တော်လှန် နတ်ပွဲ

၂၀၂၅ ၊ ဩဂုတ် ၁၄
    ဆြာထူးတစ်ယောက် တပည့်ကျော် သက္ကခိုးငိုကို ခေါ်ကာ နာမည်ကျော် နတ်ပွဲတစ်ပွဲကို ခြေဆန့်လေသည်။ သက္ကခိုးငိုဆိုတာက ဆြာထူး၏ လက်ရင်းတပည့်ဖြစ်ပြီး စိတ်အားငယ်တတ်ကာ တစ်ယောက် တည်း  ခိုးခိုးငိုတတ်တာကြောင့် အမည်ရင်း သက္ကနောက်မှာ ခိုးငိုဆိုပြီး ထည့်ပေးထားတာ ဖြစ်သည်။ ခုရာသီက နာမည်ကျော် နတ်ပွဲလမ်းသဘင်တွေ ကျင်းပရာရာသီ ဖြစ်တာကြောင့် တပည့်ကျော်ကို လက်ဆွဲကာ နှစ်ယောက်သား တော်လှန်နတ်ပွဲကြီးကို ချီတက်ကြတာ ဖြစ်သည်။ ဝေးလံခေါင်ဖျားသော နယ်စပ်တစ်လျှောက် ဒေသတစ်နေရာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော တော်လှန်နတ်ပွဲက ယုံကြည်သူများနှင့် စည်ကားလေ့ရှိသည်။ မြန်မာလူမျိုးတို့ ယုံကြည်ရာ ၃၇ မင်း နတ်များနှင့် လုံး၀မဆိုင်သော ခေတ်ပေါ် နတ်ကြီးများ၏ နတ်ပွဲဖြစ်သည်။ ခေတ်ပေါ်နတ်ကြီးများ၏ နန်းရင်းကလည်း နယ်စပ်ဒေသများတွင် တည်ရှိတာကြောင့် ဆရာတပည့်နှစ်ယောက် အတော်ပင် ခရီးဆက်ရလေသည်။
    'ပူနှောင် ချပ်ဂျိမ် ပူနှောင် ချပ်ဂျိမ်' ဟူသော ခေတ်သစ် နတ်ချော့တေးအသံများက အဝေးဆီက ကြားနေရသည်။ သက္ကခိုးငိုတစ်ယောက် ဆရာသခင် ဆြာထူး မျက်နှာကို ကြည့်ကာ "ဆြာအသံတွေတော့ နီးလာပြီဗျ။ ကျုပ်ကြားဖူးတာက နတ်ပွဲတွေဆိုရင် လူစည်ကားပြီး ဟိုဟာနှိုက်၊ ဒီဟာနှိုက် ရှိတယ်ဆို ဆရာ"ဟူ၍ စကားစလေသည်။ "သြော်...သက္ကခိုးငိုရယ် ဒါက နှယ်နှယ်ရရ နတ်ပွဲမဟုတ်ဘူးကွ၊ တော်လှန်နတ်ကြီးတွေ ကြွတာ။ နောက်ပြီး မင်းရောက်ဖူးတဲ့ နတ်ပွဲတွေလို လူ ကြိတ်ကြိတ်တိုးမနေ ဘူးကွ သူ့နန်းနဲ့သူ အပူဇော်ခံကြတာကွ။ လာစမ်းပါကွာ တော်လှန်ဖျင် ဘယ်သူမှ မနှိုက်ပါဘူး"ဟု အားတင်း ခေါ်ရသေးသည်။ သက္ကခိုးငို ဆိုတာကလည်း တော်လှန်ရေးလေးများပါရင် အနာကို ဆားပက်သလိုပင် ဖြစ်နေပြီး အလွန်ကြောက်ပုံရလေသည်။ ဒီလိုနှင့် ဆရာတပည့်နှစ်ယောက် နတ်ကြီးတစ်ပါး၏ နတ်နန်းတစ်ခုသို့ ခြေချမိလေတော့သည်။
    "ကိုကြီးမွန်...ကိုကြီးမွန်...တို့ ကိုကြီးမွန် ထူးလဲထူးတယ် မူးလဲမူးတယ်...တို့ကိုကြီးမွန်။ အရက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်။ ကဗျာသမားမှန်ရင်လေ ယှဉ်ပြိုင်ကာ စပ်လိုက်ချင်တယ်။ကြက်ကြော် အရက်ဖော် အမြည်းတွေက စုံပါသနော်...မွန် မွန် မွန် ပုလင်းကိုကိုင်စွဲ မူးတဲ့ ကိုကြီးမွန်"
    အရက်ပုလင်းကို ဟန်ပါပါကိုင်ရင်း ကနားစီးမာမီ ရန်ကုန်အောင်ဂေးမင်းက တော်လှန်နတ်ကြီးကို ကြီးမွန်ကို ပင့်ဖိတ်ကာ ပုလင်းလက်ဆွဲ ကလေတော့သည်။ ဆြာထူးတို့ ဆရာတပည့်နှစ်ယောက်ကို တွေ့လေရာ "သားတော်ကြီးတို့  ခေါင်းတိုင်းမှာ စက်တွဲပါတယ်၊ သားကြီးတို့ အဲလေယောင်လို့ တွဲတိုင်းမှာ စက်ခေါင်းပါတယ်။ သားတော်ကြီးတို့ကို "မ မယ်၊ မ မယ် အချွန်နဲ့"ဟု ပြောလေရာ ဆရာတပည့်နှစ်ယောက် နတ်နန်းပေါ်က ဆင်းပြေးရလေတော့သည်။ ကိုကြီးမွန်ခမျာ သူများကို မ,ဖို့ နေနေသာသာ သူ့ဟာသူတောင် မတ်တတ်ကောင်းကောင်း မရပ်နိုင်သည်အထိ မူးနေလေတော့သည်။
    ဒီလိုနှင့် ဆရာတပည့်နှစ်ယောက် နောက်ထပ် နတ်နန်းတစ်ခုဆီသို့ ရောက်လာလေတော့သည်။ ထူးထူးဆန်းဆန်း မနောတိုင်ကြီးများထူကာ ဒူဝါလရှီးလဟူသော နတ်ကြီး၏ နတ်နန်းကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရလေတော့သည်။ တပည့်ကျော် သက္ကခိုးငို တစ်ယောက် လူခြေတိတ်လှသော နန်းကြီးကိုကြည့်ကာ မျက်စိပေကလပ်ပေကလပ်ဖြင့် နတ်ရုပ်ကြီးကို အထူးအဆန်း ကြည့်လေတော့ သည်။ ပြောက်ကျားဝတ်စုံကြီးဝတ်ပြီး သေနတ်အတို ခါးကြားထိုးထားသော လရှီးလနတ်ကြီးကို မြင်လေရာ "ဆြာထူး ဆြာထူး ဒီနတ်ရုပ်ကြီးက ယူနီဖောင်းကြီးနဲ့ သေနတ်ပဲ ခါးကြားထိုးတာလား။ တပည့် မြင်ဖူးတဲ့နတ်တွေဆိုရင် မြင်းတွေစီး၊ ဓားတွေကိုင်တာလေ ဆရာ"ဟု မေးခွန်းထုတ်လေသည်။ "ဒါက တော်လှန်နတ် တောင်ပေါ်နတ်ကွ၊ စီးစရာဆိုလို့ လားပဲ ရှိတယ်။ ယူနီ ဖောင်းကြီးကလည်း နတ်ဝတ်တန်ဆာပေါ့ကွာ။ ဗြောက်အတိုလေး ထိုးထားတာကတော့ လူရှိန်အောင်ပေါ့"ဟုဆိုကာ လရှီးလနတ်ကြီးအကြောင်း ရှင်းပြရလေသည်။
    လရှီးလနန်းနှင့် မျက်နှာချင်းဆိုင်တွင် အင်မတန် လူစည်ကားကာ နဖူးပြောင်ပြောင် နတ်ရုပ်ကြီး ကိုလူတစ်စုက ထမ်းပိုးကာ ရေဆိပ်သို့ ခေါ်ဆောင်သွားသည်ကို မြင်လေရာ "ဆြာထူး...ဘာနတ်လဲဗျ နဖူးပြောင်တာမှ တပည့်ထက်တောင် ပြောင်သေးတယ်"ဟု အမေးအမြန်းထူလေသည်။ "အေးဒါက ကိုယ်တော်ကြီး "ဆရာကြီး သောက်ဖျင်းစိုး"နတ်လို့ခေါ်သကွ။ တော်လှန်နတ် ထဲမှာတော့ အရမ်း အသန့် အပြန့်ကြိုက်တာ၊ တောထဲလာရင်လည်း အဖြူရောင် နတ်ဝတ်နတ်စားကို ခေါက်ရိုးရာ ထင်းနေအောင် ဝတ်တာဟ။ ခုလည်း ချိုးတော်ရေ သုံးတာလေ"ဟု ဖြေရလေသည်။ တပည့်ဖြစ်သူ အင်မတန် ဗဟုသု တနည်းတာကြောင့် ဆြာထူးတစ်ယောက် အမြှုပ်ထွက်မတတ် ရှင်းပြရလေတော့သည်။ 'သောက်ဖျင်းစိုး' နတ်ရုပ်တုကြီးဘေးတွင် ငွေရောင်တဖိတ်ဖိတ် တောက်နေသော ဖလားကြီးများဖြင့် နတ်ထိန်းများက အလှူခံလေရာ ဆရာတပည့်နှစ်ယောက် ဝေးဝေးနေရလေသည်။ ဖလားကြီးက အလှူခံဖို့သက်သက်သာဖြစ်ပြီး ရိုးရာနတ်တွေလို နတ်ချော့သူများက ပိုက်ဆံဝေငှကြဲခြင်း မပြု လုပ်ဘဲ ရသမျှ အကုန်ယူသွား တာကြောင့် ဖြစ်သည်။
    သို့ဂလိုနှင့် နတ်နန်းတစ်ခုကို ခရီးဆက်လေရာ လူအုပ်စုတစ်စုမှ အရှေ့က တိုင်ပေးသည့်အတိုင်း အနောက်မှနေ၍ မကြားဝံ့မနာသာများ ဆဲဆိုကာ လှည့်လည်ပူဇော်နေကြသည်။ 'ငါ့အဟွာကြီး မပျံဘူး လား'ဟုတိုင်လေရာ အနောက်ကလူတစ်သိုက်က 'ပျံတယ်ဟေ့  ပျံတယ်'ဟု ဟစ်ကြွေးကြလေသည်။ တပည့်ဖြစ်သူ သက္ကခိုးငိုတစ်ယောက် ကြက်သေသေသွားလေသည်။ အဘယ်ကြောင့်ဆိုသော် တော်လှန် နတ်ကြီးများက သက္ကခိုးငိုတစ်ယောက်ကို အမြဲတမ်း ဆဲဆိုနေတာကြောင့် ဖြစ်သည်။ "ဆြာထူး ဘာနတ်လဲဗျာ ကြမ်းလိုက်တာ"ဟုဆိုပြီး လူတစ်စု၏ အော်ဟစ်သံများကို ဆက်လက် နားစွင့်လေတော့သည်။
    "အလှူငွေတွေ ခိုးချင်လားဟေ့"
    "ခိုးချင်တယ် ခိုးချင်တယ်"
    "ဟိုပရောဂျက် ဆွဲပြီး"
    "ခိုးလိုက် ခိုးလိုက်"
    "ဒီပရောဂျက် ဆွဲပြီး"
    "ခိုးလိုက် ခိုးလိုက်"
    "မခိုးချင်လား ခိုးချင်လားဟေ့"

    "ခိုးချင်တယ်၊ ခိုးချင်တယ်"ဟု လူအုပ်စုလိုက် ညစ်ညမ်းစွာ အော်ဟစ်ရင်း ချီတက်သွားလေသည်။
    တပည့်ကျော် သက္ကခိုးငို စကားပင် မစနိုင်သေးခင် ဆြာထူးက "ဒီနတ်က အမေရိကားက နတ်ကွ။ ဒီလိုဆဲရေးတိုင်းထွာပြီး ပူဇော်တဲ့ပွဲကို 'ယုံခိုး'ပွဲလို့ ခေါ်တယ်။ သမိုင်းကြောင်းအရပြောရရင် တော်လှန်နတ်ကြီးတွေထဲမှာ သူက ပါဝါကြီးတယ်။ ဆဲဆိုဟောက်ငမ်းပြီး အလှူခံတာတောင် သူ့ကို 'ယုံ' တဲ့သူ တွေက လှူကြတန်းကြတာပေါ့။ ရတဲ့အထဲက ခိုးရင်းဝှက်ရင်းနဲ့ ချမ်းသာသွားတော့ ယုံကြည်သူတွေဆီက ခိုးတတ်တဲ့ အကျင့်ကို အစွဲပြုပြီး 'ယုံခိုး'ပွဲဆိုတာ ဖြစ်လာတာပဲ တပည့်ကြီး"ဟု ရှင်းပြပြီး လူအုပ်ကြီး သွားရာကို လှမ်းမျှော်ကြည့်ရာ အသံသဲ့ သဲ့လေး ကြားလိုက်ရာသည်။
    "သာ့ဒ် ပါတီက ဟိုကောင်တွေ  မင်းမေကြီး ဒေါ်"
    "ခိုးလိုက် ခိုးလိုက်"
    ဟုအသံကြားလေရာ တပည့်ကျော် သက္ကခိုးငို တစ်ယောက် ကျိတ်ငိုလေရာ ဆြာထူး ချော့ရပြန်ချေသည် တမုံ။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49399

© 2022 - 2025 News. All Rights Reserved.