နောင်ချိုက ပေးသည့် စစ်၏သင်ခန်းစာ

၂၀၂၅ ၊ ဇူလိုင် ၂၆
    "တပ်မတော်ကြီးကို မုန်းတယ်၊ ဘာလို့ သူပုန်တွေလက်အောက်မှာ အကြာကြီး ပစ်ထားခဲ့တာလဲ"ဆိုသည့် လူမှုကွန်ရက်ပေါ်မှ ပြည်သူတစ်ဦး၏ မှတ်ချက်က ပြည်သူများ၏ ခံစားချက်ကို စုစည်းဖော်ထုတ်သကဲ့သို့ ထင်ဟပ်စေသည်။
    "နောင်ချိုဟာ ပိုင်ရှင်ပြန်မလာမှာကိုကြောက်နေခဲ့တာကြာခဲ့ပြီ ကျွန်တော်တို့ ပြန်အလာကိုစောင့်နေတဲ့ နောင်ချိုဟာ ချုံနွယ်များစွာ လွှမ်းခြုံတာကို ခံစားခဲ့ရတယ်။ ကျွန်တော်တို့ ပြန်အလာကို စောင့်နေတဲ့ နောင်ချိုဟာ အထီးကျန်ခြင်းများစွာကို ပွေ့ဖက်ထားခဲ့ရတယ်။
    ကျွန်တော်တို့ ပြန်အလာကို စောင့်နေတဲ့ နောင်ချိုဟာ ပျက်စီးခြင်းတွေများစွာထဲ သည်းခံထားခဲ့ရတယ်။ သူတို့လက်အောက်မှာ မင်းမပျော်ခဲ့ဘူးမလား နောင်ချို၊ ရေ၊ မီး မစုံတော့တဲ့ မင်းရင်ခွင်ကြားမှာ ပြည်သူတွေ မနေချင်ကြတော့တာ အရင်ကတည်းကပါ။
    မင်းစောင့်ခဲ့ရတဲ့ အချိန်တွေနဲ့  မင်းမျှော်လင့်ခဲ့ရတဲ့ နေ့ရက်တွေအတွက် ငါတို့ အရောက်နောက်ကျခဲ့ရင် ငါတို့ တောင်းပန်ပါတယ်...။
    အခုလေ မင်းအတွက် ငါတို့ဘဝတွေ ပေးဆပ် ပြီး ငါတို့တွေ ပြန်လာခဲ့ပါပြီ။
    နောင်ချိုမှာ ပလောင်တင် ငိုခဲ့တာမဟုတ် ... နောင်ချိုမြို့ကြီးပါ ရောငိုခဲ့ရရှာတယ်။ (ငိုတာခြင်းတော့ ဘယ်တူပါ့မလဲ)
    ပျက်စီးခြင်းများစွာနဲ့ နာကျင်ခြင်းများစွာကြားမှာ ကျွန်တော်တို့ကိုမြင်တော့ သူပျော်နိုင်ခဲ့ပြီထင်ပါရဲ့ ...ဗျာ...။
    အထက်ပါ ခံစားချက်စာများကို နောင်ချိုမြို့ကို တပ်မတော် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စတင်ခဲ့သည့် စစ်ဆင်ရေးမှသည် မြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့သည်အထိ စစ်ဆင်ရေးတစ်လျှောက်ပါဝင်ခဲ့သော တပ်မတော်သားတစ်ဦးက ရေးသားထားသော စာဖြစ်သည်။ ပြည်သူများကလည်း မိမိရပ်ရွာ၊ မိမိဒေသတွင် ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေး ကာလရှည် စောင့်မျှော်ခဲ့ရသည့်အတွက် တပ်မတော် ချစ်ခြင်းအားဖြင့် အပြစ်တင်သည့် အရေးအသားဖြင့် လူမှုကွန်ရက်တွင် ရေးသားခဲ့သလို တပ်မတော်သား တစ်ဦးကလည်း အရောက်နောက်ကျခြင်းကို ပြန်လည်တောင်းပန်ထားသည့် စာများက တပ်မတော်နှင့် ပြည်သူကြား ဆက်ဆံရေးကောင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။
    ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေ တွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်း တည်ရှိပြီး မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့ များသို့ မန္တလေး-လားရှိုးလမ်းမကြီးနှင့် မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃) ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ သာမန်အားဖြင့် ငြိမ်းချမ်းမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်ရနေသော မြို့ကို စစ်ဘုရင်ဝါဒဖြင့် နယ်မြေချဲ့ ထွင်လိုသော TNLA အဖွဲ့နှင့် တော်လှန်ရေးညာသံပေးကာ တိုင်းရင်းသားလက်နက်ကိုင်တို့၏ အသုံးချခံ PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများသည် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်မှစတင်၍ မြို့နှင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရ အုပ်ချုပ်မှုယန္တရား ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်။ သာလွန်အင်အားဖြင့် အလစ်အငိုက်လာရောက် တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့နှင့်တပ်ရင်း ဌာနချုပ်များ၊ ရန်သူ့လက်တွင်းသို့ မကျဆုံးစေရေးအတွက်  အပြင်းအထန်ခုခံခဲ့သော်လည်း ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှု များပြားလာခြင်းနှင့် ရန်သူမှ အင်အားအဆမတန် များပြားလာခြင်းတို့ကြောင့် ကြားခံစစ်အဆင့်ဆင့်ဖြင့် ခံစစ်ဆင် ဆုတ်ခွာခဲ့ကာ တောင်ခမ်း တပ်နယ်နှင့် ပြင်ဦးလွင်တပ်နယ်တို့ရှိ နယ်မြေခံတပ်များနှင့် ပူးပေါင်း၍ တောင်ခမ်းနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် ထိစပ်နေသည့် ဒေသတို့၌ ယာယီခံစစ်ဆင်ကာ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှု များကို ပြန်လည်ခုခံခဲ့ရသည်။
    နောင်ချိုမြို့အား ယာယီထိန်းချုပ်ထားရှိပြီး စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်တင်လာသည့် TNLA အဖွဲ့၊ MDY-PDF  နှင့် ဓနု PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများသည် ၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်မှ စတင်၍ တောင်ခမ်းတပ်နယ် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်နေရာယူပြီး ရွာသူရွာသားများအား လူသားတံတိုင်းသဖွယ်အသုံးပြု၍ တပ်မတော် စစ်ကြောင်းများနှင့် တပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် စတင် တိုက်ခိုက်ခဲ့ခြင်း၊ အုပ်ချုပ်ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခြင်းများကြောင့် တောင်ခမ်းဒေသသို့ တပ်မတော်မှ ကွန်မန်ဒိုအဖွဲ့များ၊ စစ်ကူစစ် ကြောင်းများနှင့် လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှုများအား အမြန်ဆုံး ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပူးပေါင်းကာ မြေပြင်/ဝေဟင် ဟန်ချက်ညီ ပေါင်းစပ်ပြီး မြေပြင်သတင်းဖော်ထုတ်၍ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်မှစ၍ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် နေရာများသို့ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တန်ပြန်တိုက်စစ်များ အဆင့်ဆင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် မကျည်းရေမှတစ်ဆင့် တောင်ခမ်းသို့ ဆက်သွယ်သည့် အုပ်ချုပ်မှုလမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တွင်လည်းကောင်း၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချိုလမ်းကြောင်းရှိ ဂုတ်ထိပ် အနီးတစ်ဝိုက်အား ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါးကျေးရွာအထိအား ဇွန် ၂၅ ရက်တွင် လည်းကောင်း၊ ကျောက်ကြမ်းနေရာ တစ်ဝိုက်အား ဇူလိုင် ၁၅ ရက်တွင်လည်းကောင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး အကြိမ် ၂၀၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၆၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများသည် တပ်မတော်စစ် ကြောင်းများ၏ တန်ပြန်ထိုးစစ်အား ဆက်လက်ခုခံနိုင်ခြင်း မရှိတော့ဘဲ ထိခိုက်ကျဆုံးများစွာဖြင့် ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ဇူလိုင် ၁၆ ရက်တွင် နောင်ချိုမြို့ တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင်အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ တပ်မတော်က မြို့ကို အပြည့်အ၀ ထိန်းချုပ်ခဲ့ပြီးနောက် နောင်ချိုမြို့သည့် စစ်၏ ဆိုးကျိုးကို လပေါင်းများစွာ ခံခဲ့ရသည့် ရုပ်သွင်များကို တပ်မ တော်သားများ ရိုက်ကူးထားသော ရုပ်သံဖိုင်များမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ တိုင်းရင်းသားအခွင့်အရေး၊ ပြည်သူ့ကာကွယ်ရေးဟူသော ခေါင်းစဉ်လှလှများ၏ နောက်ကွယ်မှနေ၍ နယ်မြေချဲ့ထွင်လိုသည့် လက်နက်ကိုင် သောင်းကျန်းသူများ၏ လုပ်ရပ်က များစွာကွဲပြားနေကြသည်။
    တပ်မတော်က အပြည့်အ၀ ထိန်းချုပ်ခဲ့ပြီး နောက် ပထမဆုံး အများပြည်သူ ကြည့်ရှုခဲ့ရသည့် နောင်ချို့မြို့အခြေအနေ ရိုက်ကူးထားသော ရုပ်သံတွင် ရိုက်ကူးတင်ဆက်သူက နောင်ချိုမြို့ရှိ အကြမ်းဖက်သောင်းကျန်းသူများကို ထောက်ပံ့ပေးသည့် ပါရမီအမည်ရ လက်ဖက်ရည်ဆိုင်၏ မြင်ကွင်းပင် ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းရာ ယင်းလက်ဖက်ရည်ဆိုင်ကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုံးစုံပျက်စီးသွားခဲ့သည်။ ထပ်မံ၍ ရုပ်သံတွင် တပ်မတော်သားများထံသို့ စစ်အတွင်း ခိုအောင်းနေထိုင်ကာ ရိက္ခာပြတ်တောက်နေသော ပြည်သူ့အချို့ ဆက်သွယ် ရောက်ရှိလာခဲ့သည်။ တပ်မတော်သားများက လိုအပ်သော ရိက္ခာများထောက်ပံ့ပေးမည်ဟု ပြောဆိုရာတွင် "ဆရာရယ် ကျေးဇူးပါ။ ဒါဆို နေ့တိုင်း ဆန်ပြုတ် မသောက်ရတော့ဘူးပေါ့"ဆိုသည့် တုံ့ပြန်စကားသံကို စိတ်မကောင်းဖွယ် ကြားသိရသည်။ စစ်အတွင်း စုဆောင်းထားသောဆန်များကို ဆန်ပြုတ် ပြုတ်သောက်ကာ ဖြတ်သန်းခဲ့ရသလို အသီးအနှံများကို ခူးဆွတ်ရာတွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီး အကျဉ်းကျခံရကြောင်းကိုလည်း ဖွင့်ဟဝန်ခံခဲ့သလို၊ တပ်မတော်စစ်ကြောင်းများ လာရောက်မှသာ ပြင်ပသို့ ထွက်ခွာအကူအညီတောင်းရဲသည့် ပြည်သူများ၏ ခံစားခဲ့ရမှုကို ပေါ်လွင်လှသည်။
    ထပ်မံ၍ ရုပ်သံဖိုင်တွင် နောင်ချိုမြို့ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်မြင်ကွင်းကို ရိုက်ကူးပြသရာတွင် အကြမ်းဖက် သောင်းကျန်းသူများက ၎င်းတို့ယာယီထိန်း ချုပ်ထားစဉ် ဘဏ်အဆောက် အအုံများကို ဖျက်ဆီးခြင်း၊ ငွေတိုက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဖောက်ထွင်းခိုးယူခဲ့ ခြင်းများကို တွေ့မြင်ခဲ့ရသည်။ ထို့အပြင် နောင်ချိုမြို့ပြင်ရှိ နဝရတ်စက်သုံးဆီဆိုင်မြင်ကွင်းကို ပြသရာ တွင် "လွန်ခဲ့တဲ့ လေးရက်လောက်က ကျွန်တော်တို့ ဗုံးကြဲတိုက်ခိုက်လိုက်တဲ့ နဝရတ်ဆီဆိုင်ပါ။ န၀ရတ်ဆီဆိုင်ကတော့ နောင်ချိုစစ်ပွဲကြီးတစ်ခုလုံးမှာ ရန်သူကို ဆီထောက်ပံ့ဆိုင် ဖြစ်ပါတယ်"ဟု ပြောဆိုခဲ့ပြီး ဆီဆိုင်အတွင်း ရိုက်ကူးပြသရာ ရန်သူတို့ ခိုအောင်းနေထိုင်ခဲ့မှု အခင်းအကျင်းများနှင် ထိခိုက်ဒဏ်ရာရခဲ့သည့် သွေးကွက်များကို မြင်တွေ့ရသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် တပ်မတော်အနေဖြင့် မြို့ရွာများ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေး ဆောင်ရွက်ရာတွင် မြို့ရွာထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်စေရန် စနစ်တကျ ဆောင်ရွက်ရပြီး ရန်သူတို့ကို ထောက်ပံ့သည့် နေအိမ်၊ အဆောက်အအုံနှင့် ရန်သူတို့ ခိုအောင်းရာနေရာများကို တိကျစွာ တိုက်ခိုက်ရှင်းလင်းပြီး ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း မရှိကြောင်း အထင်အရှား တွေ့မြင်ရသည်။
    ထပ်မံထွက်ပေါ်လာသော ရုပ်သံဖိုင်များတွင် တပ်မတော် အဆင့်မြင့်အရာရှိကြီးကိုယ်တိုင် စစ်ပွဲအတွင်း ခိုအောင်းနေထိုင်ရသော အသက် (၇၅)နှစ်အရွယ် ဘိုးဘွားများကို သွားရောက်တွေ့ဆုံခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။ "ကျန်းမာရေးအတွက် ဆရာဝန်ကြီးတွေ ပါတယ်နော်။ လာကြည့်ပေးမယ်နော်။ ဆရာဝန်ကြီးတွေပါ တယ်နော်၊ အမေတို့ ဘာမှမပူနဲ့ ကိုယ့်သားတွေ ရောက် လာပြီလို့ သဘောထားနော်။ အားလုံး လိုအပ်တာစောင့် ရှောက်ပေးမယ်နော်။ အသက်အရွယ်ကြီးမှ ဒီလိုအဖြစ်မျိုးတွေ နောက်မဖြစ်ဖို့ ဆုတောင်းပေးနော်။ သားတို့ကလည်း တောင်းပန်တယ်။ နောင်ချိုမြို့ကြီးကို အမြန်ဆုံး ရောက်အောင် လာချင်တာ။ သားတို့ တစ်ရက်နောက်ကျရင် ဒေသခံပြည်သူတွေ၊ အဘိုးတို့၊ အဘွားတို့ တစ်ရက် စိတ်သောက ဒုက္ခခံစားရတယ်ဆိုတာ သိတယ်နော်။အမြန်ဆုံးရောက်အောင် လာတယ်။ လာတဲ့အခါမှာ လည်း ပြည်သူလူထု မထိခိုက်အောင်ရယ်၊ အဆောက်အအုံတွေ မပျက်စီးအောင်၊ သာသနပစ္စည်းတွေ မပျက်စီးအောင် တတ်နိုင်သမျှ ရှောင်ကွင်းပြီး တတ်နိုင်သမျှ မထိခိုက်အောင် ပြည်သူလူထု ဘေးအန္တ ရာယ်ကင်းအောင် လာရတဲ့အတွက် နည်းနည်းလေးကြာသွားရင် ခွင့်လွှတ်နော်။ ခုတပည့်တွေကို ဒံပေါက်လေး ချက်ကျွေးရင်း စားမဝင်လို့ အဖေတို့အမေတို့ကို တွေ့တာနဲ့ လာပေးတာ။ ပြီးရင် ဆန်တို့၊ ဆီတို့ လာပေးမယ်နော်"ဟု တပ်မတော်အဆင့်မြင့် အရာရှိကြီးကိုယ်တိုင်က ဘိုးဘွားများကို ပြောဆိုထောက်ပံ့ပေးခဲ့သည်။ ပြည်သူများကလည်း တပ်မတော်သားတို့၏ လက်အစုံကို အားကိုး တကြီး ဆုပ်ကိုင်ကာ လက်တင်အလေးပြုသည့် မြင်ကွင်းကလည်း စိတ်ချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။ "တစ်နှစ်လုံး ပုန်းနေရတဲ့ ဘဝက လွတ်ပြီကွ"ဟု လက်ရုန်းဆန့်တန်း ကြုံးဝါးနေသည့် အဘိုးတစ်ဦး၏ ပုံရိပ်ကလည်း တပ်မတော်အပေါ် ယုံကြည်ကိုးစားမှုကို ပြသနေသည်။
    ထို့အပြင် ကလေးသူငယ်များနှင့် ပြည်သူများကို ဒံပေါက်များ ဝေငှမှုမြင်ကွင်းနှင့် အခြားလိုအပ်သော စာနပ်ရိက္ခာများ ထောက်ပံ့ပေးမှု မြင်ကွင်းများကလည်း တပ်မတော်နှင့် ပြည်သူကြား သံယောဇဉ်များကို မြင်တွေ့ခဲ့ရပြီး ပြည်သူများ၏ အားကိုးယုံကြည်မှုကို မြင်တွေ့ရခြင်းကလည်း အဆိုးထဲက အကောင်းပင်ဖြစ်သည်။ တပ်မတော်အရာရှိကြီးကိုယ်တိုင် ခူးခပ်ကျွေးမွေးခဲ့သည့် ဒံပေါက်ကြောင့် လူမှုကွန်ရက်တွင် နောင်ချိုဒံ ပေါက်အကြောင်း မျှဝေမှုများပြားခဲ့သည်။ ထိုမြင်ကွင်းများက ရန်သူ့လက် အတွင်းက၊ နောင်ချိုနှင့် တပ်မတော်၏ လက်အတွင်းက နောင်ချိုကွဲပြားမှုကို အကောင်းဆုံး သက်သေပြနိုင်ခဲ့သည့် ရုပ်သံဖိုင်များဖြစ်သည်။ နယ်မြေချဲ့ထွင်ရေးအတွက် မြို့နေလူထု၏ အကျိုးစီးပွားကို မကြည့်ဘဲ မြို့ဖျက်ရွာကြေစေရန် ကိုယ်ကျိုးစီးပွားအရ နယ်မြေချဲ့ထွင်ခဲ့ကြသူတို့နှင့် ပြည်သူ့အကျိုးကို ရှေးရှု ကာ နယ်မြေတည်ငြိမ်အေးချမ်းစေရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် မထိခိုက်စေရေး ကာကွယ်စောင့်ရှောက်ရသော အဖွဲ့အစည်းတို့၏ ကွာခြားချက်ကို အထင်အရှား တွေ့မြင်နိုင်သည်။ အကြမ်းဖက်သောင်းကျန်းသူများကို ထောက်ခံခြင်းဖြင့် စစ်ကိုခေါ်ယူကြသူများနှင့် ငြိမ်းချမ်းစွာ နေထိုင်လိုသူတို့အကြားကွဲလွဲမှု များကို သင်ခန်းစာပေးခဲ့သည့် နောင်ချိုမြို့ ဖြစ်စဉ်ပင် ဖြစ်သည်။
    ၁၁ လကြာ နောင်ချို့မြို့ ပြန်လည် ထိန်းချုပ် နိုင်ရေးစစ်ပွဲတွင် ထင်ရှားသော သင်ခန်းစာတစ်ရပ်ကို လူငယ်ထုသိရှိနားလည်ရန် အထူးလိုအပ်သည်။ စစ်ဆင်ရေးအစပြုရာ တောင်ခမ်းဒေသတစ်ဝိုက် စစ်ပွဲများတွင် ရန်သူအကျအဆုံးများကို လေ့လာရာတွင် အများစုမှာ TNLA သောင်း ကျန်းသူအဖွဲ့က လက်ပါးစေအဖြစ် ခိုင်းစေခံခဲ့ရသော ဓနုလူမျိုး PDF အဖွဲ့ဝင်များနှင့် ဗမာလူမျိုး PDF အဖွဲ့ဝင် လူငယ် များပင်ဖြစ်သည်။ မည်သို့သော ခံယူချက်များဖြင့် စစ်ပွဲအတွင်းရောက်ရှိလာသည်ကို ရေရာစွာ မသိနိုင် သော်လည်း လက်တွေ့မြေပြင်တွေ TNLA ၏ နယ်မြေချဲ့ထွင်စစ်ပွဲတွင် အကျိုးမဲ့အသက်ပေးခဲ့ရတာ လူငယ်ထုများပင် ဖြစ်သည်။ ထိုလူငယ်ထုများအတွက် ဆုလာဘ်က Mai Tea Land အမည်ဖြင့် လူမှုကွန် ရက်သုံးစွဲသော TNLA သောင်းကျန်းသူအဖွဲ့၏ ခေါင်းဆောင် တာဘုန်းကျော်၏ လူမှုကွန်ရက်ပေါ်က အရေးအသားပင်ဖြစ်သည်။ လူမှုကွန်ရက်တွင် ခဏတာ ရေးသားတင်ခဲ့ပြီး ပြန်လည်ဖျက်သွားခဲ့သည့် တာ ဘုန်းကျော်၏ ရေးသားမှုမှာ "တော်လှန်ရေးအစစ်အမှန်သာ လုပ်ခဲ့ရင် နောင်ချို ပြန်ကျစရာ အကြောင်း မရှိဘူး။ PDF အများစုက စကစရဲ့ ခြေရာနင်းဖို့ပဲ ရွေးချယ်လာကြတာကို တွေ့မြင်နေပြီ။ စစ်တိုက်တာကို အပျော်တမ်း လို့ သူတို့တစ်တွေ ထင်နေကြတာလားမသိ တချို့ဆိုရင် ... ကို အသိပေးဒလန်လုပ်တဲ့ မန်း PDF ခေါင်းကြီး တချို့လည်း ပါဝင်နေတယ်။ ဒါတော်လှန်ရေးကို သစ္စာဖောက်တာလား။ TNLA ကို သစ္စာ ဖောက်တာလား သေချာတော့ မသဲကွဲသေးပါဘူး။ သေချာအောင် စိစစ်နေတုန်းပဲ။ ကျောက်မဲ-သီပေါပါ ထပ်မကျအောင် ဒီမန်း PDF ခေါင်းကြီးကို သေချာစွာ ကိုင်တွယ်သင့်ပါပြီ၊ ပေါ့ပေါ့နေလို့ မရတော့ကြောင်း"ဟု ရေးသားထားသည်။
    ၎င်းတို့၏ လက်ပါးစေအဖြစ် ၎င်းတို့၏ ကျူးကျော်စစ်များတွင် အသက်ပေးခဲ့ရသော လူငယ်ထုများကို ချနင်းခဲ့သည့် သောင်းကျန်းသူခေါင်းဆောင်တစ်ဦး၏ရေးသားချက်ကလည်း တော်လှန်ရေးဟုဆိုကာ လက်နက်ကိုင်နေကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ယုံကြည်ကိုးစားနေသော လူငယ် ထုအတွက် အသက်နှင့် ရင်းပြီးရသည့် သင်ခန်းစာပင် ဖြစ်သည်။ နောင်ချိုကပေးသည့် စစ်၏သင်ခန်းစာ များကိုယူ၍ အကြမ်းဖက် သောင်းကျန်းသူများကို ထောက်ခံခြင်း၊ အားကိုးယုံကြည်ခြင်းများ၏ အဆုံးသတ်ရလဒ်များကို သေချာစွာလေ့လာ၍ အမြင်မှန်များ ရရှိစေရန် ဆန္ဒပြုအပ်ပါသည်။                                 
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48077

© 2022 - 2025 News. All Rights Reserved.