၂၀၂၅ ၊ ဇူလိုင် ၁၃
လက်နက်ကိုင်အုပ်စုများနှင့် နိုင်ငံတော်အကျိုး၊ ဒေသအကျိုး လက်တွဲဖော်ဆောင်မည်ဆိုသော နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို နိုင်ငံရေးအင်အားစုများက အပြည့်အ၀ ထောက်ခံကြပြီး ဝမ်းပမ်းတသာ ကြိုဆိုကြသည်။ အချက်ခြောက်ချက်ပါဝင်သော ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ကို ဇူလိုင် ၄ ရက်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုလျှင် အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအချက်မှာ နိုင်ငံရေးပါတီများ ဖြစ်စေလိုသည့်အချက် ဖြစ်မည်ထင်ပါသည်။ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ ယင်းတို့ ဆန္ဒရှိပါက နီးစပ်ရာ တပ်စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်နိုင်သည်ဟုလည်း လမ်းကြောင်းတစ်ခု၊ ချန်နယ်တစ်ခုကို အသိပေးထားသည်။
လက်ရှိအခြေအနေသည် နိုင်ငံရေးဘောင်ကျဉ်းနေပြီး တိုက်ပွဲပဋိပက္ခဘောင် ကျယ်နေသည်ဟု သုံးသပ်ကြသည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေကြသူများ၊ အဖွဲ့အစည်းများမှာလည်း မိမိနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများဖြစ်ပြီး မည်သည့်ဘက်မှ ထိခိုက်ပျက်စီးပါစေ၊ နိုင်ငံ ၏ လူသားအရင်းအမြစ်များ ဆုံးရှုံးခြင်းပင် ဖြစ်သည်။ လူမှုစီးပွား ထိခိုက်နစ်နာမှု ကြုံတွေ့ခံစားနေကြရသည်မှာလည်း နှစ်ဖက်ကြားက မြေစာ ပင် တိုင်းရင်းသား ပြည်သူများပင် ဖြစ်နေသည်။
အဖြေမရှိသည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ တွေ့ဆုံဆွေးနွေး အဖြေရှာလိုကြသည်။ ယင်းသို့ ဆောင်ရွက်ကြရန်လည်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများက လိုလားနေကြသည်၊ တိုက်တွန်းအကြံပြုလျက်ရှိနေသည်။
လတ်တလော နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ် ကမ်းလှမ်းချက်သည် အစိုးရဘက်မှ ဖြေလျှော့ပေးသည့် ပုံစံမျိုးအဖြစ် ရှုမြင်နေကြပြီး ထောက်ခံကြိုဆိုကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောသည်။ "ကိုယ့်နိုင်ငံသားတွေပဲ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုပြီး လုပ်လို့မှမရတာ၊ ဘယ်လိုညှိကြမလဲဆိုတာ လုပ်ကြရမှာပါ။ ဒါကြောင့်လည်း ဒီအပေါ်မှာ ဖြေလျှော့တဲ့အနေနဲ့ ဝင်လာပါ၊ အတူတူလုပ်ကြကိုင်ကြမယ်ဆိုပြီး ထုတ်ပြန်တယ် လို့မြင်တယ်။ ဒီလိုထုတ်ပြန်တာကို လည်း ကြိုဆိုပါတယ်"ဟု ၎င်းက မှတ်ချက်ပြုသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ- TNDP ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း လမ်းမှားရောက်သွားသည့်လူငယ်များအား လမ်းမှန်ပေါ် ပြန်ရောက်လာနိုင်ကြစေရေး ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်မှုသည် နိုင်ငံတော်အစိုးရ၏ သဘောထားကြီးမှုဖြစ်ပြီး ကောင်းသည့်လက္ခဏာဟု မှတ်ချက်ပြုသည်။ မိဘက သားသမီးအပေါ်ထားသည့် စေတနာ၊ နွေးနွေးထွေးထွေး ဆက်ဆံလိုက်သည့်နှယ် ခံစားမိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ "နိုင်ငံတော်က သဘောထားကြီးစွာနဲ့ လမ်းမှား ရောက်နေတဲ့သူတွေ ပြန်လာဖို့ခေါ်လိုက်ပြီ။ ဒါဟာ တောထဲရောက်သွားပြီးမှ အကြောင်းအမျိုးမျိုးရှိလို့၊ ဒါမှမဟုတ် အမြင်မှန်ရလို့ ပြန်လာချင်တဲ့သူတွေ အတွက်ကတော့ အခု နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက် ဟာ သူတို့အတွက် လမ်းစပွင့်သွားတာပေါ့။ ဒါပေမဲ့ အခုတိုက်နေတဲ့အဖွဲ့တွေက တစ်ဖက်ရဲ့ ဝါဒမှိုင်းတွေ ကြီးကြီးမားမား ဝင်ထားတော့ ဒီထုတ်ပြန်ချက်က သူတို့အပေါ် သက်ရောက်မှု နည်းကောင်းနည်း လိမ့်မယ်။ သို့သော်လည်း ပြန်လာချင်တဲ့သူတွေ ပြန်လာကြပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်လာ ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်"ဟု ဦးစိုင်းဌေးအောင်က ဆက်ပြောသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသည့် လမ်းစဉ်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြမှသာ အမှန်ကန်ဆုံး ပင်ဖြစ်ကြောင်း ဇွန်လအတွင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြော ကြားထားသည်။
ယင်းငြိမ်းချမ်းရေးဖိုရမ်တွင် တိုင်းရင်းသားလက်နက်ကိုင် EAO များ၏ မြန်မာ့နိုင်ငံရေး ပဋိပက္ခများ ပြေလည်ငြိမ်းချမ်းရေး အကြံပြုချက်များအပါအဝင်၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အမြင်၊ သဘော ထားများ အသံစုံ ထွက်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲသည် လိုအပ်သလို လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးတို့မှာလည်း လွန်စွာအရေးကြီးကြောင်း တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်သင့်ပုံ၊ ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲနည်းလမ်း ဒီမိုကရေစီလမ်းကြောင်းမှတစ်ဆင့် စတင် ကြိုးပမ်းသင့်ပုံများကို ဆွေးနွေးအကြံပြုကြသည်။ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲ အထမြောက် အောင်မြင်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်း ဖြစ်မြောက်ရေးတို့ကိုလည်း အကြံပြုခဲ့ကြသည်။ ယခု လက်နက်ကိုင်အုပ်စုများကို နိုင်ငံတော်အကျိုး၊ ဒေသအကျိုး လက်တွဲဖော်ဆောင်မည်ဆိုသော ဖိတ်ခေါ် ချက်မှာ ထိုငြိမ်းချမ်းရေးဖိုရမ် ကျင်းပမှုအပြီး ရရှိလာသည့် အကျိုးရလဒ်တစ်ခု၊ ငြိမ်းချမ်းရေးဖိုရမ် အကြံပြုချက်များအပေါ် နိုင်ငံတော်အစိုးရ၏ အလေးထားမှုဟုမြင်ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ (၁) ဦးရန်နိုင်ဝင်းက ရှုမြင်ထားသည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း ပြည်ထောင်စုအကျိုးအ တွက် ဖိတ်ခေါ်ချက် အပိုဒ်(၂) တွင် ဖော်ပြထားသည်။ မိမိတို့၏ ယုံကြည်ချက်နှင့် ခံယူချက်များအတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည့် PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန်းချက်မှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်သည်ဟူ၍လည်း ဖော်ပြထားသည်။ ယင်းအချက်မှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ သဘောတူထားပြီးသားဖြစ်သလို ပြည်ထောင်စုလွှတ်တော် မှာလည်း Union Accord ရရှိပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ယင်းကို ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ထားခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီများက ရှုမြင်ထားသည်။
ငြိမ်းချမ်းမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဖြစ်သလို တိုင်းပြည်ငြိမ်းချမ်းသွားလျှင် စီးပွားရေးလည်း တိုးတက်အောင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မည်၊ ရွေးကောက်ပွဲကိုလည်း အေးအေးဆေးဆေးဖြင့် အထမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ မငြိမ်းချမ်းလျှင် လူတိုင်းလုံခြုံရေးသတိ၊ လုံခြုံရေးအသိဖြင့် အမြဲ အလုပ်လုပ်နေရမည်ဖြစ်ပြီး ငြိမ်းချမ်းသွားမှသာ အားလုံး လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်များ ရရှိသွားပြီး ဒီမိုကရေစီအရသာ လည်း ပိုရလာမည်ဖြစ်သည်။ ထို့ကြောင့်ပင် လက်ရှိအခြေအနေသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ပူးပေါင်းဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သုံးသပ်နေကြပါသည်။
"ဒီလူငယ်လေးတွေကို လက်နက်ကိုင်တိုက်လို့နိုင်မှပဲ ဒီမိုကရေစီ ဖက်ဒရယ်ထူထောင်လို့ရမယ်ဆိုပြီး ဝါဒမှိုင်းတွေ တိုက်ထားတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အခါမှာတော့ လက်နက်ကိုင်ပြီး တိုက်တာဟာ ဆုံးရှုံးမှု ဘယ်လောက်များသလဲ၊ ရနိုင်မရနိုင်ဆိုတာကို PDF တွေက နားလည်ဖို့တော့ လိုအပ်ပါပြီ။ ကိုယ့်အဖွဲ့ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကိုလည်း ပြန်သုံးသပ်ကြဖို့ လိုနေပါပြီ။ အခုတိုက်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အခုလုပ်ဆောင်ချက်တွေဟာ ဒေသအကျိုးရှိလား၊ နိုင်ငံတော် အကျိုးရှိလားဆိုတာကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ပြန်လည် သုံးသပ်ပြီးတော့ ဘာမှအကျိုးမရှိ ဘူးဆိုရင် ပြန်လာစေချင်ပါတယ်" ဟု TNDP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က မှတ်ချက်ပြုသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဆီသို့ လျှောက်လှမ်းရန် တံခါးဝကြီးမှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးပင်ဖြစ်ပြီး ထိုသို့သော အခြေအနေမျိုးတွင် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမည်မဟုတ်ဘဲ ဒီမိုကရေစီ နောက်ပြန်သွားနေသကဲ့သို့သာ ဖြစ်နေမည်ဟု ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်တွင် ဖော်ပြထားသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဆိုသည့် ရည် မှန်းချက်ပန်းတိုင်သည် CRPH နှင့် NUG တို့၏ ဝါဒမှိုင်းတိုက်မှုကြောင့် လမ်းစပျောက်မသွားဖို့၊ မိမိတို့၏ ယုံကြည်ချက်၊ မိမိတို့၏ မျှော်မှန်းချက်လမ်းကြောင်းပေါ် ရောက်ရှိရေး ဆက် လက် လျှောက်လှမ်းကြဖို့ကလည်း PDF အမည်ခံများအား တိုက်တွန်းထားသည်။
ရွေးကောက်ပွဲကျင်းပပြီးစီး၍ လွှတ်တော်နှင့် အစိုးရများပေါ်ပေါက်လာလျှင် CRPH နှင့် NUG တို့က ၎င်းတို့သာ ရွေးကောက်ခံ အစိုးရဟူသည့် ရပ်တည်မှု ပျောက်ဆုံးမည်ကို စိုးရိမ်နေကြသည်ဟု ပြည်တွင်း နိုင်ငံရေးအင်အားစုများက သုံးသပ်ထားသည်။ ရွေးကောက်ပွဲဖြစ်မည်ကို မလိုလားဘဲ မူမပျက်ပျက်အောင်ဖျက်မည့်ဆိုသော ပြောဆိုချက်များကိုကြည့်လျှင် ၎င်းတို့သာ ရွေးကောက်ခံအစိုးရဟူသည့် ရပ် တည်မှုပျောက် ဆုံးမည်ကို စိုးရိမ်နေခြင်းကို တွေ့ရမည်ဟု ထောက်ပြကြသည်။ CRPH နှင့် NUG တို့၏ လုပ်ဆောင်မှုများသည် မိမိတို့၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးဟူသည့် မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေပါက မှန်ကန်သည့်လမ်းကြောင်းကိုပြောင်း ၍ လျှောက်လှမ်းရန် PDF များအား ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်မှတစ်ဆင့် ဖိတ်ခေါ်ထားသည်ကိုလည်း တွေ့ရသည်။
လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုသည် နှစ်ပေါင်း ၇၀ ကျော်ကြာသော်လည်း မည်သည့်ရလဒ်မျှ မထွက်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။ ယင်းအခြေအ နေကို PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများက သင်ခန်းစာယူကြရမည်ဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်နေကြရမှုကိုလည်း သင်ခန်းစာယူကြရမည်ဖြစ်သည်။ ဒေသတည်ငြိမ် အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍လည်း ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အ၀ ပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့်ပန်းတိုင်ကို အရောက် လှမ်းနိုင်မည်ဟု အစိုးရက ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး နှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့်လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်သွားကြရမည်ဟုလည်း အသိပေးထားသည်။
"အခုက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပတော့မှာလေ။ ဒီဇင်ဘာ ဒုတိယပတ်နဲ့ ဇန်နဝါရီ ပထမပတ်တို့မှာ ရွေးကောက်ပွဲလုပ်မှာဆိုတော့ အဲဒီရွေးကောက်ပွဲမတိုင်မီမှာ လူငယ်တွေ ပြန်လာခဲ့ရင် သူတို့ရဲ့ဆန္ဒအနေနဲ့ မဲပေးခွင့်ရသွားမှာပေါ့။ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါဝင်ခွင့်ရသွားမယ်ပေါ့။ ပြင်မယ်ဆိုရင် ဘယ်အချက်တွေ ပြင်မလဲ၊ ဒါတွေ လုပ်သွားရမှာပေါ့။ အခု နိုင်ငံရေးပါတီတွေနဲ့ NSPNC ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးထားတာ ၄၃ ချက် သဘောတူထားတာရှိတယ်။
နောက်ထပ်လည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ပုဒ်မ ၂၆၁ လို ကဏ္ဍမျိုးတွေဆိုရင်လည်း ပြင်ဆင်ချက်တွေမှာ သဘောတူညီမှု မရောက်သေးပေမယ့်လည်း သဘောထားမှတ်ချက်လေးတွေတော့ ရထားကြပြီပေါ့။ အဲဒီလို ပြင်ဆင်ဖို့ သဘောတူညီထားချက်တွေက ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ကြီးပေါ်ပြီဆိုရင်၊ လွှတ်တော်ကိုတင်ပြလို့ အားလုံးက သဘောတူညီတယ်ဆိုရင် ပြင်လို့ရသွားပြီပေါ့။ လွှတ်တော်ပေါ်လာမှပဲ ပြင်လို့ရမှာလေ။ အခုဟာက ဆွေးနွေးညှိနှိုင်းထားကြတာပေါ့။ ဒါကြောင့်မို့လို့ အခု လက်နက်ကိုင်ပြီး တိုက်နေတဲ့လူတွေကလည်း လက်နက်မကိုင်သော နိုင်ငံရေးနည်းလမ်း၊ လွှတ်တော် လမ်းကြောင်းနဲ့ ဖြေရှင်းကြဖို့ အစိုးရက ဖိတ်ခေါ်ထားတယ်။ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးတွေကို ဖော်ဆောင်ဖို့အတွက် တပ်မတော်က ဖိတ်ခေါ်ထားတာ အင်မတန် ကောင်းတဲ့အချက်ပါ။ အခု တိုက်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အခုလုပ်ဆောင်ချက်တွေဟာ ဒေသအကျိုးရှိလား၊ နိုင်ငံတော်အကျိုးရှိလားဆိုတာကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ ပြန်လည်သုံးသပ်ပြီးတော့ ဘာမှ အကျိုးမရှိဘူးဆိုရင် ပြန် လာစေချင်ပါတယ်"ဟု ဦးစိုင်းဌေးအောင်က ဆက်ပြောသည်။
အမှန်တကယ်တွင် CRPH နှင့် NUG တို့သည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ် သည်။ အလားတူ ၎င်းတို့၏ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များကလည်း CRPH နှင့် NUG တို့ကို အသိအမှတ်ပြု လက်ခံထားခြင်း မရှိကြောင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် လတ်တလောထွက်ပေါ်လာ သည့် အချက်အလက်များအရ သိရှိရမည်ဖြစ်သည်။ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုး၊ စီးပွားအတွက် တရား မဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့က ၎င်းတို့၏ မဲမသမာမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းခဲ့မှုများကို ဖုံးကွယ်ကာ နိုင်ငံတော်အာဏာကို မတရားဆက်လက်ရယူ ဆုပ်ကိုင်ထားလိုသည့်အတွက် ၎င်းတို့ကပင် ရွေးကောက်ခံအစိုးရဖြစ်သကဲ့သို့ ပုံဖော်ခဲ့ကြောင်းကိုလည်း ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက် အပိုဒ်(၁)တွင် ဖော်ပြထားသည်။ လွတ်လပ်ပြီးတရား မျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာ အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့ရသည့် တပ်မတော်အား ဒီမိုကရေစီ နောက်ပြန်ဆွဲသည်ဟု CRPH နှင့် NUG တို့က ဝါဒဖြန့်ဆောင်ရွက်ခဲ့သည်။ ထိုဝါဒဖြန့်မှုများကို လက်ခံယုံကြည်ခဲ့၍ဖြစ်စေ၊ မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်များသည် မှန်ကန်သည်ဟု ယူဆ၍ဖြစ်စေ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်ဟူ၍လည်း ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ် ချက် အပိုဒ်(၁)တွင် ဖော်ပြထားသည်။
၂၀၂၁ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဝါဒဖြန့်မှု များနောက်သို့ လူထုက နားယောင်ခဲ့မှုအချို့ ရှိခဲ့သည်။ ထိုစဉ်က တော်လှန်ရေးလှုပ်ရှားမှုများအောက်တွင် ပြည်သူပါဝင်မှု များပြားသယောင် ရှိခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ထိုသို့ မဟုတ်တော့၊ ပြောင်းလဲသွားပြီဟု ဦးထက်အောင်ကျော်က သုံးသပ်သည်။ အထူးသဖြင့် CRPH နှင့် NUG တို့၏ အလှူငွေကိစ္စ၊ ငွေကြေး အရှုပ်အရှင်းများကြား PDF အမည်ခံများ စိတ်ဓာတ်ကျနေကြပြီဟုဆိုသည်။ "လက်ရှိအချိန်မှာ ဘာဖြစ်သွားလဲဆိုရင် CRPH နှင့် NUG တို့ဆိုတာက သူ့ဟာနဲ့သူ အလှူငွေတွေ ဗုန်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ဟာနဲ့သူ မနည်း Defend လုပ်နေရပြီ။ စာရင်းမရှင်းနိုင်တဲ့ကိစ္စနဲ့ ရွာတွေလည်နေတာ ပေါ့။ ဒီအချိန်မှာ အောက်ကရှိတဲ့ PDF တွေအနေနဲ့က သူတို့ရဲ့ ခေါင်းကိုင်လို့ ပြောရမှာပေါ့။ သူတို့ရဲ့ ခေါင်းကိုင်ကိုယ်တိုင်က ရွာတွေလည်နေတော့ PDF တွေက တစ်ဖွဲ့ချင်းအနေနဲ့ ဘယ်လိုသွားကြမလဲ စဉ်းစားလာကြမှာပေါ့။ တချို့တလေတွေလည်း ဒီအခြေအနေမှာ စိတ်ဓာတ်ကျလာကြမှာပါ။ ဆိုတော့ ဒီအချိန်မှာ ဒါထုတ်ပြန်လာတော့ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ အဖွဲ့တွေပေါ်လာမယ်၊ တော်တော်များများ မြင်လာရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ကို မြှောက်ပေးခဲ့တဲ့သူတွေ အကုန်လုံးက ရွာတွေ လည်နေ၊ ငွေရေးကြေးရေးပြဿနာတွေ တွေ့လာတော့ ငါတို့အားထားရတဲ့သူတွေက မဟုတ်တော့ဘူး၊ နိုင်ငံတော်အစိုးရဘက်ကလည်း တိုင်းပြည်ကောင်းကျိုးအတွက် ဖိတ်ခေါ်ထားတယ်။ ဒေသရဲ့ကောင်း ကျိုးအတွက်ကို ပူးပေါင်းလုပ်ဆောင်ကြမယ့် ဖိတ်ခေါ်ချက်မျိုးနဲ့ဆိုတော့ လူငယ်တော်တော်များများက ဒါကို ဝမ်းပန်းတသာ စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်"ဟူ၍ ဦးထက်အောင်ကျော်က သုံးသပ် သည်။
ထိုအခြေအနေတွင် PDF နှင့် လက်နက်ကိုင် အဖွဲ့များအား ဖိတ်ခေါ်ကမ်းလှမ်းချက်မှာ အချိန်အခါ ကိုက်ဖြစ်နေသည်ဟု သုံးသပ်ကြပြီး တိုင်းကျိုးပြည်ကျိုးအတွက် ပါဝင်ပူးပေါင်း လုပ်ဆောင်ကြရန်လည်း ပြည်တွင်းနိုင်ငံရေးအင်အားစုများက လိုလားနေကြသည်။ သို့သော် ဖိတ်ခေါ်ချက်၏နောက်တွင် တိုင်းပြည်အကျိုးအတွက် အတူတူပေါင်းလုပ်ကြမည့်အဖွဲ့၊ မယုံဘူးဆက် တိုက်မည်ဆိုသောအဖွဲ့နှင့် အခြေအနေကို စောင့်ကြည့်ဦးမည်ဆိုသော အဖွဲ့ဟူ၍ အမြင်သဘောထားကွဲသည့် အဖွဲ့သုံးဖွဲ့ ထွက်ပေါ်လာလိမ့် မည်ဟုလည်း ခန့်မှန်းသုံး သပ်ကြသည်။ အမှန်တကယ် ပူးပေါင်းပါဝင်လာသူများ၊ အဖွဲ့အစည်းများ ပေါ် လာပြီဆိုပါ ယင်းအဖွဲ့အစည်းများနှင့် လူထုအကျိုးအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသည်များ လုပ်ဆောင်ပေးခြင်းမျိုး၊ တိုင်းပြည်နှင့် လူထု၏အကျိုး အမှန်တကယ်ရှိစေမည့် ကာလတို၊ ကာလလတ်၊ ကာလရှည်ဟူ၍ ကျွမ်းကျင် ပညာရှင်များ၊ စီးပွားရေးပညာရှင်၊ ဖွံ့ဖြိုးရေး ပညာရှင်များဖြင့် တိုင်ပင်ကာ စနစ်တကျ အစီအမံများ ရေးဆွဲထားသင့်သည်ဟုလည်း အကြံပြုကြသည်။
"တကယ်ပူးပေါင်းမယ့်သူတွေ စဝင်လာပြီဆိုရင် ဒီလူတွေ စဝင်လာပြီဆိုတာနဲ့ အပစ်ရပ်သွားပြီဆိုရင် လူထုအတွက် ပထမကောင်းကျိုး ချက်ချင်းလက် ငင်းခံစားရမှာ။ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်သွားတာနဲ့ တစ်ပြိုင်နက် ပထမဆုံးအချက် လူထုသက်သာပြီပေါ့။ နောက် ဒုတိယအချက်က ဒီနယ်မြေကို သွားပြီ လာပြီဆိုရင် ဂိတ်တွေ မကောက်တော့ဘူး၊ ဘာအခွန်မှ မကောက်တော့ဘူး ဆိုတာနဲ့ စားသောက် ကုန်တွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေက ဂိတ်တွေအသီးသီးက ဟိုနား ငါးထောင်၊ ဒီနားတစ်သောင်းနဲ့ ကောက်တဲ့ကိစ္စတွေက ပေါင်းလိုက်လို့ရှိရင် ဟိုလည်းရောက်ရော ဈေးတွေတအားတက်သွားတာကိုး။ ဒီလိုဂိတ်တွေက ကောက်တာ တွေလျော့သွားရင် ဈေးနှုန်းလျော့ကျလာမယ်၊ လူတွေရဲ့ စားဝတ်နေရေးက ဒုတိယအဖြစ် ပြန်ပြီးချောင်လည်လာမယ်။ တိုက်ပွဲပဋိပက္ခမဖြစ်တော့ လူတွေပြေးနေကြရတာ မဟုတ် တော့ဘဲနဲ့ ကိုယ့်စီးပွားလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်လာနိုင်တော့မယ်။ ကျွန်တော်တို့က အဲဒီလောက်နဲ့ တင်လူထုက ချက်ချင်းလက်ငင်း အကျိုးခံစားခွင့် ရှိသွားတာမျိုးတွေ ပုံဖော်ပေးသင့်တယ်"ဟု ဦးထက် အောင်ကျော်က အကြုံသည်။
ပြည်ထောင်စုအကျိုးအတွက် ပူးပေါင်းပါဝင် ရန် နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်ချက် ဏီၤ လက်နက်ကိုင်များအပေါ် သက်ရောက်မှု ဘယ်လို ရှိနိုင်မည်လဲ၊ ပါတီတာဝန်ရှိသူများ၏ အမြင်သဘောထားများ ဖြစ်ပါသည်။ PDF အမည်ခံများကို တိုင်းကျိုးပြည်ကျိုး အတူတကွသယ်ပိုးရန် ဖိတ်ခေါ်ချက်အပေါ် စိုးရိမ်နေသည်များလည်းရှိသည်။ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ ရပ်ထဲရွာထဲ ရောက်ရှိလာပြီး အကြမ်းဖက်လုပ်ရပ်များ ထပ်မံ မလုပ်တော့ဟု မည်သူမျှ တတ်အပ် မပြောနိုင်၍ စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။ ပြည်သူ့အလုပ်သမားပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ကတော့ NUG /CRPH တို့မှာ "မနိုင်ဘူးဆိုတာ သိလို့" ပြည်ပပြေး သွားကြခြင်းဖြစ်ပြီး ပြည်တွင်းမှာ ကျန်နေခဲ့ပြီး လက်နက် ကိုင်လမ်းစဉ်လိုက်နေသူများမှာလည်း "နိုင်နေပြီ၊ တိုက်"ဟူ၍ NUG /CRPH တို့မှ လှုံ့ဆော်ပေးခဲ့ခြင်းကြောင့် ရှိနေခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။ ထို့ကြောင့်ပင် ၎င်းတို့ကို ယုံကြည်ရန် ခက်ခဲသည်ဟု ဆိုသည်။
"တောထဲကို ရောက်သွားကြသူတွေက ဆွယ်လို့ ဒါမှမဟုတ် သူတို့ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် သင်တန်းသွားတက်တာ၊ အဲဒီလူငယ်တွေကို ပြန်ဖိတ်ခေါ်တဲ့အခါမှာ နယ်မြေအသီးသီးကနေ ပြန်ရောက် လာတယ်။ ယုံကြည်ရပါ့မလား။ အစိုးရက ပြန်လည်ဖိတ်ခေါ်တယ်၊ ကိုယ့်ပြည်သူတွေ ပြန်လာတာ ကောင်းပါတယ်၊ ဒါပေမဲ့ လေ့ကျင့်ရေးစခန်းတို့၊ ပြုပြင်ထိန်းသိမ်း ရေးစခန်းတို့ အဲဒီလိုလေး လုပ်ပေးသင့်တယ်လို့ မြင်တယ်။ ဒီအတိုင်းကြီး ပြန်လွှတ်လိုက်ရင် အကြမ်းဖက်လုပ်ရက်တွေ ထပ်ပြီးကျူးလွန် လာရင် ဥပဒေဘောင်ထဲမှာ နေထိုင်တဲ့သူတွေ နစ်နာသွားပါမယ်"ဟူ၍လည်း ဦးကျော်ဇင်က ၎င်း၏ စိုးရိမ်ချက်ကို ဖွင့်ဟသည်။
( ညီသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )