ပြည်ထောင်စုအကျိုးကိုသာ ရည်ရွယ်ဖို့လိုပါသည်

၂၀၂၅ ၊ ဩဂုတ် ၁၃

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်ကာလ နိုင်ငံတော်အာဏာကို  ပြန်အပ်လိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ခြောက်လအတွင်း သေချာပေါက် ကျင်းပပေးရမှာဖြစ်ပါတယ်။ ဒီအခြေအနေကို မလိုလားတဲ့ NUG နဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြောဆိုလှုပ်ရှားမှု၊ နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြသလို တချို့အဖွဲ့တွေက အခြေအနေ စောင့်ကြည့်အကဲ ခတ်နေကြတာ တွေ့ရပါတယ်။ 
    တပ်မတော်ဘက်အပိုင်းကကြည့်ရင် ရွေးကောက်ပွဲအောင်မြင်ဖို့၊ လတ်တလော လက်လွှတ်ပေးထားရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လက်ရှိအနေအထားအရ တပ်မတော်ကို တိုက်ခိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ပဋာမြေလူးသလို ဖြစ်နေကြတာ သတိထားမိကြမှာပါ။ အထူးသဖြင့် NUG နဲ့  KIA ၊ AA ၊ TNLA ၊ KNU ၊ KPDF အဖွဲ့တွေပဲ ဖြစ်ပါတယ်။ သူတို့တွေ ဖြစ်နေကြတာက ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့သဘော၊ ကိုယ်နဲ့တန်ရာတန်ရာ မမှန်းဘဲ အလှမ်းကျယ်လို့ အလယ်လတ်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။   
    တပ်မတော်အနေနဲ့ နေရာစုံမှာ တည်ငြိမ်အေးချမ်းတဲ့ နယ်မြေတွေ၊ ထိုမှတစ်ဆင့် မဲဆန္ဒနယ်တွေ တိုးရစေဖို့ ထိုးစစ်သဖွယ် ဆောင်ရွက်နေရတဲ့အတွက် အတော်ပင်ပန်းနေရဦးမှာပဲ ဖြစ်ပါတယ်။ သို့သော် နိုင်ငံတော်ရဲ့ ချီးမြှောက်မှု၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ နိုင်သလောက် ထောက်ပံ့ပေးမှုတွေအရ သူတို့တွေအတွက် အမောပြေစေသလို ခွန်အားလည်း တက်စေမှာ ဖြစ်ပါတယ်။ သပိတ်စုံ သူပုန်ထတဲ့ ဇာတ် လမ်းမှာ ပွဲလန့်တုန်း ဖျာဝင်ခင်းချင်ကြတဲ့ သူတွေကြောင့် တိုင်းပြည် ပြိုကွဲသွားနိုင်တဲ့ အခြေအနေကနေ ယခုအချိန်မှာ ထိုအခြေအနေဆိုးကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဖြစ်စေဖို့ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကာ လကစပြီး သူတစ်ပြန် ကိုယ်တစ်ပြန် အကြိတ်အနယ် အသက်စွန့်၊ ခန္ဓာစွန့်၊ ဘဝစွန့်ပြီး ပင်ပန်းဆင်းရဲစွာ ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်နဲ့ တပ်မတော်သားတွေ၊ ပြည်သူ့စစ်မှုထမ်းတွေ၊ ပြည်သူ့ရဲတွေကို သမိုင်းမှတ်တမ်းမော်ကွန်းတင်ထားရမှာ ဖြစ်ပါတယ်။ အထိမ်းအမှတ်ဂုဏ်ပြုတံဆိပ်မျိုးကအစ ဆောင်ရွက်ချီးမြှောက်ပေးဖို့ သင့်ပါတယ်။ 
    ကိုးကန့် MNDAA ဆိုရင် လက်ရှိအခြေအနေအရ ကံကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူသာ လားရှိုးကိုပြန်မပေးရင်၊ တပ်မတော်နဲ့ ညှိနှိုင်းသဘော တူမှုမရှိဘဲ ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် သူလည်း အဆော်ခံရမယ့်သဘောမှာ ရှိပါတယ်။ တရုတ်က ဖိအားပေးလို့ပဲပြောပြော၊ လူလည်ကြပြီး သူလိုချင်တဲ့နယ်မြေကို ခိုင်ခိုင်မာမာ လိုချင်လို့ ဘားဂိန်းလုပ်နေတာလို့ပဲဆိုဆို လတ်တလောမှာတော့ သူတို့တွေ အေးချမ်းလျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအပေါ်မှာလည်း TNLA က သူတို့အပေါ် သစ္စာဖောက်တယ်၊ ဘာညာဆိုတဲ့ အပြောမျိုး ပြောနေတာ တွေ့ရတော့  TNLA ကို အတော်လေးတုံးပြီး နိုင်ငံရေးပါး မဝသေးတဲ့ အဖွဲ့လို့ပဲ ဆိုချင်တယ်။ တိုင်းရင်းသားတွေအတွက် ဖြစ်သင့်တဲ့နယ်မြေတွေကို ခိုင်မာစွာ လေ့လာစုံစမ်း ဆွေးနွေးပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပေးအပ်ထားတာကို အလေးအနက် မထားဘဲ ပိုယူချင်ရင် အရင်းပါဆုံး သွားနိုင်တာကို သတိထားဖို့ လိုပါလိမ့်မယ်။ 
    TNLA ရဲ့သတင်းစာရှင်းလင်းပွဲကြည့်ရတာ  လက်တွေ့နဲ့ကင်းကွာနေတာ သတိထားမိတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ လွေးယေဦးကပဲ လက်တွေ့ကျကျ၊ အခြေအနေမှန်ကို ပြောမရ လို့ မပြောတာလား။ သူ့ဆရာကြီးတွေကပဲ လက်တွေ့အခြေအနေတွေကို ဖုံးကွယ်လိုတာလား။  ဖြစ်သင့် ဖြစ်ထိုက်တဲ့ အခြေအနေတွေကို ဇွတ်အတင်း ငြင်းဆိုပြီး နယ်ပိုင်စော်ဘွားအဖြစ် ထာဝရဖြစ်ချင်နေ တာလားတော့ မပြောတတ်ဘူး။ နောင်ချိုကို တပ်မတော်က ပြန်လည်သိမ်းပိုက်လိုက်တာ ထင်ရှားနေ တာတောင် အစပိုင်းက မဟုတ်ပါဘူးဆိုပြီး အတင်းဘူးကွယ်ပြီး ငြင်းနေတာ သတိထားမိကြမှာပါ။ အခုကျတော့ ပြည်သူလူထု နစ်နာမှာစိုးလို့ ဆုတ်ပေး တာလို့လည်းပြောပြန်ပါတယ်။ ဒီနေရာမှာပြော လိုတာက TNLA အနေနဲ့ တကယ်ပဲ ပြည်သူ့မျက်နှာထောက်ရင် အစကတည်းက မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စတွေကို မလုပ်ဖို့လိုပါတယ်။ သူတို့လုပ်နေတာတွေဟာ ပြည်သူအတွက်မဟုတ်ဘဲ သူတို့အကျိုးအတွက်ဆိုတာ လူတိုင်းနားလည်ကြပါတယ်။ အခုလည်း သူတို့ဒေသတွေကို တပ်မတော်ကပြန် သိမ်းဖို့လုပ်နေတာ ကာကွယ်မယ်။ တပ်မတော်နဲ့ သြဂုတ်လထဲမှာ တွေ့ဖို့ရှိရာမှာ သူတို့ဒေသတွေကို ပြန်ပေးဖို့အတင်းတောင်းဆိုရင်၊ တရုတ်ကဖိအားပေးရင် ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ကြိုတင် Agenda ပေးနေတာ တွေ့ရတယ်။ လည်တာတော့ အတော်လည်တယ်။ မွတ်နေတာပဲ။ ဒါပေမဲ့ တစ်ပတ်မပြည့်တာက ခက်တယ်လို့ ဆိုရပါလိမ့်မယ်။  အဖြေက ရှင်းရှင်းလေး။ ၁၀၂၇ စစ်ရေးလှုပ်ရှားမှု မတိုင်မီမှာ တည်ရှိခဲ့တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ နယ်မြေကိုသာ လက်ခံလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုပေးထားတဲ့အထဲမှာ လက်နက်ကိုင်ထားတဲ့ TNLA အပြင် ကျန်လက်နက်ကိုင်အဖွဲ့တွေအတွက် မပါသေးဘူး။ ပါချင်ရင် လွှတ်တော်ထဲဝင်ပြီး ပြောမှသာ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင်တော့ အဖုတ်ခံရမှာ သေချာတယ်။ 
    ပလောင်တိုင်းရင်သားတွေအတွက် ပလောင်ဒေသ ပေးပြီးသားပဲ ဖြစ်ပါတယ်။ စစ်ရေးအရ ယာယီသိမ်းပိုက်ထားတဲ့ ဒေသတွေဟာ ပလောင်ဒေသ မဟုတ်ပါဘူး။ နမ့်ခမ်းဆိုတာ ရှမ်းနဲ့ ခိုလုံလီရှောတွေ နေတဲ့ဒေသပါ။ အလားတူ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေဟာလည်း သမိုင်းကြောင်းအရ ဘယ်တိုင်း ရင်းသားတွေ အစဉ်အဆက်နေကြတယ်ဆိုတာ အားလုံးအသိပါ။ အဲဒီဒေသမှာ ပလောင်တွေ မနေကြဘူးလားလို့မေးရင် ပလောင်တင် မဟုတ်ပါဘူး။ ဗမာအပါအဝင် ကျန်တိုင်းရင်းသားတွေလည်း နေကြတာပါပဲ။ ဒါပြည်ထောင်စုပါ။ ပြည်ထောင်စုသား မြန်မာနိုင်ငံသားအားလုံး မြန်မာနိုင်ငံ အဝန်းအဝိုင်း တစ်ခုလုံးမှာ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဘေးကင်းလုံခြုံစွာ နေလို့ရပါတယ်။ တိုင်းရင်းသားတွေ အတွက် ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ပေးထားတယ်ဆိုတာ သမိုင်းကြောင်း အရ အစဉ်အဆက် အများစု နေခဲ့ကြတဲ့နေရာအတွက် ဂုဏ်ပုဒ်အရ အမည်နဲ့နေရာ သတ်မှတ်ပေးထားခြင်း ဖြစ်တယ်ဆိုတာ နားလည်ကြဖို့ လိုပါတယ်။ ဒီနေရာမှာပဲနေကြရမယ်လို့ မဆိုထားပါဘူး။ 
    ဒီနေရာမှာ တစ်ခုပြောလိုတာက  တိုင်းရင်း သားအမည်နဲ့ ဒေသတွေမှာ အဲဒီတိုင်းရင်းသားတွေပဲနေပြီး ကျန်တိုင်းရင်းသားတွေ မလာရဘူး၊ သူ့ပြည်နယ်ရောက်ရင် သူ့စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်ဆိုတာ ပြည်ထောင်စုအမြင်အရ ဖြစ်သင့်မသင့် တိုင်းရင်းသားခေါင်းဆောင်လို့ ခံယူထားသူတွေ စဉ်းစားကြဖို့ လိုပါတယ်။ ပြည်ထောင်စုအတွင်းမှာရှိတဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဥပဒေတွေကို ချိန်ဆမှသာ မျှတတဲ့ပြည်ထောင်စု ဖြစ်ပါလိမ့်မယ်။ ပြည်ထောင်စုအတွင်းမှာ အခွင့်အရေးမတူတဲ့ အခြေအနေမျိုး ဖန်တီးလို့ မရပါဘူး။ သင့်လည်းမသင့်ပါဘူး။  ဥပမာအားဖြင့် 'ဝ'ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသနဲ့ 'ဝ' ရှမ်းမြောက်အထူးဒေသ(၂)မှာနေထိုင်ကြတဲ့ 'ဝ'လူမျိုးအချင်းချင်းရော အခွင့်အရေး တူရဲ့လား။ လက်နက်နဲ့ အာဏာတည်ဆောက်အုပ်ချုပ် တဲ့ဒေသမှာ မနေလိုကြလို့ ပြည်မမှာ လွတ်လပ်စွာလာနေတဲ့ တိုင်းရင်းသားတွေ အများကြီးရှိကြပါတယ်။ ဒီနေရာမှာ ပြောလိုတာက ကိုယ်ပိုင်လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်ဆိုတာ ဘာကိုဆိုလိုပြီး တောင်းဆိုနေကြတာလဲ။ လက်ရှိလက်နက် ကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအနေနဲ့ လွတ်လပ်စွာ ပြဋ္ဌာန်းခွင့်သာ တောင်းနေကြတာ၊ တကယ်တမ်းကြရင် ဒေသ တွင်းမှာ ဒီမိုကရေစီကျကျ မဲပေးအုပ်ချုပ်စေလိုတဲ့သတ္တိ ရှိ၊ မရှိ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုပါလိမ့်မယ်။ ဒေသတွင်းမှာ သေနတ်ကိုင်ထားလို့ မြဲနေတဲ့အာဏာကို ရာသက်ပန် သားစဉ်မြေးဆက် စွဲကိုင်ဖို့ စီမံနေတာက ကိုယ်ပိုင်လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ဟုတ်ပါရဲ့လား။ 
    တပ်မတော်က အတိအလင်း ကြေညာထား တာရှိပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးထက် ဘာမှကျော်လွန်လို့ မရဘူးဆိုတာ သတိချပ်ကြရ မှာဖြစ်ပါတယ်။ ဒါဆို တိုင်းရင်းသားတွေ လိုချင်ကြတဲ့၊ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေကြတဲ့ အချက်အလက်တွေ၊ အခြေအနေတွေ မရတော့ဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး၊ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အကြီးအကဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘယ်လိုပဲ ဆွေးနွေးဆွေးနွေး၊ ဘယ်လိုပဲတောင်းဆိုတောင်းဆို ဖွဲ့စည်းပုံအခြေခံဥပဒေထက်ကျော်လွန်စွာပေးဖို့ အာဏာမရှိပါဘူး။ ပေးလည်းပေးမှာ မဟုတ်ပါဘူး။ အမှန်တကယ် ပေးနိုင်တာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကသာ ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကို နားလည်ဖို့လိုပါတယ်။ အဲ့ဒီအတွက် စစ်မှန် တဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ ခိုင်မာတဲ့ အခြေခံကောင်းတွေရဖို့ဆိုရင် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက် နက်ကိုင် အကြီးအကဲတွေ အနေနဲ့ ရွေးကောက်ပွဲကတစ်ဆင့် လွှတ်တော်ထဲပါလာဖို့ အင်မတန်မှအရေးကြီးပါတယ်။ 
    ဒီနေရာမှာ ကိုယ်တိုင်အတွေ့အကြုံကို ပြန်လည်ပြောပြလိုတဲ့ ကိစ္စလေးတစ်ခု ဖောက်သည်ချ ချင်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းကာလ KNU နဲ့ အကြိမ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာ  KNU ခေါင်းဆောင် ဗိုလ်မြနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေကို ဆွေးနွေးဖြစ်ခဲ့တဲ့သူက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။ ဗိုလ်မြကိုသူက "ဖထီးအနေနဲ့ လက်နက်စွန့် ရွေးကောက်ပွဲဝင်ပြီး လူမျိုးစုခေါင်း ဆောင်လုပ်သင့်ကြောင်း"ပြောတော့ ဗိုလ်မြက အခုလည်း ခေါင်းဆောင်ဖြစ်နေတာပဲ။ ရွေးကောက်ပွဲဝင်ရင် ငါးနှစ်ပဲ ခေါင်းဆောင်လုပ်ရမှာပေါ့လို့ ဆိုပါတယ်။ ဆွေးနွေးတဲ့သူက "မဟုတ်ပါဘူး။ သေချာလေး လေးနက်နက် စဉ်းစားပါ။ လက်နက်ကိုင်ပြီး ခေါင်းဆောင်လုပ်နေတာက တစ်မျိုးသားလုံးရဲ့ ခေါင်းဆောင် မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်သာ ဖြစ်ပါတယ်။ လက်နက်ကြောင့် ပြည်သူတွေ မပြောရဲ လို့သာနေမယ်။ ခေါင်းဆောင် စစ်၊ မစစ် မသေချာပါဘူး။ ဥပဒေအရ ရွေးကောက်ပွဲက တင်မြှောက်တဲ့ သူသာ ပြည်သူ့ခေါင်းဆောင်အစစ်ပါ။ ကိုယ့်တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်အစစ်ဖြစ်မှာပါ"လို့ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်မြအနေနဲ့ အတော်တွေဝေသွားပြီး လေးလေးနက်နက် စဉ်းစားပါတယ်။ ပြီးမှ "ခင်ဗျားပြောတာ မှန်တယ်။ ငြိမ်းချမ်းရေးကတစ်ဆင့် အဲဒီလမ်းကို သွားမယ်"လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် KNU နဲ့ ငြိမ်းချမ်းရေးလမ်းစပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုတော့ စိတ်မကောင်းစရာပါ။ ဖထီးမူတူးစေးဖိုးအထိ ငြိမ်းချမ်းရေးကတစ်ဆင့် ကရင်တိုင်းရင်းသားတွေရဲ့ဘ၀ သာယာ ဖွံ့ဖြိုးစေဖို့ ကြိုးစားခဲ့တာတွေဟာ အခုအခါမှာ လက်နက်ကိုင်ပြီး အာဏာတည်ဆောက်လိုတဲ့ KNU စစ်ဝါဒီ တစ်စုရဲ့ လုပ်ရပ်ကြောင့် ကရင်ပြည် နယ်အတွင်းမှာလည်း စစ်မီးတွေတစ်ဖန် ပြန်လည်တောက်လောင် နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွက်၊ ကရင်တိုင်းရင်းသားတွေအတွက်ဆိုရင် KNU အနေနဲ့ လုပ်ရပ်တွေကို ပြန်စဉ်းစားဖို့ လိုပါလိမ့်မယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းက သွားမလား၊ တိုက်ပြီး ယူမလားဆိုတာပဲ ဖြစ်ပါတယ်။ ကျိန်းသေပေါက် ပြောလို့ရတာက တိုက်ပြီးယူဖို့ဆိုတာ လတ်တလော အသာစီးရနေတယ် ဆိုရင်တောင် ဖြစ်နိုင်ခြေမရှိတာ နားလည်ဖို့ လိုပါလိမ့်မယ်။  
    ဒါကိုဘာဖြစ်လို့ ပြန်ပြောပြရသလဲ ဆိုတော့ ပြည်ထောင်စုအကျိုးအတွက် ရည်ရွယ်လို့ ဖြစ်ပါ တယ်။ စစ်အာဏာရှင်စနစ်ဆိုတာ မြန်မာပြည်မှာ မရှိပါဘူး။ ကိုယ့်လိုဘအတွက် အတင်းအကျပ် လုပ်ယူနေကြ၊ ပြောနေကြတာပဲ ဖြစ်ပါတယ်။ မှားယွင်းနေတဲ့ လုပ်ရပ်ကို ဖုံးကွယ်ပြီး လုပ်နေတဲ့တော် လှန်ရေးကို မှန်တယ်လို့ ပြဖို့အတွက် သုံးတဲ့အကြောင်းပြချက်လည်း ဖြစ်ပါတယ်။ အမှန်တကယ် လူထုခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်ဖြစ်ချင်ကြရင် ရွေးကောက်ပွဲ လမ်းကြောင်းကသာ တစ်ခုတည်းသောလမ်းဆိုတာ နားလည်ကြဖို့ လိုပါတယ်။ ကျိန်းသေပေါက် ပြောလို့ရတာက တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့နယ်မြေတွေထက် ကျော်လွန်စွာ နေရာယူထားကြတဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ မူလအခြေအနေအတိုင်း ပြန်ရောက်အောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကို လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သိထားဖို့လိုသလို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဖို့ လိုပါလိမ့်မယ်။ 
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

49394

© 2022 - 2025 News. All Rights Reserved.