နားရွက် တံတွေးဆွတ်ခံရတဲ့ အဆိုးရ

၂၀၂၅ ၊ ဇူလိုင် ၁၉
  နယ်ထရမ့်ဟူသော အမေရိကန်သမ္မတကြီး လူးပါးဝတာကြောင့် တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဒေါသူပုန် ထနေကြသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ ၇၅ ရာခိုင်နှုန်းကျော် သိမ်းထားပြီး မလေးရှားနိုင်ငံတမျှ ကျယ်ဝန်းလှသော ရေမြေ့သခင် တော်လှန်အဆိုးရကြီးကို ကျော်ပြီး စာတစ်စောင်ပေးပို့ လိုက်တာကြောင့်ဖြစ်သည်။ His Excellency အစချီကာ နှစ်နိုင်ငံကုန်သွယ်ရေးတွေ မြှင့်တင်ဖို့၊ အခွန်တွေ ဘယ်လိုကောက်မယ်၊ အဆင်မပြေရင် ညှိနှိုင်းလို့ ရတယ်ဆိုပြီး သံခန်းတမန်ခင်းအရ ရာဇဌာနီဆီသို့ တိုက်ရိုက်ပေးပို့တဲ့ စာကြောင့် တော်လှန်အဆိုးရကြီး ဒေါသအမျက်ချောင်းချောင်း ထွက်ရတာ ဖြစ်သည်။  စိတ်ဆိုးလည်း ဆိုးချင်စရာပင် ဖြစ်သည်။ နိုင်ငံတကာမှာ မြန်မာပြည်က ကွမ်းယာဆိုင်တွေဖွင့်သလို ဆက်ဆံရေးရုံးတွေ လိုက်ဖွင့်ထားသည့် တော်လှန်အဆိုးရကြီးကို အကျော်အခွဇယားခင်းလိုက် တာကြောင့် ဖြစ်သည်။ ဒီတော့ ထရမ့်တစ်ယောက် ကျော်ချင်ခွချင်ရင် ဆိုက်ကားနင်း ဆိုတာမျိုးတွေအထိ ဝေဖန်ခံနေရသည်။ တိုင်းပြည်ရဲ့ နယ်မြေ ၇၅ ရာခိုင်နှုန်းလောက်သိမ်းထားတဲ့ အဆိုးရကို အသိအမှတ်မပြုဘဲ ၂၅ ရာခိုင်နှုန်းလောက်ရှိတဲ့ အစိုးရကို စာသွားပေးတာကတော့ ထရမ့်၏ အလွန်ပင် ဖြစ်သည်။
    ဒီတော့ တော်လှန်အဆိုးရ မနေသာတော့ဘဲ ဒီစာက အသိအမှတ်ပြုတာ မဟုတ်ဘူး၊ အခွန်ကောက်ဖို့ စာပို့တာပဲဖြစ်ကြောင်း ထရှင်းလေသည်။ ရာဇဌာနီက အစိုးရကတော့ တစ်ဖန်ပြန်ပြီး သမ္မတကြီးထရမ့် ကျန်းမာပါစေကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုတွေ ဆက်လုပ်သွားမှာဖြစ် ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံငယ် ဖြစ်တာကြောင့်  အခွန်နှုန်းထားလေး ညှိလိုတာကြောင့် သံတမန်အဖွဲ့တွေ စေလွှတ်မည်ဟု ပြန်စာလေးပေးလိုက်သည်။ ဒီတော့  တော်လှန်အဆိုးရကြီး ပိုပြီး စိတ်ဆိုးလေတော့သည်။ ရာရာစစ ညှိချင်ရင် ငါတို့ အမေရိကားမှာ နေတာပဲ၊ ညှိလို့ရတယ်ဆိုတာမျိုး ဖြစ်ကုန်ကြသည်။ ထရမ့်ကလည်း အဆိုးရကြီး ဘေးနားထားပြီး ကွက်ကျော်ရိုက်တာ ဖြစ်သည်။ တွေးကြည့်ပြန်တော့လည်း ထရမ့်အာဏာရတာ သိပ်မကြာသေးတော့ သူ့ပိုင်နက်အမေရိကားမှာ အဆိုးရအဖွဲ့ကြီး ရှိနေတာ မသိသေးတာဖြစ်မည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေဘက်ကလည်း အားနည်းချက်ရှိသည်။ အမေရိကန်ရောက်တာများ ရောက်ရင်ရောက်ကြောင်း ပြောတာမဟုတ်ဘဲ တိတ်တိတ်ကလေးခိုးသွား၊ ဟိုရောက်တော့မှ ဖေ့စ်ဘုတ်ပေါ်မှာ ဓာတ်ပုံလေးတင်လိုက်၊ စာလေးရေးလိုက်ဖြင့် ၃၆ ကောင် အတိတ်စိမ်းပေးသလို လုပ်နေတော့ အမေရိကန်သမ္မတကြီး မသိတာ ဖြစ်နိုင်သည်။
    ၃၆ ကောင် ဆိုတာကတော့ ခုခေတ်လူငယ် တွေမသိတဲ့ လောင်းကစားမျိုး ဖြစ်သည်။ ရှမ်းပြည်နယ်မှာ ခေတ်စားခဲ့သော လောင်းကစားဖြစ်သည်။ တစ်နေ့နှစ် ကြိမ်ဖွင့်ပြီး ပေါက်ရင် ၂၇ ဆရသော လောင်းကစားမျိုး ဖြစ်သည်။ အကောင် ၃၆ ကောင်ကို လောင်းကစား ဒိုင်ကပေးထားသော အတိတ်ကိုကောက်၍ ခန့်မှန်းထိုးရသော လောင်းကစားနည်း ဖြစ်သည်။ ပေါက်ကောင်ကိုတော့ ဒိုင်ဖြစ်သူက အိမ်ရှေ့တိုင်ပေါ်တွင် လုံခြုံသောသေတ္တာဖြင့် ပိတ်ကာ ချိတ်ဆွဲထားပြီး အချိန်ကျပါက သေတ္တာကို တိုင်ထိပ်မှချကာ ပေါက်ကောင် ထုတ်ပြန်ပေးရသည်။ ဒီတော့ ၃၆ ကောင် လောင်းကစားနည်း၏ အသက်က အတိတ်ကောက်တတ်သူက ဆရာကြီးဖြစ်သည်။
    ဥပမာ 'တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း' ဆိုတာမျိုး အတိတ်ပေးလိုက်ရင်  အတိတ်ကောက်ပြီး ၃၆ ကောင်ထဲက အကောင်တွေကို ရွေးထိုးရသည်။ တစ်ခါတလေ အတိတ်ထဲက အကောင်နဲ့ ပေါက်ကောင် ဘာမဆိုင် ညာမဆိုင် ထွက်တတ်သေး သည်။ ဒီလိုဆိုတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကလည်း အမေရိကားသွားပြီး ရောက်တာတောင်  ပြည်သူတွေကို ၃၆ ကောင် အတိတ်ပေးသလို လုပ်နေတော့ ဘယ်သူကတော့ဖြင့် အမေရိကားမှာ ရောက်နေတာကို မသိနိုင်တာတော့ မဆန်းပေ။ ပုံလေးတက်လာမှ၊ အိမ်လေးဝယ်တော့မှ ပေါက် ကောင်ပေါ်ပြီး အမေရိကား ရောက်တာ ပြည်သူတွေသိတာကြောင့် ဒေါ်နယ်ထရမ့်ကြီး မသိတာလည်း ဖြစ်နိုင်သည်။
    ထားပါတော့လေ ဒီတော့ တော်လှန်အဆိုးရ ကြီးကို အကျော်အခွ လုပ်တာမျိုးကတော့ သည်းမခံနိုင်စရ ဖြစ်သည်။ ငြိမ်ခံနေတာမျိုးထက် အမေရိကား ရောက်နေတဲ့ တော်လှန်အဆိုးရကြီးတစ်ဖွဲ့လုံး အိမ်ဖြူတော်ကို အရောက်ချီတက်ပြီး နောက်တစ်ခါစာပို့ရင် ငါတို့ဆီပို့ဆိုပြီး တော်လှန်စံအိမ်တော် လိပ်စာတွေ သွားပေးထားသင့်သည်။ ဒါမှမဟုတ်လည်း ငါတို့နဲ့ဆက်သွယ်ချင်ရင်  ဟိုစတိုးဆိုင်ပိုင်ရှင် အစ်မကြီးကနေတစ်ဆင့် ဆက်သွယ်ဆိုတာမျိုးပြောပြီး တော်လှန်စတိုးဆိုင်လိပ်စာတွေ ပေးထားသင့်သည်။ ဒါမှလည်း နောက်တစ်ခါ စာပေးချင်ရင် မိုင်ထောင်ချီဝေးသည့် မြန်မာပြည်ကို လှမ်းပို့စရာမလိုဘဲ  နီးနီးနားနား စာပေးလို့ရမှာ ဖြစ်သည်။
    ဘာပဲပြောပြော ထရမ့်လုပ်ကွက်ကြီးက တော်လှန် အဆိုးရကို နားရွက်တံတွေးဆွတ်၊ ခေါင်းပေါ် အီးတက်ပါတာပင် ဖြစ်သည်။ တွေးကြည့်ရင် အသည်းပေါက်ဖို့ ကောင်းလှသည်။ တော်လှန်သန်းမကြီးကအစ တော်လှန်ဝန်ကြီး၊ ဝန်ကလေးစုဖွဲ့နေထိုင်သော အမေရိကားက လိပ်စာတွေကို ကျော်ပြီး မြန်မာနိုင်ငံက အစိုးရကို လိပ်မူစာပို့တာကတော့ မဖြစ်သင့်ပေ။ ဒါကြောင့် တော်လှန်အဆိုးရကြီးကို အမေရိကန်က လက်ခံသွားအောင် တစ်ကွက်ပြဖို့ လိုသည်။
    အမေရိကန်သမ္မတကြီးကို မြန်မာပြည်က ဘယ်သူမှ သွားမတွေ့ခင် ဦးအောင်အရင် သွားတွေ့သင့်သည်။ ငါတို့သည်သာ တော်လှန်အဆိုးရ ဖြစ်ကြောင်း သွားပြောရမည်။ နောက်ပြီး အဆိုးရပီပီ တာဝန်ယူမှု တာဝန်ခံမှုအဖြစ် မြန်မာပြည်က ကုန်တွေပို့ရင် ကျသင့်တဲ့ အခွန်တွေ ငါတို့ဆောင်မယ်ဟု ဒေါ်နယ်ထရမ့်ကြီး မျက်လုံးပြူးအောင် ပြောရမည်ဖြစ်သည်။ ဒီလိုဆိုရင် မြန်မာကုန်သည်တွေ ပို့သမျှကျသင့်သည့် အခွန်ကို ထိုင်ဆောင်ပေးရုံဖြင့် ပြည်သူတွေ အားပေးထောက်ခံမှု ရနိုင်သည်။ တော်လှန်အဆိုးရကြီး ဆိုတာ အချဉ်မဟုတ်ကြောင်း အမေရိကန်က နွေဦးဘဏ်မှာ အခွန်ဆောင်ဖို့ ငွေတွေရှိကြောင်း၊ အမေရိကန်က မြေတွေ၊ အိမ်တွေကိုလည်း ဝယ်ပြီး သိမ်းဆည်းထားကြောင်း အပေါ်စီးက ခပ်မာမာပြော ရင် ဒေါ်နယ်ထရမ့်ကို လန့်ဖျားဖျားသွားနိုင်သည်။ ပြီးရင် မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ် ဆိုပြီး အမေရိကန်က မြန်မာကိုပို့တဲ့ ကုန်တွေကို အခွန်ထိုင်ကောက်ဖို့ တော်လှန်အဆိုးရ အခွန်ရုံးဆိုပြီး အမေရိကားမှာ ဖွင့်ပြီး ခပ်တည်တည် အခွန်ကောက်နိုင်သည်။ အရီးဒေါ်ပုံ အောင်ရမည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47071

© 2022 - 2025 News. All Rights Reserved.