၂၀၂၅ ၊ မေ ၂၉
ကျွန်တော့်အနေနဲ့ သာမန်အားဖြင့်ဆိုရင် ပုဂ္ဂိုလ်ရေးအရ ရေးလေ့ရေးထ မရှိပါဘူး။ အခုလည်း ပုဂ္ဂိုလ်ရေးအရ ရေးတာမျိုးမဟုတ်ဘဲ မြန်မာ့နိုင်ငံရေးမှာ တစ်မျိုးတစ်မည် အကျိုးသက်ရောက်နိုင်တဲ့အတွက် သိသင့်သိထိုက်တာ သိစေဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ ချစ်ခြင်း၊ မုန်းခြင်း အစွဲအရမ်းကြီးကြတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ချစ်ရင် ဘာလုပ်လုပ် ခွင့်လွှတ်ထားတတ်သလို မုန်းလို့ကတော့ လှည့်တောင်ကြည့်တတ်တဲ့ အမျိုးမဟုတ်ကြဘူး။ သာမန်ကိစ္စရပ်လေးတွေမှာပင် ဒီသဘာဝကို အခြေခံနေကြတာ အကျင့်လိုဖြစ်နေကြတဲ့အတွက် နိုင်ငံ နဲ့ချီတဲ့ကိစ္စတွေမှာ ဖြစ်ပွားတဲ့ ပြဿနာတွေဟာ အကျိုးနည်းတဲ့အထိ ဖြစ်သွားကြရတာ စိတ်မကောင်းစရာပါ။
နိုင်ငံရေးမှာ ပေါ်ပြူလာဖြစ်ဖို့၊ လူကြိုက်များဖို့ဆိုတာကလည်း လိုအပ်ချက်တစ်ခုပါ။ နိုင်ငံတိုင်းမှာ အထူးသဖြင့် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲစနစ်ရှိတဲ့ နိုင်ငံတွေမှာ အတွေ့များပါတယ်။ တချို့နိုင်ငံတွေမှာတော့ ပေါ်ပြူလာဖြစ်တဲ့ လူပုဂ္ဂိုလ်ကို အခြေခံပြီး မဲနိုင်ကြတာမျိုး ရှိသလို တချို့နိုင်ငံတွေမှာတော့ လူပုဂ္ဂိုလ် ပေါ်ပြူလာဖြစ်ပေမယ့် ပြိုင်ဘက်က စီမံခန့်ခွဲမှုကောင်းတဲ့ အုပ စုအားတောင့်တဲ့အတွက် ရှုံးသွားရတာတွေလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လူပုဂ္ဂိုလ်ရဲ့ ပေါ်ပြူလာ ဖြစ်မှုကို အခြေခံပြီး မဲနိုင်ကြတာ များပါတယ်။ ဗိုလ်ချုပ်အောင်းဆန်းတို့၊ ဦးနုတို့ လက်ထက်ကတည်းကလို့ ဆိုရ မယ်ထင်တယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာကြတော့ ပေါ်ပြူလာဖြစ်ခြင်း၊ မဖြစ်ခြင်းက သိပ်မဆိုင်သလို တွေ့ရပါလိမ့်မယ်။ သို့သော် အနည်းအများတော့ ရှိပါတယ်။ များသောအားဖြင့်က စနစ်အပေါ်မှာ အခြေခံပြီး စနစ်ကို ထိန်းကျောင်းပဲ့ကိုင်သွားဖို့က အဓိကလို့ဆိုရမှာပါ။
မြန်မာနိုင်ငံမှာ ပေါ်ပြူလာအရ ရွေးကောက်ပွဲတွေမှာ မဲနိုင်တာ၊ နိုင်ငံရေးမှာ တစ်ဖက်စောင်းနင်း ဖြစ်တာတွေဟာ ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်ကစတဲ့ နိုင်ငံရေးဟာ ဦးနုကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးလို့ ဆိုရမလားပင် မသိပါ။ ဖဆပလ မကွဲခင်မှာ ဦးဆောင်နိုင်ငံရေးသမားတွေက အတူတူ ရှိနေတယ်၊ လက်တွဲလုပ်နေကြ တယ်ဆိုတော့ သိပ်မသိသာလှဘူး။ ဖဆပလကို ထမ်းထားတာက ဆိုရှယ်လစ်တွေပါ။ လူတော်တွေ များပါတယ်။ ဦးနု တော်လို့ချည်းတော့ မဟုတ်ဘူး။ ဖဆပလ နှစ်ခြမ်းကွဲပြီး မဲပြန်ရွေးတော့ ဦးနုချည်းပဲ နိုင်တာ တွေ့ရမယ်။ ပြိုင်ဘက်တွေ ညံ့လို့မဟုတ်ဘူး။ အင်အားကောင်းကောင်းနဲ့ ဆိုရှယ်လစ်က လူတော်တွေများတယ်။ ဒါပေမဲ့ မနိုင်ဘူး။ ဦးနုရဲ့ ပေါ်ပြူလာနဲ့ လူကြိုက်များမှုကို မယှဉ်နိုင်ဘူး။ အဲဒီအချိန်မှာ သာမန် ဗုဒ္ဓဘာသာဝင် လူကြီးအတော်များများက ဘုရားလောင်းလို့ပင် ထင်နေကြတာပါ။ အဲ့ဒီပေါ်ပြူလာကြောင့်ပဲ တိုင်းပြည်ကမောက်ကမဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခံရတာ။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလကစပြီး မြန်မာ့နိုင်ငံရေးမှာ ပေါ်ပြူလာ တစ်ခေတ်ဆန်းလာခဲ့ ပြန်ပါတယ်။ အကောင်းဘက်ကကြည့်ရင် မြန်မာကို ကမ္ဘာက သိသွားခဲ့ကြပေမယ့် အဆိုးဘက်က ကြည့်ရင် မြန်မာ့နိုင်ငံရေး အခြေအနေအမှန်၊ တပ်မတော်ရဲ့ သဘောထားအမှန်တွေ ဆိတ်သုဉ်းပြီး မြန်မာ့နိုင်ငံရေးကို ကမောက်ကမ ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အမျိုးသားလုံခြုံ ရေးကို ရှေးရှုပြီး ပါတီစုံဒီမိုကရေ စီစနစ်ကို ရောက်အောင် နည်းမျိုးစုံသုံး လျှောက်လှမ်းခဲ့ပေမယ့် ပြည်သူတွေရဲ့အမြင်မှာ ဘယ်လိုတွေဖြစ်ခဲ့သလဲ။ ဒါတွေဟာ တစ်ဖက် စောင်းနင်း လူပုဂ္ဂိုလ်ကို မြေတောင်မြှောက်ပေးတဲ့ အကျိုးလို့ပဲ ဆိုရပါလိမ့်မယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး တပ်မတော်အစိုးရလက်ထက်မှာ အစိုးရအပေါ် အဓိက နိုင်ငံရေးအရ အတိုက်အခံပြုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မဏ္ဍိုင်ပြုထား ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအစဟာ မြန်မာ့နိုင်ငံရေးရဲ့ မလှမပ အချိန်ကစခဲ့တယ်လို့ ဆိုရမယ်။ မင်းလောင်းမျှော်နေတဲ့ အချိန်ဆိုလည်း မမှားပါဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ ကျန်လက်ဝဲ၊ လက်ယာအင်အားစုတွေရဲ့ ပေါက်ကွဲခန်းလို့ ဆိုရမယ့်အချိန်မှာ မြန်မာနိုင်ငံကို သူပြန် ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာ့နိုင်ငံရေးကို သူနားမလည်ပါဘူး။ ဒါကိုလည်း သူကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါပေမဲ့ သူမြန်မာ့ နိုင်ငံရေးမှာ ပါလာခဲ့ပါတယ်။ သူပါလာပြီးနောက်မှာ ပြည် သူလူထုရဲ့ ပါဝင်မှုနဲ့ စိတ်ဝင်စားမှုဟာ အတော်မြင့်တက် စေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးရဲ့ အမှားအမှန်၊ အတိမ်အနက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေ၊ တိုင်းပြည်ရဲ့ ကောင်းကျိုး နဲ့ဆိုးကျိုး ဒါတွေကို ချိန်ဆနိုင်ခဲ့ခြင်းမရှိဘဲ ကြိုးဆွဲရာ ကရတဲ့အခြေအနေလို့ပင် ဆိုနိုင်ပါတယ်။ ကိုယ်တိုင်ရဲ့ အရည်အချင်းထက် ဖခင်ကိုချစ်တဲ့ ပြည်သူတွေရဲ့ စိတ်ခံစားချက်က သူ့ကို စင်မြင့်ပေါ် ဆွဲတင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပေးအောင်လည်းပဲ ဖန်တီးခဲ့ကြတဲ့သူတွေက ဖန်တီးခဲ့ကြတာ ပဲဖြစ်ပါတယ်။ အလွန်အကျွံ သိဒ္ဓိတင်ပေးပြီးတဲ့အခါမှာတော့ တပ်မတော် ဘာလုပ်လုပ် အကောင်းမြင်တာ နည်းပါးသွားတာ သတိထားမိကြမှာပါ။
၂၀၂၁ ခုနှစ် မဲမသမာမှုကိစ္စကို အခြေပြုပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ အခြေအနေမှန်ကို နားလည်ပြီး မှန်မှန်ကန်ကန် ရှုမြင်ကြသူတွေ အတော်နည်းတာ တွေ့ရပါတယ်။ အခြေအနေမှန်ကို ဖုံးကွယ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အာဏာလိုချင်လို့ သိမ်းတာဆိုတဲ့ Agenda နဲ့ ဝါဒဖြန့်နေကြတာ၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လက်နက်ကိုင် တိုက်ပွဲတွေဖန်တီး နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို မတရားဖမ်းဆီးထားတာဆိုတဲ့ အကြောင်းပြချက်တွေရဲ့ အဓိကလိုလား ချက်က ဘာလဲ။ တပ်မတော်မုန်းတီး ရေးနဲ့ သူတို့အပေါ် ကရုဏာသက်ပြီး အာဏာရရှိရေးက လွဲလို့ တခြားမရှိပါဘူး။
၂၀၂၅ ခုနှစ် မေ ၂၅ ရက် အမေရိကန်ပြည်ထောင်စု ပြည်သူ့ဂုဏ်ရည် တက္ကဆက်ဌာနခွဲမှာ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်း(ACLU, Ame-rican Civil Liberties Union) က ဒေါ်အောင်ဆန်း စုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဆုကိုတော့ သားဖြစ်သူ Kim Arundel Aris (ခ) ထိန်လင်းက တက်ရောက် ရယူခဲ့တယ်လို့ သိရပါတယ်။ ဒီအဖွဲ့အစည်းနဲ့ ဒီအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် ကြီးကျယ်တဲ့ ကမ္ဘာ့အဖွဲ့အစည်းမဟုတ်ပါဘူး။ ၂၀ ရာစု အစောပိုင်းကာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်အခွင့်အရေးကို ကာကွယ်ပေးဖို့ NGO အနေနဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ အဓိကဖွဲ့စည်းတာက လူဖြူ၊ လူမည်းပြဿနာမှာ လူမည်းတွေ အခွင့်အရေးရဖို့၊ တန်းတူရဖို့ ရည်ရွယ်ဖွဲ့စည်း ခဲ့တာပါ။ ဒါကြောင့်လည်း ဂျူးအဖွဲ့အစည်းတွေနဲ့ သဟဇာတ မဖြစ်သလို ဆုပေးတာ ကလည်း သူ့နိုင်ငံက လူမည်းတွေရဲ့ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးတဲ့ သူမျိုးကိုသာ ပေးလေ့ရှိပါတယ်။ ဘာလို့ ဒီဆုပေးရသလဲဆိုတာ လေ့လာကြည့်တော့ NUG နဲ့ သားဖြစ်သူ KIM တို့ရဲ့ ကုလားဖန်ထိုးလို့ဆိုတာ တွေ့ရတယ်။ သဘောကတော့ ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်လ်ဆုပေးတဲ့ပုံ စံမျိုး ဖန်တီးတာပါပဲ။ တကယ့် အခြေအနေမှန် ဖြစ်တဲ့ ကာယကံရှင်ရဲ့ ဥပဒေချိုးဖောက်မှုကို မျက်ကွယ်ပြုပြီး ဥပဒေအရ နိုင်ငံ့အကျိုးကို ရှေးရှုတဲ့သူကို အပြစ်ပုံချတဲ့ သဘောသက်သက်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာတစ်ခုပြောလိုတာက ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းပဲဖြစ်ပါတယ်။ အဆိုပါပုဒ်မ ၅၉(စ) မှာ 'မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်ရှိသူများ မဖြစ်စေရ'လို့ ဆိုထားတယ်။ ဒီပုဒ်မဟာ အလကားထည့်ထားတာ မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သက်သက် ရည်ရွယ် ရေးဆွဲခဲ့ခြင်းလည်း မဟုတ်ဘူး။ သို့သော် ပြည်တွင်းရေးမှာ မိသားစုပတ်သက်မှုနဲ့ ဝင်ရောက် ခြယ်လှယ်ခဲ့တာ၊ ပံ့ပိုးကူညီသိဒ္ဓိတင်ပေးတာ၊ ပြည်ပအကူအညီတွေ တောင်းခံတာ၊ ဖိအားပေးဖို့ တောင်းဆိုခဲ့တာတွေကတော့ သင်ခန်းစာဖြစ်စေခဲ့တာ အမှန်ပဲလို့ ဆိုရမှာပါ။
ဒီကိစ္စမတိုင်ခင်ကတည်းက Kim ရဲ့ လှုပ်ရှားမှုတွေကို ပြန်ကြည့်ပါ။ နိုင်ငံရဲ့တည်ဆဲဥပဒေအရ အရေးယူခံရတာတွေအပေါ် ဥပဒေနဲ့အညီ ဆုံးဖြတ်တာ ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်း၊ ဒီနိုင်ငံရဲ့ ဥပဒေအရ အကူအညီပေးခြင်း၊ ဥပဒေအရ ကင်းလွတ်ခွင့်တောင်း ခံခြင်းတွေ ဘာတစ်ခုမှ မလုပ်ဘဲ ကမ္ဘာလှည့်ပြီး မတရား ဖမ်းဆီးခံထားရပါ တယ်ဆိုပြီး လျှောက်အော်နေတာကတော့ ပြည်တွင်းရေးမှာ အတော်ဆိုးရွားစွာ ဝင်ရောက်စွက်ဖက်ခြင်းပါ။ သူတို့ မိသားစုတွေအနေနဲ့ ဒီလိုဝင်ရောက်စွက်ဖက်ပြီး ကမ္ဘာမှာ သိဒ္ဓိတင်ပေးခဲ့တာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ ယခင် စစ်အစိုးရ လက်ထက်ကတည်း ကပါ။
၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၀-ခ အရ နေအိမ်မှာ တားဆီးမိန့် ထုတ်ပြန်လိုက်တဲ့အခါ ခင်ပွန်းဖြစ်သူ Dr Michael Vaillancourt Aris က 'သူ့ဇနီးကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားကြောင်း၊ ဇနီးသည်အတွက် စိုးရိမ်ကြောင်း' ကမ္ဘာနဲ့ချီပြီး ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အကျိုးဆက်က ဥပဒေကို မကြည့်တော့ဘဲ မတရားဖမ်းဆီးထားတဲ့ပုံစံ ဖြစ်သွားခဲ့တာပါပဲ။ အမှန်က သူ့ဇနီးကျူးလွန်တဲ့ အပြစ် တွေက တရားစွဲဆိုပြီး ထောင်ကျမယ့် အမှုတွေပါ။ ဒါကို တပ်မတော်အစိုးရက မြန်မာ့နိုင်ငံရေးနဲ့ ဥပဒေကို ထဲထဲဝင်ဝင် မသိသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်တဲ့အတွက် သက်ညှာလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို မြင်အောင်မကြည့်ဘဲ လျှောက်အော်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်ရော မဟုတ်လား။
ဒီကိုလည်း ခင်ပွန်းရော၊ သားအကြီး Alexan-der John Christopher Aris ခေါ် မြင့်ဆန်းအောင်၊ သားအငယ် Kim Arundel Aris ခေါ် ထိန်လင်းတို့ပါ အကြိမ် ကြိမ်လာခဲ့ကြတာ စစ်အစိုးရက ခွင့်ပြုပေးခဲ့ပါတယ်။ ဒီ အတိုင်းပဲ လာသလားဆိုတော့လည်း မဟုတ်ဘူး။ အသွားမှာ ဘာသယ်လာသလဲ မသိရပေမယ့် အပြန်မှာ ကမ္ဘာကိုပေးမယ့်၊ ပေါ်ပြူလာဖြစ်စေမယ့် မက်ဆေ့တွေတော့ ယူယူသွားတတ်ကြပါတယ်။ ၁၉၉၂ ခုနှစ် မိုက်ကယ်အဲရစ်အပြန်မှာ ဒေါ်အောင်ဆန်းစုကြည် ရေးထားတဲ့ စာနှစ်စောင်ယူသွားပြီး သားအကြီး အလက်ဇန္ဒားက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေအဖွဲ့ ဆုပေးပွဲမှာတစ်စောင်၊ စပိန်နိုင်ငံ အိုလံပစ်မီးရှုးတိုင်ရောက်လာတဲ့အခမ်းအနားမှာ အကြိုမိန့်ခွန်း အဖြစ် တစ်စောင် တက် ရောက်ဖတ်ကြားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ တပ်မတော် အကြီးအကဲများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို ဘာကတိကဝတ်မှ မရှိဘူးဆိုပြီး ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲ ရစ်က ဒေါ်အောင်ဆန်းစုကြည်ဆီလာပြီး မြန်မာပြည်ကအပြန် ဘန်ကောက်လေဆိပ်မှာ သတင်း ထောက်တွေကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဘန်ကောက် Transit မှာ လေဆိပ်ကို သတင်းထောက်တွေလာရောက်ပြီး တွေ့ဆုံတာဟာ တိုက်ဆိုင်မှုမဟုတ်တာ လူတိုင်းနားလည်ကြမှာပါ။
အခုလိုမျိုး ဆုတံဆိပ်တွေပေးတာ စစ်အစိုးရလက်ထက်မှာ မပြတ်တွေ့ရပါတယ်။ မေ့လောက်မယ့် အချိန်လောက်ရောက်ရင် အကြောင်းတစ်ခုခု ဖန်တီးပြီး ဆုပေးတတ်ကြပါတယ်။ အခုကိစ္စမှာတော့ အမေရိကန်မှာ ပေးတာမှန်ပေမယ့် အနောက်အုပ်စုရဲ့ မူဝါဒအရ ဖြစ်တန်ရာမရှိဘဲ အမေရိကန်မှာရှိတဲ့ မြန်မာအမေရိကန် တချို့ရဲ့ အကူအညီနဲ့ သားဖြစ်သူနဲ့ NUG တို့ရဲ့ ဖန်တီးမှုတစ်ခုလို့သာ မြင်ပါတယ်။ ဥပဒေချိုးဖောက်လို့ တရားဥပဒေအရ ထောင်ဒဏ်ကျခံနေရတဲ့သူ၊ လူ့အခွင့်အရေး၊ တစ်ဦးချင်း အခွင့်အရေးတွေကို တိုက်ရိုက်ချိုးဖောက်ထားတဲ့ မဲမသမာမှုမှာ တာဝန်ရှိတဲ့သူကို ဒီဆုပေးတာက တစ်ခုခုတော့ လွဲနေတယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒီတစ်ခါကြည့်ရတာ အရင်တုန်းကလောက် လက်ခုပ်တီး အားပေးတာ မတွေ့ရသလိုဘဲ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )