နောင်ချို (သို့) ပြည်သူ့နှလုံး သိမ်းကျုံးရယူခဲ့သည့် အောင်မြေ

၂၀၂၅ ၊ ဩဂုတ် ၁

    "ပလောင်သူပုန်တွေ မဝင်ခင်တုန်းက မြို့က တော်တော်စည်ခဲ့တယ်။ လှလှပပနဲ့ သာသာယာယာ အေးအေးချမ်းချမ်းပါပဲ။ သူတို့ ရောက်လာမှ ညနေ ၅ နာရီလောက်ဆိုရင် ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး။ ကြောက်လွန်းလို့ အိမ်ထဲမှာ ပုန်းအောင်းနေကြရတယ်။ ညဆိုရင်ခွေးတွေက အူအူနေတာဆိုတော့  တော်တော်ကြောက်စရာ ကောင်းခဲ့ပြီး မြို့ပျက်ကြီးလို ဖြစ်နေတယ်"ဟူ၍ နောင်ချိုမြို့မှ အသက်(၃၀)ကျော်အရွယ် အမျိုးသမီးက ပြောပြသည်။ ၂၀၂၄ ဇွန်လကုန်ပိုင်း လောက်က စတင်ကာ TNLA လက်နက်ကိုင်အကြမ်း ဖက်အဖွဲ့များ နောင်ချိုကို ယာယီ စိုးမိုးထိန်းချုပ်ထားစဉ်  ကာလတစ်လျှောက် အခက်အခဲများ ကြုံတွေ့ရပုံ ပြန်ပြောင်းပြောပြခြင်းလည်း ဖြစ်သည်။ ယနေ့အချိန်အခါ သည်ကား မြန်မာ့တပ်မတော်မှ TNLA နှင့် အပေါင်းပါ အကြမ်းဖက်များအား တိုက်ခိုက်ချေမှုန်းခဲ့ပြီး နောင်ချိုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းအနေဖြင့် လွတ်လပ်မှု၊ တည်ငြိမ်အေးချမ်းမှု အသီးအပွင့်များကို  ခံစားနေရပြီးဖြစ်၍ ဝမ်းသာပျော်ရွှင်နေလေသည်။
    ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ကို ဇူလိုင်လကုန်ပိုင်းက ရောက်ရှိခဲ့သည်။ ပြင်ဦးလွင်- နောင်ချိုလမ်းမကြီးတစ်လျှောက် မြင်တွေ့ခဲ့ရသည့် အခြေအနေအရ Light truck ၊ Hijet ကားများဖြင့် မိသားစုလိုက် အစုအဖွဲ့အလိုက် နေရပ်ပြန်လာကြသူများကို တွေ့ရသည်။ ထိုကားများပေါ်တွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ အပါအဝင် နေရပ်စွန့်ခွာသွားခဲ့ကြသူများ ပြန်လည်ဝင်ရောက်လာသည့် လူတန်းအစုံကိုလည်း တွေ့ခဲ့ရသည်။ TV စလောင်းများ အပါအဝင် ပန်းကန်ခွက်အစုံကို ဆာလာအိတ်ထုပ်များ၊ တစ်ကိုယ်ရေစာ အသုံးအဆောင်ပစ္စည်း အထုပ်ကြီး၊ အထုပ်ငယ်များ ကလည်း ကားပေါ်တွင် အပြည့်သယ်လာကြသည်။ ဆိုင်ကယ်များဖြင့် နေရပ်ပြန်လာကြသည်များလည်း ရှိနေသည်။ အလျှို အလျှို နေရပ်ပြန်လာနေကြမှု မြင်ကွင်းကြောင့် ကိုယ့်အိမ်ကို ပြန်လည်ရောက်ရှိတော့မည့် မိသားစုများ၏ကိုယ် စား ကြည်နူးပီတိ ဖြစ်ခဲ့မိ၏။


    သို့သော် လမ်းပိုင်းတချို့ရှိ လမ်းဘေးဝဲယာ မြင်ကွင်းများကြောင့် စိတ်မကောင်း ဖြစ်ရပြန်သည်။ ကျည်ဆန်ဒဏ်ရာ ဗရပွနှင့် ကျန်ရှိနေသည့် အဆောက်အအုံ အပျက်အစီးများ တောက်လျှောက် တွေ့လိုက်ရသည်မှာ လမ်း၏ကောင်းမွန်မှု၊ သာယာလှပမှုတို့နှင့် ဖီလာဆန့်ကျင် ဖြစ်နေပြီး အကျည်းတန်လှသည်။ ထိုနေရာ ဒေသများသည်ကား မကြာသေးသော ရက်ကာလ အပိုင်းအခြားတစ်ခုအတွင်း လက်နက်ကိုင်တိုက်ခိုက်မှု ပြင်းထန်ခဲ့သည့် စစ်တလင်း၊ စစ်နယ်မြေဖြစ်ခဲ့ရာ ကျောက်ကြမ်း၊ အုမ္မခါး၊ ရေမောင်း တန်း၊ အုမ္မသီး၊ ဘန့်ဘွေး ဒေသများပင် ဖြစ်သည်။ အိမ်ကြီးအိမ်ကောင်းများ၊ နေအိမ် တိုက်တာအိုးအိမ် အဆောက်အအုံ အားလုံး ကျည်ဆန်ရာနှင့် ကင်းသည်ဟူ၍ မတွေ့ရ။ အနည်းငယ်ပျက်စီးခဲ့ သည်မှလွဲ၍ အများစုမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီး  ပြိုပျက်နေကြပြီ ဖြစ်သည်။ ပျက်စီးဆုံးရှုံးသွားသော ကာယကံရှင် ဒေသခံပြည်သူများအတွက်လည်းများစွာ  စိတ်မကောင်းဖြစ်မိသည်။ အဆောက်အအုံအမြင့် သုံး၊ လေးထပ်ရှိ  RC တိုက်များပေါ်တွင် TNLA အကြမ်းဖက်များက ဘန်ကာများကို အခိုင်အမာအထပ်ထပ် ဆောက်ထားခဲ့ကြသည်။ နေအိမ်တစ်လုံး၏တန်ဖိုး တည်ဆောက်ဖို့ မည်မျှစုဆောင်း ကြိုးစားခဲ့ရသနည်း၊ ထိုအခြေအနေကို အဆောက်အအုံပိုင်ရှင်များ အသိဆုံးပင်ဖြစ်သည်။ ပြည်သူ့ချွေးနှဲစာဖြင့် တည်ဆောက်ထားသော နေအိမ်များကို ဘာကြောင့် အကာအကွယ်ယူ အခြေချခဲ့ရသလဲ၊ အေးချမ်းစွာ နေလိုကြသူများ၏ စည်းစိမ်ဥစ္စာများ အပျက်စီးခံကာ ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်တိုက်ပွဲ ဖော်ဆောင်ခဲ့သလဲ၊ ယင်းအဖွဲ့ကို  မေးခွန်းထုတ်မိသည်။ ၎င်းတို့၏ တော်လှန်ရေးဆိုသည်ကိုလည်း နားမလည်၊ ပို၍အံ့အား သင့်ခဲ့မိပါသည်။
    နောင်ချိုမြို့သည် အေးချမ်းသာယာပြီး တိုးတက်မှုအဟုန် မြင့်မားနေသည့် မြို့ဖြစ်သည်။ သို့သော်  လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှ စတင်ကာ TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက ထိုဒေသတွင် တိုက်ပွဲဖော်ဆောင်ခဲ့ကာ နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားရှိနိုင်သည်အထိ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ MDY PDF နှင့် ဓနု PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ပူးပေါင်း ၍လည်း စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာခဲ့ကြသည်။ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေ သောတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသလို ဒေသခံပြည်သူများ၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခဲ့ကာ အစိုးရ အုပ်ချုပ်မှုယန္တရားကိုလည်း ပျက်ပြားအောင် လုပ်ဆောင်ခဲ့ ကြသည်။ ယင်းအကြမ်းဖက်များ၏ လုပ်ရပ်များကြောင့် ကျောင်းသား ကျောင်းသူ၊ ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံပြည်သူများသည် ဘေးဒုက္ခကြီးစွာ ကြုံခဲ့ကြရသည်။ နီးစပ်ရာ မြို့^ရွာများရှိ ဆွေမျိုးများ၏ နေအိမ်များ၊ ယာယီတိုက်ပွဲရှောင် စခန်းများဆီကိုလည်း နေအိမ်အဆောက် အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ မြို့သိမ်းဟူသော ခေါင်းစဉ်ဖြင့် နောင်ချိုကို ဝင်ရောက်အခြေချခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများ ဖော်ဆောင်မှု၏ ဆိုးကျိုးအဖြစ် ဒေသပျက်စီးပြီး လူထုဒုက္ခမျိုးစုံ ကြုံခဲ့ကြရသည်ကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့သည်။ နောင်ချိုကို ယာယီထိန်းသိမ်းထားသည်ဆိုသော အကြမ်းဖက်အဖွဲ့များ မည်သို့ပင် စစ်ရေးမြှင့်တင်ခဲ့ပါစေ နောက်ဆုံးတွင် မြန်မာ့တပ်မတော်မှ အမြစ်ပြတ် ချေမှုန်းခဲ့ပြီး နောင်ချိုကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
    နောင်ချိုမြို့ကို မြန်မာ့တပ်မတော်မှ ပြန်လည်သိမ်းယူနိုင်ခဲ့မှုကို အကျဉ်းချုပ်သာ တင်ပြလိုပါ သည်။ မြန်မာ့တပ်မတော် စစ်ကြောင်းများက ၂၀၂၄ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ အကြမ်းဖက်များ ထိန်းချုပ်ထားသည့် နေရာများကို အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့် တိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်း ကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အလားတူ ကျောက်မဲလေး ဒေသမှ သံဘိုကျေးရွာအနီး ဘန့်ဘွေးဒေသမှ ဂန့်ဂေါ-အုမ္မသီး လမ်းခွဲတို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ တပ်မတော်သည် TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ စိတ်ဓာတ်ရေးရာကို ပြင်းထန် စွာ ရိုက်ချိုးနိုင်ခဲ့သလို ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှုကို အပြည့်အ၀ ရရှိလာခဲ့သည်။ တပ်မတော် စစ်ကြောင်းများမှ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များသည် စိတ်ဓာတ်ခွန်အား တက်ကြွမှု၊ တိုက်လိုခိုက်လို စိတ်ပြင်းပြမှုတို့ဖြင့်လည်း အောင်မြေချဲ့ထွင်မှုများကို မြေပြင်၊ ဝေဟင် စစ်နည်းဗျူဟာမြောက် အဆင့် ဆင့်ပေါင်းစပ်၍ အကြမ်းဖက်များ ယာယီခံစစ်စခန်း တည်ဆောက်ထားသည့် နေရာများကို အဆင့်ဆင့် လိုက်လံ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူး တစ်ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တွင်လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီး တစ်ဝိုက်အား ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိအား ဇွန် ၂၅ ရက်တွင် လည်းကောင်း၊ ကျောက်ကြမ်းနေရာ တစ်ဝိုက်အား ဇူလိုင် ၁၅ ရက်တွင် လည်းကောင်း၊ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ နောင်ချိုကို ပြန်လည်သိမ်းပိုက် ရရှိခဲ့ပြီးနောက် သေနတ်သံ တိတ်ဆိတ်သွားခဲ့သည်ဟု ဆိုရပါမည်။ တစ်နည်း အားဖြင့် ဒေသတည်ငြိမ် အောင် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်ချက်ပင် ဖြစ်သည်။
    နောင်ချို ပြန်ရပြီဖြစ်၍ နဂို‌နောင်ချိုဖြစ်ရေး ထပ်မံဆောင်ရွက်နေကြသည်များကိုလည်း မျက်မြင် တွေ့ရှိခဲ့ရသည်။ ပြင်ဦးလွင်-နောင်ချို လမ်းမတစ်လျှောက် လမ်းဘေးဝဲယာနေရာ တော်တော်များများရှိ ချုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းထားပြီး ဖြစ်နေသည်။ အချို့နေရာများတွင်လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက စက်များ၊ ဓားများဖြင့် သစ်ပင် ခုတ်ထွင်နေကြသည်။ သစ်ကိုင်းသစ်ချောက်များ နွယ်ပင်များ ဖယ်ရှားရှင်းလင်းနေကြသည်။ တပ်တော်နှင့်အတူ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးများ အမြန်ဆုံး ဆောင်ရွက်နေကြပုံများကိုလည်း မြေပြင်တွင် အမှန်တကယ်တွေ့ရှိခဲ့ရသည်။


    TNLA တပ်များ မြို့ထဲရောက်ရှိလာစဉ် ဒေသခံတော်တော်များများ ဘေးလွတ်ရာ နီးစပ်သည့် ဆွေမျိုးများရှိရာ တိမ်းရှောင်ခဲ့ကြရသည်။ ယင်းအကြမ်းဖက်များ မြို့မှ ဆုတ်ပြေးသွားချိန်တွင် လမ်းတံတားများကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအထဲတွင် ဂုတ်တွင်းတံတားလည်း အပါအဝင် ဖြစ်သည်။ နောင်ချို ဒေသခံအများစုက နောင်ပိန်ဘက်သို့ တိမ်းရှောင်ခဲ့ကြပြီး ယခုအချိန်တွင် ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ ရ၍ နေရပ်ပြန်ရေး အခက်တွေ့နေကြသည်။ မြို့ကို စွန့်ခွာပြေးခဲ့သည့် စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးနှင့်လည်း နောင်ချိုတွင် ဆုံဖြစ်ခဲ့သေးသည်။ မြို့တည်ငြိမ်လာပြီဖြစ်၍လည်း နေအိမ်သို့ပြန် လည်နေထိုင်ခဲ့ ခြင်းဖြစ်ပြီး သြဂုတ်လအတွင်း ဆိုင်ပြန်ဖွင့်လှစ်နိုင်ရေး ပစ္စည်းများစုဆောင်းခြင်း၊ ဆိုင်ဝန်ထမ်းများ ပြန်စုခြင်းများ လုပ်ဆောင်‌နေသည်။ "၂၀၂၄ ခုနှစ် ဇွန်လက ဆိုင်ကို လုံး၀အပြီးပိတ်လိုက်ပြီး မိသားစုလိုက် ပြေးခဲ့တာ တစ်နှစ်ရှိသွားပြီ။ အခုမှ မြို့ကို ပြန်ရောက်လာကြတာ။ အခြေအနေကောင်းပြီ၊ ဝင်လို့ရပြီဆိုတော့မှ ကိုယ့်အိမ်၊ ကိုယ့်ဆိုင်ကို ပြန်လာခဲ့တာပါ"ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။
    နောင်ချိုမြို့သည် ယခင်က တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိခဲ့ပြီး ယင်းအဖွဲ့များ ရှိနေသည့်ကာလ မြို့နေပြည်သူများ လွတ်လပ်ပျော်ရွှင်မှု မရှိခဲ့ကြတော့ မည်သည့်နေရာသွားသွား ၎င်းင်းတို့ထံမှ ခွင့်ပြုချက် ရယူခဲ့ကြရပြီး ဖုန်းပြောခွင့်ကိုပင် ကန့်သတ်ထားသည်။ နောက်ပိုင်းတွင် ဖုန်းပြောသူကိုပင် ဒလန်ခေါင်းစဉ်တပ်ပြီး ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ "ကျွန်တော့် နားက သူတို့ (TNLA) က  ရိုက်ထားတာ အူနေတယ်။ နားက လေးနေတယ်။ ပလောင်တွေက ဒလန်ဆိုပြီး ရိုက်တာ။ သူတို့ဂိတ်နားက ဖြတ်သွားချိန်မှာ အသီးအရွက်ထုတ် ပြုတ်ကျလို့ ကျွန်တော်ပြန်ကောက်တာ အဲဒါကို မင်းက ဒလန်လားဆိုပြီး ရိုက်တာ။ မဟုတ်ပါဘူး ကျွန်တော်က အေးအေး ဆေးဆေး နေထိုင် လုပ်ကိုင် စားသောက်နေတဲ့သူပါလို့ ပြောလည်းမရဘူး။ အဲဒါကို ထပ်ရိုက်တယ်။ နောက်ဆုံး အသိမိတ် ဆွေတစ်ဦးက ဝင်ပြောပေးမှ သူတို့ရန်က လွတ်ခဲ့တာပါ"ဟူ၍ မြို့ခံအမျိုးသားတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရ ပုံကို ပြောပြသည်။ 
    TNLA နှင့်ပူးပေါင်းအဖွဲ့များ နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားစဉ် မြို့ထဲနေထိုင်ခဲ့သူတစ်ဦးကလည်း "သူတို့က ဘာမှ လုပ်မပေးဘူး။ သူခိုးလည်း ဖမ်းမပေးဘူး။ ရပ်ကွက်ကနေ သူခိုးဖမ်းမိလို့ သူတို့ဆီ အပ်တာတောင်မှ သူတို့က သုံး၊ လေးရက်ဆိုရင် သူခိုးကို ပြန်လွှတ်ပေးခဲ့တယ်။ ကျန်တဲ့ကိစ္စတွေက ဘာမှမပြောချင်တော့ပါဘူး။ သူတို့ရှိနေတော့ လုံခြုံမှုလည်း မရှိခဲ့ဘူး။ တပ်သားလုပ်ခိုင်းတာတွေ ရှိနေတော့ အမျိုး သမီးတွေရော မြို့ပေါ်မှာ မနေရဲခဲ့ကြတာပါ။ အခုက တပ်မတော်က နယ်မြေရှင်းလင်းပြီး မြို့ကို ပြန်သိမ်းလိုက်တော့ ပြန်လာခဲ့တာ။ အခုက အခြေအနေလည်း ကောင်းလာ ပါပြီ။ အရင်ကဆိုရင် ကောင်းကောင်း အိပ်မပျော်ဘူး။ အခုတော့ စိတ်ချလက်ချ ခေါင်းပြားအောင် အိပ်လို့ရသွားပါပြီ"ဟူ၍ ၎င်း၏ ခံစားချက်ကို ပြောပြသည်။ 
    TNLA ပူးပေါင်းတပ်များ နောင်ချိုမြို့တွင် ယာယီအခြေချခဲ့သည့် မြို့မရဲစခန်းအတွင်း မြေအောက် ဘန်ကာနှစ်လုံးကို အခိုင်အမာ ဆောက်ခဲ့ကြသည်။ ဘန်ကာတစ်လုံးမှာ ဝင်ပေါက်၊ ထွက်ပေါက်နှစ်ခု ပါဝင်တည် ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ၎င်းတို့က ဒေသဖွံ့ဖြိုးရေး အစီအမံများ လုပ်ပေးသည်ဟူ၍ မတွေ့ရသလို စီမံအုပ်ချုပ်နိုင်ခြင်းလည်း မရှိခဲ့ပေ။ ယင်းအဖွဲ့များက ဒေသခံပြည်သူများအား အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သည့် အနေအထား ဖြစ်နေသည်။ ပညာရေး၊ ကျန်းမာရေး လုပ်မပေးနိုင်သလို စည်ပင်ခွန်ကောက်သော်လည်း စည်ပင်သာယာလုပ်ငန်း ဘာမျှလုပ်မပေး၊  အမှိုက်ခွန်ကောက်သော်လည်း၊ အမှိုက်ကား မလာသည့် အခြေအနေများကို ဒေသခံများ ကြုံခဲ့ကြရသည်။ TNLA ပူးပေါင်းတပ်များက ပလောင်အချင်းချင်း အတင်းအဓမ္မ ပေါ်တာဆွဲသလို၊ ဓနုအချင်းချင်းလည်း တပ်သားသစ်စုဆောင်း ခဲ့ကြကြောင်း၊ ၎င်းတို့ကြောင့် နေရပ်စွန့်ခွာတိမ်း ရှောင်နေကြရသည့်  ပြည်သူများ၏ နေအိမ်အတွင်းသို့ ဝင်ရောက်၍လည်း ပရိဘောဂများ၊ ရေခဲသေတ္တာ၊ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူရောင်းစားခဲ့ကြ၍ ပလောင် သူပုန်နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်လာမှုမှာ နောင်ချိုကို အမှောင်ဖုံးလွှမ်းစေခဲ့သလို ဒေသ နှင့်ဒေသခံလူထုအတွက် ဆုတ်ယုတ်မှုများစွာသာ ဖြစ်စေခဲ့သည်ဟု ဒေသခံများက မှတ်ချက်ပြုခဲ့ကြသည်။
    အကြမ်းဖက်အဖွဲ့များက နောင်ချိုတွင် ယာယီအခြေချနေထိုင်စဉ် လျှပ်စစ်ဓာတ်အားစနစ်ကို ဖျက်ဆီးခဲ့သည်။ တိုးတက်မှုမရှိ ဆုတ်ယုတ်ခြင်းများသာရှိခဲ့ပြီး လူမှုစီးပွား အခက်အခဲများသာ ဖြစ်ပေါ်စေသည့် လုပ်ရပ်များဖြစ်သည်။ အကြမ်းဖက်များ ဝင်ရောက်ခိုအောင်း လှုပ်ရှားခဲ့သည့်ဒေသ၊ မြို့နယ် ဌာနဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်သွားသည်ဟူ၍ မတွေ့ရဘဲ ပျက်စီးမှု ဆုတ်ယုတ်သွားသည့် အနေအထားဖြစ်ခဲ့သည်။ လူထုအတွက် ကောင်းကျိုး ဖြစ်ထွန်းသည်ဟူ၍ မရှိခဲ့ဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်ခဲ့သည်ကို ပြည်သူလူထုက နား လည်သဘောပေါက်နေကြပြီ ဖြစ်သည်။
    လက်ရှိတွင် တပ်မတော်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နောင်ချိုမြို့ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံ ပညာအလယ်တန်းကျောင်းခွဲ (လောက်ဖန်း) တို့ အပါဝင် ကျောင်းအပ်လက်ခံခဲ့ပြီး ပညာသင်ကြားမှုများလည်း ပြုလုပ်နေကြပြီ ဖြစ်သည်။ မြို့ပေါ်တွင် ယာယီဆေးရုံကိုလည်း ဖွင့်လှစ်ထားကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိနေသည်။ ဆက်သွယ်ရေး လိုင်းများ၊ ရေပေးဝေမှုစနစ် မူလအနေအထား ဖြစ်စေရန် လုပ်ဆောင်ပေး လျက်ရှိသည်။ လျှပ်စစ်ဝန်ထမ်းများကလည်း ဒေသခံပြည်သူများ လျှပ်စစ်မီးရရှိရေး ထရန်စ ဖော်မာများ၊ လျှပ်စစ်ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများ တည်ဆောက်ပြုပြင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်ထူ ထောင်ရေးများကိုလည်း အမြန်ဆုံး ဆောင်ရွက်နေ ကြသည်ကိုလည်း တွေ့မြင်ခဲ့ရခြင်းလည်း ဖြစ်သည်။ သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးအဖြစ် ပြန်လည်ထူထောင်ရေးများ အချိန်များစွာပေး၍ လုပ်ဆောင်ကြရဦးမည် ဖြစ်သည်။ မြို့မှာ လက်နက်ကိုင်ပဋိပက္ခမဖြစ်မီ ပြီးခဲ့သည့် ၂၀၂၄ ဇွန်လဆန်း အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အများကြီး အားစိုက်ကြိုးပမ်းကြရဦးမည်ဟု ထင်မြင်ပါသည်။
    နောင်ချို ပြန်လည်သိမ်းယူခဲ့သည့် တိုက်ပွဲကာ လများမတိုင်မီ နိုင်ငံရေးခံယူချက် မတူညီမှုကြောင့် တပ်မတော်အား မထောက်ခံသူ လူနည်းစုဖြစ်သော အရပ်သား ပြည်သူ အချို့နှင့် နေအိမ်၊ ဥစ္စာပစ္စည်း များကို စွန့်ခွာတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများက ၎င်းတို့ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်သို့ ရောက်ရှိသွားပါက အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျသွားနိုင်သည်ကို လက်တွေ့သ ဘောပေါက် နားလည်လာကြသည်။ ထို့ကြောင့်လည်း တပ်မတော်အား စိတ်အားထက်သန်စွာ အားပေး ထောက်ခံလာကြပြီး မြေပြင်သတင်း ရရှိမှုများအား နီးစပ်ရာတပ်မတော်စစ်ကြောင်းများထံသို့ သတင်း ပေးပို့ခြင်း၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့ကြသည်။ မြန်မာ့တပ်မတော် အပေါ် ပို၍ ယုံကြည်လာပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် မြန်မာ့တပ်မတော်ကို အားကိုးလာကြ သည်။ 
    "သူပုန်နဲ့အတူ နေဖူးသွားတော့ တပ်မတော်ရဲ့ အကြောင်းကို ကောင်းကောင်း ပိုသိသွားကြပြီ" ဟုလည်း မှတ်ချက်တစ်ခုကလည်း လက်ရှိအခြေအနေ၊ နောင်ချိုဒေသခံ ပြည်သူများနှင့် လိုက်လျောညီ ထွေမှု ရှိသည့် စကားလုံး ဖြစ်သည်။
    အကြမ်းဖက်မှုကို လက်မခံဘဲ အကြမ်းဖက် သူပုန်များ၏ သွားလာလှုပ်ရှားမှု သတင်းများအား မြန် မာ့တပ်မတော်မှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များထံ လိုလိုလားလားဖြင့် အမြဲမပြတ် သတင်းပေးနေကြပြီး ဒေသခံများ၏ ပူးပေါင်း ပါဝင်မှုမှာ ယခင်နှင့်ယခု မတူတော့ သည့် ၎င်းတို့၏ အမြင်များ၊ ရပ်တည်မှုများ ပြောင်းလဲလာမှုပင် ဖြစ်သည်။ နောက်ပိုင်းတွင် အလင်းဝင်လာသည့် ဓနု PDF များကိုလည်း မြန်မာ့တပ် မတော်မှ စနစ်တစ်ကျ လက်ခံဆောင်ရွက်နေ၍ ပန်းသတင်း လေညင်းဆောင် လူသတင်းလူချင်း ဆောင်ပမာ ဓနုတိုင်းရင်းသားများကြား သတင်းများပျံ့နှံ့ခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း  ဓနု PDF အများအပြား အလင်းဝင် လာခဲ့ကြသည့် သတင်းများ ခပ်စိတ်စိတ် တွေ့လာရသည်။
    "စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင် ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့"ဟူသော ကဗျာလေးကို သတိရမိ၏။အကြမ်းဖက်များက ပြည်သူ့အတွက်ဟူသော ခေါင်းစဉ်ဖြင့် တော်လှန်ရေးလုပ်နေကြသည်။ လက်တွေ့တွင် လူထုကို ဆင်းရဲဒုက္ခအတွင်းကိုသာ တွန်းပို့နေသည့် လုပ်ရပ်များ ကျူးလွန်နေ ကြသည်။ ပြည်သူ့မေတ္တာရဖို့ဝေးစွ ၎င်းတို့၏ အကျိုးစီးပွား၊ အဖွဲ့အစည်း၏ အကျိုးစီးပွားကိုသာ ကြည့်ခဲ့ကြ၍ လူထုက ပို၍ နားလည်ဘောပေါက်နေ ကြပြီဖြစ်သည်။ သေချာသည့်အချက်ကလည်း  နောင်ချို အောင်ပွဲသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၏ အောင်ပွဲပင်ဖြစ်ပြီး နောင်ချိုသည် မြန်မာ့တပ်မတော်၏ ပြည်သူ့နှစ်လုံး သိမ်းကျုံးပြနိုင်ခဲ့သည့် အောင်ပွဲဟုသာ ဂုဏ်ပြုရေးသားလိုက်ရပါသည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48444

© 2022 - 2025 News. All Rights Reserved.