နွားသားရေကြီးနဲ့ကျပ်တဲ့ တော်လှန်ဗုံ

၂၀၂၅ ၊ ဇူလိုင် ၁၂

တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ 'ငါတို့ အိမ်ပြန်တော့မှာ'၊ 'ပြည်တော်ဝင်တော့မှာ'၊ 'အိမ်ပြန်ရင် တူတူပြန်ကြမယ်နော် ဘယ်သူမှ စောမပြန်ကြေး} ဆိုတော့ ထူးမြတ်တို့ ပြည်သူတွေမှာ သပြေခက်တွေဝယ်၊ စံပယ်ပန်းကုံးလေးတွေသီပြီး ခေါင်းဆောင်ကြီးတွေ အိမ်အပြန်လမ်းကို လည်တဆန့်ဆန့်နဲ့ မျှော်လိုက်ရတာ ခုဆိုရင် လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်လာပြီဖြစ်သည်။
    'အမေသား အိမ်ပြန်ရောက်ပြီ'ဆိုတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်ကတော့ ပြန်လာသည်။ အိမ်တော့ မဟုတ်ချေ။ တောထဲမှာ ဓာတ်ပုံတွေရိုက်လိုက်၊ ကျောက်တွင်းဟောင်းတွေ ဓာတ်ပုံရိုက်လိုက်ဖြင့် အချိန်ကုန်နေသည်။ အိမ်လိပ်စာမေ့နေတာလည်း ဖြစ်နိုင်သည်။ အသက်အရွယ်လေး ရလာတော့ အိမ်လိပ်စာ မေ့နေတာကြောင့် နယ်စပ်တစ်ကြော ဟိုသွားဒီသွားပြီး အိမ်ပြန်ခွင့်ရရေး ကြိုးပမ်းနေတာ ဖြစ်နိုင်သည်။
    နှစ်လေးနည်းနည်းကြာလာတော့ ထူးမြတ်တို့လို ငပိန်းတွေ နည်းနည်း သဘောပေါက်လာသည်။ ခေါင်းဆောင်ကြီးတွေ ပြန်လာမယ်ဆိုတာက မြန်မာပြည်က ပေလေးဆယ်၊ ခြောက်ဆယ်မှာ ဆောက်ထားတဲ့ အိမ်မဟုတ်ဘဲ အမေရိကားမှာ ခြံအကျယ်ကြီးတွေနဲ့ ဆောက်ထားတဲ့ အိမ်တွေကို ပြောတာဖြစ်သည်။ ဟိုတစ်နေ့က တော်လှန်ခေါင်းဆောင်ကြီးတစ်ယောက်အိမ်ကို ဧည့်သည်လာတော့ ခရီးဦးကြိုပြုတဲ့ ဗီဒီယိုဖိုင်ကြီး တွေ့လိုက်ရသည်။ ခေါင်းဆောင်ကြီးတွေရဲ့ တော်လှန်စံ အိမ်ကြီးတွေများ နေချင်စဖွယ် ကောင်းလှသည်။ ဒေါ်လာသိန်းသန်းချီကို လေးနှစ်ကျော် ငါးနှစ်အတွင်း ရိုးရိုးသားသားရှာပြီး ရလာတဲ့ ငွေလေးတွေနဲ့ ဝယ်ထားတဲ့ အိုးပိုင်အိမ်ပိုင်လေးတွေဆီ ပြန်မယ်ပြောတာကို ထူးမြတ်တို့လို ငပိန်းတွေက မြန်မာပြည် ပြန်လာမယ် ထင်လောက်အောက် ပိန်းလွန်းလှသည်။
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အားလုံးနီးပါး အမေရိကားမှာ အိမ်တွေ၊ ခြံတွေဝယ်တော့ မနာလိုသူတွေက သူခိုးတွေဟု စွပ်စွဲကြသည်။ ထူးမြတ်တို့ ကတော့ ခေါင်းဆောင်ကြီးတွေကို သူခိုးလို့ စွပ်စွဲတာမြင်ရင် အရမ်းစိတ်ဆိုးသည်။ တော်လှန်ရေးအလှူငွေတွေထဲက ခဏလေး လှည့်သုံးမိတာကို သူခိုးတံဆိပ်ကပ် ကြတာဖြစ်သည်။ ခေါင်းဆောင်ကြီးတွေ အိမ်နဲ့ယာနဲ့ဖြစ်တော့ မနာလိုကြသူတွေက ခေါင်းဆောင်ကြီးတွေကို ခဏခဏ စာရင်းစစ်ကြသည်။ တော်လှန်ရေးလုပ်နေပါတယ်ဆို စာရင်းစစ်ချင် တဲ့ကောင်တွေက တစ်မှောက် အာရုံနောက်လှသည်။ တော်လှန်စာရင်းဆိုတာက ဖျောက်လို့ရတာ မဟုတ်ချေ။ အမေရိကားကို ရောက်သွားကတည်းက ခေါင်းဆောင်ကြီးတွေ အာချောင်ပြီး ဘယ်ပရော ဂျက်ကို အလှူခံတာ ဘယ်လောက်ရတယ်ဆိုတာမျိုး ပြောထားတော့ မနာလိုကြသူတွေက ဘယ်မှာ သုံးလိုက်သလဲဆိုပြီး စာရင်းစစ်ချင်ကြတာ ဖြစ်သည်။ ထူးမြတ်ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဘက်က ရပ်တည်သည်။ တော်လှန်ရေးလုပ်တယ်ဆိုပြီး တောထဲမှာ ရွက်ဖျင်တဲထိုးပြီး ငှက်ပျောအူ စုပ်စရာမလိုဘဲ အမေရိကားမှာ တော်လှန်စံအိမ်ကြီးတွေကနေ အေးအေးဆေးဆေး ထိုင်တော်လှန်နေတာက အန္တရာယ် ကင်းလှသည်။
    ခုဆိုရင် မြန်မာပြည်ရောက်နေတဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီးက လေးနှစ်တာ ကျန်းမာရေး ဝန်ဆောင်မှုအကြောင်း ပြည်သူသိအောင် ထုတ်ပြလိုက်တော့ မောင်ထူးမြတ်တစ်ယောက် မျက်လုံးပြူးရလေတော့သည်။ လေးနှစ်တာအတွင်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကြိုးပမ်းလိုက်ပုံများ ဆေးရုံပေါင်းက ၁၀၆ ရုံ၊ ဆေးခန်းပေါင်းက ၈၀၈ ခန်း၊ ရွေ့လျားဆေး ခန်းပေါင်းက ၁၉၂ ခုထိ ဆောက်လုပ်ပြီး ပြည်သူတွေ ကျန်းမာရေးဝန်ဆောင်မှု ပေးထားသည်ဟု ဆိုသည်။ စောစောကသာသိရင် ကိုဗစ်ကာကွယ်ဆေးကို ခေါင်းဆောင်ကြီးတွေ ဖွင့်ထားတဲ့ ဆေးခန်းမှာ သွားထိုးဖြစ်မှာ သေချာသည်။ ဒီတော့ ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းမှုကို တွက်ကြည့်ရင် လေးနှစ်အတွင်း ဆေးရုံဆေးခန်း ပေါင်း ၁၁၀၀ ကျော်သွား ပြီ ဖြစ်သည်။ တစ်နှစ်မှာ ၃၆၅ ရက်ဖြင့် လေးနှစ်စာဆိုရင် ရက်ပေါင်း ၁၄၆၀ ဖြစ်သည်။ ဒီတော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ တစ်ရက်ကို ဆေးရုံဆေးခန်း တစ်လုံးနှုန်း တည်ဆောက်လာကြတာ ဖြစ်သည်။ အင်မတန် ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ ခလုတ်တိုက်လိုက်တိုင်း တော်လှန်ရေး ဆေးရုံ ဆေးခန်းတွေဖြစ်နေရင် ပြည်သူတွေ ကျန်းမာရေး စိတ်သာချ ဝိဇ္ဇာမမည့်ကိန်းပင် ဖြစ်သည်။
    တချို့တွေကလည်း တော်လှန်ဆရာကြီး ဇေ၀စိုး ထုတ်ပြန်သည့် ဆေးရုံဆေးခန်းစာရင်းကို မယုံရေးချ မယုံဖြစ်နေကြသည်။ လှူထားတန်းထားဖူးသူတွေကလည်း ဟုတ်ပါ့မလား တစ်ရက်ကို ဆေးရုံတစ်လုံး ဆေးခန်းတစ်ခု ဆောက်နေတာ ဖြစ်နိုင်ပါ့မလားဆိုပြီး ဝေဖန် ကြလေသည်။ မယုံရင် ပုံပြင်မှတ် ဟု ပြောရမည်ဖြစ်သည်။ ခုရက်ပိုင်းတောင် မြေအောက်ဆေးရုံ ဆောက်ဖို့ ကျောက်တွင်းဟောင်းတွေ လိုက်ရှာနေသေးသည်။ ဒီတော့ ဆရာကြီးတို့ကို ယုံကြည်လှူဒါန်းပြီး ခုမှ ယုံရခက် ပုံစံမျိုး ဝေဖန်ကြ၊ ဆရာကြီးတို့ကပဲ ခိုးဝှက်နေသယောင် ပုံဖျက်ကြသူတွေကို ပုံပြင်လေးတစ်ပုဒ်နဲ့တောင် တုံ့ပြန်ချင်သေးသည်။
    တစ်ခါက အလွန်အကြွားသန်သော အညာသားနှစ်ယောက် ဧရာဝတီမြစ်ကမ်းမှာ ဆုံကြလေသည်။ ဖိုးနီဟူသော အညာသားက စတင်ကာ "ငါ့ဘကြီး မွေးဖူးတဲ့ နွားကြီးတစ်ကောင်ဆိုရင် ဘယ်လောက်များ ကြီးသလဲဆိုရင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းကနေ ခေါင်းငုံ့ပြီး ရေသောက်ရင် ဂျိုကြီး က အရှေ့ဘက်ကမ်းကို ထိသဟ"ဆိုပြီး အလွန်အကျူး စတင်ကြွားလေသည်။
    ဒီတော့ အညာသား နောက်တစ်ယောက်ဖြစ် သည့် ဖိုးပိန်တစ်ယောက် မနေသာတော့ပဲ "ငါ့ဘကြီး ထွင်းတဲ့ ဗုံတစ်လုံး ဘယ်လောက်များ ရှည်သလဲဆိုရင် ဧရာဝတီ အနောက်ဘက်ကမ်းကနေ ဗုံအခြေကို ချပြီးလှဲလိုက်ရင် ဗုံအဝက အရှေ့ဘက်ကမ်းကိုထိပြီး ရွာသူရွာသားတွေ ဗုံကို တံတားလုပ်ပြီး ဧရာဝတီ မြစ်ကို ကူးကြတာကွ"ဟု တုံ့ပြန်လေသည်။ ဒီတော့ ဖိုးနီတစ်ယောက် မချိသာမခံသာ ဖြစ်ပြီး "ဒီလောက် ကြီးတဲ့ဗုံကြီး ဘယ်ကသားရေနဲ့ ကျပ်သလဲ"ဟု တုံ့ပြန်လေတော့သည်။ အကွက်ထဲဝင်သွားသော ဖိုးပိန်ကလည်း "ဟကောင်ရ မင်းဘကြီးရဲ့ နွားသားရေကို ဝယ်ပြီး ကျပ်တာပေါ့ကွာ"ဟု ဆိုလေသည်။
    ခုလည်း တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ဘာလုပ်လုပ် ဟုတ်ပါ့မလား၊ ခိုးများ ထားသလားဟု မေးကြသူတွေကို ဖိုးပိန် ဖြေသလိုပင် 'ခင်ဗျားတို့ လှူထားတာတွေနဲ့ ဆောက်တာပေါ့}ဟု ဖြေရမလိုပင် ဖြစ်သည်။ ဒီတော့ ထူးမြတ်တို့လို ငပိန်းလေးတွေရဲ့ နွားသားရေကြီးက တော်လှန် ရေးခေါင်းဆောင်ကြီးတွေရဲ့ ဗုံကျပ်သလောက် ရှိလေတော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46724

© 2022 - 2025 News. All Rights Reserved.