေတဝန်ဘုရားကုန်း တိုက်ပွဲ၊ မန်ကျည်းရေဘုန်းကြီးကျောင်းတိုက်ပွဲ၊ ထုံးဖိုစုကျေးရွာ တိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊  နားရှိုးကျေးရွာတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘု ရားကုန်းတိုက်ပွဲ၊ မန်မောကျေးရွာ တိုက်ပွဲ၊ တောင်ရှည် ကျေးရွာတိုက်ပွဲ၊ ကျောက် ကြမ်းတိုက်ပွဲ၊ နမ့်ဆောင်ဟူး တိုက်ပွဲ၊ မျက်ချင်းနုတိုက်ပွဲ၊ ရွှေပြည်ညွန့် တိုက်ပွဲ၊ ရွှေသွန်းတိုက်ပွဲ၊ ကုန်းစံ တိုက်ပွဲ၊ ဂုတ်ထိပ်တိုက်ပွဲ၊ ပွိုင့်-၁၁၁၈ တိုက်ပွဲများ ဖြစ်သည်။ ပြင်းထန်ခဲ့သော တိုက်ပွဲများတွင် ရင်ဆိုင်ခဲ့ရသော တပ်မတော်အရာရှိငယ် တစ်ဦးကလည်း "အခက်ခဲဆုံးကတော့ တာဝါတိုင်ကုန်း၊ ၁၁၃၀ ကုန်းနဲ့ မန်မော်ကုန်းတွေကတော့ အခက်အခဲဆုံးကုန်းတွေလို့ မြင်ပါတယ်။ ၁၁၃၀ ဆိုရင် နှစ်ရက် တိုက်ရတယ်။ ဆယ်တောင်ပြည့်ကုန်းကိုဆိုရင် တစ်ရက်ပဲ။ ဒီကောင်တွေ သွေးပျက်နေကြပြီ။ အဲဒီအချိန်မှာ ဓနု PDF နဲ့ TNLA ကလည်း အဖွဲ့တွေ ကွဲကုန်ကြပြီ။ ဘာ ကြောင့်လဲဆိုတော့ TNLA က ဓနု PDF ကို ရှေ့ကနေ အသေခံတိုက်ခိုင်းတယ်။ ပြီးရင် ဆေးကျွေးခဲ့တယ်။ နောက်ပြီး ဓနု PDF ကို လေး၊ ငါး၊ ဆယ်ယောက် လောက်ထားခဲ့ပြီး သူတို့က ဆုတ်ခွာသွားကြတာ။ အဲဒီမှာ စိတ်ဓာတ် ပျက်ပြားသွားပြီး ဘယ်လောက် ခက်ခဲတဲ့ ကုန်းဖြစ်ပါစေ လက်နက်ကြီးကုန်းတစ်ကုန်းကို ငါးလုံးလောက်ပစ်လိုက်ရင် ဆင်းပြေးကြတော့တာပဲ။ အရင်တုန်းက ကုန်းတွေဆိုရင် ခံတိုက်သေးတယ်။ နောက်ပိုင်း ဘယ်လိုမှ ခံမတိုက်နိုင်တော့ဘဲ ဆုတ်ကြတော့တာပဲ။ ၁၁၃၀ လို လုံးဝခံစစ် လုပ်ထားတဲ့ကုန်းတွေကို သိမ်းလိုက်ချိန်မှာ ဒီကောင်တွေ လုံး၀စိတ်ဓာတ်ပျက်သွားတော့တာပဲ။ တိုက်ပွဲမှာ အကျအဆုံး အများဆုံးကတော့ ဓနု PDF တွေ များပါ တယ်။ အဓိကကတော့ ရွာငံ၊ ပင်းတယက ပါလာတဲ့ PDF တွေဖြစ်ပါတယ်"ဟုပြောသည်။
    နယ်မြေ လေ့လာချက်အရ TNLA နှင့် အကြမ်းဖက် PDF သောင်းကျန်းသူများသည် နယ်မြေစိုးမိုးမှုနှင့် ခံစစ်များကို ဆောင်ရွက်ရာတွင် သာသနိက အဆောက်အအုံများကို အဓိကနေရာယူထားကြပြီး တပ်မတော်၏ တိုက်ခိုက်မှု အခက်အခဲဖြစ်စေရန် ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့်လည်း တပ်မတော်က သာသနိက အဆောက်အအုံများကို ပြန်လည်သိမ်းပိုက်ရယူရာတွင်  ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်ရခြင်းကြောင့် အချိန်အတိုင်းအတာတစ်ခု ယူခဲ့ရသည်။ ထို့အပြင် အကြမ်းဖက်သောင်း ကျန်းသူများမှာ အရပ်သားပြည်သူတို့၏ တိုက်တာအိုးအိမ် အဆောက်အအုံများအတွင်း ဘန်ကာများ တည်ဆောက်၍ စစ်စခန်းများသဖွယ် အသုံးပြုခဲ့ရသဖြင့် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံး ရှုံးခဲ့ရခြင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပေသည်။ နောင်ချို- တောင်ခမ်း ခရီးစဉ်အတွင်း ထိခိုက်ပျက်စီးမှု အများဆုံး နေရာများမှာ အကြမ်းဖက်သောင်းကျန်းသူများ နယ်မြေချဲ့ထွင်ရာ လမ်းတစ်လျှောက်နှင့် ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ ပြည်သူပိုင်အဆောက်အုံပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရသည်။ စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး အကြိမ် ၂၀ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီးရန် သူ့ထံမှ အလောင်း ၁၇၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။တိုက်ပွဲအောင်မြင်ရခြင်း၏ အဓိကအချက်ကို မေးမြန်းရာတွင် တပ်မတော်သားအရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တို့၏ တူညီသော ဖြေကြားချက်မှာ အကြီးအကဲများမှ တပ်မတော်၏ ထိုးစစ်အတွက် လိုအပ်သောလက်နက် ခဲယမ်းထောက်ပံ့မှုများ အားကောင်းခြင်း၊ စစ်သည်များ၏ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ နည်းပညာ သာလွန်လာခြင်းများကြောင့်ဟု ပြောဆိုကြသည်။
    အကြမ်းဖက် သောင်းကျန်းသူများသည် တပ်မတော် စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်အား ဆက်လက်ခုခံနိုင်ခြင်းမရှိတော့ဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ဇူလိုင် ၁၆ ရက်တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် သိမ်းပိုက်ခဲ့ပြီးနောက် နောင်ချိုနှင့် တောင်ခမ်းဒေသသို့ ဒေသခံပြည်သူများ ဝင်ရောက်လာခဲ့သလို ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးတို့ကိုလည်း အချိန်တိုအတွင်း အကောင်အထည် ဖော်နိုင်ခဲ့သည်။ ထိုကြောင့် နေရပ်သို့ ပြည်သူများ စိတ်ချစွာပြန်လည်ဝင် ရောက်လာရန်အတွက်လည်း တပ်မတော်အဆင့်မြင့် အရာရှိကြီးတစ်ဦးက "နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက်ကို တပ်မတော်စစ်ကြောင်းတွေ အားလုံးကအပြည့်အ၀ တာဝန် ယူရုံတင်မကဘူး ဒီနောင်ချိုမြို့ရဲ့ ပြင်ပနေရာတွေအထိကို ဆက်လက်ပြီးတော့ အကြမ်းဖက်သောင်းကျန်းသူရှိတဲ့နေရာတွေကို ထိုးဖောက်ပြီးတော့ သိမ်းပိုက်နေတာဖြစ်တဲ့အတွက်  တစ်အချက်က နောင်ချိုမြို့ကြီးရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရာနှုန်းပြည့် အာမခံနိုင်ပါပြီ။ အဲဒါကြောင့် တချို့သတင်းမှားတွေ၊ ကောလာဟလတွေ နားမယောင်ဘဲနဲ့ မိမိတို့နေရာဒေသကို အမြန်ဆုံး အေးချမ်းပျော်ရွှင်စွာနဲ့ ပူပင်သောကကင်းကင်းနဲ့ ပြန်လာနိုင်ပြီလို့ ပြောချင်ပါတယ်"ဟု ပြောသည်။


    နောင်ချို့မြို့ကို တပ်မတော်က အပြည့်အ၀ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဒေသခံဓနုလူငယ်များ အသိအမြင်မှန်များဖြင့် အလင်းဝင်ရောက် လာမှုများ တစ်စတစ်စ ပိုမိုများပြားလာခဲ့သည်။ မကြာမီ ရက်ပိုင်းအတွင်း ဓနုလူငယ်အင်အားဆယ်ချီ အလင်းဝင်ရောက်ရန် ဆက်သွယ်ထားကြောင်း သိရခဲ့ရ သည်။ "ခုချိန်မှာတော့ ဓနု PDF တွေ တော်တော်များများ အလင်းဝင်ကြတယ်။ နောက်တောင်ရှည် တောင်ခမ်းက အတင်း အဓမ္မ စုဆောင်းခံရတဲ့သူတွေက မိသားစုတွေနဲ့ ဆက်သွယ်ပြီး အလင်းပြန်ဝင်ကြ ပါတယ်။ သူတို့လည်း မြေပြင်အနေအထားကို သုံးသပ်နိုင်သွားပြီ။ အခု တပ်မတော်က ပြန်ပြီး တိုက်စစ် ဖွင့်ပြီး ကောင်းကောင်းကြီးလည်း ထိန်းချုပ်နိုင်သွားပြီ ဖြစ်တဲ့အတွက် အမြင်မှန်ရပြီး အမြန်ဆုံးအလင်း ဝင်ကြဖို့ ပြောချင်ပါတယ်"ဟု တပ်မတော် အရာရှိတစ်ဦးက ဆိုသည်။
    တပ်မတော်သားများ အသက်သွေးချွေးပေးဆပ်ကာ အချိန်ကာလရှည်ယူ၍ ခက်ခဲသောတိုက်ပွဲ ပေါင်းများစွာဖြင့် ရယူထားသော နောင်ချိုနှင့် တောင်ခမ်းဒေသသို့ ယခုအခါ ပြည်သူများ ပြန်လည်ဝင်ရောက်လာကြသည့်အတွက် ပြည်သူများ ဘေးအန္တရယ်ကင်းရှင်းရေးကိုလည်း တပ်မ တော်က ဆက်လက် ဆောင်ရွက်နေကြောင်း တောင်ခမ်းဒေသတွင် တာဝန်ယူနေသော တပ်မတော် အရာရှိကြီးတစ်ဦးက လည်း "ခုပြည်သူတွေ ပြန်ဝင်လာတာ သုံး၊ လေးရက် ရှိပြီ။ ဒါကြောင့် မိုင်းရှင်းလင်းရေးကို တပ်မတော်က ဆက်လက်ဆောင်ရွက်ပေးနေပါတယ်။ ပြည်သူတွေကိုလည်း မိုင်းနဲ့ပတ်သက်ပြီး အသိပညာပေးနေပါပြီ။ နေရာစုံ လျှောက်မသွားကြဖို့၊ သံသယရှိရင် အကြောင်းကြားဖို့၊ လက်ကျန် လက်နက်ခဲယမ်းတွေကို ကိုင်တာမျိုး မလုပ်ဖို့၊ တွေ့ရင် လာအကြောင်းကြားပြီး သက်ဆိုင်ရာ တပ်ဖွဲ့တွေက လိုက်လံ ရှင်းလင်း ပေးနေပါတယ်"ဟု ပြောကြားသည်။ ယခုအခါ လပေါင်းများစွာ အချိန်ယူကာ တောင်ကုန်းတောင်တန်း ထူထပ်ပြီး ရန်သူတို့၏ အခိုင်အမာ ခံစစ်ကုန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော တောင်ခမ်းမှ သည် နောင်ချို့သို့ စစ်ပွဲကြီးမှာ ပြီးဆုံးခဲ့ရပြီ ဖြစ်သည်။ ပြည်သူများသည်လည်း လက်နက်ကိုင်သောင်း ကျန်းသူများ၏ လက်အောက်တွင် နေထိုင်ရသည့်ဘဝနှင့် တပ်မတော်၏ လက်အောက်နေ ထိုင်ရသော ဘဝများကို ကွဲပြားစွာ သိရှိသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ပျက်စီးဆုံးရှုံးရသော လူမှုဘဝများ ပြန်လည် တည်ထောင်ရေး ဆောင်ရွက်ရင်း စစ်ကပေးသည့် သင်ခန်းစာများဖြင့် နောင်ချိုမြို့သည် တည်ငြိမ်အေး ချမ်းမှုများဆီ ဦးတည်သွားမည့် အရိပ်အယောင်များ တွေ့မြင်ခဲ့ရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48423

© 2022 - 2025 News. All Rights Reserved.