၂၀၂၅ ၊ ဇူလိုင် ၂၆
ကျေးဇူးတော်ရှင် အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသဆိုတာ ဘာသာသာသနာနဲ့ အမျိုးသားရေးမှာ နိုင်ငံ့ဦးသျှောင်ဆရာတော်ကြီး ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်ကြီးများဟာ ဆရာတော်ကြီးကို လာရောက်ဖူးမြော်ပြီး သြဝါဒခံယူလေ့ ရှိပါတယ်။ ဆရာတော်ကြီးဟာ နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးကို နိုင်ငံတော်အစိုးရက ၂၀၂၂ ခုနှစ်မှာ သာသနာရေးဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်တစ်ခုဖြစ်တဲ့ 'အဘိဓဇမဟာရဋ္ဌဂုရု'ဆိုတဲ့ အခေါင်အထိပ် ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ 'အဘိဓဇ'ဆိုတာ မြင့်မြတ်သော တံခွန်အလံ၊ 'မဟာရဋ္ဌဂုရု'ဆိုတာက 'နိုင်ငံတော်က အလေးအမြတ်ပြုအပ်သူ သို့မဟုတ် တိုင်းပြည်၏ ဆရာသခင်'လို့ ဆိုပါတယ်။ အဘိဓဇမဟာ ရဋ္ဌဂုရုဆိုတာ 'လွန်ကဲထူးမြတ်သော တံခွန်အောင်လံနှင့်တူသော ဆရာ၊ နိုင်ငံတော်၏ ဆရာ၊ နိုင်ငံသား ပြည်သူလူထုက အလေးဂရုပြုရသော ဆရာ'လို့ အဓိပ္ပာယ်ရပါတယ်။
ကျေးဇူးတော်ရှင် အင်းစိန်ရွာမ ဆရာတော် ဘုရားကြီးဟာ အသက်အရွယ် ကြီးရင့်လာသည့်တိုင်အောင် မိမိ၏ ကျန်းမာရေးကို မငဲ့ကွက်ဘဲ သာသနာ့တာဝန်များကိုသာမက တိုင်းရေးပြည်ရေး အမျိုးသားရေးတို့ကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ်များတွင် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲများ စတင်လမ်းပွင့်လာချိန်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မျက်နှာဖုံးစွပ်ပြီး တိုင်းဖျက် ပြည်ဖျက်၊ သာသနာဖျက်တဲ့ စီမံကိန်းတွေ သွတ်သွင်းလာခဲ့ကြပါတယ်။ အမေကျော် ထွေးတော်လွမ်းပြီး သူခိုးဓားရိုး ကမ်းသူတွေ အမြောက်အမြား ပေါ်ထွက်လာချိန်မှာ ဆရာတော်ကြီးက 'နိုင်ငံသစ္စာစောင့် သိသူ'ဆိုတဲ့ စာအုပ်ကလေးရေးပြီး အမျိုးသားရေးကို တပ်လှန့်နှိုးဆော်ခဲ့ပါ တယ်။ စာမျက်နှာ ၆၀ ကျော်သာရှိတဲ့ စာအုပ်ကလေးဟာ သေးငယ်သလောက် ထိခိုက်မှု ကြီးမားခဲ့ပါတယ်။ ၂၀၁၃ ဇွန်လမှာ ပထမအကြိမ် ထုတ်ဝေပြီးနောက် အကြိမ်ကြိမ်ပုံနှိပ်ခဲ့တာ အုပ်ရေ သိန်းချီတဲ့အထိ ပေါက်မြောက်ခဲ့ပါတယ်။
ကျေးဇူးတော်ရှင် ရွာမဆရာတော်ကြီးရဲ့ စာရေးဟန်က တိုတိုနဲ့ ထိထိမိမိ ရှိလွန်းလှပါတယ်။ ]နိုင်ငံ့ သစ္စာဖောက်သူများ}ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစုအမှတ်စဉ် တစ်၊ နှစ်၊ သုံးဆိုပြီး သုံးပုဒ်ရေးပါတယ်။ ဆရာတော်ကြီးရဲ့ ရေးဟန်က သတင်းစာ၊ ဂျာနယ်ခေါင်းကြီးရေးပုံမျိုးနဲ့ တူလှပါတယ်။ 'အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစားလုပ်သူများသည် တိရစ္ဆာန်စိတ်မွေး သူများဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများ ဖြစ်သည်။ မိမိက မြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားဘာသာအတွက် အကျိုးဆောင်နေသူများ သည် နိုင်ငံသစ္စာ ဖောက်ဖျက်သူများ ဖြစ်သည်။'
'နိုင်ငံ့သစ္စာ ဖောက်သူများကို အားပေးနေသူ၊ ကူညီနေသူ၊ ဖေးမနေသူ၊ စောင့်ရှောက်ပေးနေ သူများသည်လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံ ရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်များဖြစ်သည်။' (စာ-၄)
နိုင်ငံ့သစ္စာဖောက်တွေကို ဝိုင်းပယ်ပစ်ရမယ်၊ ရှောင်ကြဉ်ရမယ်လို့ နှိုးဆော်ထားပါတယ်။ ကျေးဇူးတော်ရှင် ရွာမဆရာတော်ဘုရားကြီးရဲ့ ]နိုင်ငံ့သစ္စာစောင့်သိသူ} စာစုများကိုဖတ်ပြီး မိမိတစ်ကိုယ် ကောင်းအတွက် နိုင်ငံတော်ကို ရောင်းစားသူများ၊ မိမိ အာဏာရရေးအတွက် ပြည်သူလူထုကို ရက်ရက် စက်စက် စတေးခဲ့ပုံများကို သမိုင်းခေတ်တွေနဲ့ချီပြီး ပြန်ပြောင်းသတိရစရာ ဖြစ်လာပါတယ်။
ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ ကပင် အဇာတသတ်ဟာ အာဏာရမ္မက်ငမ်းငမ်းတက်ပြီး သူတော်ကောင်းဖခင်ကြီး ဗိမ္ဗိသာရကို ဒေဝဒတ်ရဲ့ ပယောဂနဲ့ ပြန်သတ်ခဲ့တယ်မဟုတ်ပါလား။ ထုတ်ပြစရာ ဇာတ်တော်တွေ အများကြီးရှိပါတယ်။ မြန်မာရာဇဝင်ထဲ က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုနိုင်တဲ့ ကျန်စစ်သားအကြောင်းကို အကောင်းဆုံး သက်သေတစ်ခုအနေနဲ့ တင်ပြချင်ပါတယ်။ ဥဿာ ပဲခူးကို ကျူးကျော်လာတဲ့ ဂျွမ်းစစ်သည်တွေကို မောင်းထုတ်ဖို့ အနော်ရထာမင်းကြီးက ကျန်စစ်သားကို ဗိုလ်ချုပ်ခန့်ပြီး ဥဿာပဲခူးကို စေလွှတ်ခဲ့တယ်။ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့ ဦးဆောင်တဲ့ စစ်သည်တွေက ရန်သူတွေကို ထောင်းထောင်းညက်ညက် ကျေအောင်ချေမှုန်းနိုင်ခဲ့ တယ်။ ဥဿာမင်းက ကျေးဇူးတင်လွန်းလို့ အလွန်လှပတဲ့ သမီးတော်မဏိစန္ဒာကို အနော်ရထာမင်းကြီးထံ ဆက်သလိုက်ပါတယ်။ လမ်းခရီးမှာ ကျန်စစ်သားနဲ့ မဏိစန္ဒာတို့ ချစ်ကြိုးသွယ် မှောက်မှားမိကြတယ်။ ဒီဖြစ်ရပ်ဟာ အနော်ရထာမင်းကြီးအပေါ် ကျန်စစ်သားက စည်းမစောင့်ရာ သစ္စာမဲ့ရာ ရောက်နေပါတယ်။
အနော်ရထာမင်းကြီး နတ်ရွာစံပြီး စောလူးမင်း နန်းတက်ချိန် စောလူးလက်ထက်မှာ စောလူးရဲ့ မိဖုရားခင်ဦးနဲ့ ကျန်စစ်သားတို့ ဘာလိုလို ဖြစ်ကြပြန်ပါတယ်။ 'ကျေးစည်းစိမ်ကို ရုပ်၍ အောက်ဒလသို့ ပို့ပြန်လေ၏'လို့ မှန်နန်းရာဇဝင်က ရေးပါတယ်။ ခင်ဦးနဲ့ နှလုံးသားရေးရာ ဇာလမ်းဟာလည်း စောလူး အပေါ်မှာ စည်းမစောင့်ရာ သစ္စာမဲ့ရာ ရောက်ပါတယ်။ စောလူးမင်းကို ငရမန်ကန်း ပုန်ကန်ချိန်မှာတော့ စောလူးမင်းအတွက် အသက်စွန့်ပြီး ထမ်းဆောင်ခဲ့ပါတယ်။ စောလူးမင်း စစ်ရှုံးလို့ ထွက်ပြေး ပုန်းအောင်နေချိန်မှာ ပုဂံနန်းတော်က မှူးမတ်များက မင်းမြှောက် တန်ဆာ ငါးပါး အပ်နှင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ တောင်းပန်ပါတယ်။ ကျန်စစ်သားက 'ငါ့အရှင် ရှိ၊ မရှိ စူးစမ်းဦးမည်၊ ငါ့အရှင်ရှိသော် င့ါအရှင်ကို ယူ၍ နန်းတင်မည်'ဟု ဆို၏။ အမှူးအမတ်တို့က ဆက်နှင့်သော မင်းမြှောက်တန်ဆာတို့ကိုလည်း ရွှေစည်းခုံရှေ့တော်ဝယ် ထားလေ၏။' (၁၉၉၂ ထုတ်၊ မှန်နန်း၊ ပတွဲ၊ စာ-၂၇၆)
ကျန်စစ်သားဟာ စောလူးမင်းအပေါ်မှာ ပုဂ္ဂိုလ်ရေးအရ စည်းမစောင့်ခဲ့ပေမယ့် တိုင်းပြည်ရေးရာ နိုင်ငံတော်အာဏာနဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးတဲ့ အချိန်မှာ အထူးပင်သစ္စာစောင့်သိခဲ့ပါတယ်။ ကျန်စစ်သား ဘုရင်ဖြစ်လာချိန်မှာတော့ နိုင်ငံတော်ရဲ့ အနာဂတ် အပေါ်မှာတောင် အမြော်အမြင်ကြီး ကြီးနဲ့ သစ္စာစည်း တားခဲ့တာ တွေ့နိုင်ပါတယ်။ ကျန်စစ်မင်းကြီး အလွန်အင်မတန် ချစ်မြတ်နိုးလွန်းလို့ တစ်ပင်တိုင်မြနန်းနဲ့ထားတဲ့ သမီးတော် ]ရွှေအိမ်သည်}ဟာ ပဋိက္ကရား ကုလားမင်းသား နဲ့ ချစ်ကြိုက်နေကြောင်း ကြားသိလိုက်ရတဲ့အခါ ဒီကိစ္စ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ မှူးမတ်တွေနဲ့ တိုင်ပင်ရတယ်။
'ဘုန်းကြီးသည့် အရှင် ...သမီးတော်ကို ပဋိက္ကရားမင်း၏သားနှင့် စုံဖက်တော်မူသော် အရှည်သဖြင့် ကုလားပြည်ဖြစ်တော့မည်}ဟူ၍ နားတော်လျှောက် ကုန်၏။ မင်းကြီးလည်း စောလူးသား စောယွမ်းသည် ခြေမစွမ်း၍ မသွားနိုင်ရှိ၏။ ထိုသူနှင့် စုံဖက်တော်မူ၍ အိမ်ရှေ့ပေးတော်မူ၏။' (မှန်နန်း၊ ပတွဲ၊ စာ-၂၈၀)
သမီးတော်ကို ကုလားမင်းသားနဲ့ မပေးစားဘဲ ဒုက္ခိတဖြစ်နေတဲ့ မြန်မာစစ်စစ်နဲ့သာ ထိမ်းမြားပေးခဲ့ခြင်းဟာ ကျန်စစ်သားမင်းကြီးရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထားတဲ့ သစ္စာတရားကို သိသာထင် ရှားစေခဲ့ပါတယ်။ ပဋိက္ကရားမင်းသားနဲ့ စုံဖက်တော်မူသော် နောင်အနာဂတ်မှာ မြန်မာပြည်ကြီးဟာ ကုလားပြည်ဖြစ်သွားနိုင်တယ်လို့ ရဲရဲရင့်ရင့် အကြံပေးတင်ပြကြတဲ့ မှူးမတ်ပညာရှိကြီးများဟာလည်း နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေခဲ့ကြတာပဲလို့ ဆိုနိုင်ပါတယ်။
သစ္စာရှိခြင်း၊ သစ္စာခံခြင်း၊ သစ္စာပေးခြင်းတို့ဟာ ရှေးပဒေသရာဇ်နိုင်ငံရေးရဲ့ အသက်သွေးကြောလို့တောင် ဆိုနိုင်ပါတယ်။ ဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီး လက်ထက်မှာ သစ္စာရေသောက်ခြင်း(သစ္စာခံခြင်း) ဓလေ့စတင်ခဲ့တယ်လို့ သမိုင်းပညာရှင် ဒေါက်တာတိုးလှက ဆိုပါတယ်။
'ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် နယ်နှင့်ဗဟိုဆက်ဆံရေးသည် သစ္စာရေသောက်ခြင်းနှင့် ကန်တော့လက်ဆောင် ဆက်ခြင်းတို့ဖြင့် ဖွဲ့နှောင် ဆက်စပ်ပေးထားသည်။ ထိုဓလေ့သည် ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရှေးက သစ္စာရေတိုက်ခြင်း ရှိသော်လည်း ကွဲကွဲပြားပြား ပီပီပြင်ပြင် မရှိခဲ့ပေ။' (၂၀၁၀ ထုတ်၊ ဘုရင့် နောင်မင်းတရားကြီး၊ စာ-၁၇၆)
'ဘုရင့်နောင်မင်းတရားကြီးသည် မိမိကိုယ်တော်အကျိုးထက် ပြည်သူ၊ ရဟန်းတို့အကျိုးများမည်ကိုသာ အမြဲစွဲထားကြောင်း တွေ့ရသည်။ အထူးသဖြင့် လက်အောက်ခံမင်းနှင့် ပြည်သူတို့အပေါ် များစွာ စာနာသနားတတ်သည်ကိုလည်း တွေ့ရသဖြင့် ပြည်သူချစ်သောမင်း၊ ရန်သူကပင် ချစ်ရသော မင်းဖြစ်ပေသည်။' (စာ-၁၅၇)
ဘုရင့်နောင်မင်းတရားကြီးဟာ မိမိအပေါ် ပုဂ္ဂိုလ်ရေးသစ္စာရှိမှုကို အဓိက မထားပါဘူး။ မိမိကို သစ္စာဖောက်ပြီး အကြိမ်ကြိမ်လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ အမတ်ကြီး ဗညားဒလအပေါ်မှာ လုံး၀ အပြစ်မယူ ခွင့်လွှတ်တော်မူခဲ့ပါတယ်။
'ဘုရင့်နောင်သည် အများနှင့် ဆက်ဆံသောအခါ အလွန်နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ တစ်ဖက်သူ၏ အခွင့်အရေးကိုလည်း နားလည်သူဖြစ်သည်။ အမတ်ကြီး ဗညားဒလသည် အကြိမ်ကြိမ် လုပ်ကြံရန် ကြိုးပမ်းသော်လည်း ယင်း၏ ပညာဉာဏ် အမြော်အမြင်နှင့် အခက်အခဲကြုံလာလျှင် လွတ်မြောက်အောင် ဖန်တီးနိုင်စွမ်းမှု တို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် အပြစ်တို့မှ ခွင့်လွှတ်ပေးခဲ့ရုံသာမက ရာထူး မှပင် မဖယ်မရှား မရှုတ်မချ ထားရှိပေးနိုင်ခဲ့သည်။' (၎င်း၊ စာ-၂၃၅)
ဒါပေမဲ့ လင်းဇင်းချီစစ်ပွဲမှာ ဗညားဒလစစ် သေနာပတိဖြစ်ပါလျက် သောင်ရက်သို့ အရောက် မချီဘဲ ခရီးလတ်ကပြန်၍ ဗညားဒလပြန်လာကြောင်းကို ရွှေဖဝါးတော်အောက်သို့ လျှောက်ထားလာသည်လို့ မှန်နန်း ရာဇဝင်တော်ကြီးမှာ ဖတ်ခဲ့ရပါတယ်။ သူ့အပေါ် သစ္စာမရှိတာ ခွင့်လွှတ်နိုင်ခဲ့ပေမယ့် စစ်ဆင်ရေးကြီးတစ်ခုလုံးအပေါ် သစ္စာမရှိတာမျိုးကို ဘုရင့်နောင်က ခွင့်မလွှတ်တော့ပါဘူး။ ဗညားဒလကို သတ်တော့မသတ်ပါ၊ နယ်နှင်ဒဏ်ပေးခဲ့ရာ ကမန်ပိုက်အရပ်မှာ ဗညားဒလကွယ် လွန်သွားခဲ့ပါတယ်။
ဘုရင့်နောင်ရဲ့ သမီးတော် ဓာတုကလျာနဲ့ ဖူးစာဆုံခဲ့သူ နတ်သျှင်နောင်ဟာ တောင်ငူထီးနန်း အရေးမှာ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့သူ ဖြစ်ပါတယ်။ နတ်သျှင်နောင်ဟာ ရတုကဗျာ အရေးကောင်းသလောက် နိုင်ငံတော်သစ္စာဖောက်မှုကြီးကို ကျူးလွန်ရာမှာလည်း စံတင်လောက်ပါတယ်။ နတ်သျှင်နောင်ဟာ ဘုရင့်နောင်ရဲ့ သားသမက်ဖြစ်သော်လည်း သစ္စာဖောက်တို့ သွားရာလမ်းပေါ်မှာ သေဒဏ်အပြစ်ပေး ကွပ်မျက်ခံရပါတယ်။ သက္ကရာဇ် ၉၇၄ ခု ဝါခေါင်လမှာ ဘာသာခြားလူမျိုးခြား ငဇင်ကာဟာ နတ်သျှင်နောင်ရဲ့ ဖိတ်ခေါ်ချက်အရ တောင်ငူကို တိုက်ခိုက်သိမ်းပိုက်ပြီး ဘုရားကျောင်းကန်တွေနဲ့ နန်းတော်ကြီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နတ်သျှင်နောင်ကို သန်လျင်သို့ ဆောင်ယူခဲ့ပါတယ်။ တောင်ငူဘုရင် နတ်သျှင်နောင် ဟာ ကုလားကျွန်အဖြစ်သို့ ရောက်လေရကား'လို့ မဟာရာဇဝင်သစ် တတိယတွဲ စာမျက်နှာ-၃၈ မှာ ရေးခဲ့ပါတယ်။
ဘုရင့်နောင်ရဲ့ မြေးတော် အနောက်ဘက်လွန် မင်းဟာ သက္ကရာဇ် ၉၇၄ ခု သီတင်းကျွတ်လမှာ သန်လျင်ကို တိုက်ခိုက်သိမ်းယူပြီး ပေါ်တူဂီငဇင်ကာနဲ့ သစ္စာဖောက် နတ်သျှင်နောင်တို့ကို လက်ရဖမ်းမိပါတယ်။ နှစ်ယောက်လုံးကို စစ်မေးပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ကြောင်း ထင်ရှားတဲ့အတွက် သေဒဏ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ငဇင်ကာအပေါ် စီရင်ဆုံးဖြတ်ချက်ကို ရာဇဝင်မှာ ဒီလိုရေးထိုးထားပါတယ်။
'ကုလားငဇင်ကာ ငယ်သည်လည်း နိယတမိစ္ဆာဒိဋ္ဌိဖြစ်၍ ဘုရား၊ ပုထိုး၊ ကျောင်းကန်၊ စာပေများကို ဖျက်ဆီးသူဖြစ်သည်။ သင့်အိမ်ရှေ့ မြို့လယ်တွင် သံတံ ကျင်တင်လေ။ မြို့သူမြို့သားတို့လည်း ကြည့်ကြစေ။} (၁၉၉၇၊ ဒီဇင်ဘာထုတ် မဟာစည်သူ ဦးထွန်းညို၏ မဟာရာဇဝင်သစ် (ညောင်ရမ်းဆက်) တတိယတွဲ၊ စာ-၄၃)
နတ်သျှင်နောင်အပေါ် မှတ်ချက်ကတော့ 'ကုလားကျွန် ခံချင်သည်'ဆိုတဲ့ စကားဟာ အလွန်ထင် ရှားပါတယ်။
ငဇင်ကာတို့၊ နတ်သျှင်နောင်တို့ရဲ့ ဖြစ်ရပ်မျိုးတွေဟာ သမိုင်းတစ်ပတ် ပြန်လည်လာတတ်ပါတယ်။ ၂၀၁၀ မှာ စတင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပွဲလန့်တုန်းဖျာခင်းချင်သူတွေ ထုနှင့်ဒေး ရှိခဲ့ပါတယ်။ အမျိုးသားရေးကို ကျောခိုင်း၍ အနောက်တိုင်းစံ၊ အနောက်တိုင်းဟန် အနောက်တိုင်း အသံတို့ဖြင့် နိုင်ငံတော်ရဲ့ နှစ်ပေါင်းထောင်ချီ ဆောက်တည်ခဲ့တဲ့ သမိုင်းရာဇဝင် ယဉ်ကျေးမှု အမွေအနှစ် တွေကို ဆုတ်ဖြဲဖို့ ကြိုးစားလာခဲ့ ကြပါတယ်။ အဲဒီမှာ ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာ တော်ဘုရားကြီးက 'နိုင်ငံ့သစ္စာစောင့်သိသူ'ကို ရေးပြီး အထူးသတိပေး နှိုးဆော်ခဲ့ရပါတယ်။
'ယခုအခါမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတစ်ပါး သြဇာခံ၊ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည် ပေးနေကြသည်။ အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံရဲ့ သစ္စာဖောက်များ ဖြစ်နေကြသည်ကို သတိပြုမိကြပါစေ။' (စာ-၇)
ကျေးဇူးတော်ရှင် ရွာမဆရာတော်ဘုရားကြီးရဲ့ သတိပေးချက်ကို လေးလေးနက်နက် လိုက်နာပြီး နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )