၂၀၂၅ ၊ ဇူလိုင် ၂၅
'ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တူနယ်တယ်နယ်ဗြောင်' အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့အကြောင်း ရေးထားသည့် သီချင်းလေးညည်းရင်း ဗိုလ်ချုပ်ရုပ်တုနား မောင်ထူးမြတ်လေးတစ်ယောက် မဝံ့မရဲ ချဉ်းကပ်လိုက်သည်။ ဇူလိုင်လ မိုးဖွဲဖွဲအောက်တွင် မတ်တတ်ရပ်နေသော ဗိုလ်ချုပ်တစ်ယောက် ခေါင်းလေးအသာ စောင်းကြည့်ကာ တစ်လတစ်ခါလောက် ပေါက်ကရလာပြောသည့် သကောင့်သား ရောက်လာပြီဟူသော မျက်နှာပေးမျိုးဖြင့် ကြည့်လေသည်။
"အောင်မာ ရောက်လာပြန်ပြီလား အာဇာနည်နေ့နီးမှ ငါ့ဆီ ဘာလာလုပ်တာလဲ"ဟု နှုတ်ခွန်းဆက်စကား ပြောကြားလေသည်။ "ဘာရယ်မဟုတ်ပါဘူး ဗိုလ်ချုပ်ရယ်၊ ဗိုလ်ချုပ်တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ရယ်၊ နောက်ပြီး ခုခေတ်တော်လှန်ရေးကြီးအကြောင်း ဗိုလ်ချုပ်များ သိချင်မလားလို့ လာပြောပြတာ"ဟု ဖြေရလေသည်။ တော်လှန်ရေးဟု အသံကြားလိုက်တာကြောင့် ဗိုလ်ချုပ်ကြေးညှိ တက်နေသော ကုတ်အင်္ကျီကို ပြင်ဝတ်ပြီး အုတ်ခုံပေါ် ထိုင်ချလိုက်လေသည်။ "ကိုင်း ဆိုစမ်းပါဦး... မင်းတို့ရဲ့ တော်လှန်ရေးအခြေအနေ ပြည်ပမှာ စစ်ပညာသွားသင်နေတဲ့ တော်လှန်ရေးခေါင်းဆောင် တွေ ပြန်လာကြပြီလား"ဟု မေးလေသည်။
ရှုတည်တည် ဗိုလ်ချုပ်မျက်နှာပေးကို ကြည့်ရင်း တော်လှန်ရေးအကြောင်း အရင်မပြောသေးဘဲ "ဗိုလ်ချုပ်က ဗိုလ်ချုပ်အစစ်ပါနော်"ဟု အတွန့်တက်လိုက်မိသည်။ "ဟကောင်ရ ကန်တော်ကြီးစောင်းမှာ ငါမတ်တတ်ရပ်လာတာကြာပြီ ဗိုလ်ချုပ်စစ်သမှ စစ်စစ်နဲ့တောင် မြည်သေး မင်းဘာပြောချင်တာလဲ" ဟု ဒေါသသံဖြင့် ပြောလေရာ မောင်ထူးမြတ်တစ်ယောက် ဇက်ကလေးပုပြီး "စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ရယ်၊ ဟိုအရင့်အရင် အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ရုပ်တုတွေများ တွေ့ကရာအရပ်မှာ လိုက်ထုကြ၊ တချို့ ရုပ်တုတွေက ရုပ်တုစဉ်မမီ၊ တချို့ရုပ်တုတွေမှာ မျက်လုံးပြူး၊ တချို့ရုပ်တုတွေက ပြောင်စပ်စပ်တွေ ဖြစ်ကုန်လို့ ဗိုလ်ချုပ်ကိုယ်ပွား တွေဖြစ်နေမှာ စိုးလို့ပါ"
"ဒီကောင်လျှာကို ရှည်တယ်။ ခုငါက အစစ် ပြောစမ်း၊ မင်းတို့ စစ်ပညာသွားသင်တဲ့ ကောင်တွေရဲ့ အခြေအနေ"
"ဟုတ်ကဲ့ ပြန်ရောက်နေပြီ ဗိုလ်ချုပ်။ တော်လှန်ရေးခေါင်းဆောင် ဝန်ကြီး၊ ဝန်ကလေးကိုးဦး ပြန်ရောက်နေပြီလို့ ဟိုနေ့က သတင်းတစ်ခုမှာ တွေ့လိုက်တယ်"ဟု ဆိုလေရာ ဗိုလ်ချုပ် မျက်မှောင်ကြုတ်လိုက်ပြီး "သြော် အာဇာနည်ကိုးဦး ပြန်ရောက်လာကြပြီပေါ့"ဟု တည့်တိုးကြီး ပြောချလိုက်လေသည်။ "ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ ဗိုလ်ချုပ်ရယ်၊ ဘယ်နှယ့် အာဇာနည်ကိုးဦး ဖြစ်ရမှာလဲ ဝန်ကြီးဝန်ကလေး ကိုးဦးလို့ ပြောစမ်းပါဗျာ"ဟု အသဲအသန် တားရလေသည်။ "အေးပါကွာ စကားမှားသွားလို့ပါ။ ကဲ ခုဒီကောင်တွေ ထွက်သွားတာ လေးနှစ်ကျော်ပြီဆိုတော့ ခေတ်မီစစ်ပညာတွေ တတ်လောက်ရောပေါ့။ ခုရော ဘာလုပ်နေသလဲ ပြောစမ်းကွာ"ဟု မေးလေသည်။
"ခုလောလောဆယ်တော့ မြေကျင်းတူးနေတယ် ဗိုလ်ချုပ်"
"သြော်အေးပေါ့ ငါတည်ထောင်ခဲ့တဲ့ တပ်မတော်ကို တိုက်ဖို့ ကတုတ်ကျင်း တူးတာနေမယ်"
"မဟုတ်ဘူးဗိုလ်ချုပ် မြေအောက်ဆေးရုံတို့၊ မြေအောက် စာသင်ကျောင်းတို့ ဆောက်ဖို့တဲ့ ဗိုလ်ချုပ်"
"ဟင် မင်းတစ်ခေါက်က လာပြောတော့ မြေ ပြင်မှာ တော်တော် သိမ်းထားပြီးပြီဆို။ ခုဘယ်ကနေ ဘယ်လို ကျင်းတူးနေကြတာလဲ"
"မသိပါဘူး ဗိုလ်ချုပ်ရယ် တစ်ကျင်းတူးရင် ဒေါ်လာ လေးသိန်း၊ နှစ်ကျင်းတူးရင် ဒေါ်လာ ရှစ်သိန်း လောက်ရသတဲ့ ကျင်းနက်နက် တူးပြီး ဆေးရုံတို့၊ ကျောင်းတို့ ဆောက်မှာတဲ့ဗျ"ဟု ဆိုလေရာ အညာသားပီပီ အပြောအဆို မညက်ညောသော ဗိုလ်ချုပ်တစ်ယောက်ချက်ချင်းပင် "မင်းတို့တော်လှန်ရေးခေါင်းဆောင် ကြီးတွေကလည်း မစွံပါဘူးကွာ။ ကျင်းတူးမှ ငွေရတဲ့အလုပ်ဆိုတာ သုဘရာဇာအလုပ်ကွ"ဟု အကျယ်ကြီးထ ဆူလေတော့သည်။ "တိုးတိုးပြောပါ ဗိုလ်ချုပ်ရယ်။ ပတ်ဝန်းကျင်ကြားသွားမှ တော်လှန်ရေးခေါင်းဆောင်ကြီးတွေကို သုဘရာဇာနဲ့ နှိုင်းလို့ဆိုပြီး ဗိုလ်ချုပ်နဲ့ ကျွန်တော်အဆဲ ခံနေရပါလိမ့်မယ်"ဟု တားရဆီးရလေတော့သည်။ "ဒီလိုဗိုလ်ချုပ်ရ ခုလောလောဆယ်တော့ ကျင်းတွေတူးဖို့ အလှူခံနေတယ်။ အလှူငွေကလည်း ကျပ်နဲ့မဟုတ်ဘူး ဒေါ်လာနဲ့ အလှူခံတာဗျ။ ပြီးမှ ဘေးကင်းဆေးရုံတို့၊ ဘေးကင်းကျောင်းတို့ ဆောက်မှာတဲ့ဗျ။ လောလောဆယ် တော့ မြန်မာပြည်ရောက်နေတယ် ဆိုပေမယ့် ဘယ်နားမှာ ကျင်းတူးမလဲတော့ သေချာမသိရသေးဘူး"
"သြော် ဒီကောင်တွေ နိုင်ငံခြားမှာ အနေကြာလာတော့ ကျင်းတူးတာတောင် ဒေါ်လာနဲ့မှ တူးတတ်တော့တာပေါ့။ လမ်းကြုံရင် ဒီကောင်တွေ ကိုးယောက် စာကျင်းကိုးကျင်း ကြိုတူးခိုင်းထားကွာ"
"လုပ်ပြန်ပြီ ဗိုလ်ချုပ်ရာ မပြောကောင်း မဆိုကောင်း ကျင်းကိုးကျင်းက ဘာလုပ်ဖို့လဲ"ဟု ဆိုလေရာ မောင်ထူးမြတ်ကို နားပန်ကျင်းလေတော့သည်။ "မင်း ဘာနားလည်လို့လည်းကွ။ ဒီကောင်တွေ မြေအောက်အစိုးရဖွဲ့ဖို့ လုပ်နေတာကွ။ ဒါကြောင့် မြေအောက်ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်နေတာပေါ့။ ဒါကြောင့် ဒီကောင်တွေရုံးထိုင်ဖို့ ကျင်းကိုးကျင်း ကြိုတူးထားပြီး ရုံးတွေဖွင့်ဖို့ ကြိုတင်စီစဉ်ခိုင်းတာ။ မင်းနိုင်ငံရေး သမားတွေရဲ့ အကြံမသိပါဘူး၊ ငပိန်းပါကွာ"ဟု ဆူလေတော့သည်။ ထိုနောက် ခြေညောင်း လက်ဆန့်ထလုပ်ရင်း ဗိုလ်ချုပ်ကပင် စတင် စကားဆိုလေသည်။ "ဟိုကောင်တွေ အခြေအနေရော၊ တော်လှန်ရေးရဲဘော်တွေ အခြေအနေရော တိုးတက်လာပြီလား။ ပြည်မထဲကို ချီတက်လာကြပြီလား"
"ပြည်မထဲတော့ မချီတက်သေးဘူး။ ချင်းပြည်နယ်ဘက်တော့ ချီတက်သွားတယ် ဗိုလ်ချုပ်"
"အေးပေါ့ စည်းရုံးရေးအတွက် ချီတက်ကြတာ နေမှာပေါ့။ ငါအင်္ဂလိပ်တွေ၊ ဂျပန်တွေကို တော်လှန်တုန်းကလည်း တောင်းတန်း-ပြည်မ ခြေတိုအောင်သွားရတာ ဟ၊ ချီတက်တာ အင်အားဘယ်လောက်ရှိလဲကွ"
"အင်အား ငါးယောက်လောက်နဲ့ မူးယစ်ဆေး ကားတစ်စီးတိုက်ပါ ဗိုလ်ချုပ်"
"ဟင် ဘယ်လိုဘယ်လို"
"တော်လှန်ရေးလုပ်နေရင်း စရိတ်ပြတ်လို့ မူးယစ်ဆေးဝါး ကယ်ရီလုပ်တယ်ပြောတာပဲ ဗိုလ်ချုပ် ရယ်"
"ကောင်းကြသေးရဲ့လားကွာ ဟိုတလောက မင်းလာပြောတော့ တို့အညာမှာ တော်လှန်ရေးဆိုပြီး ဘာညာအခန်းတွေ ဖွင့်တယ်ဆို။ ခုလည်း မူးယစ်ဆေး ဝါး ကယ်ရီ လုပ်နေကြသတဲ့လား အင်း...ဒီပုံစံဆို ကျင်းတွေ ပိုတူးရတော့မယ်"
"ရုံးထိုင်ဖို့လား ဗိုလ်ချုပ်"
"မဟုတ်ဘူး မင်းတို့တော်လှန်ရေးကကောင်တွေ မြှုပ်ဖို့"ဆိုပြီး ဗိုလ်ချုပ်တစ်ယောက် ကြေးရုပ်တုကြီးအသွင် ပြောင်းသွားလေတော့သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )