နေပြည်တော်၊ အောက်တိုဘာ ၈
နောင်ချိုဒေသတည်ငြိမ်မှု ရာနှုန်းပြည့်ဖြစ်နေပြီး မြို့မဈေးကြီးလည်း ယခင်အတိုင်း ပြန်လည်စည်ကားနေပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
"မြို့ကလည်း အေးအေးဆေးဆေးပါ။ အရောင်းအဝယ် ကောင်းပါတယ်။ ဒီမြို့ ကိုရောက်တာ နှစ်လရှိပြီ၊ ပြန်ရောက်ရောက်ချင်း ဆိုင်ခန်းဖွင့်တာဆိုတော့ နှစ်လရှိပါပြီ။ ဒီဈေးကြီးက တော်တော်ကို ပြန်စည်လာပြီ။ လာဝယ်ကြတာကလည်း ဒီမြို့နယ်ပတ်ပတ် လည်က ကျေးရွာအစုံက လာကြတာ။ အဲဒါကြောင့် ပိုစည်လာတာပါ။ ရွာဘက်တွေမှာ ဖွင့်ကြတဲ့ ဆိုင်တွေကလည်း ဒီမှာလာယူကြပြီး ဟိုမှာ ပြန်ရောင်းကြ၊ အဲဒီလို လုပ်နေကြတယ်"ဟု နောင်ချိုမြို့မဈေးကြီးမှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မာမာဝေက ပြောသည်။
လက်ရှိတွင် နောက်ချိုဒေသသည် ရာနှုန်းပြည့် တည်ငြိမ်မှုရှိနေသကဲ့သို့၊ ကျောင်း၊ ဆေးရုံများ ပုံမှန်အတိုင်း ဖြစ်နေကြောင်း၊ နောင်ချို မြို့မဈေး၊ တောင်ခမ်းဈေးနှင့် ကံကြီးဈေးများသည်လည်း ယခင်အတိုင်း ပြန်လည်စည်ကားလျက်ရှိကာ အများပြည်သူ ရောင်းဝယ်ဖောက်ကားနိုင်နေကြပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုထားသည်။
"မြို့ကတော့ အရင်တုန်းကအခြေ အနေအတိုင်း ပုံမှန်ပြန်ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ နှစ်လလောက်က အခြေအနေနဲ့ ယှဉ်ကြည့်ရင် မြို့ကလည်း ပုံမှန်အတိုင်းဖြစ်နေပြီ၊ ဈေးကလည်း နဂိုအတိုင်း ပြန်ဖြစ်နေ ပါပြီ။ မြို့က အေးအေးဆေးဆေးပါပဲ။ ဒီလို လူပြန်စည်လာတာက တစ်လလောက်တော့ရှိပြီ"ဟု နောင်ချို မြို့မဈေးမှ ကုန်ခြောက်အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့အပြင်နောင်ချိုမြို့နယ် တောင်ခမ်းဒေသအား TNLA ယာယီစိုးမိုးထားစဉ်က ဒေသခံတောင်သူများမှာ လယ်ယာကောက် ပဲသီးနှံ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ နောင်ချိုကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ပြီးနောက် ဒေသခံများနေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသော်လည်း မြေမြှုပ်မှိုင်းအန္တရာယ် အပါအဝင် လယ်ယာလုပ်ငန်းခွင်ဝင်နိုင်ရေး အခက်တွေ့ခဲ့ကြသည်။ အဆိုပါ တောင်သူများ အမှန်တကယ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ကြမည်ဆိုလျှင် နောင်ချိုမြို့မဈေးမှာ ဒေသထွက်ကုန် ရောင်းသူဝယ်သူများဖြင့် ယခုထက် ပိုမိုစည်ကားမည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နဒီ